Skip to main content

သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာလို့ လူမှုစီးပွားအဆင်ပြေစေဖို့ စားသုံးဆီကို လျှော့စားကြစို့

 

ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာမြှင့်တင်ရေး)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာခြင်း၏အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ခန္ဓာကိုယ်တွင် ရောဂါဘယကင်းရှင်း၍ ကိုယ်၏ ကျန်းမာရေးကောင်းမွန်ခြင်း၊ စိတ်၏ကျန်းမာရေး ကောင်းမွန်ခြင်း၊ လူမှုဘဝအသိုင်းအဝိုင်းတွင် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစွာဖြင့် နေထိုင်နိုင်ခြင်းဟူသည့် အခြေခံအချက်(၃)ချက် ပြည့်စုံသည့်အခါမှသာ ကျန်းမာခြင်းနှင့်ပြည့်စုံသည်ဟု သတ်မှတ်ထားပါသည်။ လူတစ်ဦးတစ်ယောက်အနေဖြင့် ခန္ဓာကိုယ်တွင် ရောဂါမျိုးစုံဖြစ်ပွား ခံစားနေရပါက ထိုသူအနေဖြင့် စိတ်လည်းချမ်းသာမည်မဟုတ်ဘဲ လူမှုစီးပွားဘဝ အဆင်ပြေစွာ နေထိုင်နိုင်ရေးကိုပါ အဆင့်ဆင့် ဆက်လက်ထိခိုက်စေမည် ဖြစ်ပါသည်။

အစာအာဟာရနှင့်ကျန်းမာရေး

ကိုယ်၏ကျန်းမာခြင်းကောင်းမွန်စေရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှုများကို နေ့စဉ် ပြုမူကျင့်ကြံဆောင်ရွက်ရန်လိုအပ်ပြီး ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအသောက်များနှင့် စားသောက်မှုပုံစံများကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ ကျန်းမာရေးကောင်းမွန်စေရန်အတွက် အစာအာဟာရကို သင့်တင့်မျှတစွာဖြင့် အစာအုပ်စုစုံလင် အောင်စားသုံးခြင်းသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ လူသားတို့၏သဘာဝ အရသော်လည်းကောင်း၊ မြန်မာလူမျိုးတို့၏ နေ့စဉ်စားသောက်မှုပုံစံ အရလည်းကောင်း အစာအာဟာရ စားသုံးမှုပြုခြင်းကို နံနက်စာ၊ နေ့လယ်စာ၊ ညစာစသည်ဖြင့် နေ့စဉ် တစ်ရက်လျှင် အနည်းဆုံး သုံးကြိမ်ခန့် စားသုံး၍ ကြားတွင် အဆာပြေအဖြစ် စားသုံးခြင်း၊ အချိုပွဲအဖြစ် စားသုံးခြင်း၊ သရေစာအဖြစ် စားသုံးခြင်း စသည့် အစားအစာကို ထပ်မံ၍ စားသုံးသည့်အချိန်များ ရှိပါသည်။ အဆိုပါ စားသောက်ချိန်တိုင်းတွင် ခန္ဓာကိုယ်မှ လိုအပ်သည်ထက် အစားအစာကို လွန်ကဲစွာပိုမိုစားသုံးခြင်းနှင့် ကျန်းမာရေးကို ထိခိုက်စေသည့် အစားအသောက်များကို စားသုံးမိပါက ခန္ဓာကိုယ်အတွင်းသို့ ရောဂါဖြစ်စေမည့် အကြောင်းအရင်းများနှင့် အဆိပ်အတောက်များ နေ့စဉ်ထည့်သွင်းနေသကဲ့သို့ ဖြစ်နေ၍ ကာလမကြာမီအတွင်း ခန္ဓာကိုယ်တွင် ရောဂါများဖြစ်ပွားခံစားရစေ၍ လူ့သက်တမ်းစေ့မနေရဘဲ စောစီးစွာ အသက်သေဆုံးနိုင်ပါသည်။ ထို့အပြင် နာတာရှည်ရောဂါ များ၏ သဘာဝအရ ဆေးကုသမှုစရိတ်မြောက်မြားစွာကို ကာလတာရှည် ကုန်ကျရခြင်း၊ ရောဂါကြောင့် ဘဝနေထိုင်မှုအရည်အသွေး ကျဆင်း၍ စိတ်ချမ်းသာမှုမှ ကင်းဝေးစေခြင်း၊ ထို့အပြင် သက်ဆိုင်ရာပုဂ္ဂိုလ်ကိုယ်တိုင်နှင့် မိသားစု၏ လူမှုစီးပွားဘဝကိုပါ ထိခိုက်စေခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

စားဆီနှင့်ကျန်းမာရေးပြဿနာ

မည်သူမဆို မိမိတို့၏ အစားအသောက်တွင် ပါဝင်သည့်အာဟာရ ဓာတ်များကို ခန္ဓာကိုယ်မှ ရယူသုံးစွဲ၍ ခန္ဓာကိုယ်၏စနစ်များ လည်ပတ်ကာ အသက်ရှင်သန်နေထိုင်ရသောကြောင့် အစာအာဟာရကို ခန္ဓာကိုယ်၏လိုအပ်ချက်နှင့်အညီ သင့်တင့်မျှတစွာ စားသုံးမှသာလျှင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ စားသုံးမှုပုံစံဟု ခေါ်ဆိုနိုင်ပါသည်။ အစားအသောက် ကို လွန်ကဲစွာ စားသောက်မိခြင်းကြောင့် ဖြစ်ပွားလာသော ကျန်းမာရေးပြဿနာ၊ ခန္ဓာကိုယ်မှ လိုအပ် သည့်အတိုင်း အာဟာရဓာတ်များ ပြည့်စုံစွာမရရှိခြင်းကြောင့် အာဟာရဓာတ်ချို့တဲ့၍ ဖြစ်ပွားသော ကျန်းမာရေးပြဿနာဟူ၍ အမျိုးမျိုးရှိပါသည်။ အစားအစာကို လွန်ကဲစွာ စားသောက်မိခြင်းကြောင့် ဖြစ်ပွားသော ကျန်းမာရေးပြဿနာများ၌ အဓိကပြဿနာတစ်ခုမှာ စားသုံးဆီကို လွန်ကဲစွာစားသုံးခြင်း ဖြစ်ပါသည်။

ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှု

စားသုံးဆီကို ခန္ဓာကိုယ်မှလိုအပ်သည့်အတိုင်း အတိုင်းအဆပမာဏနှင့် စားသုံးရန် လိုအပ်သကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီကိုလည်း ရွေးချယ်စားသုံးတတ်ရန် လွန်စွာ အရေးကြီးပါသည်။ ယနေ့ခေတ်ကာလတွင် စားသုံးဆီကို လွန်ကဲစွာ စားသုံးလာ ခြင်းနှင့် ဈေးနှုန်းသက်သာသည့် တိရစ္ဆာန်မှရသည့်ဆီ၊ စက်မှုလုပ်ငန်း သုံးဆီ၊ ပြန်ကြော်ဆီ၊ အသွင်ပြောင်းဆီစသည့် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော စားသုံးဆီများကို သုံးစွဲခြင်းအလေ့ အထများကြောင့် စားသုံးသူများ၏ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုသည် အလွန်ကြီးမားလာလျက်ရှိသည်ကို တွေ့ရှိရပါသည်။

မြန်မာ့ဓလေ့အရလည်း စားသုံးဆီများစွာ ပါဝင်သည့် ဆီပြန်ဟင်းများသည် ဟင်းကောင်း ဟင်းလျာအဖြစ် ထမင်းစားပွဲဝိုင်းတွင် နေရာယူ ထားတတ်ပါသည်။ နံနက်စာ (သို့မဟုတ်) အဆာပြေအဖြစ် စားသုံးသော ပဲပြုတ်ဆီဆမ်း၊ ငါးခြောက်ဖုတ်၊ လက်ဖက်သုပ်၊ ချင်းသုပ် စသည့်အစားအသောက်များ၊ အလှူအတန်းများတွင် ပါဝင်လေ့ရှိသည့် ငံပြာရည်ကြော်၊ ငါးခြောက်ကြော် စသည့် အစားအသောက်များတွင် စားသုံးဆီ မပါလျှင် မဖြစ်၊ စားသုံးဆီရွှဲရွှဲပါမှဟူသည့် အလေ့အထတို့သည် မိမိတို့ပြည်သူများအကြား စားသုံးဆီကို လွန်ကဲစွာ စားသုံးဖြစ်နေသည့် အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။

အသင့်စားအစားအသောက်များ

ယနေ့ခေတ် လူသားများအကြားတွင် စားသုံးဆီကို လွန်ကဲစွာစားသုံးခြင်း ဖြစ်ပေါ်လာခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ဆီဖြင့်ကြော်ထားသည့် အသင့်စားအစားအသောက် (Fast Food) များကို ပိုမိုစားသုံးလာခြင်းဖြစ်ပါသည်။ စားသုံးဆီဖြင့်ကြော် သော အစားအစာများကို လူအများ ပိုမိုနှစ်သက်စွဲလမ်းစေသည့် အခြေခံအချက်များအနက် (၁)အသားဓာတ် ပရိုတင်းနှင့်ကစီ ဓာတ်ပါဝင်သော အစားအစာများကို စားသုံးဆီဖြင့် ကြော်လိုက်သည့်အခါတွင်  ထိုအစားအစာတွင် မူလပါဝင်သည့် သကြားဓာတ်များသည် ပိုမိုအရသာရှိစေသည့် သကြားဓာတ်များ (Glucose and Fructose) အသွင်သို့ ကူးပြောင်းသွားစေခြင်း၊ (၂) အစားအစာများကို စားသုံးဆီဖြင့် ကြော်လှော်သည့်အခါတွင် အစားအစာများအတွင်းရှိရေဓာတ် များ အငွေ့ပျံ၍ ထွက်သွားပြီး ထိုနေရာတွင် စားသုံးဆီက အစားထိုး ဝင်ရောက်လာခြင်းကြောင့် စားသုံးရာတွင် အစားအစာ၏ကြွပ်ရွံ့ခြင်း အရသာကို ခံစားရစေခြင်းနှင့် (၃) စားသုံးဆီဖြင့် ကြော်သည့်အခါ သကြားဓာတ်များပြောင်းလဲမှု (Caramelization) ကြောင့် အစားအသောက် ၏ အရောင်အဆင်းပြောင်းလဲ၍ စားချင်စဖွယ် ဆွဲဆောင်မှုကို ဖြစ်စေခြင်းတို့ကြောင့်ဟု သိရှိရပါသည်။

အစားအစာများတွင် ပါဝင်သည့်စွမ်းအင်ဓာတ် (ကယ်လိုရီ) အပေါ် မူတည်၍ အခြေခံအားဖြင့် အစာအုပ်စုများ ခွဲခြားထားရာတွင် ကစီဓာတ် (Carbohydrate) နှင့် အသားဓာတ် (Protein) တို့သည် တစ်ဂရမ်လျှင် ၄ ကယ်လိုရီသာ ပါဝင်သော်လည်း အဆီဓာတ် (Fat) တစ်ဂရမ်လျှင် ၉ ကယ်လိုရီအထိ ပါဝင်၍ အဆီဓာတ်များပြားသော အစားအစာများကို လွန်ကဲစွာ စားသုံးပါက ခန္ဓာကိုယ်တွင် စွမ်းအင်ပိုလျှံမှုများ ဖြစ်စေပါသည်။ အဆိုပါပိုလျှံစွမ်းအင်များကို ခန္ဓာကိုယ်မှ အဆီဓာတ်အနေဖြင့် သိမ်းဆည်းထား၍ အဝလွန်ခြင်း အပါအဝင် နောက်ဆက်တွဲရောဂါများစွာ ဖြစ်ပွားစေပါသည်။

ယနေ့ ၂၁ ရာစုခေတ် လူများ၏ဘဝနေထိုင်မှုပုံစံအရမြို့ကြီးများ တွင် နေထိုင်လာရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ အထက်တွင် ဆိုခဲ့သည့် စားသုံးဆီကိုလွန်ကဲစွာ စားသုံးခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော စားသုံးဆီများကို သုံးစွဲလာရခြင်းကြောင့် အဝ လွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးကြောနံရံတွင် အဆီများ ကပ်ခဲ၍ သွေးကြောများကျဉ်းကာ နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ပွားခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်းစသည့် မကူးစက်နိုင်သည့် နာတာရှည်ရောဂါ များဖြစ်ပွား၍ လူ့သက်တမ်းစေ့မနေရဘဲ စောစီးစွာ သေဆုံးနိုင်သည်ကို သတိပြုရမည် ဖြစ်ပါသည်။ သုတေသနတွေ့ရှိချက်များအရ Amino Acid Asparagine ပါဝင်သည့် အစားအစာများ (ဥပမာ- အာလူး စသည်...ကို ဆီဖြင့် အပူချိန်မြင့်မားစွာကြာသည့်အခါတွင် Acrylamide ခေါ် အဆိပ်ဓာတ် တစ်မျိုးထွက်ပေါ်လာပြီး ၎င်းဓာတ်သည် ကင်ဆာအမျိုးမျိုးကို ဖြစ်ပွားစေနိုင် သည်ဟု သိရှိရပါသည်။

အထက်ဖော်ပြပါ မကူးစက်နိုင်သောရောဂါများကြောင့် ယနေ့ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လူဦးရေ ၄၁ သန်းကျော် အသက်ဆုံးရှုံးနေရပြီး တစ်ကမ္ဘာလုံး သေဆုံးမှုအားလုံး၏ ၇၁ ရာခိုင်နှုန်းအထိ ဖြစ်နေ သည်ကိုသိရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက် များအရဝင်ငွေနည်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၃၀ နှင့် ၆၉ နှစ်ကြား သေဆုံးမှုအားလုံး၏ ၈၅ ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါများကြောင့် ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၆ ခုနှစ်၌ ဆေးရုံတက်လူနာသေဆုံးမှု အားလုံး၏ ၄၂ ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးနေရကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်မြန်ပြင်းထန်ရောဂါများ ထပ်မံဝင်ရောက်ဖြစ်ပွားပါကလည်း မကူးစက်တတ်သော နာတာရှည်ရောဂါအခံရှိသူများသည် ပိုမိုပြင်းထန်စွာခံစားရ၍ အသက်သေဆုံးနိုင်မှုအန္တရာယ် ပိုမိုများပြားပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးရသူအများစု မှာအဆိုပါနာတာရှည်ရောဂါ အခံရှိသူများနှင့် အသက်အရွယ်ကြီးရင့်သူများ ဖြစ်သည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံ၏ဆီစားသုံးမှု

၁၉၉၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော သုတေသနစာတမ်းတစ်ခုတွင်  မြန်မာတို့၏ ပျမ်းမျှနေ့စဉ် စားသုံးဆီစားသုံးမှုသည် ၀ ဒသမ ၅၄ ကျပ်သားဖြစ်၍ တစ်နှစ်စားသုံးမှုအနေဖြင့် နှစ်ပိဿာ ခန့်သာဖြစ်ပါသည်။ ၁၉၉၅ ခုနှစ်၏ သုတေသနစာတမ်းတစ်ခုတွင် လူတစ်ယောက် တစ်နေ့ဆီစားသုံးမှုမှာ ၁ ဒသမ ၇၂ ကျပ်သားဖြစ်၍ တစ်နှစ်စားသုံးမှု အနေဖြင့် ခြောက်ပိဿာခန့် ရှိလာခဲ့ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လေ့လာရပါလျှင် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တန်ချိန် ၇၆၈၀၀၀ ကျော်၊ ၂၀၁၈ မီနီဘတ်ဂျက်တွင် တန်ချိန် ၃၇၀၀၀၀ ကျော်၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တန်ချိန် ၈၅၅၀၀၀ ကျော်၊ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၈၈၈၀၀၀ ကျော်၊ ယခုနှစ်တွင် စက်တင်ဘာ ၁၇ ရက်အထိတန်ချိန် ၇၉၀၀၀၀ ခန့် တင်သွင်းခဲ့ကြောင်း သိရှိရပါသဖြင့် မိမိတို့နိုင်ငံရှိလူဦးရေနှင့် ပြန်လည် တွက်ချက်ကြည့်ပါက လူတစ်ဦးချင်းစီအနေဖြင့် တစ်နှစ်လျှင် စားသုံးဆီ ၁၀ ပိဿာခန့်အထိ စားသုံးကြောင်းသိရှိလာရ၍ တစ်ဦးချင်းစီ၏ ဆီစားသုံးမှုနှုန်းမှာ ဆယ်စုနှစ်သုံးခုကာလခန့် အတွင်းတွင် ငါးဆခန့်အထိ သိသိသာသာ မြင့်တက်လာနေသည်ကို တွေ့ရပါသည်။

သတိပြုလျှော့ချသင့်

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ မှ အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရလက်စွဲစာအုပ် (၂၀၁၃) ခုနှစ်တွင် ဖော်ပြထားချက်အရ အသက်အရွယ်အလိုက်နေ့စဉ် စားသုံးရန်သင့်လျော်သည့် စားသုံး ဆီပမာဏမှာ အသက်တစ်နှစ်မှ သုံးနှစ် အုပ်စုအတွက် ၁ ဒသမ ၂၅ ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၁ ဇွန်းခွဲခန့်)၊ အသက် လေးနှစ်မှခြောက်နှစ် အုပ်စုအတွက် ၁ ဒသမ ၅၀ ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းခန့်)၊ အသက် ခုနစ်နှစ်မှ ကိုးနှစ် အုပ်စုအတွက် ၂ ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းခွဲခန့်)၊ အသက် ၁၀ နှစ်မှ ၁၂ နှစ် အုပ်စု အတွက် ၂ ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းခွဲခန့်)၊ အသက် ၁၃ နှစ်မှ ၁၉ နှစ် အုပ်စုအတွက် ၃ဒသမ ၅၀ ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၄ ဇွန်းခွဲခန့်)၊ အမျိုးသား(လူကြီး) အတွက်၂ကျပ်သား(စားပွဲတင်ဇွန်း ဖြင့် ၂ ဇွန်းခွဲခန့်)၊ အမျိုးသမီး(လူကြီး) အတွက် ၁ ဒသမ ၅၀ ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းခန့်)၊ ကိုယ်ဝန်ဆောင်မိခင်လောင်းအတွက် ၂ကျပ်သား (စားပွဲတင်ဇွန်းဖြင့် ၂ ဇွန်းခွဲခန့်)၊ နို့တိုက်မိခင်အတွက် ၂ ကျပ်သား (စားပွဲတင်ဇွန်းဖြင့်၂ဇွန်းခွဲခန့်) ဖြစ်သည့်အတွက် မိမိအသက် အုပ်စုနှင့် သင့်လျော်သည့် ဆီပမာဏကိုသာ စားသုံးသင့်ပါသည်။

ဆီစားသုံးမှုလွန်ကဲခြင်းအားဖြင့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေးကို ရေရှည်တွင် ထိခိုက်စေ၍ ဘဝနေထိုင်မှုအရည် အသွေးနိမ့်ကျစေခြင်း၊ ကျန်းမာရေးချို့တဲ့စေ၍ ကိုယ်တိုင်အလုပ်မလုပ်နိုင်ခြင်းကြောင့် ဝင်ငွေနည်းပါးစေခြင်း များခံစားရစေသကဲ့သို့ မိသားစုဝင်များအနေဖြင့်လည်း ရောဂါလက္ခဏာခံစားနေရသူအတွက် ကျန်းမာရေးစောင့်ရှောက်မှု စရိတ်စကများ ကုန်ကျရစေခြင်းကြောင့် လူမှုစီးပွားဒုက္ခများ ခံစားရစေပါသည်။ သို့ဖြစ်ပါ၍ လူတိုင်း မိသားစုတိုင်းအနေဖြင့် ဆီစားသုံးမှုကို သတိပြု၍လျှော့ချရန် အချိန်အခါ သင့်ပြီဖြစ်ပါသည်။

ပြည်တွင်း၌ ဆီစားသုံးမှုများကိုလျှော့ချ၍ စားသုံးဆီကို ပြည်တွင်း၌ပင် ဖူလုံစွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီတင်သွင်းမှုများကို လျှော့ချနိုင်ပြီး နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲ ကုန်ကျနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကာ ပြည်သူများ၏ လူမှုစီးပွားတိုးတက် စေရေးကိုလည်း ကောင်းစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် လူတိုင်း/မိသားစုတိုင်းအနေဖြင့် စားသုံးဆီကို သင့်လျော်သည့် ပမာဏအတိုင်းသာ ချင့်ချိန်စားသုံးခြင်း ဖြင့် လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို ကောင်းစွာအထောက်အကူပြုမည် ဖြစ်သကဲ့သို့ မိသားစုအတွင်းလူမှုစီးပွားဒုက္ခများ ခံစားရနိုင်မှုကိုလည်း ကောင်းစွာလျှော့ချနိုင်မည်ဖြစ်ပါသည်။ ထိုအခါ မိဘပြည်သူတိုင်း အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဖွင့်ဆိုသည့် ကျန်းမာခြင်းအနက် အဓိပ္ပာယ်နှင့်အညီ ကျန်းမာစွာနေထိုင်နိုင်မည်ဖြစ်ပြီး “အာရောဂျံ၊ ပရမံလာဘံ”ဟူသည့် ကျန်းမာခြင်းဆုလာဘ် ကြီးကိုလည်း လက်ဝယ်ပိုင်ပိုင် ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း စားသုံးဆီတင်သွင်းရသည့်အတွက် ကုန်ကျရသည့်နိုင်ငံခြားငွေများကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါ သည်။ အခြေခံကျန်း မာရေးကောင်းမွန်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများနှင့်အညီ နေထိုင်ခြင်း၊ အကြိမ်ပြည့်ကာကွယ်ဆေးထိုးနှံမှုခံယူထားခြင်းတို့ဖြင့် ယခုအချိန်ကဲ့သို့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ရောဂါဝင်ရောက်ကူးစက်မှုနှင့် ရောဂါပြင်းထန်စွာ ခံစားရမှုများကို ကောင်းစွာလျှော့ချ နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ “သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာလို့ လူမှုစီးပွား အဆင်ပြေစေဖို့ စားသုံးဆီကို လျှော့စား ကြပါစို့”ဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။

ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာမြှင့်တင်ရေး)