ကျေးလက်ဒေသ သန့်ရှင်းသောသောက်သုံးရေရရှိရေး မဟာဗျူဟာနှင့် “၂၀၃၀” မျှော်မှန်းချက်
ရေသည် လူသားတိုင်းအတွက် နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ “ရေ” အသက် တစ်မနက်ဟု တင်စားပြောကြပါတယ်။ “ရေ” မသောက်ဘဲ၊ ရေမရှိဘဲ ရှင်သန်နေထိုင်လို့မရပါ။ ကျန်းမာရေးအတွက်၊ အသက်ရှင်နေထိုင်ရေးအတွက် အစားအသောက်ချက်ပြုတ်ရန်၊ အစားအစာ ပြုလုပ်ရန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရန်၊ သောက်သုံးရန်၊ လျှော်ဖွပ်ရန်၊ ဆေးကြော ရန်ရေ မရှိမဖြစ် လိုအပ်ပါတယ်။
ကမ္ဘာကြီးမှာ ရေဧရိယာ ၇၁ ရာခိုင်နှုန်းရှိသော်လည်း အဆိုပါ ရေဧရိယာ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းသည် ရေချိုဖြစ်ပြီး ကျန်ဧရိယာမှာ ရေငန်ဧရိယာ ၁ ရာခိုင်နှုန်းနှင့် သမုဒ္ဒရာဧရိယာ ၉၆ ဒသမ ၅ ရာခိုင် နှုန်းဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ ရေချို ၂ ဒသမ ၅ ရာခိုင်နှုန်း မှာလည်း ရေခဲအဖြစ် ၆၈ ဒသမ ၇ ရာခိုင်နှုန်း၊ မြေအောက်ရေ ၃၀ ဒသမ ၁ ရာခိုင်နှုန်းနဲ့မြေပေါ်နှင့် အခြားရေ ၁ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ မြေပေါ်နှင့် အခြားရေ ၁ ဒသမ ၂ ရာခိုင်နှုန်းမှာ ကန်/ ဆည်ရေ ၂၀ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း လေ့လာသိရှိရပါတယ်။ ဒါကြောင့် ရေချိုဟာ အကန့်အသတ်ရှိနေပြီး ရေရှည်သုံးနိုင်ရန်အတွက် ထိန်းသိမ်းစီမံရန်နှင့် သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းမှသာ ရေရှည်တည်မြဲမှာဖြစ်ကြောင်း သတိပြုစေလိုပါ တယ်။ စိုက်ပျိုးရေးအတွက် ရေချိုလိုအပ်သလို မွေးမြူရေးအတွက် ရေချိုလိုအပ်ပါတယ်။ ကုန်ထုတ်လုပ်မှု အားလုံးအတွက် ရေမရှိမဖြစ် လိုအပ်ပါတယ်။ မြို့များရေပေးရေးနှင့် သန့်ရှင်းသာယာလှပရေး အတွက် ရေက အရေးတကြီး လိုအပ်ပါတယ်။
လူသားတွေအတွက် သဘာဝပတ်ဝန်းကျင်အတွက် စိုက်ပျိုးရေး အတွက်၊ မွေးမြူရေးအတွက်၊ ကုန်ထုတ်လုပ်မှုများအတွက် ရေလိုအပ် တာမို့ ရေစီမံခန့်ခွဲမှုများ လိုအပ်ပါတယ်။ ရေနှင့်ဆိုင်တဲ့ မူဝါဒများ ရေးဆွဲပေးရပါတယ်။ မဖြစ်မနေ ဆောင်ရွက်ရပါတယ်။ ကိုယ့်နိုင်ငံမှာ ရှိနေတဲ့ ရေသယံဇာတများဖြစ်တဲ့ မြေပေါ်ရေ၊ မြေအောက်ရေ စတာ တွေကို ရေရှည်တည်တံ့ပြီး အကျိုးရှိရှိသုံးနိုင်ဖို့ မူဝါဒတွေ ရေးဆွဲဆောင်ရွက်ရပါတယ်။
ရေမူဝါဒ
မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်ရေမူဝါဒတွင် အခြေခံအားဖြင့် မြန်မာနိုင်ငံရှိ ရေအရင်းအမြစ်များအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ရေဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းဆက်သွယ် ဆောင်ရွက်မှုနှင့် သတင်းအချက်အလက်များဖလှယ်မှု ပိုမိုအားကောင်းစေရန်နှင့် စီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များ (MSDP) အညီဆောင်ရွက်သွားနိုင်စေရန်ဖြစ်ပြီး ရည်ရွယ်ချက်များ အနက်ရေပေးဝေရေးနှင့် ကျန်းမာသန့်ရှင်းရေးကဏ္ဍတွင် ဝန်ဆောင်မှု ပေးသူများ၏စွမ်းဆောင်ရည်၊ တာဝန်ယူနိုင်မှုဖွံ့ဖြိုး တိုးတက်စေရေးနှင့် ရေရှည်တည်တံ့သော ရေအသုံးချမှုဖြစ်စေရေး တွေးခေါ်ဆောင်ရွက် သွားနိုင် စေမည့် ပတ်ဝန်းကျင် (Enabling Environment)ဖန်တီးပေး ရန် စသောအချက်များ ပါဝင်ပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် ဒေသများ ရေရရှိရေးကို တာဝန်ယူ ဆောင်ရွက်နေသည့်ဌာန ဖြစ်ပါတယ်။ စည်ပင်သာယာရေးအဖွဲ့များက ၂၀၁၀ ပြည့်နှစ်အထိ ကျေးလက်ရော မြို့ပြပါရေရရှိရေး တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစ၍မြို့ရေပေးရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေပါ တယ်။ ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် အထက်ပါဌာနများ အပါအဝင် သက်ဆိုင်ရာ ဌာနများ ပူးပေါင်းဆောင်ရွက်နိုင်ရန်လိုအပ်လျက်ရှိသော မဟာဗျူဟာ လုပ်ငန်းစဉ် တစ်ရပ်ရေးဆွဲခဲ့ပါတယ်။
အမျိုးသားအဆင့် ကျေးလက်ရေပေးရေးနှင့်
ကျန်းမာသန့်ရှင်းရေးမဟာဗျူဟာရေးဆွဲ
၂၀၁၅ ခုနှစ် မတ်လ ၁၈ ရက်လုပ်ငန်းအဖွဲ့ (Task Force) ဖွဲ့စည်း ရန် ဆွေးနွေးပွဲကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ် မေလ ၁၄ ရက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ နှီးနွယ်ဝန်ကြီးဌာနများနှင့် စတင်ဖွဲ့စည်းခဲ့ပါ တယ်။ ယူနီဆက်ထောက်ပံ့မှုဖြင့် နည်းပညာအကြံပေးအဖွဲ့များနှင့် လုပ်ငန်းအဖွဲ့ (Task Force)မှ စတင်ရေးဆွဲခဲ့ပြီး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ်၊ လုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲ (Task Force Meeting)ခြောက်ကြိမ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် အလုပ်ရုံဆွေးနွေးပွဲ ၁၃ ကြိမ် ကျင်းပခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဖေဖော် ဝါရီလ ၁၆ ရက်မှာ မိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။
မဟာဗျူဟာရေးဆွဲတဲ့အခါမှာ ပါဝင်သင့်သည့် ဥပဒေများကို တိုင်ပင်ဆွေးနွေး သတ်မှတ်ခဲ့ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ ရေရရှိရေးအတွက် ကုန်ကျစရိတ်မျှဝေ ကျခံခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ရန်ပုံငွေသုံးစွဲခြင်း၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကို ပေါင်းစပ် ခြင်း၊ လုပ်ငန်းပုံမှန်လည်ပတ်နေစေခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် စီမံခန့်ခွဲမှုအဆင့်ဆင့်တွင် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ခြင်း၊ တာဝန်ခံခြင်းနှင့် ပွင့်လင်းမြင်သာမှု၊ အမျိုးသား အမျိုးသမီးများ၏ပါဝင်မှု၊ မသန်စွမ်းသူများပါဝင်မှုနှင့် တန်းတူညီမှုနှင့် ဆင်းရဲမှုဆိုင်ရာမဟာဗျူဟာဥပဒေများ ပါဝင်အောင်ရေးဆွဲ ဆောင်ရွက် ခဲ့ပါတယ်။
မဟာဗျူဟာ၏ မျှော်မှန်းချက်ပန်းတိုင်များက တန်းတူညီမျှ ရှိသော၊ ထိရောက်အကျိုးရှိသော သောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင် နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဖော်ထုတ် ချမှတ်ဆောင်ရွက်ခြင်းဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်နေ ပြည်သူ များအားလုံး၏ လူမှုစီးပွားဘဝပိုမိုတိုးတက်လာစေရန် ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ ရေရရှိရေးဆိုင်ရာလျာထားချက်
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရမြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိမှုမှာ ၆၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ ရေရရှိရေးဆိုင်ရာ လျာထား ချက်အရ ပိုက်လိုင်းရေပေးရေးစနစ်အပါအဝင် ရေရရှိရေးလုပ်ငန်းများဖြင့် ကျေးလက်ဒေသများ အတွက် ၂၀၁၅ ခုနှစ်၌ ၆၁ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၇၀ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း၊ စာသင်ကျောင်းများအတွက် ၂၀၂၀ ပြည့်နှစ်တွင် ၄၀ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၆၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်းနှင့် ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲ များအတွက် ၂၀၂၀ ပြည့်နှစ်တွင် ၅၀ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း လျာထားခဲ့ပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ(ရေရရှိရေး)
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ၂၀၁၉ ခုနှစ် ဒီဇင် ဘာလ ၂၇ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ကျေးလက်ရေရရှိရေးလုပ်ငန်းများ အသစ်ဆောင်ရွက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့် တင်ခြင်း၊ ကျေးလက်ဒေသများ၊ ကျေးလက်ဒေသရှိ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးပေးခန်းများ၊ သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်း ရေးဆိုင်ရာလုပ်ငန်းများကို အစိုးရဌာန/အဖွဲ့ အစည်းများ၊ NGOs/INGOs များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရေအရင်းအမြစ်များ၏ ရေအရည်အသွေးကို စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု/မရှိသော ရေပေးဝေရေး လုပ်ငန်းများကို ရပ်ဆိုင်း/တားမြစ်ခြင်း၊ ရေအရင်းအမြစ်များ စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသနေပြည်သူများသို့ အသိပညာပေးခြင်း စသည့် ရေရရှိရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။
ပုဂ္ဂလိကရေပေးရေးလုပ်ငန်းများ
ပုဂ္ဂလိကရေပေးရေးလုပ်ငန်းများကို စိစစ်ခွင့်ပြုခြင်း၊ ရေဖိုးရေခကို သတ်မှတ်ချက်နှင့်အညီ ကောက်ခံခွင့်ပြုခြင်း၊ ဖြန့်ဝေရမည့် ရေ၏ အရည်အသွေးအား စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီမှုမရှိပါက သောက်သုံးရေ ပေးဝေခြင်းကို ရပ်ဆိုင်းထားခြင်း (သို့) တားမြစ်ခြင်း စသည့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။
ရင်းနှီးမြှုပ်နှံမှု
ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေးမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ရင်းနှီးမြှုပ်နှံတိုင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဒေါ်လာပြန်ရကြောင်း လေ့လာသိရှိရပါတယ်။ ဘယ်ပုံစံနဲ့ ပြန်ရလဲ ဆိုရင် ရေပေးရေးနှင့်ကျန်းမာသန့်ရှင်းရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျငွေ လျှော့ချနိုင်တဲ့ပုံစံနဲ့ ပြန်ရတာဖြစ်ပါတယ်။ ရေမသန့်လို့ဖြစ်တဲ့ ရောဂါများမဖြစ်ဘဲ ရေမသန့်လို့ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများ အတွက်ကုန်ကျမည့် ကုန်ကျစရိတ် သက်သာစေခြင်းဖြစ်ပါတယ်။ ထို့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချနိုင်ခြင်း၊ ကုန်ထုတ်စွမ်းအား မြင့်မားခြင်း၊ ကျောင်းသားများ ကျောင်းတက်နှုန်း တိုးတက်လာခြင်း၊ လူသားများရဲ့ ဂုဏ်သိက္ခာရှိခြင်း၊ လုံခြုံမှုရှိခြင်း စသည့်အကျိုးကျေးဇူး များရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဆိုထားပါတယ်။
ကျေးလက်ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (၂၀၁၇-၂၀၃၀) အရ ၂၀၃၀ ရည်မှန်းချက်ပြည့်မီစေရေး နှစ်စဉ်ထည့်ဝင် ရင်းနှီးမြှုပ်နှံရမည့်ပမာဏအား တွက်ချက်ထားရှိပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုပမာဏပြည့်မီစေရေး ထည့်ဝင်ရာတွင် နိုင်ငံတော်အစိုးရမှ ၃၅ ရာခိုင်နှုန်း၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်း များမှ ၃၅ ရာခိုင်နှုန်းနှင့် ပြည်သူလူထုမှ ၃၀ ရာခိုင်နှုန်း ထည့်ဝင် ဆောင်ရွက်နိုင်ရေး မျှော်မှန်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် အနေဖြင့် နှစ်စဉ်ကျေးရွာပေါင်း ၃၀၀၀ ခန့်တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင် အထည် ဖော်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည့်အပြင် ဆက်စပ်ကဏ္ဍ များဖြစ်သော စာသင်ကျောင်းနှင့် ဆေးပေးခန်းများ ရေရရှိရေးနှင့် ကျေးလက်ဒေသများတွင် ကျန်းမာ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ဝန်ဆောင်မှုများမြှင့်တင်ရေးအတွက် ရင်းနှီး မြှုပ်နှံမှုများအပါအဝင် အသိပညာပေးခြင်းများ၊ သုတေသနများ ဆောင်ရွက်သွားရန် လိုအပ်မှာ ဖြစ်ပါတယ်။
ကျေးလက်ရေပေးရေး ရည်မှန်းချက်ပြည့်မီစေရေးအတွက် ဝန်ဆောင်မှု အဆင့်မြှင့်တင်ခြင်းနှင့် ရေရှည်တည်တံ့စေရေး ပြင်ဆင် ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်ရေရရှိရေး ဆိုင်ရာ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (RWS MIS) ဖြင့် ကျေးရွာများ၏ ရေပေးရေး လိုအပ်ချက်များ ရှာဖွေဖော်ထုတ်၍ ထိရောက်စွာလျာထားဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။ နှစ်စဉ်ထည့်ဝင်ရမည့် ကျေးလက်ရေပေးရေးရင်းနှီး မြှုပ်နှံမှုတွင် လိုအပ်လျက်ရှိသော နိုင်ငံတကာအဖွဲ့အစည်းများမှငွေကြေးနှင့် နည်းပညာထည့်ဝင်မှု ပိုမိုအားကောင်းစေရေး စည်းရုံး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်
၂၀၃၀ မှာ “လူသားတိုင်း သန့်ရှင်းသောသောက်သုံးရေနှင့် မိလ္လာ စနစ်ရရှိရေးနှင့် စဉ်ဆက် မပြတ်သော စီမံခန့်ခွဲမှုရရှိရေး” ဦးတည်ဆောင်ရွက်နေပါတယ်။ ကောင်းမွန်သော ရေအရင်းအမြစ် များနှင့် ရေပေးရေးဆိုင်ရာ ဝန်ဆောင်မှုအဆင့်နှင့် တိုင်းတာခြင်း- ကောင်းမွန်သော ရေအရင်းအမြစ်များမှာ အိမ်သွယ်ရေတိုင်စနစ်၊ အများသုံး ရေတိုင်များဘုံပိုင်ရေတိုင်များ၊ အဝီစိတွင်းများ၊ ဘောင်ပါသောရေတွင်း များ၊ အကာအရံပြုလုပ်ထားသော စိမ့်စမ်းများ၊ ဆည်များ၊ ရေကန်နှင့် သိုလှောင်ထားသောမိုးရေတို့ ဖြစ်ပါတယ်။
ဝန်ဆောင်မှုအဆင့် သတ်မှတ်ချက်များကတော့ (က) သန့်ရှင်း ဘေးကင်းရေး စီမံခန့်ခွဲထားသော သောက်သုံးရေ ဝန်ဆောင်မှုဆိုတာက သန့်ရှင်းဘေးကင်းသော ရေအရင်းအမြစ်များသည် မိမိအိမ်ဝင်းအတွင်း တည်ရှိပြီး လိုအပ်ချိန်တိုင်း ရေရသည့်အပြင် ဝမ်းရောဂါပိုးနှင့် ဓာတ်သတ္တု အဆိပ်အတောက်များ ကင်းစင်ခြင်း၊ (ခ) အခြေခံသောက် သုံးရေဝန်ဆောင်မှုမှာ သောက်သုံးရေသွား ရောက်ခပ်ယူရသည့် အတွက် တန်းစီစောင့်ဆိုင်းချိန် အပါအဝင် အသွားအပြန်ကြာချိန် မိနစ် ၃၀/ နာရီဝက်ထက်ပိုမကြာခြင်း၊(ဂ) အကန့်အသတ်ရှိသော သောက်သုံးရေဝန်ဆောင်မှုမှာ သောက်သုံးရေ သွားရောက်ခပ်ယူရသည့် တန်းစီ စောင့်ဆိုင်းချိန် အပါအဝင် အသွားအပြန်ကြာချိန် မိနစ် ၃၀ နာရီဝက်ထက်ပိုခြင်း၊ (ဃ)သန့်ရှင်းမှုမရှိသော ရေအရင်းအမြစ် များမှာ အကာအရံမပါသော ရေတွင်း၊ အဆိုးအကာပြုလုပ်မထားသော စိမ့်စမ်း၊ စနစ်တကျကာရံထားခြင်းမရှိသည့် နေရာများမှ ရေရရှိ အသုံးပြုခြင်းနှင့် (င) မြေပေါ်ရေဆိုသည်မှာ - မြစ်ချောင်း၊ အင်းအိုင်၊ ချောင်းမြောင်း၊ တာတမံ၊ ဆည်၊ ကန်၊ ဆည်မြောင်း၊ တူးမြောင်းများမှ ရေရရှိအသုံးပြုခြင်းတို့ ဖြစ်ကြပါတယ်။
ရေအရည်အသွေး စံသတ်မှတ်ချက်
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားသောက်သုံးရေ အရည် အသွေးဆိုင်ရာ စံသတ်မှတ်ချက်များ - (၂၀၁၄) နှင့်အညီ သောက်သုံး ရေများဖြန့်ဝေခြင်း၊ ရေအရည်အသွေးစမ်းသပ်ကိရိယာများ၊ ဓာတ်ခွဲ ခန်းများ၌ ရေအရည်အသွေးစမ်းသပ်ခြင်း၊ စံသတ်မှတ်ချက်နှင့် မညီသောဒေသများတွင် ရေသန့်စင်နည်းစနစ်များ အသုံးပြုခြင်း၊ ရေမီတာသုံး အိမ်သွယ်ရေတိုင်စနစ်၊ ပိုက်လိုင်းစနစ်များ ဆောင်ရွက် ခြင်း၊ ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်းနှင့် ရေရရှိရေးစနစ်များ အဆင့်မြှင့်တင်ခြင်းနှင့် အသိပညာပေးရေးအစီအစဉ်များ တိုးချဲ့ဆောင်ရွက်ခြင်းစသည့် ရေအရည်အသွေး စံသတ်မှတ်ချက် များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း
အသုံးပြုသူများ ရေကောင်းရေသန့်ရရှိနိုင်ရန် လိုအပ်သည့် လုပ်ဆောင်မှု၊ ရေရရှိရေး ပစ္စည်းအစိတ် အပိုင်းများ သက်တမ်းကြာရှည် အသုံးပြုနိုင်ရန် အသုံးပြုသူများမှ မှန်မှန်ကန်ကန်အသုံးပြုမှု၊ ရေရရှိ ရေးစနစ်များနှင့် ပတ်ဝန်းကျင်အား သန့်ရှင်းအောင် ထိန်းသိမ်းခြင်း၊ ရေရရှိရေးအတွက် ဝင်ငွေများ၊ အခွန်အခများနှင့် ရေသုံးစွဲခများကောက်ခံပြီး စက်သုံးဆီ၊ ပြုပြင်ထိန်းသိမ်းစရိတ် စသည့်လုပ်ငန်း လည်ပတ်မှုအတွက် သုံးစွဲခြင်း၊ ယင်းလုပ်ဆောင်ချက်များကို စီမံခန့်ခွဲ ခြင်း၊ ကြိုတင်ကာကွယ်သည့် ထိန်းသိမ်းမှု၊ ပုံမှန်ပြင်ဆင်ထိန်းသိမ်းခြင်း၊ အရေးပေါ်ပြင်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ဖြင့် ဆောင်ရွက်လျက် ရှိပါတယ်။
သဘာဝဘေးအန္တရာယ်လျှော့ချရေး
ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရေချိန်နည်းလာခြင်း၊ မိုးရွာသွန်းမှုနည်းလာခြင်း၊ ရေတွင်း ရေကန်များ ခန်းခြောက်ခြင်း၊ စိမ့်စမ်း များရေထွက်နည်းလာခြင်း စသည့်သဘာဝဘေးတွေကို ကြုံတွေ့ လာရပါတယ်။ နွေရာသီတွင် ရေရှားပါးမှုပြဿနာများ ကြုံတွေ့နေရပါ တယ်။ ဒါကြောင့် သစ်တောမပြုန်းတီးရေး၊ ရေထွက်များနှင့် သစ်တောများ ထိန်းသိမ်းရေးကို အရေးတကြီး ဆောင်ရွက်ရန် လိုအပ်နေပါတယ်။ ရေရရှိရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အခြေခံ အဆောက် အအုံနှင့် ဖွဲ့စည်းပုံဆိုင်ရာ အစီအစဉ်များတွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် ခန့်မှန်းချက်များအား စဉ်းစား တွက်ချက်ထည့်သွင်းထားခြင်း၊ သဘာဝဘေးအန္တရာယ်သည် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၌ ဆိုးကျိုးများမရှိနိုင်အောင် ကြိုတင်စီမံ ချက်များ ရေးဆွဲထားခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ရန်အတွက် ကြိုတင်ဆောင်ရွက်ထားခြင်း၊ ဘေးအန္တရာယ်ကျရောက်သည့်အခါ ရင်ဆိုင်ခုခံ နိုင်စွမ်း နည်းပါးခြင်းကို လျှော့ချရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှု အားကောင်းလာစေရန် ရေပေးရေးစနစ်များအား ထိန်းသိမ်းပြုပြင် စောင့်ရှောက်ခြင်းနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက အရေးပေါ် အကူအညီများ လျင်မြန်စွာ ထောက်ပံ့ပေးခြင်းဖြင့် တုံ့ပြန်ခြင်း အစီအစဉ် များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် စိစစ်အကဲဖြတ်ခြင်း
တန်းတူညီမျှမှုရှိလျက် စဉ်ဆက်မပြတ် လုံလောက်သော သောက်သုံးရေရရှိရန် ရေအရင်းအမြစ် များကို စီမံခန့်ခွဲထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဒေသအလိုက် လက်ရှိရေရရှိရေးဆိုင်ရာ လွှမ်းခြုံမှု နှင့် လုပ်ငန်းလည်ပတ်မှုအနေအထားများကို သိရှိနားလည်မှု ရှိ မရှိ၊ ကျေးလက်ရေရရှိရေးအတွက် နည်းပညာပိုင်းနှင့် ပုံစံဒီဇိုင်းသတ်မှတ် ချက်များ လုပ်ငန်းစဉ်ဆောင်ရွက်ထားရှိမှု ရှိမရှိ၊ သတ်မှတ်ရေ အရည် အသွေး စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့်ကျေးရွာတစ်ရွာချင်း အလိုက် သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာ ရရှိမှု ရှိ/မရှိ စသည့်အချက်များဖြင့် စောင့်ကြည့်ကြီးကြပ် ဆောင်ရွက် လျက်ရှိပါတယ်။
ဦးစားပေးရွေးချယ်ခြင်း
ကျေးရွာများ၏ လက်ရှိရေရရှိရေး အခြေအနေများအား သိရှိနိုင်စေရန် RWS-MIS အသုံးပြု ကောက်ယူရရှိလာသော အချက်အလက် များအပေါ် အခြေခံ၍ စီမံချက်ရေးဆွဲခြင်း၊ ဘတ်ဂျက်လျာ ထားခြင်းနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ ကျေးလက် ရေရရှိရေး လုပ်ငန်းများ ပုံမှန်လည်ပတ်မှု ရှိ/မရှိ အခြေအနေအား စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ အား လျာထားဆောင်ရွက်နိုင်စေရန် စသည့် Management Information System for Rural Water Supply (RWS-MIS) 3290: ပြုရခြင်းရဲ့ ရည်ရွယ်ချက် များဖြင့် ရေသုံးစွဲမှုဆိုင်ရာ အခြေခံအချက် အလက်များ ကောက်ယူခြင်း၊ ရေအရင်းအမြစ်ရရှိ နိုင်မှုအခြေအနေပေါ် မူတည်၍ သန့်ရှင်းသော သောက်သုံးရေမရရှိသေးသော ကျေးရွာ၊ ရေလုံလောက်မှုမရှိသော ကျေးရွာ၊ ရေရရှိသော်လည်း သန့်ရှင်းသော သောက်သုံးရေမရရှိသော ကျေးရွာနှင့် ပြည်သူထည့်ဝင်မှု (ရေမီတာ တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ဖြင့် ဦးစားပေး အဆင့်အလိုက် ကျေးရွာများ ရွေးချယ်ခဲ့ပါတယ်။
ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု
ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေးကဏ္ဍမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟာ Focal အနေဖြင့် ခံယူထားပြီး ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၆ မှ ၂၀၁၉ ကာလအတွင်း ပြည်ထောင်စုအဆင့် ပုံမှန်အစည်း အဝေးများကို သက်ဆိုင်ရာ ဌာနနှင့် NGO များ၊ INGO များနဲ့ ပုံမှန် လေးလတစ်ကြိမ် ဆွေးနွေးတိုင်ပင်ဆောင်ရွက်ခဲ့ပါတယ်။ ပြည်နယ်/ တိုင်းဒေသကြီးများမှာလည်း ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေး ဆိုင်ရာ Working Group များ ဖွဲ့စည်းခြင်း၊ ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန်အတွက် လိုအပ်သော ညှိနှိုင်း အစည်းအဝေးများကို ပုံမှန်ဆောင်ရွက်ခဲ့ပါတယ်။ ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေးကဏ္ဍဟာ ဌာနတစ်ခုတည်းဆောင်ရွက်၍မရသလို တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်လို့မရပါ။ ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ပါတယ်။
အိမ်သွယ်ရေတိုင်စနစ်ပြီးစီးမှု
ရေအလေအလွင့်များ လျှော့ချရန်နှင့် ကောင်းမွန်သော ရေစီမံခန့်ခွဲမှုဖြစ်စေရေး၊ ကုန်ကျစရိတ် ကာမိသော ရေခွန်ရေခကောက်ယူပြီး လိုအပ်သော ပြင်ဆင်ထိန်းသိမ်းရေး ဆောင်ရွက်ရန်အတွက် ရေမီတာ စနစ်ဖြင့် ရေပေးဝေခြင်းဟာ အလွန်ထိရောက်ပါတယ်။ ပြည်သူ ထည့်ဝင်ငွေပါဝင်ပြီး ပြည်သူကိုယ်တိုင် စီမံခန့်ခွဲခဲ့ပါတယ်။ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လစာရင်း အရ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၅ ခု၊ မြို့နယ်ပေါင်း ၁၇၇ မြို့နယ်၊ ကျေးရွာပေါင်း ၃၀၃၈ ရွာ၊ အိမ်ခြေ ၅၀၅၁၈၁ အိမ်နှင့် လူဦးရေ ၂၅၂၂၉၁၅ ဦးတို့အတွက် အိမ်တိုင်းရေသွယ်စနစ်ကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ရေသန့်စင်စနစ်ပြီးစီးမှု
မသန့်ရှင်းသော မြေပေါ်ရေအရင်းအမြစ်များကို မှီခိုနေရသော ကျေးလက်နေပြည်သူများအတွက် ခေတ်မီနည်းစနစ်များ အသုံးပြုပြီး ပြည်သူကိုယ်တိုင်စီမံခန့်ခွဲနိုင်သော ကုန်ကျစရိတ်ကာမိတဲ့ Business Model ရေသန့်စနစ်ဆောင်ရွက်ပြီး ရေဖိုး/ရေခအဖြစ် သောက်ရေရောင်းချ ဆောင်ရွက်ခြင်းဟာ အလွန်အရေးကြီးပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ဆန္ဒနှင့်အညီ စီမံချက် ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ ၂၀၂၁ခုနှစ်သြဂုတ်လစာရင်းအရပြည်နယ်နဲ့တိုင်းဒေသကြီး ရှစ်ခု၊ မြို့နယ်ပေါင်း ၅၈ မြို့နယ်၊ ကျေးရွာပေါင်း ၁၆၃ ရွာ၊ အိမ်ခြေ ၃၈၉၅၈ အိမ်နှင့် လူဦးရေ ၁၈၆၅၃၄ ဦးတို့အတွက် ရေသန့်စင်စနစ်ကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျေးလက်ဒေသများ၌ ရေရရှိ လွှမ်းခြုံနိုင်မှု ၆၂ ရာခိုင်နှုန်းသာရှိခဲ့ရာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းကောက်ယူမှုအရ ပိုက်လိုင်းစနစ် ၁၈ ရာခိုင်နှုန်း၊ ရေတွင်းနှင့် အကာအရံရှိလက်တူးတွင်းမှရေရယူမှု ၄၇ ရာခိုင်နှုန်း ၊ ရေသန့်စင်စနစ် ၈ ရာခိုင်နှုန်းနှင့် မိုးရေလှောင်ကန်နှင့် စိမ့်စမ်းများအပါအဝင် ကျေးလက်ဒေသများတွင် ကောင်းမွန်ပြီး အကာအကွယ်ရှိရေပေးရေး စနစ်များမှ ရေရရှိလွှမ်းခြုံနိုင်မှု ၇၇ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရသည့် အတွက် မျှော်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိ ရပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲရေး
ရေရရှိရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အစီအမံများ ရေးဆွဲ ထားရှိခြင်း၊ အရင်းအမြစ်များအား လိုအပ်သည်ထက် ထုတ်ယူသုံးစွဲ ခြင်းမှ ကာကွယ်ခြင်း၊ ရေအရင်းအမြစ်များ ညစ်ညမ်းမှုမဖြစ်စေရန် ကာကွယ်ခြင်း၊ ရာသီဥတုနှင့် သဘာဝဘေးဒဏ်ခံ ဒီဇိုင်းပုံစံ တည် ဆောက်ခြင်း၊ သင့်လျော်သော နည်းပညာနှင့် ဝန်ဆောင်မှုများ ရွေးချယ်ခြင်း၊ ပုံမှန်နှင့် လိုအပ်ချက်အရ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းပညာနှင့် ရန်ပုံငွေများပံ့ပိုးဆောင်ရွက်ပေးခြင်း၊ သင့်လျော်သည့် နည်းဥပဒေများ၊ လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ အမျိုးသား အမျိုး သမီးများ တန်းတူပါဝင်မှုနှင့် အမူအကျင့်များ ပြောင်းလဲစေရန် အသိ ပညာပေးခြင်း၊ သတင်းအချက်အလက်များ၊ ပညာပေးအစီအစဉ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်ခြင်းနှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခြင်း တို့သည် ရေရှည်တည်တံ့ခိုင်မြဲရေး အစီအစဉ်များပင် ဖြစ်ပါတယ်။
ကျေးရွာကော်မတီနှင့် ပြည်သူအရေးပါမှု
ဆောင်ရွက်ပြီးသော ရေရရှိရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် ကျေးရွာကော်မတီနဲ့ သုံးစွဲသူ ရွာသူရွာသားများရဲ့ အခန်း ကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ကော်မတီရဲ့ တာဝန်များ၊ တစ်အိမ်ချင်းရဲ့ တာဝန်များ၊ ရေခွန်ရေခသတ်မှတ်ချက်များ၊ လစဉ် ရေခွန်ရေခကောက်ယူမှု၊ ထိန်းသိမ်းမှု၊ နေ့စဉ်ရေပေးဝေမှု၊ ရေစီမံ ခန့်ခွဲမှု၊ ပုံမှန်ပြင်ဆင်ထိန်းသိမ်းမှုနှင့် ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်သော ရန်ပုံငွေစီမံခန့်ခွဲနိုင်မှု၊ လိုက်နာဆောင်ရွက်ရန်များကို သိရှိ လိုက်နာဆောင်ရွက်မှုနဲ့ ရှောင်ရှားရန်များကို သိရှိနားလည်မှုများဟာ အလွန်အရေးကြီးပြီး ရေစီမံခန့်ခွဲနေတဲ့ ကော်မတီဝင် အားလုံး နားလည်ပြီး လိုက်နာရန်လိုအပ်သလို ကျေးရွာရှိအိမ်တိုင်းမှ သတ်မှတ် စည်းကမ်းများကို လိုက်နာပြီး ရေရရှိရေးလုပ်ငန်းအားလုံးကို မိမိတို့ အိမ်ပိုင်၊ မိမိတို့ရွာပိုင်အဖြစ် (Ownership) ပိုင်ရှင်စိတ်ဓာတ်ဖြင့် တန်ဖိုးထားမှ ရေရှည်တည်တံ့မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက ၎င်းအချက်ကို အလေးထားအသိပညာပေး ဆောင်ရွက်ရန် လိုအပ်ပါတယ်။
သုတေသနနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး
ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ပြည်သူများရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးဆောင်ရွက်ခြင်း၊ ရေအရည် အသွေးဓာတ်ခွဲခန်းများ တည်ဆောက်ခြင်းနှင့် ပုံမှန်စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရန် လိုအပ်သောစမ်းသပ်ကိရိယာများ ဖြည့်တင်း ပေးခြင်းနှင့် ကျေးလက်ရေပေးရေးဆိုင်ရာ သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်းတို့ဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် နေစေရန်နှင့် ၂၀၃၀ တွင် ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေရရှိရေး မျှော်မှန်းချက် ပြည့်မီအောင် သက်ဆိုင်သူ အားလုံးပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တင်ပြလိုက်ပါ တယ်။
ခန့်ဇော်(ကျေးလတ်)
ရည်ညွှန်းချက်။ National Strategy and Investment Plan for Rural Water Supply, Sanitation and Hygiene (WASH),(WASH) in School and(WASH) in Health Facilities (2017-2030)