Skip to main content

အထူအပါး

22

သူငယ်ချင်းရာ မင်းလည်းသိတဲ့အတိုင်းပဲလေ။ ကိုယ်က တောသားပီသတယ်ပဲ ပြောချင်ပြောပေ တော့။ ဆိုင်းတို့၊ ဇာတ်တို့ဆို အလွန်ကြိုက်တယ်။ လေး၊ ငါး၊ ဆယ်မိုင်ဝေးတဲ့ရွာရွာ ဖြစ်ပစေ။ လသာသာ၊ လမိုက်မိုက် သူငယ်ချင်း သုံး၊ လေးယောက်စုပြီး အလှူရှိတဲ့ရွာက ညပိုင်း ဧည့်ခံဆိုင်းကို ကြိုးကြိုး စားစားသွားနားထောင်တာပဲ။

ယာ၊ သဲတောနဲ့ လှည်းလမ်းပဲပေါက်တဲ့ ရွာတွေလေကွာ။ ခုခေတ်လို ကားတွေ၊ ဆိုင်ကယ် တွေလည်း ရွာမှာမရှိကြပါဘူး။ မြေမာလမ်း၊ကျောက်ခင်းလမ်း၊ ကတ္တရာလမ်းတွေလည်း တစ်ရွာနဲ့တစ်ရွာ ဘယ်ရှိမလဲ။ သဲမြေ၊ တောလမ်း၊ လှည်းလမ်း။

နွားလှည်းရှိပြီး မိဘက ကြည်ဖြူခွင့်ပြုတဲ့ လူအိမ်က လှည်းနဲ့ကိုယူပြီး နွားလှည်းနဲ့ အလှူ ဧည့်ခံဆိုင်းကို ညပွဲမီအောင် မောင်းသွားကြတာပေါ့။ ဆိုင်းကောင်းတယ်လို့ နာမည်ကြီးရင် ကိုယ်တို့ အညာမြေလတ်ဒေသမှာ ပတ်ဝန်းကျင်ရှိ လေး၊ ငါး၊ ဆယ်က လူကြီး၊ လူငယ်တွေ လာနားထောင် ကြတယ်ဗျ။ အလှူရှင်နဲ့ ခင်ခင်၊ မခင်ခင် ဆိုင်းကတော့ နားထောင်လို့ရပါတယ်။ ပရိသတ်များလေ ကြိုက်လေပေါ့။ အလှူမဏ္ဍပ်ရှေ့က ပွဲဈေးတန်းမှာ မုန့်ဟင်းခါး၊ ဗယာကြော်၊ ဘူးသီးကြော် ညနေစာ အဆာပြေစားပေါ့။

၁၉၅၀-၁၉၆ဝ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ် ကျော်က ကိုယ်တို့ချောက်မြို့ပေါ်က စိန်ကုလား၊ စလေက ကောလိပ်ရွှေ၊ ကျောက်ပန်းတောင်းက စိန်လှတင်နဲ့ ဆင်ဖြူကျွန်းက ကိုတင်မောင် စတဲ့ ဆိုင်းဆရာတွေ ထင်ရှားပါတယ်။ မြင်းခြံက စိန်မြင့်အောင်လည်း အချို့နှစ်တွေမှာ အလှူပွဲတော် နားထောင်ဖူးပါတယ်။

အဲဒီတုန်းက ကက်ဆက်တွေ၊ တီဗွီတွေ၊ လက် ကိုင်ဖုန်းတွေလည်း မပေါ်သေး၊ မရှိသေးဘူးလေ။ မှန်စီရွှေချဆိုင်းဝိုင်းကြီးနဲ့ စည်သံ၊ သံ ဆူဆူညံညံနဲ့ အလှူပေးတဲ့နေရာမှာ ဂီတအနုပညာ သောတအရသာလည်း ပေးဝေလှူဒါန်းခြင်းဟာ တစ်ခုအပါအဝင်ပဲ မဟုတ်လား။ အနုပညာက လူကို စိတ်ထားစိတ်မေ့ နူးညံ့ပျော့ပျောင်းစေပါတယ်။ စိတ်ကောင်းစိတ်မြတ်တွေလည်း တိုးပွားစေပါ တယ်။ ဘာသာတရားနဲ့ယှဉ်ပြီး လူတွေရဲ့ ဂုဏ်ရည်ကိုလည်း မြှင့်တင်တယ်လေ။

ဂီတအံပညာနဲ့ ဆွဲဆောင်ညွှန်ပြ

လူသားတိုင်းဟာ ချမ်းသာဆင်းရဲ မခွဲ၊ ကျား/မ မရွေး၊ ကြီးသူ၊ ငယ်သူမဟူ၊ ဘယ်သူပဲဖြစ်ဖြစ်၊ လူဖြစ်ဖြစ်၊ ရဟန်းသံဃာပဲဖြစ်စေဦး သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဆိုတဲ့ စောင့်ထိန်း ကျင့် (သုံးအပ်တဲ့ သိက္ခာသုံးပါးကို တန်ဖိုးထားလေးစား တတ်အောင် ဂီတ အနုပညာနဲ့ ဆွဲဆောင်ညွှန်ပြ တာတွေလည်း ရှိတယ်လေကွယ်။ ဒါတွေဟာ Value Conceptu မဟာဂီတဦးပြုံးချိုရဲ့ တေဘုမ္မာ (တေးဘုမ္မာ မဟုတ်ဘူးနော်။ တေဆိုတာတြိ=Three =သုံးခုဆိုတဲ့ အရေအတွက်။ ဘုမ္မာဆိုတာကတော့စကြဝဠဠာလောက ဖွဲ့စည်းပုံအရ ရှိထားတဲ့ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံဆိုတဲ့ ဘူမိသုံးလွှာပေါ့။ ကာမဘုံ ဘာညာစသဖြင့်လည်း ရှိသေး တယ်ကွယ်၊ ကာမ ၁၁ဘုံပါသေးတယ်။ ရူပဘုံ၊ အရူပဘုံဆိုတာတွေလည်း ပါသေးဗျာ။)

ဆိုင်းနောက်ထတွေက ရယ်စရာပဲပြောတတ် ရတာမဟုတ်ဘူးမောင်။ အသံနေအသံထားနဲ့ စည်းကိုက် ဝါးကိုက် (နှဲသံမောင်းသံနဲ့ကီးကိုက်အောင်) ဆိုတတ်ရသေးတယ်။

လွယ်တော့မလွယ်ဘူးမောင်ရေ့။ သုခမှတ်စု တို့၊ အရှင်သြဘာသာဘိဝံသတို့ စုဆောင်းပြုစု ထားတဲ့ သရုပ်ပြအဘိဓာန်တို့ကို ထုံးလိုခြေ ရေလိုနှောက်ပြီး မျိုချထားရမလားမသိဘူး၊ ပရိသတ်အခြေအနေ၊ မြို့ရွာအခြေအနေ၊ တိုင်းပြည်နိုင်ငံရေး အခြေအနေနဲ့ ဆီလျော်သက်ဆိုင် တာတွေကိုလည်း မထူမပါးပြောတတ်ရသေးတယ်။  မထူမပါးဆိုတာကဘာလဲ။

ထူလည်းမထူရဘူး။ ပါးလည်းမပါးရဘူး၊ နည်းလည်းမနည်းရဘူး။ များလည်းမများရဘူး။ လွဲလည်း မလွဲရဘူး။ လွန်လည်းမလွန်ရဘူး။ အထူအပါးကို နားလည်ရတယ်။ အသုံးချရတယ်။

ဆိုင်းဝိုင်းထဲမှာ ငုံ့ပြီးတီးနေတဲ့ ဆိုင်းဆရာရဲ့ မျက်နှာကို မမြင်ရ မကြည့်ရဘဲနဲ့ သူ ဘယ်သီချင်း၊ ဘယ်တီးလုံးကို ဘယ်ကီး (သံစဉ်) နဲ့ တီးတော့မယ် ဆိုတာ ဆီလျော်အောင် လမ်းခင်းပေးရတာ ကိုး သူငယ်ချင်းရ။ အကဲခတ်တတ်ရတယ်။

ဟုတ်တယ်၊ မလွယ်ဘူး။

ဆိုင်းပွဲတီးရတာ နေ့ပွဲနဲ့ညပွဲမတူဘူး။ ဝါဆိုပွဲနဲ့ ပြာသိုပွဲမတူဘူး။ ရာသီဥတုအပူအအေး၊ ရေငွေ့ အထူ  အပါးအရ ဗုံသံက သားရေနဲ့လုပ်ထားတာကိုး။ အတင်း၊ အလျော့၊ အမာ၊ အပျော့ ပြောင်းလဲနေတတ်တယ်။ ဒါကို ကီးအသံကိုက်အောင် ပတ်စာ၊ ရေစာ ပြုပြင်ပြောင်းလဲပြီးမှ တီးကြရတယ်။ ဒီတော့ ကီးကြောင်မနေအောင် ပတ်စာကို ရေဆွတ်ပေးသင့် ပေးရတယ်။ ဘေးအနားသား ရေကို တင်းအောင် ဆွဲပေး၊ ခေါက်ပေး စသဖြင့် အသံညှိရတယ်။ ဗုံတစ် လုံးချင်းရဲ့ စမ်းလို့ထွက်လာတဲ့အသံ မှန်၊ မမှန်၊ ကိုက်၊ မကိုက် နားစောင့် သိမြင်ရတယ်ဗျ။ တိန့် တိန့်။

ဝိုင်းထဲက ဆိုင်းဆရာ ပတ်လုံးကို ပတ်စာ၊ ရေစာပြုပြင်နေချိန်မှ ဆိုင်းနောက်ထက ပရိသတ် စိတ်ဝင်စားမယ့် ဆီလျော်ရာ စကားမျိုးတွေ ပြောတတ်ရတယ်။ တိုသင့်ရင် တိုပေါ့။ ဆိုင်းဆရာ အသံ ပြင်နေရတာ မပြီးသေးရင်တော့ ရှည်ရှည်လေး ပြောပေးပေါ့။

ဆရာကောင်းထံ နည်းနာခံ

နောက်ထလုပ်သူရဲ့ အခြေအနေကိုကြည့်ပြီး  ညှိနှိုင်းလုပ်ဆောင်ရတဲ့ အထူအပါး သဘော ဆိုတာကလည်းအနုပညာ၊ အတတ်ပညာအရည်အသွေးရှိလာမှ အထူအပါး သိသိလာတာခင်ဗျ။ ဆရာကောင်းထံ  နည်းနာခံမှ ဝမ်းစာရ၊ ပညာရတယ်ပေါ့။ အတွေ့ အကြုံ ကိုယ်တိုင်အသိမုတ ရှိခဲ့ရမယ်။ မုတမပါ  လင်္ကာမချောတဲ့ဗျ။ အတွေ့အကြုံ ဖြတ်သန်းမှု အတွေ့အကြုံဆိုတာ လိုပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန အောက်က ရန်ကုန်နဲ့မန္တလေး ပန်တျာကျောင်းတွေဟာ မြန်မာ့ရိုးရာ ဂီတအနုပညာ ဆိုင်းနဲ့ ဇာတ်သဘင် ပညာတွေကို ယဉ်ကျေးမှု မပပျောက်၊ မညှိုးမှိန်ဘဲ အစဉ်အဆက်ရှင်သန်နေအောင် ကောင်းကျိုး ထူထောင်ပေးနိုင်ခဲ့ကြပါပေတယ်။ သဘောတရားကော၊ လက်တွေ့ရောပေါ့။

သဘင်လောကမှာ ပန်တျာကြည်လင်၊ ပန်တျာတင်တင်မြင့် စသဖြင့် အများကြီးပါ။ အမာစိန်၊ နွဲ့နွဲ့စန်း၊ ပန်တျာဌေးဌေးမြင့် စသဖြင့် မနည်းပါဘူး။ မင်းသား၊ မင်းသမီး၊ လူရွှင်တော်။

အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်ထောက်ကူ

ဆိုင်းလောကမှာလည်း စံမတူ၊ စိန်ကြည်မြ၊ မင်္ဂလာ ဦးစိန်နွဲ့၊ ရွာစားကြီး စိန်ဗေဒါရဲ့ သားတပည့်၊ မြေးတပည့် တွေကတစ်ဆင့် ဆင့်ပွားသင်ကြား ပျိုးထောင်လာခဲ့ကြတာ မန္တလေးက စိန်မွတ်တား၊ ယနေ့ လူငယ်ဆိုင်းဆရာတွေအထိ လက်ဆင့်ကမ်း အမွေတွေ မျှဝေခဲ့ကြလို့ပေပဲ။ ဆရာကြီးဦးဟန်ပ၊ ဦးဘမောင်၊ စိန်ဗိုလ်တင့်၊ စိန်စတင်း၊ နာမည်ကျော် ဆိုင်းဆရာတွေ မနည်းပေါင်ကွယ်။ တို့ကတော့ ဆိုင်းဆရာတွေကို တစ်မျိုးစီကောင်း၊ တစ်ဘာသာ တော်ကြပေတယ်လို့ မြင်ပါတယ်။ ဆိုင်းပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ဖော်ထုတ်တင်ဆက် ဖျော်ဖြေပေးတဲ့ ရုပ်သံဌာနတာဝန်ရှိပုဂ္ဂိုလ်တွေကိုလည်း လေးစားဂုဏ်ပြုပါတယ်။ ချီးမွမ်းအားပေး ပါတယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ကျက်သရေတင့် အောင် မြှင့်တင်ထောက်ကူကြတဲ့ ပညာရှိတွေပါပဲ။

စိန်ဗေဒါ၊ ဦးဟန်ပ စိန်ဘမောင်၊ မြန်မာညွန့် ဦးချစ်မောင်၊ဒေါ်အောင်ကြည် ဒေါ်စောမြအေးကြည် အစရှိတဲ့ အနုပညာရှင်ကြီးတွေရဲ့ အမွေပေးသင်ပြခဲ့တဲ့ ကျေးဇူးတွေပေါ့ကွယ်။

တကယ်တော့ ဗြိတိသျှကိုလိုနီလက်အောက် ကျရောက်ခဲ့ရတဲ့အခါ အောက်မြန်မာပြည်ဆို နှစ်ပေါင်းတစ်ရာနီးပါး ရတနာပုံမန္တလေး နေပြည်တော်နဲ့ အထက်မြန်မာပြည်ဆို ၆၂ နှစ်။ အင်္ဂလိပ်က မြန်မာတွေရဲ့ ဇာတ်သဘင်နဲ့ ဆိုင်းပွဲ၊ အငြိမ့်ပွဲတွေကို ပြင်းပြင်းထန်ထန်တော့ မနှိပ်ကွပ်ခဲ့ဘူး။ အလိမ္မာနဲ့ ဂရိတ်ဦးဖိုးစိန်ကတစ်ဆင့် ဗြိတိန်ဘုရင်မကြီးရဲ့ ဘုန်းသမ္ဘာနဲ့ ကမ္ဘာကိုသိမ်းပိုက် အုပ်ချုပ်နိုင်တဲ့ တန်ခိုးအာဏာကို လူတွေက လေးစားရိုသေအောင် အနည်းနဲ့ ဆွဲဆောင် သိမ်းသွင်းတယ်။ ဒါမျိုးတွေ လုပ်တယ်။

သခင်အောင်မောင်း၊ မင်္ဂလာဦးအောင်မောင်းရဲ့ မျိုးချစ်စိတ်ထက်သန်ရေးသီချင်းတွေ၊ အဆိုအက တွေဆိုရင် ပိတ်ပင်တားမြစ်တယ်။ သုံးရောင်ခြယ် အလံအကြောင်းတွေ၊ အမျိုးသားရေး စိတ်ဓာတ် နိုးကြားအောင် လှုံ့ဆော်တာမျိုးတွေဆို လက်မခံဘူး။ ပွဲမိန့်မပေးဘူး။ ဖျက်တယ်။ လုံးဝအားမပေးဘူး။ ထားပါတော့။ ကိုလိုနီနယ်ချဲ့ကတော့ မျိုးချစ် စိတ်နဲ့ အမျိုးသားရေး ခံယူချက်ကို နည်းမျိုးစုံနဲ့ ဖျက်ဆီးနှိပ်ကွပ်တာ သူ့အလုပ်ပဲ။ သူက နယ်ချဲ့ စိုးမိုးဖို့ပဲ ရည်ရွယ် တာလေ။

ဆိုင်းအကြောင်းပဲပြောကြရအောင်။

ဆိုင်းဆရာ၊ ဆိုင်းပညာ။ ဆိုင်းအဖွဲ့မှာ အမျိုး အစားခွဲရင် နှစ်မျိုးရှိပေမှာပဲ။

၁။ အရပ်ဆိုင်း။ အပျော်တမ်းတီးတဲ့ အဖွဲ့မျိုး၊ ကိုယ့်ရွာသားပဲ။

၂။ ပညာရှင်ဆိုင်း၊ အသက်မွေးဝမ်းကျောင်း အနုပညာရှင်တွေ ပါဝင် ဖွဲ့စည်းထားတယ်။

ဆိုင်းပညာနဲ့ အသက်မွေးကြသူတွေကို အမျိုးအစားခွဲရင် လေးမျိုးရှိတယ်ဆိုကြတယ် -

၁။ ရုပ်သေးဆိုင်း။ အခက်ခဲဆုံးနဲ့ ပညာအပါဆုံးပဲလို့ဆိုတယ်။ ဇာတ်စင်ပေါ်က သရုပ်ဆောင် သူက အရုပ်မျက်နှာဆိုတော့ ငိုလည်း ဒီမျက်နှာ၊ ရယ်လည်း ဒီမျက်နှာပဲ။ မျက်နှာသေ မျက်နှာထား ပုံသေပေကိုး။ ခံစားချက် မပေးနိုင်ဘူး လေ၊ အထောက်အကူမရဘူး။

ဒီတော့ ဆိုသူ၊ ပြောသူ၊ တီးသူ၊ မှုတ်သူက ပရိသတ်ကို လွမ်းအောင်ထွေးအောင်ဖြစ်ဖြစ်၊ ရယ်အောင်မောအောင် ဖြစ်ဖြစ် ပရိသတ်ကို အာရုံငြိပြီး ဖမ်းစားမိအောင် အတော်ကြိုးစားပြီး ဆိုရ တီးရတယ်။ ဆိုင်းအနုပညာမှာ အတော်သိမ်မွေ့နက် နဲတဲ့ အလုပ်ပါပဲ။

၂။ ဇာတ်ဆိုင်း။ ရုပ်သေးဆိုင်းလောက် မခက်ခဲသော်လည်း နောက်ခံကန့်လန့်ကာ တောကား တောင်ကား၊ ထီးနန်းရင်ပြင်၊ မြို့ရွာ နေအိမ်စသည်ဖြင့် ပန်းချီကားအခံနဲ့လိုက်ဖက် ဆီလျော်အောင် ရုပ်ခံလေးနဲ့ တီးရမှုတ်ရတယ်။ ဇာတ်ကွက်ကို အသက်ဝင်အောင် ပို့ကြရတယ်။ ပတ်ခံလေဆိုတာနဲ့လည်း အထောက်အကူပေးရ သေးတယ်။ပြောတဲ့စကား၊ ဆိုတဲ့သီချင်းနဲ့ ကိုက်ညီအောင်တီးရမှုတ် ရတာတွေပေါ့။ ခြောက်ပေါက်နှဲ ကြီးလား၊ ပလွေလား စသည်ဖြင့်။

၃။ ဗလာဆိုင်း၊ ဧည့်ခံဆိုင်း။ အလှူမင်္ဂလာပွဲ၊ လက်ထပ်မင်္ဂလာ ပွဲ၊ ဘုန်းကြီးပျံပွဲစသည်။

၄။ နတ်ဆိုင်း၊ နတ်ပွဲတီးတဲ့ဆိုင်း။ ဆိုင်ရာနတ်နဲ့ သင့်တော်ရာ  နတ်ချင်းနတ်ဒိုးတွေ တီးမှုတ်ပေးကြရတယ်။

ရုပ်သေးဆိုင်း၊ ဇာတ်ဆိုင်း၊ ဗလာဆိုင်း၊ နတ်ဆိုင်း  အားလုံးက လိုင်းတစ်မျိုးစီ၊ ဘာသာရပ် တစ်မျိုးစီ  ကွဲတယ်။

ပရိယေသနဝမ်းစာအနေနဲ့ အသက်မွေးဝမ်းကျောင်း အတတ်ပညာ အနုပညာတစ်ရပ်ဖြစ်တဲ့ ဆိုင်းပညာဟာ လေ့လာဆည်းပူးလို့ မကုန်နိုင်အောင် နက်နဲကျယ်ဝန်းပါတယ်။

သဘင်၊ အငြိမ့်၊ ဇာတ်၊ ဆိုင်း၊ အတီးအမှုတ်ဂီတ တွေအပါအဝင် အနုပညာဟာ ရသသဘော ပရိသတ် ကို ဆွဲဆောင်ဖမ်းစား ညှို့ငင်ကြရတယ်။ ရသကိုးပါး၊  ရသရှစ်ပါး၊ ရသ ၁၀ ပါးဆိုပြီး အဆိုအမိန့် အသင် အကြားအမျိုးမျိုး ကွဲပြားခဲ့ကြတာလည်းရှိတယ်။

ဒီနေရာမှာတော့ အလွယ်ဆုံး အရှင်းဆုံး ရသသုံးမျိုး(သုံးပုံ) ခွဲခြားတာကိုပဲ တင်ပြလိုပါတယ်။ အကျယ်တော့ မဖော်ပြတော့ဘူးနော်။

၁။ အလွမ်းရသ။ သိင်္ဂါရ၊ အမျှတ၊ ဝီရ၊ သန္တ။

၂။ အဆွေးရသ။ ကရုဏာ၊ ရုဒ္ဓ၊ ဝိဘစ္ဆ၊ ဘယာနက။

၃။ အသောရသ။ ဟဿရသ။

အနောက်တိုင်းကတော့ Comedy- ဟာသ၊ ဇာတ်မြူးရယ်စရာရသ ဖန်တီးမှုသဘော၊ Tragedy ကံဆိုးမိုးမှောင်ကျခြင်း၊ အလွမ်းဇာတ်၊ အဆွေး ဇာတ်သဘော စတာတွေအပြင် Realism-သရုပ်မှန် ဝါဒ၊ Surrealism-အိပ်မက်ဆန်ဆန် စိတ်ကူးယဉ် သရုပ်ဖော်မှု စသည်ဖြင့် ရသအနုပညာကို ဂီတနဲ့ သရုပ်ဖော်ကြတာတွေလည်း ရှိကြသပေါ့ကွယ်။ ကြည်နူးဖွယ်ရာ Romantic Music ကို ဖန်တီး တတ်ကြပါတယ်။ မြန်မာ့ရိုးရာဂီတဆိုင်းဝိုင်းဟာ အနုပညာရသ အပြည့်အဝပေးနိုင်စွမ်းရှိတဲ့ ဂီတအတတ်ပညာ၊ နက်နဲတဲ့အနုပညာတစ်ရပ်ဖြစ်ပါတယ်။ သူ့ပညာရပ်ထဲမှာ အထူအပါးကျွမ်းကျင်မှုတွေ လှလှပပခံစားတတ်အောင် ဆွဲဆောင်မှု ရှိနေပါတယ်။ ။

မောင်မဲတူ