အမျိုးသားနေ့နှင့် သမိုင်းသင်ခန်းစာ
ရွှေတိဂုံကုန်းတော်သို့ ဘုရားဖူးရောက်လျှင် စနေထောင့် ညောင်ပင်ကြီးရှေ့၌ ပုံဆန်းဆန်း ကျောက်တိုင်သစ် တစ်ခုကို တွေ့ရမည်။ ကျောက်တိုင်ပေါ်ရှိ မြန်မာစာတန်းကိုဖတ်လျှင် အောက်ပါအတိုင်း တွေ့ရမည်။
ဤနေရာကား မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ရက်နေ့ကရန်ကုန်ကောလိပ် ကျောင်းသားကြီး ၁၁ ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက် ရန် သစ္စာအဓိဋ္ဌာန်ပြုသော နေရာပေတည်း။ ကျောင်းသားကြီး ၁၁ ဦး၏ အမည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁)ဘခင် (၂)ဘိုးကွန်း၊(၃)ဘဦး၊ (၄) အောင်ဒင်၊ (၅) ထွန်းဝင်း၊ (၆) ဖေသိန်း၊ (၇)ဘရှင်(သံတွဲ)၊ (၈) ဘရှင်(ထားဝယ်) ၊ (၉) ကေညီပိတ်၊ (၁၀) လှတင်၊ (၁၁) မောင်ဧ။
အထူးဂရုပြုလေ့လာထားသင့်
ကျောက်တိုင်၏ အခြားသုံးမျက်နှာတွင် အင်္ဂလိပ်၊ ပြင်သစ်နှင့် ဆလာဘို( ရုရှားနှင့် ရောင်းရင်းစကား)ဘာသာနှင့် အထက်ပါစာသားကို တိုက်ရိုက်ဘာသာပြန် ရေးထိုးထားသည်။ ယင်းကျောက်တိုင်ကို အမှုမဲ့အမှတ်မဲ့ ဖြစ်နေကြပေလိမ့်မည်။ သို့သော် တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့ကား အမျိုးသားနေ့ကျောင်းပိတ်ရက် ဖြစ်ကြောင်း ကျောင်းသားတိုင်း သိကြ၏။အမျိုးသားနေ့ အကြောင်း ဟောပြောပွဲများ နားထောင်ဖူးကြပေမည်။ ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က အမျိုးသားနေ့ ရွှေရတုသဘင် ကျင်းပခဲ့သည်။ ယခုနှစ်တွင် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်သည် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကျသည်။ အမျိုးသားနေ့သမိုင်းကို ကျောင်းသားတိုင်း သိအပ်၏။ အထူးသဖြင့် သမိုင်း ဘာသာသင်ယူသော ကျောင်းသားများသည် သင်ခန်းစာအဖြစ် အထူးဂရုပြု လေ့လာထားသင့်သည်။
အမျိုးသားနေ့သမိုင်းနှင့် ပတ်သက်ပြီး မှားတတ်သော အချက်များကို ရှင်းလိုသည်။ လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ရက်၊ ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ တောင်သူ လယ်သမားနေ့ မတ်လ၂ရက်၊ တော်လှန်ရေးနေ့ (ဝါ) တပ်မတော်နေ့ မတ်လ ၂၇ ရက်၊ အလုပ်သမားနေ့(ဝါ) မေဒေးနေ့ မေလ ၁ ရက်၊ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက် စသည်ဖြင့် သမိုင်းဝင်နေ့ကြီးများကို အင်္ဂလိပ်လ၏ရက်များနှင့်သတ်မှတ်ထားခဲ့သော်လည်း အမျိုးသား နေ့ကို တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ဟု မြန်မာလ၏ ရက်နှင့် သတ်မှတ်ထားပါသည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်က တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်သည် ဒီဇင်ဘာ ၅ ရက်နေ့ တွင်ကျသည်။ ထို့ကြောင့် ဒီဇင်ဘာ ၅ ရက်ကို အမျိုးသားနေ့ဟု မမှတ်သင့်။ နှစ်စဉ် မြန်မာလ၊ ရက်နှင့် အင်္ဂလိပ်လ၊ ရက် ထပ်တူမကျပါ။ မြန်မာလို တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကိုသာ မှတ်ထားရပါမည်။
အမျိုးသားလွတ်မြောက်ရေး
တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်ကို အမျိုးသားနေ့ဟု ထင်ယောင်ထင်မှား ဖြစ်တတ် ကြသည်။ ၈ရ က်နေ့ကား ဖော်ပြပါ ကျောင်းသားကြီး ၁၁ ဦးတို့က သပိတ်မှောက်ရန် စည်းဝေးဆုံးဖြတ်သော နေ့ဖြစ်၏။ သပိတ်မှောက်သောနေ့ကား တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ဖြစ်သဖြင့် ယင်းနေ့ကိုသာ အမျိုးသားနေ့ဟုတွင်သည်။ ထို့ပြင် အမျိုးသားနေ့ ဖြစ်လာစေသော ၁၉၂၀ သပိတ်ကို ၁၉၃၆ ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်နှင့် ၁၉၃၈ ကျောင်းသားအရေးတော်ပုံနှင့် ရောထွေးတတ်ကြသေးသည်။ ၁၉၂၀ သပိတ်ကို “၁၉၂၀ ပြည့်နှစ် ရန်ကုန်ယူနီဗာစီတီဘွိုင်းကော့” ဟုတွင် သည်။ ထိုခေတ်က သပိတ်မှောက်ခြင်းကို အင်္ဂလိပ် စကား “ဘွိုင်းကော့” ဟု မြန်မာတို့နှုတ်ကျိုးအောင်ခေါ်ခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်သောအားဖြင့် မှောက်သောသပိတ်ဖြစ်သည်။ ၁၉၃၆ ရန်ကုန် တက္ကသိုလ် ကျောင်းသားသပိတ်ကား အိုးဝေမဂ္ဂဇင်းစာတည်း ကိုအောင်ဆန်းအား “လွတ်နေသော ငရဲခွေးကြီး' (Hell Hound At Large) ခေါ် အင်္ဂလိပ်စာတိုတစ်ပုဒ် ကိစ္စကြောင့်ကျောင်းအုပ်ကြီး မစ္စတာစလော့စ်က ကျောင်းထုတ်ပစ်သော လတ်တလော အကြောင်းမှစ၍ မှောက်သောသပိတ်ဖြစ်သည်။ ၁၉၃၈ ကျောင်းသား အရေးတော်ပုံမှာ ထိုနှစ်ရေနံမြေသပိတ်ကြီး နောက်ဆက်တွဲဖြစ်သည်။ ရေနံမြေသပိတ်တပ်သားများ ရန်ကုန်အထိ ချီတက်လာပြီး အတွင်းဝန်ရုံးများ ကိုဝိုင်း၍ဆန္ဒပြသည်။ တက္ကသိုလ်ကျောင်းသားများကလည်း ထောက်ခံသည့်အနေဖြင့် သပိတ်မှောက် ဆန္ဒပြရာ မြင်းစီးပုလိပ်က ရိုက်နှက်နှိမ်နင်းသည်။ ကျောင်းသားကိုအောင်ကျော်သည် အရိုက်ခံရသော ဒဏ်ရာနှင့် ကွယ်လွန်ရာ ကျောင်းသား အရေးတော်ပုံကြီး ပေါက်ကွဲလေသည်။ ယင်းသပိတ်မှောက်မှု သုံးရပ်စလုံး အမျိုးသား လွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းတွင် သူ့နေရာနှင့်သူ အရေးပါကြပါသည်။ ရောထွေးမသွားရန် ဂရုပြုလေ့လာရပါမည်။
ပိတ်မှောက်ရန်ဆုံးဖြတ်ကြ
ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဘာ့ကြောင့် ကန့်ကွက်သနည်း၊ ၁၉၂၀ မတိုင်မီက ရန်ကုန်ကောလိပ်သည် ကလကတ္တားတက္ကသိုလ် လက်အောက်တွင်ရှိသည်။ ထိုတက္ကသိုလ်ကစာမေးပွဲ စစ်ပြီးဘွဲ့ပေးသည်။ ၁၉၂၀ တွင် မြန်မာနိုင်ငံ၌ သီးခြားတက္ကသိုလ်တည်ထောင်ရန် ၁၉၂၀ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်း၏။ တက္ကသိုလ်အုပ်ချုပ်ရေးစည်းမျဉ်းကို အိန္ဒိယပါရဂူ တစ်ဦးကရေးဆွဲပေးပြီး တက္ကသိုလ်အား အစိုးရ စီမံမှုအောက်မှာထားသည်။ အောက်စဖို့၊ ကင်းဘရစ်ချ် တက္ကသိုလ်များကဲ့သို့ ရန်ကုန်တက္ကသိုလ်ကိုလည်း ကျောင်းအိပ်ကျောင်းစား နေရသော တက္ကသိုလ်လုပ်ထား၏။ ထို့ကြောင့် ကျောင်းသား တစ်ယောက်အဖို့ ကျောင်းနေ စရိတ်မှာ တစ်နှစ် လျှင်ငွေ ၄၀၀ ခန့်ကုန်ကျ၏။ ထိုခေတ်က ရဲသား တစ်ဦး၏ လခမှာ ၇ ကျပ် ၈ ပဲ ရှိသည်။ ချမ်းသာသူများနှင့် လခကြီးစားသားသမီးများသာ တက္ကသိုလ်ပညာသင်နိုင် သည်။ လူလတ်တန်းစားများပင် ထိုမျှစရိတ် ကိုမတတ်နိုင်ချေ။ မြန်မာနိုင်ငံတွင် တည်ထောင်ထားသော တက္ကသိုလ်သည် မြန်မာတို့အတွက် မဟုတ်တော့ဘဲ ကြေးရတက်နှင့် နိုင်ငံခြားသား သားသမီးများအတွက် ဖြစ်လေပြီ။ ဤတွင် ယင်းအက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ရွှေတိဂုံဘုရားရင်ပြင် စနေထောင့်၊ ယခု ကျောက်တိုင်ထူထားသောနေရာ၌ ဖော်ပြပါ ကျောင်းသားကြီး ၁၁ ဦးတို့က သပိတ်မှောက်ရန် ဆုံးဖြတ်ကြသည်။ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့တွင် သပိတ်မှောက်ရာ တစ်ပြည်လုံးက ထောက်ခံကြ၏။
ရွှေတိဂုံ ပစ္စယံရှိဇရပ်များကို သပိတ်စခန်း ပြုကြပြီး နိုင်ငံရေးတရားဟောကြ၏။ အင်္ဂလိပ် အစိုးရပေးသောပညာရေးမှာ စာရေး၊ စာချီ၊ မြို့အုပ်၊ မြို့ပိုင် အစရှိသော လခစား အမှုထမ်းဖြစ်ရေး အတွက်လောက်သာဖြစ်သည်။ ကိုလိုနီအုပ်ချုပ်ရေး ယန္တရားကြီးလည်နေ နိုင်ရန် လခစားအမှုထမ်းပေးနေကြရသော အင်္ဂလိပ်အစေအပါး ကျွန်များသာဖြစ်စေသည်။ ထို့ကြောင့် ကျွန်ပညာရေး'သည် အမျိုးသားလွတ်မြောက်ရေးအတွက် အကျိုးမပြု။ ကျွန်စိတ်သာ မွေးပေးသည်။ အမျိုးသားလွတ်မြောက်ရေးအတွက် “အမျိုးသားပညာရေး'သာတည်ထောင် ရမည်ဟု ဆုံးဖြတ်ကြပြီး “အမျိုးသားပညာရေးကောင်စီ'ဖွဲ့ကြ၏။ မြန်မာစာ၊ မြန်မာသမိုင်း၊ မြန်မာ ယဉ်ကျေးမှု၊ မြန်မာတိုင်းရင်းသားတို့၏ အရေးကို ၊ ဦးတည်သော ပညာရေးစနစ်ကို ချမှတ်သည်။ အမျိုးသားကောလိပ်ဖွင့်ပြီး သပိတ်မှောက်ကျောင်းသားများအား စာသင်ပေးသည်။ ထို ကောလိပ်မှ ဘွဲ့ရသူများအား ဘီအေ(နတ်) B.A. (Nat.) မှာ National College နေရှင်နယ်ကောလိပ်ကို အတိုကောက် ရေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မြို့ကြီးပြကြီး များတွင်လည်း အမျိုးသားအထက်တန်းကျောင်းများ (နေရှင်နယ်ဟိုက်စကူးကျောင်း) ဖွင့်ကာ အမျိုးသားပညာရေးကို သင်ကြားပေး သည်။
၁၉၂၀ သပိတ်ကား ကိုလိုနီပညာရေးကို ပထမဆုံးထိုးနှက်ပြီး အမျိုးသားပညာရေးနှင့် အစား ထိုးရန် ကြိုးပမ်းသော လုပ်ရပ်ဖြစ်၏။ ကိုလိုနီပညာရေး ပြိုကွဲမသွားသေးသော်လည်း အမျိုးသားပညာရေးစနစ် သန္ဓေတည်လာပြီး ကိုလိုနီပညာရေးနှင့် စင်ပြိုင်လာသည်။ နောက်ပိုင်းတွင် အင်္ဂလိပ်အစိုးရ က အမျိုးသားကျောင်းအချို့ကို အထောက်အပံ့ ပေးရသည်အထိ အမျိုးသားပညာရေးကို အသိအမှတ်ပြုလာရသည်။ အမျိုးသားကျောင်းများသည် နောင်တစ် ခေတ်တွင် အမျိုးသားခေါင်းဆောင် ဖြစ်လာမည့် လူငယ်များမွေးထုတ်ပေးရာဌာနများ ဖြစ်လာသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားကျောင်းထွက်ပင် ဖြစ်၏။ ဤသပိတ်ကြီးကား ပညာရေးနယ်ပယ်အတွင်းမှ ပြုလုပ်သော နယ်ချဲ့ဆန့်ကျင်ရေး လုပ်ရပ်တစ်ခုလည်းဖြစ်ရာ မြန်မာ့အမျိုးသား လွတ်မြောက်ရေးသမိုင်းတွင် အရေးပါသော ကွင်းဆက်တစ်ခုဖြစ်ကြောင်း သတိချပ်ရာသည်။
၁၉၇၃၊ နိုဝင်ဘာလထုတ် (ကျောင်းသားလူငယ် ဖတ်ရှုဖွယ် အတွဲ-၂၊ အမှတ်-၂) တွင် ပါရှိသည့် ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။
ဒေါက်တာခင်မောင်ညွန့်