Skip to main content

ငါတို့ ဘာကြောင့်ကျောင်းသွားရတာလဲ

 

၁၉၉၄ ခုနှစ်တွင် စာပေနိုဘယ်ဆုကိုရခဲ့သူ ဂျပန် လူမျိုး ကင်ဇာဘူရိုအိုအဲ (Kenzaburo Oe) က အထက်ပါ မေးခွန်းကို သူ့ဘဝမှာ နှစ်ခါ မေးခဲ့ပါသည်တဲ့။ သူငယ်ငယ်တုန်းက ကျောင်းပြေးပြီး တောထဲမှာ သစ်ပင်အမည်တွေ လိုက်မှတ်နေရင်း တစ်ကြိမ်နှင့် နောက်တစ်ကြိမ်ကတော့ အာရုံကြောချို့တဲ့နေသည့် သူ့သားကြီး ကျောင်းစသွားတဲ့နေ့မှာပါ။ သူက “ကိုယ့်ဟာကိုယ်ဖြစ်အောင် လုပ်နိုင်ဖို့နှင့် အရင် ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေကိုဆက်ခံရန် အတွက် အခြားသူတွေနဲ့အတူ ကျောင်းသို့သွားပြီး အတူစာသင်၊ အတူကစားကြတာ” ဟု ဖြေခဲ့ပါသည်။

 

ကျွန်တော်တို့လည်း ကျောင်းသို့ သွားခဲ့ကြပါသည်။ ကျွန်တော်တို့ကျောင်းတက်ခဲ့ကြသည့် အချိန်ကို ပြန်ကြည့်ပြီး အထက်ပါ ဂျပန်နိုဘယ်ဆုရှင်၏ မေးခွန်းကို မြန်မာ့အမြင်ဖြင့် ဖြေကြည့်ကြစေချင်ပါ သည်။ ဖြေနိုင်ရန် ကျောင်းက ကျွန်တော်တို့ကို ဘာတွေသင်ပေး၊ လေ့ကျင့်ပေးခဲ့ကြပါသလဲ။ ကျောင်းက ဘာတွေရခဲ့ပါသလဲနှင့် အဲဒီတုန်းက ကျောင်းဆိုတာကို ဘယ်လိုမြင်ခဲ့ပါသလဲဆိုတာတွေကို လေးလေး နက်နက် သိမြင်နိုင်ပါမှ ကျွန်တော်တို့ မြန်မာကလေးများ ဘာကြောင့် ကျောင်းသို့သွားနေကြသလဲ ဆိုတာကို ဖြေနိုင်ပါလိမ့်မည်။ ကဗျာဆရာကြီး တင်မိုး၏ အဖြေမှာ -

မနီကလေး ဘယ်ကိုသွား

စာသင်ကျောင်းကိုသွား။

စာသင်ကျောင်းက ဘာတွေသင်

စာရေး စာဖတ်သင်။

စာရေး စာဖတ် ဘာလုပ်ဖို့

မနီ လိမ္မာဖို့ .......................................တဲ့။

 

ကျွန်တော်တို့လည်း မနီကဲ့သို့ပင် လိမ္မာရန်အတွက် စာသင်ကျောင်းဟုဆိုသည့် “အခြေခံပညာ မူလတန်းကျောင်း” မှ စတင်ကာ ကျောင်းတွေ အဆင့်ဆင့်တက်ခဲ့ကြပါသည်။ လိမ္မာခြင်းသည် အောက်ဖော်ပြပါ လူ့အရည်အသွေးများကို ပိုင်ဆိုင် လာခြင်းပင် ဖြစ်ပါလိမ့်မည်။

 

စာချည်းသက်သက်သာ သင်တဲ့နေရာ မဟုတ်ပါ

 

“စာသင်ကျောင်း” များသည် စာချည်းသက်သက် သင်ကာ စာမေးပွဲရမှတ်ပြိုင်သည့်နေရာ မဟုတ်ပါ။ စာကို အခြေပြုပြီး ကမ္ဘာကြီးမှာ ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက် နေဆဲနှင့် ဖြစ်ပျက်နိုင်မည့် အရာတွေကို ကျောင်းနှင့် စာသင်ခန်းကိုကျော်၍ လှမ်းမျှော်ကြည့်တတ်အောင် ဆရာများက “ဉာဏ်မျက်စိဖွင့်” ပေးတဲ့ နေရာပါ။ လူမှာ မွေးကတည်းကပါလာသည့် ဗီဇကောင်း၊ ဗီဇမွန်များကို ပိုမိုတောက်ပြောင်လာစေပြီး ဗလငါးတန် ဖွံ့ဖြိုးလာအောင် ဆရာကောင်း၊ ဆရာမြတ်များထံ ပို့ပြီး လေ့ကျင့်ပေးတဲ့နေရာဟာ ကျောင်းပါပဲ။ ကျွန်တော်တို့ရဲ့ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးလာပြီး လိမ္မာသူ၊ ယဉ်ကျေးပျူငှာသူ၊ တော်သလောက်ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားပိုင်ဆိုင်သူနှင့် လူမှုဆက်ဆံရေးပြည့်ဝသည့် နိုင်ငံသားများ ဖြစ်လာစေရန် မျှော်မှန်းပြီး လေ့ကျင့်ပေးတဲ့နေရာပါ။ ကျောင်းများ၏ အဓိက လုပ်ငန်းများမှာ -

 

(က) ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ထိန်းကျောင်းနိုင်ရန်လေ့ကျင့်ပေးသည့်နေရာ

 

“ကျောင်း” ဆိုသည့် မြန်မာဝေါဟာရသည် “ထိန်းကျောင်း” ဟူသည့် စကားရပ်မှ ဆင်းသက်လာသည်ဟု ဆရာကြီးများက ရှင်းပြခဲ့သည်ကို မှတ်သား ဖူးပါသည်။ “ထိန်းကျောင်း” သည့် လုပ်ငန်းစဉ် နှစ်မျိုး ရှိပါသည်။ ပထမအချက်အနေဖြင့် မိသားစုနှင့် ခွဲခွာပြီး ဒုတိယအိမ်ဖြစ်သည့် ကျောင်းသို့ စတက်ချိန်၌ လူစိမ်း၊ သူစိမ်းများနှင့် လိုက်လျောညီထွေစွာ နေထိုင်ဆက်ဆံတတ်ရန်၊ အဆင်ပြေရန်၊ မိမိ ကိုယ်တိုင် လုပ်ဆောင်တတ်ရန်အတွက် ဆရာများက ပဲ့ပြင်တည့်မတ် ထိန်းကျောင်းပေးပါသည်။ တစ်နည်းအားဖြင့် ဆွေမျိုးသားချင်း မိသားစုသာ ရှိသည်ဟု မြင်ထားရာမှ သွေးမတော်သားမစပ်သူ များနှင့်လည်း သားချင်းမောင်နှမများပမာ မိသားစု တစ်စုကဲ့သို့ ပြုမူနေထိုင်တတ်ရန်လေ့ကျင့်ပေးခြင်းပင် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် အနာဂတ်လူ့ဘောင် လောကတွင် ရင်ဆိုင်ရမည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် နည်းလမ်းများ၊ ကောင်းမွန်သည့် လူမှုဆက်ဆံရေးနှင့် စား၊ ဝတ်၊ နေရေး ဆောင်ရွက်ရာတွင် သိသင့်သိထိုက်၊ တတ်ထားရမည့်အသိပညာ၊ အတတ်ပညာများကို သင်ပေးရင်း နောက်ဆုံးတွင် ကျောင်းက လေ့ကျင့်ပေးလိုက်သူ လူတစ်ဦးချင်း သည် ကိုယ့်ဘဝကိုယ်ထိန်းကျောင်းနိုင်သည့် နိုင်ငံ သားများ” “ကိုယ့်အားကိုယ်ကိုး နိုင်သူများ” အဖြစ် ပေါ်ထွန်းလာစေရန် အရည်အသွေးများ တပ်ဆင်ပေးသည့် နေရာပင်ဖြစ်ပါသည်။ ဆိုလိုသည်မှာ၊ ကျောင်းစရောက်ချိန်တွင် ဆရာ ဆရာမများ၏ ပဲ့ပြင်ထိန်းကျောင်းခြင်းကို ခံယူပြီးနောက် အရွယ်ရောက်လာသည့်အခါတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်သည့် တန်ဖိုးမြင့်လူသားများအဖြစ် လေ့ကျင့်ပေးသည့်နေရာ ဖြစ်ပါသည်။ ယနေ့ ပညာ ရေးမှာ “လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျ နေထိုင် တတ်ဖို့ သင်ယူစို့” (Learning to live) ဟူသည့် ဆောင်ပုဒ်ကို အကောင်အထည်ဖော်တဲ့ နေရာပါ။

 

(ခ) ပညာရေးရဲ့ ရည်မှန်းချက်ကို ဖော်ဆောင်သည့် နေရာ

 

“ပညာရေးဟာ ဧကရာဇ်ကြီး၊ တရားသူကြီး၊ ပုဒ်ရဟန်းမင်းကြီး၊ စစ်ဗိုလ်ချုပ်ကြီး ဖြစ်ဖို့ မဟုတ်ပါ။ ပြည်သူ၊ ပြည်သားကောင်းတစ်ယောက် မွေးထုတ် ပေးရန်လေ့ကျင့်ပေးတာပါ” ဟုအတွေးအခေါ်ပညာ ရှင်ကြီး “ရူးဆိုး” က ဆိုခဲ့ပါသည်။ “ဘာထရန် ရပ်ဆယ်” ကတော့ “ပညာရေးဟာ လူဆန်တဲ့ လူသားတွေ မွေးထုတ်ခြင်း”တဲ့။ လူဆန်တဲ့ လူသား ဆိုတာရည်မွန်သူ၊ ယဉ်ကျေးသူတွေဖြစ်ကာ၊ လောက ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ခွဲခြားသိနိုင်စွမ်းရှိရပါ မယ်တဲ့။ ပြီးတော့ အမှန်တရားကို သစ္စာခံနိုင်စွမ်း ရှိပြီး လူမှုအသိုင်းအဝိုင်း၏ကောင်းကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်စွမ်းရှိသည့် လူသားပါတဲ့။ အဲဒီလို လူ့စွမ်းအားမြှင့်တင်ပေးသည့် ပညာရေးလုပ်ငန်းကို ရှေ့ဆုံးက အကောင်အထည်ဖော်တဲ့ နေရာဟာ ကျောင်းပါ။ ကျွန်တော်တို့သည့် ငြိမ်းချမ်းမှုကို ပေးစွမ်းသည့် အမှန်တရားဓမ္မကို သစ္စာခံမည့်လူဆန်သည့်လူသားအဖြစ် လေ့ကျင့်မှုခံယူရန် ကျောင်းသို့ သွားကြသည်။ ငြိမ်းချမ်းမှုကို မြတ်နိုးတည်ဆောက်သူ နိုင်ငံသားများဖြင့် ပြည့်လျှမ်းနေစေရန် နိုင်ငံ တိုင်းမှာ ကျောင်းတွေဖွင့်ကြသည်။ ကျောင်းများတွင် အနာဂတ် မျိုးဆက်သစ်အားလုံးသည် ကျန်းမာ ကြံ့ခိုင်သူ၊ ကျန်းမာရေးအသိ ကြွယ်ဝသူ၊ လူမှုရေး စိတ်ဓာတ်ဖွံ့ဖြိုးသူ၊ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်သူ၊ ကိုယ်ကျင့်တရားနှင့် မိမိတို့၏ ယဉ်ကျေးမှုများကို လေးစားတန်ဖိုးထားသူ၊ စာနာတတ်သူ၊ စိတ်ထား နူးညံ့ သိမ်မွေ့သူ၊ အနုပညာခံစားနိုင်သူ၊ ကျိုးကြောင်း ညီညွတ်စွာ ပြဿနာကို ချဉ်းကပ် ကျော်လွှားနိုင်သူ၊ စည်းကမ်းလိုက်နာတန်ဖိုးထားသူနှင့် မတူညီမှုများကို နားလည်လက်ခံ ဆောင်ရွက်နိုင်သူ စသည့် လူ့တန်ဖိုးများကို ပိုင်ဆိုင်ရန် လေ့ကျင့်ပေးနေပါသည်။ သို့ပါ၍ လူသား၏အထက်ဖော်ပြပါ ဗီဇကောင်းများ ပေါ်ထွန်းလာစေရန် ညွှန်ပြလေ့ကျင့်ပေးသူ ဆရာများ၊ သင်ရိုးညွှန်းတမ်း၊ အတန်းသတ်မှတ်မှု အရည်အသွေး အကဲဖြတ်ခြင်း၊ အချိန်ကာလ သတ်မှတ်ချက်နှင့် စည်းစနစ်ကျသည့် စီမံခန့်ခွဲမှုဖြင့် နေရာသည် ကျောင်းဖြစ်ပါသည်။

 

(ဂ) လူပြင်သည့် နေရာ

 

ကျွန်တော်တို့ရဲ့ ဆရာကြီးတွေ အမြဲသုံးနေကျ စကားလုံးပါ။ ပျက်၍ ပြင်ခြင်း မဟုတ်ပါ။ အနာဂတ် လူ့ဘောင်အတွက်အသင့်အနေအထားရှိရန် “ကြိုတင်၍ အသင့်ပြင်ဆင်ပေးနေခြင်း” ပါ။ သို့ပါ၍ ကျောင်း သည် ဆရာများ၊ ကျောင်းသားများနှင့် ဖွဲ့စည်းထား သည့် “သင်ကြား သင်ယူမှု အဖွဲ့ အစည်း” လောက် သာ မဟုတ်ပါ။ “အနာဂတ် လူ့အဖွဲ့ အစည်းရဲ့ ရှေ့ပြေးပုံစံငယ်” ဖြစ်ပါတယ်။ အနာဂတ် လူ့အဖွဲ့ အစည်းမှာ ကြုံတွေ့နိုင်၊ ဖြစ်လာနိုင်မည့် အခြေအနေ များကို မျှော်မှန်းပြီး အံဝင်ခွင်ကျရှိစေမည့် အလေ့အကျင့်နှင့် စွမ်းရည်များ ပေါ်ထွက်လာအောင် လူသားများအား ကြိုတင်လေ့ကျင့်ပေးသည့် နေရာ (သို့မဟုတ်) လူကောင်း၊ လူချွန်စွမ်းရည်များကို တပ်ဆင်ပေးနေတဲ့နေရာပါ။ ကျောင်းသည်အနာဂတ် လူ့အဖွဲ့အစည်းအတွက် လူသားတိုင်းကို အောက်ပါ အရည်အသွေးများအား ကြိုတင်၍ အသင့်ပြင်ဆင် ပေးနေပါသည်။ ။

 

(၁) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်တတ်စေရန်

ဆရာကြီး ခင်ဗျာ...

“ကျွန်တော့် မျက်နှာကြောင့် ကျွန်တော့် သမီးကို မျက်နှာသာ မပေးပါနဲ့ ခင်ဗျာ” ဟု ကျောင်းအုပ်ကြီး ဆီ ဖခင်က စာရေးပြီး ကျောင်းအပ်ပါသည်။ ကျောင်းအုပ်ဆရာကြီးက စာပြန်လိုက်သည်မှာ -

လူကြီးမင်း ခင်ဗျာ...။

“လူကြီးမင်း၏ မျက်နှာကို ထောက်ထားပြီး လူကြီးမင်း၏ သမီးကို လုံးဝမျက်နှာသာ မပေးပါ” တဲ့။ ထိုစာ နှစ်စောင်တွင် ပေးစာရေးသူ ဖခင်က အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး “ဂျဝါဟာလာနေရူး” ဖြစ်ပြီး ပြန်စာရေးသူ ဆရာကြီးက စာပေနိုဘယ်ဆုရှင် “ရာဘင်ဒြာနတ်တဂိုး” ဖြစ်ပါသည်။ သမီးကတော့ နောင်တွင် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမည့် “အင်ဒီယာဂန္ဒီ” ဖြစ်ပါသည်။ မိဘရဲ့ အရှိန်အဝါ ကျောင်းသို့ မပါလာသည့်အပြင် ဆရာကြီးကလည်း မှန်ကန်ဖြောင့်မတ်သည့် ဆရာကြီးပါ။ ကျောင်းတွင် အင်ဒီယာဂန္ဒီကဲ့သို့ ဝန်ကြီးချုပ်၏သမီး အပါအဝင် ဘဝနောက်ခံမတူကြသူတွေစုံပါသည်။ သို့သော်လည်း မိဘ၏ရာထူး၊ ဂုဏ်သိန်၊ စည်းစိမ်နှင့် အရိပ်တို့သည် ကျောင်းဝင်းထဲသို့ မပါလာတော့ပါ။ စာသင်ခန်းတွင် ဆူကြုံနိမ့်မြင့် မရှိပါ။ မည်သည့်ကျောင်းသားမှ အခွင့်အရေးပိုမရသလို မည်သူမှလည်း ပိုနှိမ့်ချ ဆက်ဆံခြင်း မခံရပါ။ မျက်နှာသာပေးခြင်း၊ နှိမ့်ချ ဆက်ဆံခြင်းကို ကျောင်းစည်းကမ်းက ခွင့်မပြုထား ပေ။ တန်းတူသင်ကြားခွင့်၊ ကြိုးစားခွင့်၊ အောင်မြင် ခွင့် စသည့် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ အနှစ်သာ ရဖြစ်သည့် “တန်းတူအခွင့်အရေး” (Equity) ကို လူသားတစ်ဦး စတင်ခံစားရသည့်နေရာဟာ ကျောင်းပါပဲ။ ဘဝနောက်ခံမတူသူ အချင်းချင်း ပျော်ရွှင် ငြိမ်းချမ်းစွာ ပညာသင်ကြသည်။ နိုင်ငံ့သားကောင်း ဖြစ်အောင် အတူတူလေ့ကျင့်ကြသည်။ ကျောင်း အကျိုး၊ အတန်းအကျိုး ညီညီညာညာ သယ်ပိုးကြသည်။ ဤသို့ဖြင့် ဘဝနောက်ခံမတူသူများနှင့် ငြိမ်းချမ်းစွာအတူ ပညာသင်ကြားရင်း နောင်တွင်လည်း ယင်းကဲ့သို့ နေထိုင်တတ်မှုကို အထုံပါရမီကဲ့သို့ ဖြစ်လာစေရန် ကျောင်းက ကြိုတင်ပြင်ဆင် လေ့ကျင့် ပေးခဲ့၍ ယနေ့တွင် ကျွန်တော်တို့သည် မတူကွဲပြားမှု ကို လက်ခံကာ ငြိမ်းချမ်းစွာ ပူးပေါင်းနေထိုင် တတ်လာခဲ့ကြပါသည်။

 

(၂) ကျင့်ဝတ်နှင့် စည်းကမ်းကို လေးစားလိုက်နာ တန်ဖိုးထားတတ်ရန်

 

လူနှင့်တိရစ္ဆာန်ကွာခြားချက်မှာ လူတွင် ကျင့်ဝတ် ရှိခြင်းနှင့် ယင်းကိုသိ၍ ကျင့်ကြံလိုက်နာခြင်းပါ။ ကျင့်ဝတ်နှင့် စည်းကမ်းကို လိုက်နာတန်ဖိုးထားတတ်ရန် စာရိတ္တနှင့် ပြည်သူ့နီတိဖြင့် သင်ကြား လေ့ကျင့်ပေးပါသည်။ စာသင်ရာ၊ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာ၊ လမ်းသွားရာ၊ ပေါင်းသင်း ဆက်ဆံရာ၊ စာမေးပွဲ စစ်ဆေးရာ၊ အားကစားပြိုင်ပွဲတို့တွင် စည်းကမ်းကျနစွာ မည်ကဲ့သို့ ကျင့်သုံးရမည် များနှင့် ရပ်ရွာတွင်း၊ အိမ်တွင်း၊ မိသားစုအတွင်း လိုက်နာရမည့် ကျင့်ဝတ်များလည်း ပါဝင်ပါသည်။ စည်းကမ်း ' သည် ချုပ်ခြယ်တားမြစ်သည့် သဘောမဟုတ်ပါ။

 

မိမိတို့ဘဝလွတ်လပ်စွာ ဖွံ့ဖြိုးရန်အတွက် မိမိတို့၏ “အကာအကွယ်” ဖြစ်ကြောင်း ကလေးများကို ကိုယ်တိုင် နားလည်သဘောပေါက်လာစေရန် လေ့ကျင့်ပေးနေပါသည်။ စည်းကမ်းလိုက်နာမှုသည် မိမိရဲ့ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုနှင့် ဖွံ့ဖြိုးမှုကို ဖြစ်ထွန်း စေပြီး သူတစ်ပါးကိုလည်း ထိခိုက်နစ်နာစေခြင်းမှ ကင်းဝေးစေပါသည်။ တစ်ဦးချင်း၊ အတန်းတွင်း၊ ကျောင်းတွင်းမှသည် ရပ်ရွာ၊ နိုင်ငံတွင်း စည်းကမ်း ကို ရိုသေလေးစား လိုက်နာတန်ဖိုးထားခြင်းဖြင့် ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်း အစဉ်ဖြစ်ထွန်းလာစေရန် ဖြစ်ပါသဖြင့် “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့်ဆောင်ပုဒ်သည် မြန်မာ့ကျောင်း တိုင်းတွင် ခေတ်အဆက်ဆက် ဆက်လက် အကောင်အထည်ဖော်နေမည့် ဆောင်ပုဒ်ဟု မြင်မိပါသည်။ ။

 

(၃) ပြည့်ဝနိုင်ငံသားများ ဖြစ်ထွန်းရန်

 

ကျောင်းများတွင် ပညာရေးရဲ့ အဓိက ရည်မှန်း ချက်ဖြစ်သော ပြည့်ဝနိုင်ငံသား (Good citizen) ဟု ဆိုအပ်သည့် “မိမိမွေးဖွားရှင်သန်ရာ နိုင်ငံ၏ နိုင်ငံသားဖြစ်ရတာ ဂုဏ်ယူစိတ်ရှိသူများ” ပေါ်ထွန်းရန် လေ့ကျင့်ပေးနေပါသည်။ နိုင်ငံသားကောင်းတစ်ဦးဖြစ်လာလျှင် ဒီမိုကရေစီ စိတ်ထား ပိုင်ဆိုင်သူ (Good Democrat) အဖြစ် လည်း ကျွဲကူးရေပါ ဖြစ်လာတော့သည်။ ထိုစိတ်ထား ပိုင်ရှင်သည် စာရိတ္တခိုင်မာမှု၊ စာနာမှု၊ လူမှုဆက်ဆံ ရေးအသိ မြင့်မားမှု၊ ပြောဆိုလိမ္မာယဉ်ကျေးမှု၊ ကျန်းမာကြံ့ခိုင်မှု၊ နိုင်လိုမင်းထက်ကင်းမှု၊ သည်းခံမှု၊ စည်းကမ်းလိုက်နာမှု၊ ပြဿနာကို ကျိုးကြောင်း ဆီလျော်စွာ ဖြေရှင်းနိုင်မှုနှင့် ရည်မှန်းချက်ကို မပေါက်မြောက်အောင် စုပေါင်းဆောင်ရွက်တတ်မှု စသည့် ဗလငါးတန် ပြည့်စုံသည့် နိုင်ငံသားများပင် ဖြစ်ပါသည်။ ထို့အပြင် ကျောင်းသည် မိမိနှင့် မိမိ “လူ့အဖွဲ့အစည်း၏ မငြိမ်းချမ်းမှုကို ရှောင်ရှားသူနှင့် ငြိမ်းချမ်းမှုကို မြတ်နိုးတည်ဆောက်သူများ ဖြစ်လာအောင် လေ့ကျင့်ပေးပါသည်။ ထိုသို့လေ့ကျင့်ရာ၌ အဓိကသင်ရိုးထဲတွင် သိသင့်သိထိုက်သည့် အကြောင်းအရာ များကို အခြေပြု၍ လည်းကောင်း၊ သင်ရိုးပြင်ပ ဖွံ့ဖြိုးရေးအချိန်များ၊ အားကစား လေ့ကျင့်မှုများ၊ လေ့လာရေးခရီးများ၊ ကျောင်းတွင်း ပြပွဲ၊ ပြိုင်ပွဲများ၊ ကျောင်းကောင်စီအဖွဲ့များတွင် လှုပ်ရှားစေခြင်းတို့ ပါဝင်ပါသည်။

 

(၄) ကြီးသူကို ရိုသေ၊ အားနည်းသူ၊ ငယ်သူကို စာနာတတ်ရန်

 

ကျောင်းတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ့်ထက် အတန်းကြီးသူနှင့်ရော၊ ကိုယ့်ထက်ငယ်သူနှင့်ပါ ပူးပေါင်းအကောင်အထည် ဖော်ကြရပါသည်။ ထိုအခါ ကိုယ့်ထက်ကြီးသူများ၏ အတွေ့အကြုံသည် မိမိတို့ ဆောင်ရွက်ထားသမျှထက် သာလွန်သဖြင့် သူတို့၏ဦးဆောင်မှုနောက်သို့ တလေးတစား လိုက်ပါဆောင်ရွက်ကြပါသည်။ ထို့အတူ ကိုယ်အတန်းကြီး ရောက်လာသည့်အခါတွင်လည်း ကိုယ့်ထက် အကြီးများက ကိုယ့်ကို တန်ဖိုးထားပြီး သင်ပေးခဲ့၊ လက်တွဲခေါ်ခဲ့သည့် အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းကြပါသည်။ ကျွန်တော်တို့ စတုတ္ထတန်းတုန်းက သူငယ်တန်းကလေးများကို ထိန်းကျောင်းပေးရ၊ သူတို့နှင့်အတူ ကစားခဲ့ကြရပါ သည်။ ကိုယ်ငယ်စဉ်က သူငယ်တန်းဘဝကို သတိရ မိသလို ငယ်ရွယ်သူများကို စာနာစိတ်ထားနိုင်ခဲ့ပါသည်။ ထိုဓလေ့ကောင်းသည် ယနေ့အထိ ပညာရေး ကောလိပ် လေ့ကျင့်ရေးကျောင်းများတွင် ရှင်သန်ဆဲပါ။ ကျောင်းတွင်းတွင် ကိုယ့်အသင်းအလံ ထိပ်ဆုံးမှာ ချိတ်နိုင်ရေးအတွက် အသင်းဝင်များ အားလုံးသည် ကျောင်းတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို လိုက်ပါဆောင်ရွက်ရင်း ဆရာ ဆရာမများနှင့် အတန်းကြီးသူတို့ရဲ့ ဆောင်ရွက်ချက်များကို လေးစားတန်ဖိုးထားတတ်မှုနှင့်အတူ အတန်းငယ်များ၏ အသက်ငယ်မှု၊ ကာယအားနှင့် အသိဉာဏ် အားနည်းချက်များကို စာနာရင်း သူတို့ကို ပိုမိုစွမ်းဆောင်နိုင်ရန် ဖေးမကူညီတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိခဲ့ပါသည်။ ။

 

(၅) လူမှုဘဝပြဿနာများကို ရင်ဆိုင်ကျော်လွှားတတ်စေရန်

 

လူရှိရာအရပ်သည် ပြဿနာ အမြဲရှိပါသည်။ ကျောင်းသားအရွယ်တွင် စာမလိုက်နိုင်မှာ၊ ကျောင်း နောက်ကျမှာ၊ အချင်းချင်း စကားပြော အဆင်မပြေ မှာ၊ ဆရာ ဆရာမ ငြိုငြင်မှာ၊ နောက်ဆုံးတွင် စာမေး ပွဲ မအောင်မှာ စသည့် ကျောင်းတွင် ကြုံတွေ့ရသည့် ပြဿနာများကို ဖြေရှင်းရသည်။ ဖြေရှင်းရာတွင် စည်းမဲ့ကမ်းမဲ့ ဖြေရှင်း၍မရပေ။ ကျောင်း၊ အတန်းများ၏ စည်းကမ်း၊ လူမှုကျင့်ဝတ်များနှင့်အညီ ဖြေရှင်းတတ်ရန် လိုပါသည်။ ကျောင်းကထွက်သွားလျှင်လည်း ပြဿနာက ရှိနေပေဦးမည်။ “လူတစ်ယောက်၏ ဘဝတွင်ကြုံတွေ့ရမည့်ပြဿနာ ကြီးကြီးသေးသေး အရေအတွက်သည် ဦးခေါင်းရှိ ဆံပင်အရေအတွက်လောက်ရှိသည်” ဟု ၂၀ ရာစု၏ အထင်ရှားဆုံး စိတ်ပညာရှင်ကြီး “ဆစ်ဂမန်ဖရွိုက်” က ဆိုခဲ့ပါသည်။ အောင်မြင်သူဆိုတာ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်သူဖြစ်ပြီး ကျရှုံးသူဟာ ပြဿနာ ကို ကြောက်၍ နောက်ဆုတ်ခဲ့သူများသာ ဖြစ်ပါ သည်။ ထိုသို့ ပြဿနာကို ဖြေရှင်းကျော်လွှားတတ် ရန်အတွက် ကျောင်းများတွင် သင်္ချာဘာသာရပ်ဖြင့် လေ့ကျင့်ပေးပါသည်။ သင်္ချာပုစ္ဆာဆိုတာ ပြဿနာ တစ်မျိုးပါ။ သင်္ချာ၏ဥပဒေသကို အသုံးပြုပြီး ပုစ္ဆာ ကို ဖြေရှင်းရသလို လူ့ဘဝပြဿနာများကိုလည်း လူ့ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများဖြင့် စနစ်ကျနစွာ ဖြေရှင်းတတ်စေရန် လေ့ကျင့်ပေးနေခြင်းဖြစ်ပါ သည်။ တချို့နိုင်ငံများတွင် လောဂျစ် (Logics) ကို သင်ကြားပေးပါသည်။ လူမှုရေး ပြဿနာများကို ဖြေရှင်းတတ်ရန် သင်ရိုးတွင် စာရိတ္တနှင့် ပြည်သူ့နီတိကို ထည့်သွင်းသင်ကြားပေးပါသည်။ ကျိုးကြောင်း ညီညွတ်စွာ ပြဿနာများကို ဖြေရှင်း တတ်ရန် လေ့ကျင့်ပေးရင်း ဘဝကို အောင်မြင်သူအဖြစ် ရပ်တည်သွားရန် ရည်ရွယ်ပါသည်။

 

(၆) အောင်မြင်မှုအတွက် အစဉ်လေ့လာသင်ယူနေသူ ဖြစ်လာစေရန်ကျောင်းတွေမှာ သတ်မှတ်ကာလနှင့် သင်ရိုးညွန်းတမ်းတို့ဖြင့် လေ့ကျင့်ပေးပါသည်။ ထို့အတူ တတ်ကျွမ်းမှုကို စစ်ဆေးပြီး အတန်း တက်ပေးပါသည်။ တက်ရသည့်အတန်းသည် ယခင်အတန်းတွင် သင်ခဲ့သည့် သင်ခန်းစာများထက် မြင့်သည့် သင်ခန်းစာများ ဆက်လက်သင်ကြားပေးပါသည်။ သို့ပါ၍ အတန်းတိုင်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ အထွေထွေသိပ္ပံ၊ သမိုင်းတို့၏ သင်ရိုး ညွှန်းတမ်းများသည် အတန်းကြီးလာသည်နှင့်အမျှ အဆင့်မြင့်လာသည်။ သင်ရိုးညွှန်းတမ်းမှန်သမျှသည် နိမ့်ရာမှ မြင့်ရာသို့၊ လွယ်ရာမှ ခက်ရာသို့ အဆင့်မြင့် သွားကြပါသည်။ မိမိသည် အလယ်တန်းအောင်လျှင် အထက်တန်းမှာ သင်စရာတွေကျန်သေးသည်။ အထက်တန်းကျောင်းအောင်လျှင် တက္ကသိုလ်မှာ ဆက်လက်သင်ယူ လေ့လာရန် လိုသေးသည်။ အတန်းတစ်တန်း အောင်ခြင်းသည် ဤအရွယ်၊ ဤအဆင့်တွင်သိသင့်သိအပ်၊ နားလည်အပ်သည်ကို ပေးထားသည့် ကာလအတွင်း လေ့လာလေ့ကျင့် ပြီးမြောက်ပါပြီ။ သည့်ထက် ပိုသိ၊ ပိုတတ်ရန် ဆက်လက်လေ့လာပါဟူ၍သိချင်၊ တတ်ချင်စိတ်နှင့် သင်ယူလိုစိတ်ကိုလည်း နှိုးဆွပေးလိုက်ပါသည်။ ပညာတွေတတ်ပြီဟု မဆိုလို၍ ဘွဲ့ရတာ ပညာတတ် ပြီဟု မမှတ်ယူသင့်ပါ။ တကယ်တော့ ဘွဲ့ရသူဆိုတာ ဆက်လက်သင်ယူလိုစိတ်ပြင်းပြသူ (Love for learning) ပါ။ ဆက်လက် လေ့လာနိုင်ရန် အခြေခံ အုတ်မြစ်နှင့် စနစ်တကျလေ့လာနည်းကို ကျောင်းတွေက သင်ကြားပေး လိုက်ခြင်းပါ။ စနစ်ကျနစွာ လေ့လာမှုက သင်ယူတတ်မြောက်မှုနှုန်းကို မြန်စေပါသည်။ အစဉ်လေ့လာ နေမှသာ အောင်မြင်သူ၊ အနာဂတ်ကို ခေါင်းဆောင်နိုင်သူ ဖြစ်လာမည် ဟူသည့်အသိနှင့် အလေ့အကျင့် ကိုလည်း ဖြည့်ဆည်းပေးလိုက်ပါသည်။

 

(၇) ဘုံရည်မှန်းချက်ကို စုပေါင်းအကောင်အထည် ဖော်တတ်ရန်

 

ကျောင်းတွေမှာ ကျောင်းကောင်စီအသင်းများ ရှိပါသည်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလေးသင်းပါ။ ယခုတော့ ငါးသင်း ဖြစ်နေပါပြီ။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားနှင် ဗန္ဓုလအသင်းများပဲ ဖြစ်ပါသည်။ အနော်ရထာသည် နောက်တိုးအသင်း ဖြစ်ပါသည်။ မိမိတို့၏ကြိုးပမ်း အားထုတ်မှု ရလဒ်ကြောင့် ကိုယ့်အသင်း အလံထိပ်ဆုံးတွင် ချိတ်ဆွဲနိုင်ရေးအတွက် အားကစား၊ သန့်ရှင်းရေး၊ စည်းကမ်းလိုက်နာမှု၊ လပတ်စာမေးပွဲ ဖြေဆိုအောင်မြင်မှု၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကြက်ခြေနီ အသင်း၊ စကားရည်လုပွဲ၊ ဟောပြောပွဲများ၌ တက်ကြွစွာ ပါဝင်လှုပ်ရှားရာတွင် အသင်းတာဝန်ခံ ဆရာ ဆရာမများ၏ ဦးဆောင်မှု၊ အတန်းကြီးမှ အစ်ကို အစ်မများ၏ လမ်းပြမှုဖြင့် အသင်းသားများ ညီညီ ညွတ်ညွတ် ကြိုးပမ်းကြပါသည်။ ထိုသို့ကြိုးပမ်းရာတွင် “မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်” ဆိုသည့် ကျောင်းကောင်စီ အဓိဋ္ဌာန် လေးချက်နှင့် ညီရပါလိမ့်မည်။ ထိုလေးချက်သည် သိရုံသက်သက် မဟုတ်ပါ။ ဘဝတစ်လျှောက် ကျင့်ကြံအားထုတ် (Learning to do) ရမည့် အချက်များပါ။ တစ်သင်းတည်းသာ ကောင်းနေ၍ မရပါ။ အသင်း ငါးသင်းစလုံး ကောင်းပါမှ ဖြစ်ပေမည်။ တစ်ဦးချင်း အရည်အသွေး မြင့်မားမှုမှသည် အတန်း၊ ကျောင်းနှင့် နောက်ဆုံးတွင် တိုင်းပြည်ကောင်းမည် ဟူသည့် အကျင့်တရားများ ကျောင်းသားအားလုံး၏ ဦးနှောက်ထဲတွင် စွဲသွားစေရန် လေ့ကျင့်ပေးနေခြင်းဖြစ်ပါသည်။ ထို့အတူ စုပေါင်းညီညွတ်မှုဖြင့် ကစားရသည့် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘောမှသည် ပြေးခုန်ပစ်အထိအတန်းဂုဏ်၊ အသင်းဂုဏ်၊ ကျောင်း ဂုဏ်မှသည် ဘုံရည်မှန်းချက်ဖြစ်သည့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်သည်အထိ စည်းလုံးမှုအင်အားဖြင့် ဆောင်ရွက်တတ်စေရန် ဖော်ဆောင်ပေးနေပါသည်။

 

ကျောင်း၏လုပ်ငန်းများကို ချုပ်ရမည်ဆိုလျှင် ကျောင်းဆိုတာ သင်ကြား၊ သင်ယူမှုဝန်းကျင်ဆိုတာ ထက်ပိုမိုလေးနက်သည့် “အနာဂတ်လူ့အဖွဲ့အစည်းရဲ့ ရှေ့ပြေးပုံစံငယ်” တစ်ခုပါ။ အနာဂတ်မှာ ဖြစ်ထွန်း လာမည့် လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျမည့် အထက်ပါအရည်အသွေးများ ပိုင်ဆိုင်လာစေရန် ကြိုတင်ပြင်ဆင်လေ့ကျင့်ပေးတာမို့ ကျွန်တော်တို့ ကျောင်းတက်ခဲ့ကြတာပါ။ လေ့ကျင့်ပေးတာလည်း စည်းကမ်းကျနစွာဖြင့် အသက်အရွယ်နှင့် လိုက်ဖက်မည့် သင်ရိုး၊ အချိန်၊ တတ်မြောက်မှု စစ်ဆေးခြင်း စသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်၍ လူ့တန်ဖိုးများကို ဖြည့်ဆည်းပေးခြင်းပါ။ ထို့အတူ လောကတွင် သိသင့်၊ သိအပ်သည့် ဘာသာစကား များနှင့် ပညာရပ်များကို အခြေပြု၍ ဖတ်စာအုပ်နှင့် စာသင်ခန်းကိုကျော်ကာ လောကကြီးကို မြင်တတ်၊ ကြည့်တတ်၊ လေ့လာတတ် အသုံးချတတ်၊ သင်ခန်းစာ ယူတတ်၊ တွေးတတ်၊ ခေါ်တတ်အောင် လေ့ကျင့်ပေးပါသည်။ အညွန့်တလူလူ တက်နေသည့် အနာဂတ် ခေါင်းဆောင်လောင်း မြန်မာ့ကလေးတွေရဲ့ အရည် အသွေး ပိုမိုထွန်းတောက် လာစေရန် ဆရာ ဆရာမ များက အရောင်တင် လေ့ကျင့်ပေးသည့် ဝန်းကျင်ကောင်းဟာ ကျောင်းပါပဲ။ ကလေးငယ်တစ်ဦးသည် ဘဝနောက်ခံ မတူသူတွေနှင့် စုစုဝေးဝေးဖြင့် လူ့အဖွဲ့အစည်းကောင်းကျိုးကို စည်းကမ်းလိုက်၊ ငြိမ်းချမ်းစွာ သယ်ပိုးနိုင်သည့်စွမ်းရည်နှင့် အလေ့ အကျင့် ရရှိသွားအောင် သင်ပေး၊ လေ့ကျင့်ပေး၊ အသင့်ပြင်ဆင်ပေးသည့် နေရာပါ။ ကလေးငယ် တစ်ဦးချင်းစီ၏ ငြိမ်းချမ်းဖွံ့ဖြိုးသည့် ဘဝသမိုင်းအစ စာသင်ကျောင်းကပါ။ ထို့အပြင် သူပါဝင်ရမည့် လူ့အဖွဲ့ အစည်း၏သမိုင်းကို လှလှပပ စတင်ရေးထိုး နိုင်သည့်နေရာပါ။ လူမမယ်အရွယ်များ၏ တောက်ပ တဲ့အနာဂတ်ကိုဖန်တီးခွင့်ရအောင် အစပြုပေးသည့် နေရာလည်း ဖြစ်ပါသည်။ ကျောင်းသို့သွားတက်ခြင်းဖြင့် လူ့တန်ဖိုး နိမ့်ကျသွားစရာ အကြောင်းမရှိပေ။ သင်ယူခြင်းဟာ အောင်မြင်ခြင်း၊ ဖွံ့ဖြိုးခြင်းပါပဲ။

 

ကျောင်းမရောက်မီကသာမန်လူသားပါ။ကျောင်းက ထွက်သွားလျှင် “ပြည့်ဝနိုင်ငံသား” ၊ “တန်ဖိုးမြင့် လူသား” ဖြစ်လာကြရန် ကလေးများ ကျောင်းသို့ သွားကြသည်။ ထို့အတွက် မိဘများက ကျောင်းသို့ ပို့ကြသည်။ ထိုသို့ဖြစ်ရန်ကျောင်းတွင် ဆရာများက သင်ပေး၊ ပြင်ပေး၊ လေ့ကျင့်ပေးကြသည်။

 

သို့ပါ၍ ဂျပန်လူမျိုး စာပေနိုဘယ်လ်ဆုရှင်ကြီး၏ “ငါတို့ဘာကြောင့် ကျောင်းသွားရတာလဲ” ဆိုသည့် အမေးကို မြန်မာ့လူ့အဖွဲ့အစည်း၏ အမြင်ဖြင့်ဖြေရ မည်ဆိုလျှင် “မွေးရာပါ လူ့အရည်အသွေးတွေ ထက်မြက်စေပြီး လူ့တန်ဖိုးတွေ မြင့်တက်လာကာ ငြိမ်းချမ်းမှုကို မြတ်နိုးတည်ဆောက်မည့်လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန် မြန်မာ့ကလေးများ အား စုစုဝေးဝေး လေ့ကျင့်ပေးသည့် နေရာသည် ကျောင်းမှတစ်ပါး အခြားနေရာမရှိပါ။ ထို့ကြောင့် မြန်မာ့ကလေးများ ကျောင်းသို့ သွားကြပါသည်” ဟု ဖြေရပါလိမ့်မည်။ တစ်နည်းအားဖြင့် ဆရာကြီး တင်မိုး၏ “မနီလေးလို လိမ္မာချင်လို့” ကျောင်းသို့ သွားကြပါကြောင်း မြန်မာတစ်ယောက်အမြင်ဖြင့် ဖြေကြားလိုက်ရပါသည်။ ။

 

အညွှန်း။ ။ (၁) ကိုတာ (၂၀၀၈)၊ ငါတို့ဘာကြောင့် ကျောင်းသွားရတာလဲ။

(၂) တင်မိုး (၂၀၁၃) ကဗျာပေါင်းချုပ်