Skip to main content

အခြေခံရွေးကောက်ပွဲစနစ်များအား လေ့လာခြင်း

ဒီမိုကရေစီရွေးကောက်ပွဲဆိုသည်မှာ

အခြေခံအားဖြင့် ဒီမိုကရေစီရွေးကောက်ပွဲဆိုသည်မှာ အထွေထွေရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ပါတီများ နှင့် ကိုယ်စားလှယ်လောင်း အသီးသီးအတွက် မဲဆန္ဒရှင် ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲများကို သက်ဆိုင်ရာ လွှတ်တော် အသီးသီး၏ ကိုယ်စားလှယ် နေရာများအဖြစ်သို့ ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ပြည်သူလူထု၏ ကိုယ်စားပြု မှုကို ဖော်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ပြည်သူများက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး၍ မိမိတို့ကိုယ်စား နိုင်ငံပြုပုဂ္ဂိုလ်များဖြစ်ကြမည့် ကိုယ်စားလှယ်များကို ဆန္ဒမဲ ပေးရွေးချယ်ကြရသည်။ ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များက နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ကို တည်ဆောက်ရင်း အပြန်အလှန် ထိန်းကျောင်းရင်းဖြင့် ပြည်သူ့ထံမှဆင်းသက်လာသည့် အချုပ်အခြာအာဏာ အရပ်ရပ်အား ပြည်သူများကိုယ်စား ကျင့်သုံးဖော်ဆောင်ကြရပေသည်။

ထို့ကြောင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးသည့်နိုင်ငံများသည် မိမိနိုင်ငံဖြတ်သန်း လာသည့် သမိုင်းကြောင်း၊ နိုင်ငံဖွဲ့စည်း တည်ဆောက်ပုံ၊ မိမိတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးဖြစ်ထွန်းမှု စသည့်အချက်များပေါ်မူတည်၍ ရွေးကောက်ပွဲစနစ်၊ ရွေးကောက်တင်မြှောက်ပုံ နည်းစနစ်များကို ရေးဆွဲကျင့်သုံးကြရပေသည်။ ယင်းသို့ ဖော်ဆောင် ကျင့်သုံးလိုက်သည့် ရွေးကောက်ပွဲ စနစ်များသည် နိုင်ငံ့အနာဂတ်အတွက် ရေတို သို့မဟုတ် ရေရှည်အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းမှု သို့တည်းမဟုတ် ဆုတ်ယုတ်မှု တို့အပေါ်တွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သက်ရောက်လျက် ရှိနေမည်ဖြစ်သည်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ အခြေခံသဘောတရားများ

ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ အခြေခံသဘော တရားများအဖြစ် လွတ်လပ်မျှတခြင်း၊ ပွင့်လင်း မြင်သာမှုရှိခြင်း၊ သမာသမတ်ကျခြင်း၊ အများယုံကြည်ကိုးစားခြင်း၊ တာဝန်ယူမှုရှိခြင်း၊ လူထု ကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ခြင်း၊ အားလုံး ပါဝင်နိုင်ခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ စီမံခန့်ခွဲမှု အားကောင်းခြင်း၊ ပြဋ္ဌာန်းဥပဒေများနှင့် ညီညွတ်မှု ရှိခြင်းတို့သည် အများက လက်ခံထားကြ သည့် ဘုံအခြေခံ သဘောတရားများပင် ဖြစ်ပါသည်။

မည်သည့်ဒီမိုကရေစီအုပ်ချုပ်ရေးအတွက်မဆို ရွေးကောက်ပွဲစနစ်ရွေးချယ်မှုသည် ဥပဒေရေးရာ မူဘောင်များအနက် အရေးကြီး သော ကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေပါသည်။ ရွေးချယ်လိုက် သည့် ရွေးကောက်ပွဲစနစ်တစ်ခုသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်နှင့် နိုင်ငံရေးပုံရိပ်တို့အပေါ်တွင် နက်နဲစွာ အကျိုးသက်ရောက်မှု ရှိနေပါသည်။ ထိုသို့ ရွေးချယ်မှုသည် ကြိုတင်မျှော်မှန်း ထားသည့် အကျိုးသက်ရောက်မှုများ ရရှိနိုင်သကဲ့သို့ မျှော်မှန်းမထားသည့် အကျိုးဆက်များလည်း ပေါ်ပေါက်စေနိုင်သည်ဟု မှတ်ယူရပေမည်။

အချို့ရွေးကောက်ပွဲစနစ်များက တစ်ပါတီတည်းက ကြီးစိုးသည့်အခြေအနေကို ပေါ်ပေါက်စေ နိုင်ပြီး အချို့ရွေးကောက်ပွဲစနစ် များက ညွန့်ပေါင်း အစိုးရ တစ်ရပ်ရပ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။ အချို့ရွေးကောက်ပွဲစနစ်များက မဲဆန္ဒရှင်များအားလုံး၏ ကိုယ်စားပြုမှုကို အချိုးကျ ဖော်ဆောင်ပေးနိုင်ပြီး အချို့ရွေးကောက်ပွဲစနစ်များသည် မဲသာသူက အနိုင်ရရှိပြီး ကျန်မဲဆန္ဒရှင် များ၏ ကိုယ်စားပြုမှုကို  လျစ်လျူပြုရာ ရောက်ခြင်းများလည်း ရှိနိုင်ပါသည်။  အချို့ ရွေးကောက်ပွဲစနစ်နှင့် ရွေးကောက်ပွဲကြောင့်ပင် ပါတီအဖွဲ့ အစည်းအတွင်း၊ လူထုအတွင်း၊ စိတ်ဝမ်းကွဲပြားမှုများဆီသို့ ဦးတည်သွားမှုများလည်း ဖြစ်ပွားစေနိုင်ပါသည်။ မည်သည့် ရွေးကောက်ပွဲစနစ်ပင်ဖြစ်စေ လူကောင်းလူတော်များကို ရွေးချယ်ပေးနိုင်ရန် အရေးကြီးပါသည်။

ထို့ကြောင့် မိမိနိုင်ငံ၊ မိမိပြည်သူနှင့် သင့်လျော်သော ရွေးကောက်ပွဲစနစ်များကို ရွေးချယ်၍ လည်းကောင်း၊ တီထွင်ဖန်တီး၍ လည်းကောင်း၊ ရွေးကောက်ပွဲစနစ် တစ်ခုမှတစ်ခုသို့ ပြောင်းလဲ၍လည်းကောင်း ရေးဆွဲကျင့်သုံးကြရာတွင် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဖြစ်နိုင်ခြေများကိုလည်း ကြိုတင်မျှော်တွေး၍ဆင်ခြင်သုံးသပ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

အခြေခံရွေးကောက်ပွဲစနစ် အမျိုးအစားများ

ရွေးကောက်ပွဲစနစ်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ နိုင်ငံအများစုတွင် ကျင့်သုံးနေသော အခြေခံရွေးကောက်ပွဲစနစ်အုပ်စု သုံးအုပ်စုရှိပြီး Majority/ Plurality System ဗဟုအများစု ကိုယ်စားပြုစနစ်များအုပ်စု၊ Proportional Representation System အချိုးကကိုယ်စားပြုစနစ် များအုပ်စုနှင့် Mixed System ပေါင်းစပ်ထားသော စနစ်များအုပ်စုတို့ ဖြစ်သည်ဟုဆိုပါသည်။

ဗဟုအများစု ကိုယ်စားပြုစနစ်များအုပ်စုတွင်

မဲအများဆုံးရသူ အနိုင်ရစနစ် (First Past The Post - FPTP) ၊ နှစ်ကျော့ပြန်စနစ် (Two Round System - TRS)၊ ကြိုက်နှစ်သက်မှု ဦးစားပေးစနစ် (Altenative Vote – AVI)၊ ကိုယ်စားလှယ်ဗဟိုပြုစနစ် (Block Vote - BV)၊ ပါတီဗဟိုပြု စနစ် (Party Block Vote - PBV) တို့ ပါဝင်ကြောင်း သိရှိရပါသည်။

အချိုးကျကိုယ်စားပြုစနစ်တွင် စာရင်းအလိုက် အချိုးကျကိုယ်စားပြုစနစ် (List Proportional Representation - List PR) နှင့် လွှဲပြောင်း၍ရသော တစ်ခဲတည်းမဲပေးစနစ် (Single Transferable Vote - STV) တို့ ပါဝင်ပါသည်။

ပေါင်းစပ်ထားသည့်စနစ်များအုပ်စုတွင် အပြိုင်စနစ် (Parallel System) နှင့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional - MMP) တို့ ပါဝင်ပါသည်။

ဗဟုအများစုကိုယ်စားပြုစနစ်များအုပ်စု

ဗဟုအများစု ကိုယ်စားပြုစနစ်များအုပ်စုတွင် ပါဝင်သော မဲအများဆုံးရသူ အနိုင်ရစနစ် (FPTP) စနစ်သည် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ရသည့် မဲဆန္ဒနယ်တွင် ဆန္ဒမဲအများဆုံးရသည့် ကိုယ်စားလှယ်ကို ရွေးကောက်တင်မြှောက်ခြင်းဖြစ်ပါသည်။ နှစ်ကျော့ပြန် စနစ် (TRS) စနစ်သည် ကိုယ်စားလှယ်တစ်ဦးရွေးချယ်ရသည့် မဲဆန္ဒနယ်တွင် ဆန္ဒမဲ ၅၀  ရာခိုင်နှုန်း + ၁ မဲ သို့မဟုတ် သတ်မှတ် မဲရရှိသူကို ရွေးချယ်ခြင်းဖြစ်သည်။ မည်သည့်ကိုယ်စားလှယ်တစ်ဦးမျှ သတ်မှတ်ထားသည့် မဲအရေအတွက် မရလျှင် ဆန္ဒမဲ အများဆုံးရခဲ့သူနှစ်ဦး သို့မဟုတ် နှစ်ဦး ထက်ပိုသော ကိုယ်စားလှယ်များကို ဒုတိယအကြိမ် မဲပြန်ပေးပြီး ဆန္ဒမဲအများဆုံးရရှိသူကို ရွေးချယ်သည့် စနစ်ဖြစ်ပါသည်။ ကြိုက်နှစ်သက်မှုဦးစားပေးစနစ် (AV) စနစ်သည် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ရသည့် မဲဆန္ဒနယ်တွင် မဲဆန္ဒရှင်က ကိုယ်စားလှယ်လောင်း များကို မိမိနှစ်သက်ရာ ဦးစားပေးအစဉ်လိုက် သတ်မှတ်၍ မဲအများဆုံး ရရှိသူကို ရွေးချယ်သည့်စနစ် ဖြစ်ပါသည်။ ကိုယ်စားလှယ်ဗဟိုပြုစနစ် (BV) စနစ်သည်  ကိုယ်စားလှယ် တစ်ဦးထက် ပိုမိုရွေးချယ်ရသည့်၊ မဲဆန္ဒနယ်တွင် ကျင့်သုံးခြင်းဖြစ်ပြီး မဲဆန္ဒရှင်များက  ကိုယ်စားလှယ်တစ်ဦးထက်ပို၍ မဲပေးခွင့်ရှိသည်။ ဆန္ဒမဲအများဆုံးရရှိသည့် ကိုယ်စားလှယ် လောင်းများက အနိုင်ရရှိသည့် စနစ်ဖြစ်သည်။ ပါတီဗဟိုပြု စနစ် (PBV) စနစ်သည်လည်း ကိုယ်စားလှယ် တစ်ဦးထက် ပိုမိုရွေးချယ်ရသည့် မဲဆန္ဒနယ်တွင် ကျင့်သုံးခြင်းဖြစ်ပြီး ယင်းစနစ် တွင် မဲဆန္ဒရှင်များက ပါတီတစ်ခုကိုသာ ဗဟိုပြုရွေးချယ်ရပြီး ကိုယ်စားလှယ်ကို ရွေးချယ်ခြင်း မပြုရပါ။ ဆန္ဒမဲအများဆုံး  ရသည့်ပါတီက မဲဆန္ဒနယ်၏အမတ်နေရာ အားလုံးကို ရရှိမည် ဖြစ်ပါသည်။

အချိုးကျကိုယ်စားပြုစနစ်များအုပ်စု

အချိုးကျကိုယ်စားပြုစနစ်များအုပ်စုတွင် ပါဝင်သော စာရင်းအလိုက် အချိုးကျကိုယ်စားပြုစနစ် (list PR) စနစ်သည် ကိုယ်စားလှယ်တစ်ဦးထက် ပိုမိုရွေးချယ်ရသည့် မဲဆန္ဒနယ်တွင် ကျင့်သုံးသည့် PR စနစ်တစ်မျိုးဖြစ်ပါသည်။ PR စနစ်၏သဘောအရ မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာ သတ်မှတ်၍ ကိုယ်စားလှယ်များကို အချိုးကျသတ်မှတ်ရသည့်စနစ် ဖြစ်ပါသည်။ မဲဆန္ဒရှင်က ပါတီအမည်ကိုသာ ရွေးချယ်ရသည့် Closed List စနစ်နှင့် ပါတီကိုကိုယ်စား ပြုသည့် မိမိနှစ်သက်ရာကိုယ်စားလှယ်ကို ရွေးချယ်ရသည့် Open List စနစ်ဟူ၍ နှစ်မျိုးရှိပါသည်။ Closed List တွင် နိုင်ငံရေးပါတီများက မဲဆန္ဒနယ်တွင် ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ် အရေအတွက်အရ အမည်စာရင်းကို ဦးစားပေး အစီအစဉ်အတိုင်း ရွေးကောက်ပွဲ ကော်မရှင်သို့ အမည်စာရင်းတင်သွင်းရပါသည်။ တစ်သီးပုဂ္ဂလများလည်း ဝင်ရောက် အရွေးချယ်ခံနိုင်ပါသည်။ မဲဆန္ဒရှင်က မဲလက်မှတ်ပေါ်တွင် နှစ်သက်ရာ ပါတီအမည် သို့မဟုတ် တစ်သီးပုဂ္ဂလတစ်ဦးကိုသာ မဲပေးရွေးချယ်ရခြင်း ဖြစ်ပါသည်။ ရရှိသည့်ဆန္ဒမဲများကို အချိုးကျ တွက်ချက်၍ ကိုယ်စားလှယ်အရေအတွက်အား သတ်မှတ်ပေးခြင်း ဖြစ်ပါသည်။ List PR တွင် ဘယ်လ်ဂျီယံနိုင်ငံသား သင်္ချာနှင့် ဥပဒေပညာရှင် Victor D'hondth စတင်ဖော်ထုတ်ခဲ့သည့် D’hondth စနစ်ကို နိုင်ငံတကာတွင် အများဆုံး အသုံးပြုသည်။ ယင်းစနစ်တွင် ကိုယ်စားလှယ် ရေတွက်ရာ၌ လက်ကျန်မဲအများဆုံးစနစ် (The Largest Remainder) နှင့် အမြင့်ဆုံး ပျမ်းမျှစနစ် (The Highest Average) တို့ ပါဝင်သည်။ ရိုးရှင်း လွယ်ကူသော လက်ကျန် မဲအများဆုံးစနစ်ကို နိုင်ငံအများစုကျင့်သုံးသည်။ ပထမနည်း လက်ကျန်မဲ အများဆုံးစနစ်တွင် ပထမအဆင့် ကိုယ်စားလှယ် တစ်ဦးရရှိရမည့် အခြေခံမဲ (Threshold) ကို တွက်ချက်ရသည်။ ဥပမာ- ကိုယ်စားလှယ် ၁၀ ဦး ရွေးချယ်ရမည့် မဲဆန္ဒနယ်တွင် ခိုင်လုံမဲ ၁၀၀၀၀၀ ရှိပါက ယင်းခိုင်လုံမဲစုစုပေါင်းကို ကိုယ်စားလှယ် အရေအတွက်ဖြင့် စားခြင်းရလဒ် ၁၀၀၀၀ သည် ကိုယ်စားလှယ်တစ်ဦး ရရှိရမည့် အခြေခံမဲ (Threshold)အဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာတွင် Hare Quota စနစ်ဟု လူသိ များပါသည်။ ဒုတိယအဆင့် ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများ တစ်ဦးချင်းရရှိသည့် ခိုင်လုံမဲကို အခြေခံမဲ (Threshold) ဖြင့်စား၍ ကိုယ်စားလှယ် အရေအတွက်ကို ဆက်လက်သတ်မှတ်ပါသည်။ သတ်မှတ်ကိုယ်စားလှယ် အရေအတွက် ပြည့်မီခြင်း မရှိသေးပါက ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများ၏ လက်ကျန် မဲများကို အများအနည်းအလိုက် ဦးစားပေးအစဉ်အတိုင်း ကိုယ်စားလှယ် တစ်ဦးစီ  ထပ်ဆောင်းရေတွက်ပေးရသည့်စနစ် ဖြစ်ပါသည်။ ဒုတိယနည်း အမြင့်ဆုံးပျမ်းမျှစနစ်တွင် ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ  ရရှိသည့် ခိုင်လုံမဲများကို ပျမ်းမျှစနစ်ဖြင့်စား၍ သတ်မှတ်ကိုယ်စားလှယ်ပြည့်မီသည်အထိ အဆင့်ဆင့်ရေတွက်သည့် နည်းစနစ်ဖြစ်ပါသည်။ Open  List စနစ်တွင် မဲဆန္ဒရှင်က နှစ်သက်ရာ ပါတီကိုယ်စားပြု ကိုယ်စားလှယ် ကို မဲပေးရသည်။ ကိုယ်စားလှယ်များရရှိသည့် မဲစုစုပေါင်းသည် ပါတီက ရရှိသည့် မဲများအဖြစ် တိုက်ရိုက် သက်ဆိုင်ပြီး အချိုးကျ ကိုယ်စားလှယ်ခွဲဝေပေးသည့် စနစ်ဖြစ်ပါသည်။

အချိုးကျ ကိုယ်စားပြုစနစ်များ အုပ်စုတွင် List PR စနစ်ကို အများဆုံးအသုံးပြုပြီး ပါတီများနှင့် တစ်သီးပုဂ္ဂလများရရှိသည့် ထောက်ခံဆန္ဒမဲ အပေါ်မူတည်၍ကိုယ်စားလှယ်အရေအတွက် အချိုး ကျသတ်မှတ်ပေးသဖြင့် မဲဆန္ဒရှင်များ၏ ကိုယ်စားပြုမှု ပေါ်လွင်ထင်ရှားစေသည့်စနစ် ဖြစ်ပါသည်။

လွှဲပြောင်း၍ရသော တစ်ခဲတည်းမဲပေးစနစ် (STV) စနစ်သည် ကိုယ်စားလှယ်တစ်ဦးထက် ပိုမို ရွေးချယ်ရသည့် မဲဆန္ဒနယ်တွင် ကျင့်သုံးသည့် PR စနစ်တစ်မျိုးဖြစ်သည်။ မဲဆန္ဒရှင်က မိမိ နှစ်သက်ရာ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းကို မဲပေး ရွေးချယ်ရပါသည်။ သတ်မှတ်ထားသော အခြေခံမဲရရှိသည့် ကိုယ်စားလှယ်လောင်းများအား အနိုင်ရ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ပြီး ရွေးကောက်ရမည့်ကိုယ်စားလှယ်အရေအတွက် မပြည့်မီသေးပါက ၎င်းအနိုင်ရ ကိုယ်စားလှယ်လောင်း ရရှိထားသည့် အခြေခံမဲထက် ပိုနေသော လက်ကျန်မဲများကို နောက်ထပ် ကိုယ်စားလှယ်လောင်းများသို့ လွှဲပြောင်းပေးခြင်းဖြင့် ကိုယ်စားလှယ် အလုံအလောက် ရွေးကောက်ပြီးသည်အထိ အဆင့်ဆင့် ရေတွက်ရသောစနစ် ဖြစ်ပါသည်။ အဆင့်ဆင့် မဲရေတွက်မှု ရှုပ်ထွေးသောစနစ်ဖြစ်ပြီး အသုံးနည်းကြောင်း သိရှိရပါသည်။

ပေါင်းစပ်ထားသည့် စနစ်များအုပ်စု

ပေါင်းစပ်ထားသည့် စနစ်များအုပ်စုသည် သာမန်အားဖြင့် FPTP နှင့် PR ကို ရောနှောကျင့်သုံး သည့် တစ်စိတ်တစ်ပိုင်း PR (Semi PR) စနစ် ဖြစ်ပါသည်။ ယင်းအုပ်စုတွင် ပါဝင်သော အပြိုင်စနစ်  (Parallel) သည် FPTP ဖြင့် မဲဆန္ဒနယ်ကိုယ်စားပြု  ကိုယ်စားလှယ်များနှင့် PR ဖြင့် ပါတီအလိုက် အချိုးကျကိုယ်စားပြု ကိုယ်စားလှယ်များကို ပူးတွဲရွေးချယ် ရသည့်စနစ် ဖြစ်ပါသည်။ မတူညီသော စနစ်နှစ်မျိုးကို ပေါင်းစပ်အသုံးပြုသည့် စနစ်ဖြစ်ပါသည်။  မဲဆန္ဒရှင်က မဲလက်မှတ်တစ်စောင်တည်းပေါ်တွင် မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို တစ်ကြိမ်၊ မိမိနှစ်သက်ရာ ပါတီကိုတစ်ကြိမ် ဆန္ဒပြုရွေးချယ် ရပါသည်။ FPTP အရ မဲအများဆုံးရသည့် ကိုယ်စားလှယ်လောင်းက ယင်းမဲဆန္ဒနယ်အတွက် အနိုင်ရ ကိုယ်စားလှယ် ဖြစ်ပြီး PR အရပါတီက အချိုးကျရရှိသည့် ထောက်ခံမဲများဖြင့် ပါတီကိုယ်စားပြု  ကိုယ်စားလှယ် များကိုလည်း ခွဲဝေသတ်မှတ်ပေး သည့်စနစ် ဖြစ်ပါသည်။ ယင်းစနစ်တွင် PR ဖြင့် ပါတီက အချိုးကျရရှိသော ကိုယ်စားလှယ် အရေ အတွက်တွင် FPTP အရ အနိုင်ရထားသည့် ကိုယ် စားလှယ်ဦးရေကို ထည့်သွင်းခုနှိမ်၍ရေတွက်ခြင်းမပြုဘဲ ကိုယ်စားလှယ်သီးခြားစီ သတ်မှတ်ပေး သော Parallel စနစ် ဖြစ်ပါသည်။ ဥပမာ - လွှတ်တော်  ကိုယ်စားလှယ် ၅၀၀ တွင် မဲဆန္ဒနယ် ၂၅၀ အတွက် ကိုယ်စားပြုကိုယ်စားလှယ်လောင်း ၂၅၀ ကို FPTP ဖြင့် တိုက်ရိုက်ရွေးချယ်ပြီး ကျန် ၂၅၀ ကို ပါတီအလိုက် အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးချယ်ခြင်းသဘော ဖြစ်ပါသည်။ ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ် (MMP) စနစ် သည် Parallel စနစ်ကဲ့သို့ပင် မဲဆန္ဒနယ် ကိုယ်စားပြု FPTP စနစ်နှင့် ပါတီအလိုက် အချိုးကျ ကိုယ်စားပြု PR စနစ်ကို ပေါင်းစပ်ကျင့်သုံးသည့် စနစ်ဖြစ်ပါသည်။ သို့ရာတွင် မဲရေတွက်ရာ၌ ပါတီအလိုက် ကိုယ်စားလှယ် အချိုးကျရရှိသည့် အရေအတွက်တွင် ယင်းပါတီက မဲဆန္ဒနယ်ကိုယ်စားပြု အနိုင်ရ ကိုယ်စားလှယ် ဦးရေကို ခုနှိမ်ပြီး အချိုးညီအောင် ရေတွက်သတ်မှတ်ပေးခြင်း ဖြစ်ပါသည်။ ဥပမာ - A ပါတီက တစ်နိုင်ငံလုံးအတွက် ပါတီ အချိုးကျ ကိုယ်စားလှယ် ရာခိုင်နှုန်းအရ ၈၀ နေရာအတွက် ရရှိထားသည်ဆိုပါစို့။ မဲဆန္ဒနယ် ကိုယ်စားပြု အနိုင်ရ ကိုယ်စားလှယ် အရေအတွက် ၁၅ နေရာရရှိထားလျှင် ပါတီအချိုးကျ ကိုယ်စားလှယ် ၆၅ နေရာနှင့် မဲဆန္ဒနယ် ကိုယ်စားပြု ၁၅ နေရာ စုစုပေါင်း ၈၀ နေရာအဖြစ် အချိုးညီအောင် ရောနှောရေတွက် သတ်မှတ်ပေးသည့်စနစ် ဖြစ်ပါ သည်။ ပေါင်းစပ်ထားသည့်စနစ်များအုပ်စု (Mixed System) စနစ်များသည် မဲဆန္ဒရှင်က နှစ်သက်ရာ ပါတီကိုလည်းကောင်း၊ နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကိုလည်းကောင်း ခွဲခြားပြီး စိတ်ကြိုက် ရွေးချယ်ခွင့်ရှိသည့် မဲဆန္ဒရှင် ကိုယ်စားပြုမှုနှင့်  ပါတီအလိုက် အချိုးကျ ကိုယ်စားပြုမှုကို ဖော်ဆောင် ပေးနိုင်သည့်စနစ်များ ဖြစ်ပါသည်။

အထက်ဖော်ပြပါ ရွေးကောက်ပွဲစနစ်များကို အခြေခံ၍ အမျိုးအစားတူ၊ စနစ်တူသော်လည်း မဲဆန္ဒနယ်၊ ကိုယ်စားလှယ်နှင့် မဲရေတွက်ပုံအမျိုးမျိုးကို ရွေးချယ်ကျင့်သုံးကြပါသည်။ အခြားသော  စနစ်များဖြစ်သည့် လွှဲပြောင်း၍မရသော တစ်မဲတည်း မဲပေးစနစ် (SNTV) စနစ်၊ ကန့်သတ်မဲပေး စနစ် (LV) စနစ်၊ Modified BC စနစ်တို့ကိုလည်း နိုင်ငံအနည်းငယ်တွင် ကျင့်သုံးကြောင်း သိရှိရပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲစနစ်ဆိုင်ရာ လေ့လာဆန်းစစ် သူများ၏ အဆိုအရ နိုင်ငံအများစု တွင် ကျင့်သုံးနေသော အဓိက ရွေးကောက်ပွဲစနစ် အုပ်စု သုံးအုပ်စုရှိပြီး ဗဟုအများစု ကိုယ်စားပြုစနစ်ကို နိုင်ငံပေါင်း ၇၀ ကျော်တွင်လည်းကောင်း၊ အချိုးကျ  ကိုယ်စားပြု PR စနစ်ကို နိုင်ငံပေါင်း ၈၀ ကျော်တွင်လည်းကောင်း၊ FPTP နှင့် PR ရောနှောထားသော  စနစ်များကို နိုင်ငံပေါင်း ၃၀ကျော်တို့တွင်လည်းကောင်း ကျင့်သုံးလျက် ရှိကြောင်း လေ့လာသိရှိရပါသည်။

အခြေခံရွေးကောက်ပွဲစနစ်အတွက် လိုအပ်ချက်များ

မည်သို့ပင်ဆိုစေကာမူ ပြီးပြည့်စုံသော ရွေးကောက်ပွဲစနစ်ဟူ၍ မရှိနိုင်။ ရွေးကောက်ပွဲ  စနစ်တိုင်းတွင် အားကောင်းချက်၊ လိုအပ်ချက် အနည်းနှင့်အများ ရှိနေမည်သာ ဖြစ်ပါသည်။  ရွေးကောက်ပွဲစနစ်တစ်ရပ် ဖော်ဆောင်ရာတွင် လည်းကောင်း၊ စနစ်တစ်ခုမှတစ်ခုသို့ ပြောင်းလဲ ကျင့်သုံးရာတွင်လည်းကောင်း အခြေခံဥပဒေနှင့် ညီညွတ်ခြင်း၊ မျှတသော ကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ခြင်း၊ ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်ခြင်း၊ တန်းတူပါဝင်ယှဉ်ပြိုင်နိုင်ခွင့်ရှိခြင်း၊ နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် များက မဲဆန္ဒရှင်ကို တာဝန်ခံရခြင်း၊ မတူကွဲပြားမှုများကို စုစည်းနိုင်ပြီး တူညီသော ညီညွတ်မှုကို ဖော်ဆောင်နိုင်ခြင်း၊ တည်ငြိမ်သော အစိုးရတစ်ရပ်ကို ဖြစ်ပေါ်စေခြင်း၊ အုပ်ချုပ်သူအစိုးရက တာဝန်ခံမှုရှိခြင်း၊ နိုင်ငံရေးပါတီငယ်များနှင့် လူနည်းစု များကို အားပေးခြင်း၊ နိုင်ငံတကာ စံသတ်မှတ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တည်ငြိမ်ပြီး  ရေရှည်တည်တံ့စေခြင်း၊ တည်ငြိမ်သော နိုင်ငံရေး ပုံရိပ်ကောင်းကို ဖြစ်ထွန်းစေပြီး အမျိုးသားအကျိုးစီးပွားကို ရေရှည် ဖော်ဆောင်နိုင်ခြင်းနှင့် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော ဗဟုနိုင်ငံရေးစနစ်ကို ပိုမိုမြှင့်တင်ပေးနိုင်ခြင်းစသည်တို့ အပေါ်တွင် အခြေခံ၍  စဉ်းစားသုံးသပ်ကာ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

မိမိတို့ကျင့်သုံးလိုက်သည့် ရွေးကောက်ပွဲစနစ်ကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင် ယိုင်နဲ့စေခြင်း၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းကြား သဟဇာတမဖြစ်ခြင်း၊ လူထုနှင့်လူထုကရွေးကောက်သည့် ကိုယ်စားလှယ်တို့အကြား ထိတွေ့ဆက်ဆံမှု ကွာဟခြင်း၊ ပါတီတွင်းအရေးအရာများ၊ ရွေးကောက်ပွဲ စီမံခန့်ခွဲရေး အဖွဲ့အစည်းများအတွက် ရေရှည်လုပ်ငန်းစဉ်များ၊ အနာဂတ် နိုင်ငံရေး ဖြစ်ထွန်းမှုနှင့် နိုင်ငံရေး ပုံရိပ်တို့အပေါ်တွင် ထင်သာမြင်သာ သက်ရောက်မှုရှိနေမည်ကို သတိချပ်ရန် လိုအပ်ပါမည်။

ရွေးကောက်ပွဲအမျိုးအစားများကို လေ့လာကြည့်လျှင် သမ္မတရွေးကောက်ပွဲများ၊ ပြည်ထောင်စု အဆင့် ဥပဒေပြုလွှတ်တော်တစ်ရပ် သို့မဟုတ် လွှတ်တော်နှစ်ရပ်အတွက် ရွေးကောက်ပွဲများ၊ ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာ ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများ၊ မြူနီစီပယ် သို့မဟုတ် ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲများနှင့် လူထုဆန္ဒခံယူပွဲများဟူ၍ သာမန်အားဖြင့် ရွေးကောက်ပွဲ အမျိုးအစားများရှိကြောင်း သိရှိရပါသည်။

သမ္မတစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် လူထုက သမ္မတကို တိုက်ရိုက်မဲပေးရသည့် သမ္မတ ရွေးကောက်ပွဲကို မဲအများဆုံးရသူ အနိုင်ရစနစ် (First Past The Post - FPTP) သို့မဟုတ် မည်သည့် သမ္မတလောင်းကမျှ ဆန္ဒမဲထက်ဝက်ကျော် သို့မဟုတ် သတ်မှတ်မဲမရသဖြင့် မဲနှစ်ကြိမ် ပြန်ပေးရသည့် နှစ်ကျော့ပြန်စနစ် (Two Round System -TRS) တို့ကို ကျင့်သုံး ကြောင်း သိရှိရပါသည်။ ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲများနှင့် မြူနီစီပယ်သို့မဟုတ် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲများ ကိုလည်း အထက်ဖော်ပြပါ အခြေခံ ရွေးကောက်ပွဲ စနစ်များအနက်မှ မိမိနိုင်ငံနှင့် သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍ ပူးတွဲကျင့်သုံးကြကြောင်း သိရှိရပါသည်။ နိုင်ငံအလိုက် ရွေးကောက်ပွဲစနစ် တစ်မျိုးတည်းကို ကျင့်သုံးခြင်း၊ လွှတ်တော်တစ်ရပ်လျှင် ရွေးကောက်ပွဲစနစ် တစ်မျိုးစီ ခွဲခြားကျင့်သုံးခြင်း၊ လွှတ်တော် တစ်ရပ်တည်းတွင် ကိုယ်စားလှယ်အရေအတွက် ခွဲခြားသတ်မှတ်၍ ရွေးကောက်ပွဲစနစ်နှစ်မျိုး ပူးတွဲကျင့်သုံးခြင်းတို့ကို မိမိနိုင်ငံ အခြေအနေနှင့် အညီ ရွေးချယ်ကျင့်သုံးကြကြောင်း လေ့လာသိရှိရပါသည်။

အချို့နိုင်ငံများက မည်သည့်ရွေးကောက်ပွဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရမည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားလေပြီး အချို့နိုင်ငံများက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိဘဲ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကဲ့သို့သော သက်ဆိုင်ရာ ဥပဒေများတွင်သာ ပြဋ္ဌာန်းထားပါသည်။ မည်သည့် ရွေးကောက်ပွဲစနစ်အတွက်မဆို မဲဆန္ဒနယ် သတ်မှတ်ပေးရန် လိုအပ်ပါသည်။ ကိုယ်စားလှယ်တစ်ဦး ရွေးကောက်ရမည့် မဲဆန္ဒနယ်နှင့် ကိုယ်စား လှယ်တစ်ဦးထက်ပို၍ ရွေးကောက်ရမည့် မဲဆန္ဒနယ်ဟူ၍ နှစ်မျိုးရှိပါသည်။ ကိုယ်စားလှယ်အရေအတွက်နှင့် နိုင်ငံ့လူဦးရေအချိုးအစားပေါ် အခြေခံ၍ လည်းကောင်း၊ နယ်မြေဒေသကို အခြေခံ၍လည်းကောင်း၊ နယ်မြေတစ်ခုနှင့်တစ်ခု လူဦးရေ အချိုးညီမျှမှုကို အခြေခံ၍ လည်းကောင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ မဲဆန္ဒနယ် သတ်မှတ်ပုံ မတူညီကြပါ။ PR စနစ်တွင် မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာ သတ်မှတ်၍ ကိုယ်စား လှယ်အများအပြားကို ရွေးကောက်တင်မြှောက်ရ သည်ဖြစ်ရာ ကိုယ်စားလှယ်တစ်ဦးချင်းအတွက် ကိုယ်စားပြုနယ်မြေ တစ်နယ်မြေစီ မရှိတော့ဘဲ မဲဆန္ဒနယ်တစ်နယ်လုံးအတွက် စုပေါင်းကိုယ်စားပြုသည့် သဘော ရှိနေပါသည်။ အချို့နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နယ်မြေကို အခြေခံ၍ ကိုယ်စားလှယ် ရွေးကောက်ရမည့် ပြဋ္ဌာန်းချက်များ ပါရှိနိုင် မည်ဖြစ်ရာ မည်သည့် PR စနစ်ကို ရွေးချယ်ကျင့်သုံးသည်ဖြစ်စေ ယင်းပြဋ္ဌာန်းချက်မူဘောင်အတွင်းမှ နယ်မြေကိုယ်စားပြုမှုရရှိမည့် နည်းလမ်းမျိုး ကို လည်းစဉ်းစားဖော်ထုတ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေး

အချို့နိုင်ငံများတွင် လက်ရှိကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်၏ အားနည်းချက်၊ အားသာ ချက်၊ နိုင်ငံသားတို့၏ အကျိုးစီးပွား လိုအပ်ချက်၊ ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် နိုင်ငံရေး အကျိုးဆက်၊ အနာဂတ် နိုင်ငံ့အကျိုးစီးပွား သက်ရောက်မှုတို့အပေါ် မူတည်၍ လက်ရှိကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်မှ ရွေးကောက်ပွဲစနစ် အသစ်တစ်ရပ်သို့ ပြောင်းလဲကျင့်သုံးခဲ့ကြသည့် သာဓကများလည်း ရှိပေသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ် ရွေးကောက်ပွဲသုံးကြိမ် အပါအဝင်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် မကြာသော ကာလက ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများကို မဲအများဆုံးရသူ အနိုင်ရစနစ် FPTP ကို ကျင့်သုံးခဲ့ပါသည်။ ယင်းသို့ FPTP စနစ်အရ တစ်မဲအသာဖြင့် အနိုင်ရသူ ကိုယ်စားလှယ်လောင်းက ရွေးကောက်တင်မြှောက်ခံရပြီး ကျန်ကိုယ်စားလှယ်လောင်းများအား မဲပေးခဲ့သည့် မဲဆန္ဒရှင်များ၏ ဒီမိုကရေစီအရကိုယ်စားပြုမှုမှာ ပျောက်ဆုံးနေသည့် သဘောကို တွေ့ရှိခဲ့ရပေသည်။

ရွေးကောက်ပွဲ၏ အခြေခံသဘောတရားဖြစ်သော ဒီမိုကရေစီ၏အခြေခံကျသည့် အနှစ်သာရ လည်းဖြစ်သော ကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ခြင်းသည် ရွေးကောက်ပွဲ စနစ်အပေါ်တွင်သာ မူတည်နေမည်ဖြစ်သည်။ အများစု၏ဆန္ဒအတိုင်း ဆုံးဖြတ်လိုက်နာ ရသကဲ့သို့ အနည်းစု၏ အခွင့်  အရေးကိုလည်း တရားမျှတစွာ ဖော်ဆောင်ခွင့်ရှိခြင်း စသည့်အချက်များသည် FPTP စနစ်တွင် မဲနိုင် သည့်ပါတီအတွက် အားသာချက်ဖြစ်ပြီး ကျန်ပါတီများအတွက် မဲဆန္ဒရှင်များ၏ ကိုယ်စားပြုမှု နစ်နာဆုံးရှုံးနေသည့်သဘောကို တွေ့ရှိနေရပေသည်။  ထို့ကြောင့် FPTP စနစ်၏ အားနည်းချက်ကို ကျော်လွှားနိုင်ရန်နှင့် အချိုးကျ ကိုယ်စားပြုမှုကို ဖော်ဆောင် နိုင်ရန်အတွက် PR စနစ်များနှင့်  တစ်စိတ်တစ်ပိုင်း PR ဖြစ်သော Mixed System စနစ်များကို တီထွင်ကျင့်သုံး ခဲ့ကြခြင်းဖြစ်မည်ဟု လေ့လာသုံးသပ်မိပါသည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ လက်ရှိကာလ ဖြစ်သော အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များအား ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော် တည်ငြိမ်အေးချမ်းစွာဖြင့် လွတ်လပ်မျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးပြီးလျှင် အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အနိုင်ရသည့် ပါတီကဦးဆောင်၍ နိုင်ငံတော်တည်ဆောက်ရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တာဝန်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိနေပေသည်။

သို့ဖြစ်ရာ ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ အတွေ့အကြုံ၊ ကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲ စနစ်၏ အားသာချက်နှင့် အားနည်းချက်များ၊ ပြည်သူတို့ ဖြတ်သန်းပေးဆပ်ခဲ့ရသည့် အချိန် ကာလ၊ နိုင်ငံရေးဖြစ်ထွန်းခဲ့မှု၊ ပြည်သူ့အကျိုးစီးပွားရလဒ် ဖြစ်ပေါ်ခဲ့မှု၊ အနာဂတ်နိုင်ငံတော်၏ နိုင်ငံရေးပုံရိပ်နှင့် အမျိုးသားအကျိုးစီးပွားအတွက် ရေရှည်အကျိုး သက်ရောက်မှုတို့အပေါ်တွင် ပြန်လည်ဆန်းစစ်၍ လည်းကောင်း၊ မဲဆန္ဒရှင် ပြည်သူအားလုံးနှင့် တိုင်းရင်းသားလူမျိုးစုများ အားလုံးအတွက် မျှတသော ကိုယ်စားပြုမှုနှင့် အာမခံချက်၊ တည်ငြိမ်အေးချမ်းပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသော အနာဂတ်  မျှော်မှန်းချက်များ အတွက် မျှော်တွေးသုံးသပ်နိုင်ကြစေရန်အလို့ငှာ အခြေခံရွေးကောက်ပွဲစနစ်များ အကြောင်းအား မဲဆန္ဒရှင်တစ်ဦးအနေဖြင့် လေ့လာတင်ပြလိုက်ရပါသည်။ ။

ကိုးကား https://aceproject.org

https://en.wikipedia.org/list of electoral systems by country

မဲဆန္ဒရှင်တစ်ဦး