စာဖတ်ခြင်းအနုပညာ
စာဖတ်ခြင်းဆိုရာတွင် လူ့ဘဝအစ ကျောင်းနေစ မူလတန်း ‘ဝ’ လုံးလေးစရေးခဲ့သည်မှစ၍ စာဖတ်ကြရသည်။ ဗျည်းနှင့်သရ ချိတ်ဆက်နိုင်ခဲ့သည့်အခါ ၊ မင်္ဂလာဖိတ်စာ၊ အလှူဖိတ်စာ၊ ကြော်ငြာကဲ့သို့ စာတိုပေစလေးများ ဖတ်ခဲ့ရာမှ စာဖတ်ခြင်းများ မြင့်တက်ခဲ့ရသည်။
ထိုသို့ဆိုသော် ရေးတတ်၊ ဖတ်တတ်ဆိုသော ၊ သူများလည်း စာဖတ်နိုင်ကြသလို ကျောင်းပညာ ဆုံးခန်းတိုင် သင်ကြားတတ်မြောက် သူများလည်း စာဖတ်နိုင်ကြသောသူများ ဖြစ်ကြပေသည်။
သို့သော် စာဖတ်ခြင်းသည် အပေါ်ယံအားဖြင့် လွယ်ကူသော်လည်း လေးနက်စွာဆိုရပါမူ မလွယ် ကူပေ။ အဘယ်ကြောင့်ဆိုသော် ဖတ်ခဲ့သောစာသည် ဘာကိုဆိုလိုပါသနည်း။ ဘာကိုပေးလို့ ဘာတွေရခဲ့ပါသနည်း။ ထိုစာကို မည်သို့သုံးသပ် နိုင်ပါသနည်း။ မှတ်သားထားရန် ဒဿနအတွေး အခေါ်များ၊ သုတအကြားအမြင်များ (သို့မဟုတ်) စိမ့်ဝင်ခံစားရသောရသများ ရရှိခဲ့ပါသလား။
မေးခွန်းထုတ်သင့်သော အချက်များဖြစ်ပါပေသည်။
သုတနှင့် ပညာ
ယနေ့ခေတ်လူငယ်များသည် စာပေကို လေးလေးနက်နက် ခံစားဖတ်ရှုမှု နည်းပါးလာကြသည်။ Social Media ပေါ်၌ပါရှိသော စာတိုပေစများဖြင့် ကျေနပ်နေကြသည်။ သုတနှင့် ပညာပိုင်းကို အလေးထားလာကြသည်။ ရသစာပေဘက်တွင် အားနည်းလာကြပေသည်။
စာဖတ်ခြင်းသုံးမျိုးရှိ၏။ တစ်မျိုးကား စာစောင်ပေဖွဲ့များကို ဖတ်ခြင်း။ နောက်တစ်မျိုးကား မီဒီယာမျက်နှာပြင်ပေါ်၌ ဖော်ပြသောသတင်း၊ အနုပညာ၊ သိပ္ပံနှင့် သုတ၊ ရသတို့ကို ကြည့်ရှုခံစား ခြင်း။ နောက်ဆုံးနည်းကတော့ တွေ့ဆုံဆွေးနွေး ငြင်းခုံခြင်းများဖြစ်ပါသည်။ တချို့က ခရီးသွား ခြင်း (သို့မဟုတ်) ခြေထောက်ဖြင့်စာဖတ်ခြင်းဟူ၍လည်း ဆိုကြပေသည်။
ဤသုံးမျိုးတို့တွင် မည်သည့်စာဖတ်နည်းမဆို သင်၏ဦးနှောက်၌ တစ်ခုမျှပင်မှတ်မိရန် ကျန်ရစ်စေသော အကြောင်းတစ်စိတ် တစ်ဒေသမျှ မရရှိခဲ့သော် အချည်းနှီးပင်ဖြစ်တော့၏။
စာမေးပွဲအောင်ရန် ကြိုးစားကျက်မှတ်နေ သော ကျောင်းသားသည် စိတ်ပျံ့လွင့်မှုကို မထိန်း ချုပ်နိုင်ခဲ့သော် စာမရဘိသကဲ့သို့ “ပိုးသာကုန် မောင်ပုံစောင်းမတတ်” ရှိပေတော့မည်။ စာတစ်အုပ်ကို ဖတ်ဖူးသူများအားမေးရာ တစ်ယောက်က မဆိုးပါဘူးဆို၏။ နောက်တစ်ယောက် က အရေးအသားက မဆိုးပါဘူး။ ရည်ရွယ်ချက်ကောင်းတယ်။ လူတွေကို ပညာပေးတာပေါ့ဟု ဆို၏။ နောက်ဆုံးတစ်ယောက်ကတော့ ဘယ် အခန်းက ဖွဲ့နွဲ့ပုံလေးက ဘယ်လို။ ဘယ်အခန်းက မှတ်သားစရာဗျ။ စာဖတ်ရတာ သုတရော ရသပါ ခံစားရတယ်။ တန်ဖိုးရှိတဲ့စာအုပ်ပါဟု ဆိုလေသည်။
စိစစ်ဝေဖန်ဖတ်ရှုတတ်သူဖြစ်
ထိုသုံးဦးတွင် နောက်ဆုံးလူသည် စိတ်ကိုနှစ်၍ စိစစ်ဝေဖန်ဖတ်ရှု တတ်သူဖြစ်သဖြင့် အကျိုးများ သောသူသာဖြစ်လေသည်။
ရေတွင်းပျက်ကြီးထဲ ခွေးမကြီး သားတွေပေါက် နေတယ်။ သွားကြည့်စမ်းဆိုသည့်အခါ ငါးကောင်ပေါက်တယ်ဆို၏။ ခွေးထီးဘယ်နှကောင်၊ ခွေးမ ဘယ်နှကောင်လဲမေးတော့ တစ်ဖန်ပြန်၍ ပြေးကြည့် ရသည့်ထုံးလို မဖြစ်စေရန် စေ့စေ့စပ်စပ်ဖတ်ရှု မှတ်သားရန် လိုအပ်ပေသည်။
'စာအုပ်တစ်အုပ်မှ စာတစ်ပုဒ်သည် ပြင်ပအာရုံ တစ်ခု၏လွှမ်းမိုးမှုကြောင့် စာပေါ်မှာ အသိမရှိခဲ့သော် ပြန်၍ဖတ်သင့်၏။ တစ်နည်းအားဖြင့် ရေးသားသူ၏ တင်ပြမှုမှာ ကိုယ်၏အတွေးအခေါ်နှင့် မအပ်စပ် ခဲ့သော် ဒီစာရေးဆရာဘာကြောင့်ရေးသနည်း (အဖြေရှာရန် အဖန်ဖန်ပြန်ဖတ်၊ ပြန်စဉ်းစားခြင်းပြုပါက အကြောင်းတစ်ခုခုတော့ ရှိနေသည်ကို တွေ့ရ ပေလိမ့်မည်။
ထို့ကြောင့် စာဖတ်ရာဝယ် အကြောင်းတိုင်း၏ အနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ စာပိုဒ်တိုင်း၏ အနက်အဓိပ္ပာယ်ကိုလည်းကောင်း သိဖို့ရာ အထူးလိုအပ်ပါသည်။ ဖြစ်နိုင်လျှင် စာတစ်ပိုဒ်ပြီးစီး သည်နှင့် ဘာရေးထားလဲ၊ဘာပြောတာလဲ၊ ဘာမှတ်သင့်လဲ၊ အော်...ဒီလိုကိုး စသည်ဖြင့် သုံးသပ်ဖို့လိုသည်။ ဦးနှောက်မှာမှတ်သင့်သည်ကိုမှတ်၍ Note Book တွင် မှတ်သားသင့်သည်ကို မှတ်သားရန်လိုအပ်ပါသည်။
ခေတ်အဆက်ဆက်က စာတတ်သူနှင့် စာဖတ်သူများသာ ထိပ်တန်းရောက်ကြလေသည်။ စာတို ငညိုနွားကျောင်းသားက ဝန်ဇင်းမင်းရာဇာ ပညာရှိ အမတ်ကြီးဖြစ်ရပေသည်။ တစ်ဦးချင်း တိုးတက်မှုကို မဆိုထားနှင့်၊ စာဖတ်သူ၊ စာတတ်သူ၊ စာပေကို တန်ဖိုးထားတတ်သူများသော လူမျိုး (သို့မဟုတ်)တိုင်းပြည်သည် အစောဆုံးတိုးတက်မှုရရှိသလို အမြင့်ဆုံးသို့ ရောက်ကြရ၏။ သူတို့သည် စာဖတ်ကြ၏။ ဘာသာရပ်ဆိုင်ရာ စုစည်းထားမှုများကို မှတ်တမ်းမှတ်ရာများနှင့် ထားတတ်ကြ၏။ သားစဉ်မြေးဆက် ထိုမှတ်တမ်း များကို ဆက်လက်ရေးသားကြ၏။ ထို့ကြောင့် သိပ္ပံ သီဝရီများကို အခြေပြု၍ ယနေ့လကမ္ဘာနှင့် အင်္ဂါ ဂြိုဟ်အထိ လျှောက်လှမ်းနေကြပေပြီ။
တက္ကသိုလ်အဆင့်သည် ခရီးသွားလမ်းညွှန်ခြင်း
ယနေ့ တက္ကသိုလ်ဝင်အထိ ပညာရေးသည် ခရီးသွားရန်အတွက် ဆောင်ရန်လက်နက်များပေး၍ တက္ကသိုလ်အဆင့်သည် ခရီးသွားလမ်းညွှန်ခြင်းသာ ဖြစ်တော့သည်။ ဤသို့ဆိုသော် ခရီးသွားရန်ကား စာကြည့်တိုက်ထဲက စာအုပ်များ၊ စာအုပ်စာပေများထဲမှ ဒဿနများ၊ သုတများ၊ ရသများကို အခြေပြု၍ မိမိလျှောက်လိုသောလမ်းတွင် အသုံးပြုရန် သက်ဆိုင် သည်များကို လျှောက်လှမ်းရင်း ကြည့်ရှုရင်ဆိုင် ကျော်လွှားနည်းယူ စသောအတွေ့အကြုံများဖြင့် ဘွဲ့ရအောင်မြင်သူများဖြစ်ကြရသည်။
“အဲလ်ဘတ်သောမတ်အယ်ဒီဆင်သည်သူငယ်စဉ်က စာသင်ရန်ကျောင်းဆရာကပင် လက်လျှော့ခြင်းခံရသည်ဆို၏။ သူစာသင်ရန်ခက်ခဲမှုမှာ ဉာဏ်ရည်ချို့တဲ့မှုကြောင့် မဖြစ်နိုင်။ သူသည် တီထွင်ကြံဆမှုများကိုသာ စိတ်ဝင်စားသူဖြစ်သဖြင့် ပြင်ပအတွေးအာရုံများဖိစီးမှုကြောင့် သင်ကြားသောဘာသာရပ်တွင် စိတ်ဝင်စားမှုမရှိခြင်း အကြောင်းသာ ဖြစ်နိုင်ရာ၏။
လူ၏ဦးနှောက်သည် မှတ်ဉာဏ်စွမ်းအား ကဏ္ဍ၊ ထိုးထွင်းဉာဏ်ကဏ္ဍ အကန့်မတူဟု ဆိုကြသည်။ မှတ်ဉာဏ်အားကောင်းသူ များကား အကြောင်းအရာတစ်ခုကို တစ်ပြိုင်နက်တည်း စွဲမြဲစွာ မှတ်သားနိုင်ကြသော်လည်း ထိုးထွင်းဉာဏ် သမားများကမူ ကြံဆတွေးခေါ်မှုများအပေါ်၌သာ အားသာသဖြင့် မှတ်မိနိုင်စွမ်းအား နည်းတတ်ကြပေသည်။
အယ်ဒီဆင်သည် လုံးဝစာမတတ်သူမဟုတ်။ စာဖတ်သူတော့ဖြစ်နိုင်ရာသည်။ သူ၏တီထွင်မှုများတွင် ရှေးလူများ၏မှတ်တမ်း မှတ်ရာများဖြင့် လည်းကောင်း၊ စာကြည့်တိုက်များရှိ စာအုပ်စာပေများက ပံ့ပိုးမှုကိုလည်းကောင်း ရရှိပေလိမ့်မည်ဟု သုံးသပ်ရသည်။ အခြေခံအချက်များသည် မှတ်တမ်းမှတ်ရာများမှ ရရှိစေနိုင်၏။
အတတ်ပညာနှင့် အသိပညာ
အတတ်ပညာနှင့် အသိပညာ နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးသည်တစ်မျိုးနှင့်တစ်မျိုး ထောက်ပံ့လျက် ရှိသည်။ အတတ်ပညာကြောင့် အသိပညာသည် တိုးတက်လာရသလို အသိပညာကြောင့်လည်း အတတ်ပညာတိုးတက်ရပြန်သည်။ အတတ်ပညာကို သင်ကြားမှုကြောင့် ရရှိလာသောအခါ တွေးခေါ် မြော်မြင်တတ်သော အတွေးဒဿနပညာသည် အလိုအလျောက် ရင့်ကျက်လာပေ တော့သည်။ သို့သော် ပြည့်စုံလုံလောက်သော အထောက်အပံ့ကား ဖြစ်ကောင်းမှဖြစ်မည်။ ကျယ်ပြန့်လှသော အတွေးဒဿနများသည် မည်သည့်အခါမှ ပြည့်စုံ ကုံလုံစေမည်မဟုတ် သော်လည်း ဘဝတစ်ခုကို တက်လှမ်းရန် လက်လှမ်းမီသောအဆင့်သို့ ရောက်ရှိအောင် ကြိုးစားနိုင်၏။ ထို့ထက်ပို၍လည်း ရရှိစေနိုင်၏။ ကြိုးစားလျှင် ကြိုးစားသလောက် ရရှိနိုင်ပေသည်။
ထိုသို့တိုးတက်စေသော အကြောင်းတရား၏ အထောက်အပံ့များတွင် အဓိကသည် စာဖတ်ခြင်းသာဖြစ်၏။ စာဖတ်ခြင်းသည် မရောက်ဖူးသော၊ မမြင်ဖူးသော၊ မကြုံဖူးသော၊ မသိသေးသော၊ မဖြစ် သင့်သော၊ ဖြစ်သင့်သော၊ မကောင်းသော၊ ကောင်းသော စသည်ဖြင့်နိယာမဖြစ်စဉ်များကို အလွယ် တကူသိစေတတ်၏။ အမှား၊ အမှန်ကို ခွဲခြားတတ်၏။ မတတ်သေးသော အတတ်ကိုလည်း တတ်စေ၏။
ထို့ကြောင့် သိပ္ပံနှင့်လက်မှုစက်မှုအတတ်များ ကိုလည်းကောင်း၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ဒဿနများကိုလည်းကောင်း စာဖတ်ခြင်းက ရစေနိုင်၏။ ကိုယ်ပိုင်ဒဿနများလည်း ဖော်ထုတ်နိုင်စေ၏။
ဤသို့ မချွတ်မယွင်းဆိုခဲ့သော် စာပေသည် လည်းကောင်း၊ စာပေပါ ဒဿနများသည် လည်းကောင်း အားလုံးအမှန်တရားများသာ ဖြစ်သည်ဟုကား မဆိုနိုင်ပေ။ ဘယ်ကျမ်းက ဘယ်သို့ဆိုသည်ဟု ကျမ်းကိုးပြု၍ တစ်ဖက်သတ် ငြင်းခုံနေကြသူများရှိ၏။
ထိုထိုမည်သောကျမ်းများသည် စာရေးသူ (သို့မဟုတ်) ကျမ်းပြုသူ၏ အတွေးအခေါ်အယူ အဆသာဖြစ်ရာ မဟုတ်မှလွဲရော၊ မလွဲမှဟုတ်ရောဟု သုံးသပ်သော စာဖတ်သူ၏ အရည်အချင်း၌သာ မူတည်ပေသည်။ စာဖတ်သူသည် စာဖတ်သက် ရင့်ကျက်ပြီး စာစုံကိုင်ဖတ်သူများသည်သာ ဝေခွဲနိုင်ကြပေမည်။
ထို့ကြောင့်ဗုဒ္ဓမြတ်ဘုရားကကာလာမသုတ္တန် တွင် ကျမ်းကြီးကျမ်းခိုင်များက ဆိုရုံမျှဖြင့် မယုံနှင့် ဟု မှာကြားခဲ့လေသည်။
မည်သို့ပင်ဆိုစေ စာဖတ်အားနည်းသူများသည် တွေးခေါ်မြော်မြင်ခြင်းအလေ့အကျင့်မရှိ သောကြောင့် မှန်ကန်သောအတွေး အခေါ်မရှိနိုင် သည်ဖြစ်၍ ယုံလွယ်သောလူတန်းစားတစ်ရပ် ဖြစ်ရတော့သည်။ ထိုသူများအများစုမှာ အလိမ်ခံရတတ်ပေသည်။
တစ်ခါက သူငယ်ချင်းတစ်ယောက်၏ အစီအစဉ်ဖြင့် မိဘအရိပ်ဟုဆိုသော ထမင်းဆိုင်တွင် ထမင်းစားရန်ရောက်ရှိခဲ့၏။ မှာထားသောဟင်းလျာ များပြင်ဆင်နေချိန် အပေါ့သွားလိုသဖြင့် အိမ်သာသို့ သွားခဲ့သည်။ တံခါးပိတ်၍ထိုင်လိုက်စဉ် ရှေ့တံခါးရွက်၌ 'သင်၏ဘယ်ဘက်ကို ကြည့်ပါ' ဆိုသည့်စာရေးထား သည်ကိုတွေ့ရ၏။ ဆိုသည့်အတိုင်း ဘယ်ဘက်ကို ကြည့်၏။ “သင်၏ညာဘက်ကို ကြည့်ပါ' ဟုရေးထား ပြန်၏။ တစ်ဖန်ကြည့်ပြန်ရာ သင့်နောက်ကို ကြည့်ပါဟု ရေးထားပြန်၏။ နောက်ဘက်တွင် အမိုးကိုကြည့်ပါ ဟုဆိုသဖြင့်ကြည့်လိုက်ရာ “ငါပြောတာလိုက်လုပ်နေ တယ်၊ သောက်ပေါ' ဟု ဖြစ်ပါသည်။
ဤစာသည် နောက်နောက်ပြောင်ပြောင်ရေးထားသော်လည်း အလွန်တန်ဖိုးရှိသော စာဖြစ်တော့ သည်။ အဘယ်ကြောင့်ဆိုသော် ဖတ်သောစာတိုင်းက အမှန်တွေပဲဟု ယူဆပြီး လိုက်ပါလုပ်ဆောင်ရန်မသင့် ကြောင်းကို ထောက်ပြလိုက်ခြင်းပင်ဖြစ်ပါသည်။
ယနေ့ကမ္ဘာပေါ်တွင် ဘာသာရေး အယူအဆ အများအပြားရှိကြ၏။
သူ့ဘာသာနှင့်သူအလေးထားရေးသားကြသော ကျမ်းဂန်စာပေများအပေါ်၌သာ အခြေခံ၍ အမှန်တရားဟု မမှိတ်မသုန်ယုံကြည်ကြ ကုန်၏။ မိမိနှင့် မသက်ဆိုင်သော ဘာသာတရားများကို ထဲထဲဝင်ဝင် မလေ့လာကြပေ။ ငါနှင့်ငါသာ နှိုင်းစရာဟု မိရိုးဖလာကိုသာ စွဲကိုင်ယုံကြည်ကြ ကုန်၏။ ပို၍ ဆိုးသည်ကား မိမိကိုးကွယ်ယုံကြည်သည်ဆိုသော ဘာသာတရားကိုပင် နှံ့နှံ့စပ်စပ်လေ့လာမှု မရှိကြဘဲ မျက်စိမှိတ်ခံယူကြကုန်၏။
မည်သို့ပင်ဆိုစေ မည်သည့်ဘာသာ၊ မည်သည့် အယူအဆမျိုးသည်ပင်လျှင် ကမ္ဘာ့လူသားအားလုံး ကို အကျိုးရှိစေသော၊ ယဉ်ကျေးမှုကို ဖော်ဆောင်သော၊ မေတ္တာတရားကိုရှေးရှုသော လမ်းညွှန်ချက် များဖြင့်သာဖော်ဆောင်ကြသည်ကိုတွေ့ရှိရပေမည်။
အချုပ်အားဖြင့်ဆိုသော် ကြည့်သောသူသည် ၊မြင်၏။ ဖတ်သောသူသည်သိ၏။ မှတ်သောသူသည် တိုးတက်၏။ ထို့ကြောင့် ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ။ စုဆောင်းပါ၊ သိုမှီးပါ၊ တွေးခေါ်မြော်မြင်သုံးသပ်ပါ ဟုအကြံပြုရင်း စာဖတ်ခြင်းဖြင့် တိုးတက်သော ဘဝများသို့ တက်လှမ်းနိုင်ကြပါစေ။ ။
မောင်စိမ်းလန်း (ပြည်)