ယနေ့လူငယ် နောင်ဝယ်လူကြီး
ယနေ့လူငယ် နောင်ဝယ်လူကြီးဟု ပြောစမှတ်ပြုကြသည်။ အသက်ကြီးလာခြင်း၊ ခန္ဓာကိုယ် ကြီးထွားလာခြင်းကြောင့်သာ လူကြီးဟုဆိုသော်လည်း အသိတရား၊ ဆင်ခြင်တုံတရားနှင့် ဉာဏ် ပညာတို့မှာ ကလေးအဆင့်မှတိုးတက်မှုမရှိခဲ့လျှင် ဤကဲ့သို့သောလူကြီးမျိုးကို အရပ်ထဲတွင် ခေါ်ဝေါ် ကြသကဲ့သို့ကြီးပေါကြီးဟုပင် ခေါ်ရမည် ထင်သည်။ လူငယ်ဘဝတွင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ကောင်းစွာကြိုးစားလုပ်ကိုင်ဆောင်ရွက်ခဲ့မှသာ အသက်ကြီးလာသည့်အခါ နောင်တမရဘဲ မိမိပြုလုပ်ခဲ့သည့် နောက်ကြောင်းများကို ပြန်တွေး သည့်အခါတိုင်း ကြည်နူးပီတိခံစားရမည်ဖြစ်သည်။ နောင်တဟူသောအဓိပ္ပာယ်ကို မြန်မာအဘိဓာန် တွင် “နောင်တခင်ချုံ့/န-ပြုသင့်သည်ကို မပြုမိ ၍ဖြစ်စေ၊ မပြုသင့်သည်ကို ပြုမိ၍ဖြစ်စေ ပူပန်ခြင်း” ဟု ဖွင့်ဆိုထားသည်။ ထို့ကြောင့် အချိန်ကို အကျိုးရှိရှိဖြင့် လုပ်ဆောင်သင့်လုပ်ဆောင်အပ် သည့်အရာများကို ပြုလုပ်နေခြင်းဖြင့် မပြုသင့်၊ မပြုလုပ်အပ်သည့်အရာတို့မှလည်း ရှောင်ကြဉ်ပြီး ဖြစ်ကာ နောင်တတရားတို့မှ အလိုအလျောက် ရှောင်ကြဉ်ပြီးဖြစ်သွားမည်။
အတုယူစရာ၊ နည်းယူစရာ ပုဂ္ဂိုလ်များ
ငယ်ငယ်ရွယ်ရွယ်ဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချပြီး အတ္တဟိတ၊ ပရဟိတအကျိုးတို့ကို ဆောင်ရွက်သူများစွာရှိသည်။ ကမ္ဘာမှာရော မြန်မာမှာပါ အတုယူစရာ၊ နည်းယူစရာ ပုဂ္ဂိုလ်များမှာ ဒုနဲ့ဒေးပင်။ ယနေ့ခေတ်လူငယ်တို့သိပြီးဖြစ်သည့် မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဘဝကို ကြည့်မည်ဆိုလျှင် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မွေးသည်။
ခုနစ်နှစ်သားအရွယ်အထိကျောင်းမနေခဲ့သေးချေ။ ထို့နောက် မိဘတို့ကကျောင်းနေမှရှင်လောင်း လုပ်ရမည်ဆိုသောကြောင့် ကျောင်းစတင်တက်ခဲ့သည်။ သတ္တမတန်းစာမေးပွဲတွင် နတ်မောက် ဦးသောဘိတကျောင်းမှ မြန်မာတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသားကျောင်းများတွင် ပထမရပြီး “ဦးရွှေခို” ဆုတံဆိပ် ချီးမြှင့်ခြင်းခံရ သည်။ ၁၉၃၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဆယ်တန်း စာမေးပွဲကို အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ဘီ၊ အေ အထက်တန်းသို့ တက်ရောက်သည်။ ၁၉၃၇ ခုနှစ်တွင် ဘီအေဘွဲ့ကို ရရှိခဲ့ပြီးနောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင်မြတို့ဦးစီးသည့် တို့ဗမာအစည်းအရုံးကြီးသို့ ဝင်ရောက်ခဲ့ သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ရဲဘော်သုံးကျိပ်ကို ဗိုလ်ချုပ်အောင်ဆန်းကပင်ဦးစီး၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ၊ အိုင်၊ အေ) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ်လတွင် ဂျပန်တို့ပေးသော ရွှေရည်စိမ် လွတ်လပ်ရေးကာလ၌ ဒေါက်တာဘမော်အစိုးရအဖွဲ့ တွင်ဗမာ့တပ်မတော်၏ဦးစီးသေနာပတိရာထူးအပြင် စစ်ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ပြီး ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် မြန်မာ့အမျိုးသားခေါင်းဆောင်များနှင့် ဗြိတိသျှအစိုးရတို့၏ သဘောတူညီချက်ဖြစ်သည့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်ခြင်းကို ပြသသည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် မသမာသူ လူသတ် သမားတစ်စု၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည်။
သေဆုံးချိန်တွင် ဗိုလ်ချုပ်သည် အသက်အရွယ် အားဖြင့် (၃၂) နှစ်နှင့် ငါးလကျော်ကျော်မျှသာ ရှိသေးသည်။ အရွယ်နှင့်မမျှအောင် အချိန်တိုအတွင်း တိုင်းပြည်အတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည်။ ဤကဲ့သို့ ဆောင်ရွက်နိုင်အောင်လည်း ငယ်စဉ်ကတည်းက အဘက်ဘက်မှ ဝမ်းစာပြည့်အောင် အချိန်ကို အကျိုးရှိရှိအသုံးချထားခြင်းကြောင့် ဖြစ်သည်။
ပါမောက္ခဦးဖေမောင်တင်
ထို့ပြင် မြန်မာစာပေသမိုင်းတွင် ထင်ရှားပြီး ကိုလိုနီခေတ်တွင် မြန်မာလူမျိုးထဲမှ ရန်ကုန် တက္ကသိုလ်၏ ပထမဆုံးကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသူ ပါမောက္ခဦးဖေမောင်တင်၏ဘဝ ဇာတ်ကြောင်းကိုကြည့်မည်ဆိုလျှင် ၁၈၈၈ ခုနှစ် ဧပြီ ၂၄ ရက်တွင် မွေးဖွားခဲ့ပြီး ရန်ကုန်ကောလိပ်မှ ၁၉၀၉ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ဘွဲ့ရချိန်တွင် အသက်(၂၁) နှစ်အရွယ်ဖြစ်သည်။ ၁၉၁၁ ခုနှစ် အသက် (၂၃) နှစ်အရွယ်တွင် ကာလကတ္တား တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၁၂ ခုနှစ် အသက် (၂၄) နှစ်အရွယ်တွင်ပင် ရန်ကုန် ကောလိပ်၏ ပါဠိပါမောက္ခအဖြစ် ထမ်းဆောင်နေပြီ ဖြစ်သည်။ ၁၉၃၆ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ မြန်မာလူမျိုးထဲမှ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ထမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။
နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင်
ထိုနည်းတူစွာ ဥပဒေပညာရှင်လည်းဖြစ်ပြီး နိုင်ငံတော်သမ္မတလည်းဖြစ်ခဲ့သည့် ဒေါက်တာ မောင်မောင်၏ ဘဝဇာတ်ကြောင်းကိုကြည့်မည်ဆိုလျှင်လည်း ၁၉၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကိုသုံးဘာသာဂုဏ်ထူးဖြင့် လည်းကောင်း၊ ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်စာမေးပွဲကို အင်္ဂလိပ်စာဂုဏ်ထူးဖြင့် လည်းကောင်း အောင်မြင်ခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အင်္ဂလိပ်စာနည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။ လင်ကွန်းအင်းဥပဒေသင်တန်းကျောင်းမှ ဘာရစ်စတာဝတ်လုံဘွဲ့နှင့် ၁၉၅၆ ခုနှစ်တွင် ပျိုးထရက်တက္ကသိုလ်မှ ဥပဒေပါရဂူ (L.L.D) ဘွဲ့တို့ကိုရရှိခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာ နိုင်ငံ၏ ခုနစ်ယောက်မြောက်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည်။
ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး နိုင်ငံတော်တရားသူကြီးချုပ်၊ တရားရေးဝန်ကြီး၊ တော်လှန်ရေးကောင်စီအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်၊ ပါတီဗဟိုကော်မတီဝင်အဖြစ် အစိုးရအဖွဲ့တွင် နှစ်ပေါင်း ၂၀ ကျော် ကျင်လည်ခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် နိုင်ငံတော်သမ္မတရာထူးမှ အငြိမ်းစားယူခဲ့သူဖြစ်သည်။
တက္ကသိုလ်ဘုန်းနိုင်
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်သည်လည်း ၁၉၄၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ ပြီး ၁၉၅၅ ခုနှစ်တွင် စိတ်ပညာဝိဇ္ဇာဂုဏ်ထူးဘွဲ့နှင့် ၁၉၅၆-၁၉၆၁ ခုနှစ်များတွင် ကိုလံဘီယာတက္ကသိုလ် ဘွဲ့လွန်မဟာဌာနမှ မဟာဝိဇ္ဇာဘွဲ့တို့ကို ဆည်းပူး အောင်မြင်ခဲ့သည်။ ၁၉၅၅ ခုနှစ် မန္တလေးယူနီဗာစီတီ ကောလိပ်၏ စိတ်ပညာ ဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုအချိန်တွင် ဆရာကြီး၏အသက်မှာ (၂၅) နှစ်မျှသာ ရှိသေးသည်။
ကျွန်တော် အထက်တွင်တင်ပြခဲ့သော ပုဂ္ဂိုလ်လေးဦးမှာ နိုင်ငံရေးနယ်ပယ်နှင့်စာပေနယ်ပယ် မှဖြစ်ပြီး အသက်ငယ်ငယ်ဖြင့် တိုင်းပြည်အကျိုး ထမ်းရွက်ဖော်ဆောင်နိုင်မှုကို ဖော်ကျူးလို၍ အကျဉ်းချုပ်တင်ပြထားခြင်းသာဖြစ်သည်။ ယင်းသို့သော အသက်ငယ်ငယ်ဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကို သယ်ပိုးခဲ့သူများမှာ ဖော်ပြ၍ပင်မဆုံးရှိသည်။ ယင်းခေတ်ကာလတက္ကသိုလ်ကျောင်းသား အများစုမှာ တော်ကြသည်။ ထက်ကြသည်။ ထို့ကြောင့်သာ လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြ ခြင်းဖြစ်သည်။
နောင်တရစေမည့်ကိစ္စများ ဆောင်ရွက်နေကြ
ယနေ့ခေတ် ကျောင်းသားကျောင်းသူအချို့သည် ငယ်ရွယ်စဉ်တွင် လုပ်ဆောင်သင့် လုပ်ဆောင်အပ်ပြီး မိမိနှင့်သက်ဆိုင်သည့်ကိစ္စများ ကိုမဆောင်ရွက်ကြဘဲ မိမိအတွက် နောင်တရစေ မည့်ကိစ္စများ ဆောင်ရွက်နေကြသည်ကို မြင်တွေ့၊ ကြားသိနေရသည်မှာ ဝမ်းနည်းစရာပင်ဖြစ်သည်။ အနန္တော အနန္တငါးပါး၊ ခင်ပွန်းကြီးဆယ်ပါး ဟူသည် ပူဇော်ထိုက်ပူဇော်အပ်သည့် မွန်မြတ်သူ များဖြစ်ကြသည်။ ယင်းသို့ ပူဇော်ထိုက် ပူဇော်အပ် သူများကို ပြောင်ပြောင်တင်းတင်း စော်ကားလာ ကြသည်မှာ နိုင်ငံတော်၏အနာဂတ်နှင့် ယင်းသို့ စော်ကားသူတို့အတွက် အတော်ပင်စိတ်မကောင်း စရာဖြစ်မိသည်။
ထိုသို့ အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်တို့ကို ပြစ်မှားစော်ကားနေကြသူအများစုအား ကြည့်လိုက်လျှင်သူများယောင်လို့ လိုက်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိဆိုသည့် ဆယ်ကျော်သက်အရွယ် နုနုနယ်နယ်လေးများ ဖြစ်နေသည်။ ဤအရွယ်ကလေးများသည် စာသင်ကျောင်းတံတိုင်းအတွင်း သင်ကြားသည့် သင်ရိုးညွှန်းတမ်းနှင့် ဆရာ ဆရာမတို့၏ ဆုံးမသွန်သင် မှုအချို့ကိုသာ ရရှိကြသေးသည့် အရွယ်လေးများဖြစ်သည်။ ကျွန်တော်သည်လည်း ကျောင်းသား ဘဝမှ ကြီးပြင်းလာသူဖြစ်သောကြောင့် ဆယ်ကျော်ကျော်သက်အရွယ်အချို့၏ ခံစားမှုမျိုး ကြုံခဲ့ဖူးပါသည်။ အမှန်အားဖြင့် ကျောင်းနံရံတံတိုင်း၏ အပြင်ဘက်တွင်ကား ကျွန်ုပ်တို့ လက်လှမ်းမမီနိုင်လောက်အောင် ပြဿနာပေါင်း သောင်းခြောက် ထောင်၊ လူမျိုးစုံ၊ စရိုက်မျိုးစုံတို့ဖြင့် တွေ့ကြုံရမည်။ ဖြတ်သန်းရဦးမည်ဖြစ်သည်။ ထို့ကြောင့် ရုရှားစာရေးဆရာ အီလျာအာရင်ဘတ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင် “ကျွန်တော်သည် ကျောင်းမှ ပညာအချို့ရခဲ့သည်။ ဆရာများထံမှလည်း ပညာရခဲ့ပါသည်။ သို့ရာတွင် ချုပ်၍ပြောရလျှင် ကျောင်းမှရသော ပညာသည် များများစားစားမဟုတ်။ စာအုပ်များသည် ပို၍ကောင်းသောကျောင်းဖြစ်ပါသည်။ ကျောင်းဝင်းတံတိုင်းအပြင်ဘက်တွင် တွေ့ရသည့် လူများသည်လည်း ပို၍ကောင်းသော ကျောင်းဖြစ် ပါသည်” ဟု ရေးသားထားသည်ကို ဆရာကြီး မြသန်းတင့် ဘာသာပြန်သည့် “လူများ၊ သက္ကရာဇ် များ-ဘဝ”စာအုပ်တွင် မှတ်သားရပါသည်။
အမှန်အားဖြင့် လူငယ်၊ လူရွယ်ဟူသည် အညွန့်တလူလူ၊ အဖူးတစို့စို့ဖြင့် နိုင်ငံ၏ သားကောင်းရတနာ သမီးကောင်းရတနာများအဖြစ် မြင်တွေ့ကြရမည့်သူများဖြစ်သည်။ ယင်းသို့သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်ကြရန်မှာလည်း အထက်တွင်ဖော်ပြခဲ့သော ကြီးမြတ်သူများကဲ့သို့ ကြိုးစားအားထုတ်မှသာ ဖြစ်နိုင်သည်။
ကြီးမြတ်သူပုဂ္ဂိုလ်များသည်လည်း လွယ်လွယ်ဖြင့် ဤအဆင့်၊ ဤနေရာသို့ တစ်မုဟုတ်ချင်း ရလာ၊ ရောက်လာကြသည်မဟုတ်။ အများတကာ တို့အိပ်နေကြသည့် ညအခါမျိုးပင် အလုပ်ကို နှစ်ဆတိုး၍ ရှေ့သို့မျှော်မှန်းကာ ကြိုးစားခဲ့ကြ သူများဖြစ်သည်။
ထို့ကြောင့် ကမ္ဘာ့သာသနာပြုဆရာတော် အရှင် ဉာနိကက-
“ကြီးမြတ်သူ ဟူသမျှတို့
ယူကြသည့် မြတ်နေရာ၊
ရှောင်တခင် ခုချက်ချင်း
လျှင်းမရပါ၊
များသူတို့ အိပ်နေရာ
ညခါပင် သူမနား၊
အမြင့်ကို သူမြင်လို့
သူအစဉ် နှစ်ဆတိုးလို့ရယ်
ကြိုးကုတ်လေသား” ဟု ဖွဲ့ဆိုထား သည်ကို မှတ်သားရသည်။
ဝိပ္ပတ္တိတရားလေးပါး
ဗုဒ္ဓဘာသာတို့၏ ဩကာသကန်တော့ခန်းတွင် ဝိပ္ပတ္တိတရားလေးပါးမှ လွတ်ကင်းရန် ဆုတောင်းကြသည်။ ယနေ့ခေတ်ကာလသည် ယင်းဝိပ္ပတ္တိတရားလေးပါးဖြစ်သည့် ဂတိဝိပ္ပတ္တိ၊ ကာလဝိပ္ပတ္တိ၊ ဥပဓိဝိပ္ပတ္တိ၊ ပယောဂဝိပ္ပတ္တိတို့မှ လွတ်ကင်း၍ သမ္ပတ္တိစက်လေးပါးနှင့်ပြည့်စုံသည့် ကာလဖြစ်သည်။ သမ္ပတ္တိစက်လေးပါးဟူသည် ဝိပတ္တိလေးပါး၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၏“လူတိုင်းအတွက် ပဋ္ဌာန်း”တွင် သမ္ပတ္တိတရားငါးပါးဟု ဆိုထားသည်။
(၁) ဂတိသမ္ပတ္တိ = ကောင်းတဲ့ဘုံဘဝ၊ ကောင်းတဲ့နေရာဌာနတို့နှင့် ပြည့်စုံခြင်း။
(၂) ဥပဓိသမ္ပတ္တိ = လူအများကြည်ညို နှစ်သက်လောက်သည့် ရုပ်ဆင်းအင်္ဂါနှင့်ပြည့်စုံခြင်း။
(၃) ကာလသမ္ပတ္တိ= မိမိကိုယ်စွမ်းဉာဏ်စွမ်းတို့ကို အသုံးချခွင့်ရလောက်အောင် တန်ဖိုးထားသည့် အခါကာလနှင့်ကြုံကြိုက်ခြင်း၊
(၄) ပယောဂသမ္ပတ္တိ= ချိန် သင့်ခါညီပြုမူကြိုးစားသည့် လုံ့လဝီရိယကောင်းနှင့် ပြည့်စုံခြင်း။
(၅) ဉာဏသမ္ပတ္တိ= အမြော် အမြင်၊ ဉာဏ်ပညာ၊ ဗဟုသုတနှင့် ပြည့်စုံခြင်းတို့ ဖြစ်သည်။
ယနေ့အချိန်အခါတွင် လူငယ်တို့အနေဖြင့် ဂတိသမ္ပတ္တိ၊ ဥပဓိသမ္ပတ္တိနှင့် ကာလသမ္ပတ္တိတို့ကို ရရှိပိုင်ဆိုင်ထားကြပြီဖြစ်သည်။ ၂၁ ရာစုသည် ပညာခေတ်၊ နည်းပညာခေတ်ဖြစ်သည်။ နည်းပညာများ အဆင့်မြင့်လာသည်နှင့်အမျှ ယင်းနည်းပညာ ၏အကူအညီဖြင့် မိမိလိုချင်သောပညာရပ်ကို မည်သည့်နေရာမှမဆို သင်ယူဆည်းပူးနိုင်ပြီ ဖြစ်သည်။ သင်ယူလိုသည့်ဆန္ဒနှင့် သင်ယူလိုသည့် စိတ်ဓာတ်တို့ရှိဖို့ပင်လိုသည်။ ထိုသို့သင်ယူပြီးသော အတတ်ပညာနှင့် အသိပညာတို့ကို အသုံးချပြီး ကောင်းမွန်သော အကျိုးစီးပွားရှာဖို့ သင့်လျော် လျောက်ပတ်သည့်ကာလလည်းဖြစ်သည်။ ဤသည်ကိုပင် ကာလသမ္ပတ္တိဟုဆိုသည်။ ထို့ပြင် အသိပညာ၊ အတတ်ပညာတို့ ရှာဖွေဆည်းပူးအသုံးချနိုင်ရန် ချိန်သင့်ခါညီကြိုးစားသည့် လုံ့လဝီရိယအား (ပယော ဂသမ္ပတ္တိ) လိုမည်ဖြစ်သည်။ ယင်းကဲ့သို့ လုံ့လဝီရိယဖြင့် ကြိုးစားအားထုတ်ဆည်းပူးပါက ဉာဏသမ္ပတ္တိ တည်းဟူသော အမြော်အမြင်၊ ဉာဏ်ပညာ၊ ဗဟုသုတ များနှင့် ပြည့်စုံသူများဖြစ်လာမည်ဖြစ်သည်။
ဆိုခဲ့ပြီးသော သမ္ပတ္တိတရားငါးပါးဟူသည့် “ကောင်းခြင်းငါးဖြာ” နှင့် ပြည့်စုံသည့်ကာလမျိုးတွင် လူငယ်တို့အနေဖြင့် ပြုလုပ်သင့်၊ ပြုလုပ်အပ်သည်များကို ပြုလုပ်ခြင်း၊ ကြိုးစားသင့်၊ ကြိုးစားအပ် သည်တို့ကို ကြိုးစားခြင်းဖြင့် မိမိအကျိုး၊ အများအကျိုးကို ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးမွန်များဖြစ်လာကြမည်ဖြစ်သည်။ ယနေ့အချိန်အခါတွင် ကလေးများ၊ လူငယ်လေးများပင် ဖြစ်လင့်ကစား နောင်အနာဂတ်တွင် နိုင်ငံ့တာဝန်ကို လွှဲပြောင်းထမ်းဆောင်မည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာကြပေမည်။ ထို့ကြောင့် ရွှေဥမင်ဆရာတော် ဘုရားကြီးက -
“ကလေး ကလေး အထင်မသေးနဲ့၊
ကလေးက လူကြီးဖြစ်တာ၊
ကလေးကောင်းမှ လူကြီးကောင်းမှာ၊
လူကြီးကောင်းမှ အားလုံးကောင်းမှာ ” ဟု ဩဝါဒပြုထားသည်။
ပီတိသောမနဿတို့ကို ခံစားရမည်
ထို့ကြောင့် လူငယ်လူရွယ်တို့အနေဖြင့် အနာဂတ်၏ နိုင်ငံ့သားကောင်းမောင်မယ်များ ဖြစ်ကြသည်နှင့်အညီ သမ္ပတ္တိတရားငါးပါးဟူသည့် ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံအောင်လုပ်ဆောင်ကြ၍ မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးနိုင်သူများဖြစ်အောင် ကြိုးစားသင့်လှသည်။ ငယ်ရွယ်စဉ်ကတည်းက မိမိသွားလိုသော ပန်းတိုင် မိမိအတုယူစံပြုလိုသောပုဂ္ဂိုလ်တို့ထားရှိရမည်။ ယင်းသို့ထားရှိပြီးပါက ချမှတ်ထားသော ပန်းတိုင်၊ အတုယူစံပြုပုဂ္ဂိုလ်တို့၏ လမ်းစဉ်ရည်ရွယ်ချက်အတိုင်း မဆုတ်မနစ်ဘဲ အချိန်ကို အကျိုးရှိရှိအသုံးချပြီး လုပ်ဆောင်သွားပါက မည်မျှပင်ခက်ခဲပါစေ ချမှတ်ထားသောပန်းတိုင် သို့ တစ်နေ့ ရောက်ရှိမည်သာဖြစ်သည်။ ဤသို့ဤပုံ ငယ်စဉ်ကတည်းက ကြိုးစားဆောင်ရွက် သွားခြင်းဖြင့် အသက်ကြီးလာသည်နှင့်အညီ အသိတရား၊ ဆင်ခြင်တုံတရားနှင့် ဉာဏ်ပညာတို့ပါ ကြီးမြတ်လာမည်ဖြစ်သည်။ ထို့ပြင် လုပ်ဆောင်သင့် လုပ်ဆောင်အပ်သည်ကို ပြုမူခြင်းဖြင့် မပြုလုပ်၊ မပြုအပ်သည်တို့ကို ရှောင်ကြဉ်ပြီးဖြစ်ကာ ပူပန်ခြင်းနောင်တတရားတို့မှ ကင်းဝေး၍ မိမိတို့၏ဘဝနောက်ကြောင်းကို ပြန်တွေးစဉ်းစားသည့်အခါတိုင်း စိတ်ချမ်းမြေ့ပြီး ပီတိသောမနဿ တို့ကို ခံစားရမည် ဖြစ်တော့သည်။
“မကောင်းမှုပြုသောသူသည် ဤဘဝ၌လည်း စိုးရိမ်ရ၏၊
နောင်ဘဝ၌လည်း စိုးရိမ်ရ၏။
ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘဝတို့၌ စိုးရိမ်ရ၏။
ထိုသူသည်မိမိပြုမိသော မကောင်းမှုကိုမြင်၍ စိုးရိမ်ရ၊ ပင်ပန်းဆင်းရဲရ၏။”
ဓမ္မပဒ
ကိုးကား
၁။ ပါမောက္ခဦးဖေမောင်တင်၏ “မြန်မာစာပေသမိုင်း” မှ ကိုယ်ရေးအကျဉ်း။
၂။ ဒေါက်တာမောင်မောင်၏ “ပြည်သူ့ဝန်ထမ်းသားသမီးများသို့” မှ ကိုယ်ရေးအကျဉ်း။
၃။ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) ပြုစုရေးသားသည့် “ဗိုလ်ချုပ်အောင်ဆန်း”
၄။ ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)၏“လူတိုင်းအတွက် ပဋ္ဌာန်း”
၅။ ရာပြည့်ဦးစိုးညွန့်၏ “နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာ ၅၀၀”
စိုးနိုင်ထွန်း(စာပေဗိမာန်)