Skip to main content

ရာသီတုပ်ကွေးရောဂါနှင့် အသက် ၂ နှစ်အောက်ကလေးများတွင် အဖြစ်များသည့် လေပြွန်ရောင်ရမ်းပြီး အသက်ရှူကျပ် သည့် ရောဂါအကြောင်းသိကောင်းစရာ

 

ရာသီအကူးအပြောင်းကြောင့် အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါနှင့် အသက် နှစ်အောက်ကလေးများတွင် အဖြစ်များသည့် လေပြွန်ရောင်ရမ်းပြီး အသက်ရှူကျပ်သည့် ရောဂါအ ကြောင်းကို ကျန်းမာရေး ဝန်ကြီးဌာန ရန်ကုန်ကလေးဆေးရုံကြီး၊ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာစောသက်ခိုင်နှင့် ရန်ကင်းကလေးဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာရဲကျော်သူတို့က ဆွေးနွေး ပြောကြားခဲ့သည်။

မေး ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ကလေးတွေဖျားနာပြီး ချောင်းဆိုးကြတာ ကိုတွေ့ရပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောကြားပေးပါဦး။

 ဒေါက်တာစောသက်ခိုင် အောက်တိုဘာလမှာ ကလေးတွေ ဖျားနာပြီး ချောင်းဆိုးကြတာ တော်တော်များပါ တယ်။ ဒီအချိန်မှာ ဖျားနာ၊ချောင်းဆိုးတယ်ဆိုတာက ပထမဦးဆုံး ရိုးရိုးအအေးမိပြီးဖျားတာ (Common cold) လို့ခေါ်ပါတယ်။ ဒုတိယတစ်ခုက ရာသီတုပ် ကွေး (Seasonal Flu) ဖြစ်ပါတယ်။ တတိယက သွေးလွန်တုပ်ကွေးဖြစ်ပြီး နောက်ဆုံးတစ်ခုက အခုခေတ်စားနေတဲ့ ကိုဗစ် - ၁၉ ရောဂါကြောင့် ကလေးတွေ ဖျားနာတာကို တွေ့ရပါတယ်။

မေး ရာသီတုပ်ကွေးရောဂါဆိုတာ ဘာပါလဲ။ ဘယ်လိုလက္ခဏာတွေ ရှိတယ်ဆိုတာ ပြောကြားပေးပါဦး။

ဒေါက်တာစောသက်ခိုင် ရာသီ တုပ်ကွေးရောဂါလို့ ပြောပေမယ့် သူက တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မိုးဦးကာလနဲ့ ဆောင်းဦးကာလတွေမှာ ဖြစ်တာကို တွေ့ရပါတယ်။ အရင်နှစ်တွေမှာ တုပ်ကွေးက ဇွန်လမှာတွေ့ရပြီး ယခုနှစ် အောက်တိုဘာလမှာ နှာစေး၊ ချောင်းဆိုး၊ ဖျားတဲ့ကလေးတွေ တွေ့ရပါတယ်။ ကူးစက်နိုင်တဲ့အကြောင်းတွေက အသက်ရှူလမ်းကြောင်းကနေထွက်တဲ့ အမှုန်အမွှား တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ တုပ်ကွေး ဖြစ်နေတဲ့သူ ကိုင်တွယ်အသုံးပြုထားတာတွေကနေတစ်ဆင့် ကူးစက်နိုင်ပြီး ကူးစက်မြန်တဲ့ရောဂါအထဲမှာပါ ပါတယ်။ တစ်အိမ်မှာ တစ်ယောက်ဖြစ်ပြီဆိုရင် တစ်အိမ်လုံးဖြစ်ပြီးမှ ထွက်သွားတတ်တဲ့ ရာသီ တုပ်ကွေး (Flu) ဖြစ်ပြီး တုပ်ကွေး (Influenza) ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

မေး တုပ်ကွေးရောဂါက ကိုဗစ်နဲ့ အခြားအအေးမိရောဂါတွေနဲ့ ဘယ်လိုတွေ ကွာခြားမှုရှိတယ် ဆိုတာကို ပြောကြားပေးစေလို ပါတယ်။

ဖြေ ဒီအချိန်မှာဖြစ်တဲ့ ရောဂါတွေရဲ့ ရောဂါလက္ခဏာတွေကအစပိုင်းမှာတူပါတယ်။ ဖျားတယ်၊ နှာစေး၊ ချောင်းဆိုးတယ် ဒါပေမယ့် ပိုပြီးအဖြစ်များတာက သာမန်အအေးမိပြီး ဖျားတာ (Common Cold) မှာက မောတာမရှိပါဘူး။ ဖျား တာ၊ ချောင်းဆိုးတာ အဖြစ်များပါတယ်။ ရာသီတုပ်ကွေးရောဂါမှာ ချောင်းဆိုးတာနဲ့ ဖျားတာတွေ အဖြစ်များပါတယ်။ ကြွက်သားတွေ နာကျင်ကိုက်ခဲ တာ၊ အားအင်ကုန်ခန်းတာတွေ အဖြစ်များပါတယ်။

အခုအဖြစ်များတဲ့ ကိုဗစ် - ၁၉ ရောဂါမှာတော့ ချောင်းဆိုးတာ၊ ဖျားနာတာ၊ လည်ချောင်း နာကျင် တာတွေက ရံဖန်ရံခါဖြစ်တတ်ပြီး အနံ့ ပျောက်တာနဲ့ နှာစေးတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အခုထူးထူးခြားခြား တွေ့တာက ရာသီတုပ်ကွေးရောဂါမှာ ရံဖန်ရံခါ ဝမ်းလျှောဝမ်းပျက် ဖြစ်တတ်ပါတယ်။ ကိုဗစ် -၁၉က ဝမ်းလျှောဝမ်းပျက်နဲ့ လာတာလည်း ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေကို အဓိကတွေ့ရ ပါတယ်။

မေး တုပ်ကွေးရောဂါက ဘယ်လိုလူတွေမှာအဖြစ်များသလဲ၊ သူ့ရဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်နိုင်တယ် ဆိုတာကို ပြောကြား ပေးပါဦး။

ဒေါက်တာစောသက်ခိုင် တုပ်ကွေးကအသက် အရွယ်မရွေး၊ ကျားမမရွေး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တုပ်ကွေးအဖြစ်များဖို့ အန္တရာယ် (Risk) ရှိနိုင်တာက အသက် နှစ် အောက်၊ အထူးသဖြင့် နှစ်အောက် နဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေမှာ အဖြစ် များပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ရောဂါ ဖြစ်လွယ်ပါတယ်။ ဥပမာ ဆီးချိုရောဂါရှိသူ၊ ပန်းနာ ရင်ကျပ်ရောဂါအခံရှိသူ၊ နှလုံးရောဂါအခံရှိသူတွေမှာ ပိုပြီးအဖြစ်များတာ တွေ့ရပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်တွေနဲ့ မီးဖွားပြီး နှစ်ပတ်အတွင်းမှာ တုပ်ကွေးရောဂါဝင်ဖို့ပိုပြီး အခွင့်အရေး များပါတယ်။ နောက်ဆက်တွဲအနေနဲ့ သာမန်အားဖြင့် တုပ်ကွေးက ပြင်းထန်မှု လက္ခဏာတွေမပြဘဲ ကောင်းသွားတတ်ပါတယ်။ အချို့တွေမှာတော့ အဆုတ်ရောင်တာ၊ လေပြွန်ရောင်တာ၊ နားအတွင်း အမြှေးပါးရောင်တာ၊ ဦးနှောက်အမြှေးရောင်တာ အထိဆက်ပြီး ဖြစ်နိုင်ပါတယ်။

မေး ဒီရောဂါနဲ့ ပတ်သက်ပြီး ဘယ်လိုတွေကုသနိုင်သလဲ၊ ကာကွယ်နိုင်သလဲဆိုတာ ပြောကြားပေးစေလိုပါတယ်။

ဖြေ ကုသတာက ရာသီတုပ်ကွေးဖြစ်ပြီလို့သံသယရှိပြီဆိုရင် မိမိအိမ်မှာပဲနေပါ။ အာဟာရပြည့်ဝစွာ စားပါ။ အရည်များများသောက်ပါ။ ကောင်းမွန်စွာ အိပ်စက်အနားယူပါ။ ဖျားတယ် ဆိုရင်ကိုယ်ပူကျဆေး ပါရာစီတမောသောက် လို့ရပါတယ်။ ချောင်းဆိုး၊ နှာစေးရင်လည်း ချောင်းဆိုး၊ နှာစေးပျောက်ဆေး သောက်လို့ ရပါတယ်။ ကာကွယ်ခြင်းက အဓိကဖြစ်လို့ မိမိကစပြီး ကာကွယ်ရပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ရပါမယ်။ လက်ကို စက္ကန့် ၂၀ ကြာအောင်ဆေးရပါမယ်။ နှာချေတယ်၊ နှာစေး၊ ချောင်းဆိုး တယ်ဆိုရင် အုပ်ပြီး နှာချေ၊ ချောင်းဆိုးရမယ်။ မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးတွေ ထိုးထားလို့ရပါတယ်။ ရောဂါ ဖြစ်ပြီးမှ ကုသခြင်းထက် ရောဂါက ကြိုတင် ကာကွယ်လို့ရတဲ့ ရောဂါဖြစ်တဲ့အတွက် လူတိုင်းက ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာခြင်းဖြင့် တုပ်ကွေးရောဂါကို ကာကွယ်ကြပါစို့လို့ ပြောကြားလိုပါတယ်။

မေး ကလေးတွေမှာ ဖြစ်တတ်တဲ့ အသက်ရှူကျပ်တဲ့ ရောဂါနဲ့ ပတ်သက်ပြီး ပြောကြား ပေးစေလိုပါတယ်။  

ဒေါက်တာရဲကျော်သူ ကလေးတွေမှာ ဖြစ်တတ်တဲ့ အသက် ရှူကျပ်တဲ့ရောဂါကို ဆေးပညာအရ (Bronchiolitis) လို့ခေါ်ပါတယ်။ အဆုတ်ထဲမှာရှိတဲ့ လေပြွန် သေးသေးလေးတွေ ရောင်ရမ်းတဲ့ရောဂါဖြစ်ပါတယ်။ လေပြွန်တွေရောင်ရမ်း လာတဲ့အခါ အောက်ဆီဂျင် အဝင်နည်း လာပြီး ကလေးတွေ မောပြီးကျပ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

မေး ဒီရောဂါက ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လိုအချိန်တွေမှာ ဖြစ်တာလဲ ဆိုတာကိုလည်း ပြောကြားပေးစေ လိုပါတယ်။

ဒေါက်တာရဲကျော်သူ နိုင်ငံတော်တော်များများမှာ သုတေ သနပြုလုပ်ထားတဲ့ အချက်အရ ဒီရောဂါကို ဖြစ်စေ တာက RSV caton Respiratory Syncytial Virus ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များတာကို တွေ့ရပါတယ်။ တခြားဗိုင်းရပ်စ်တွေဖြစ်တဲ့ Influenza နဲ့ Parainfluenza ဗိုင်းရပ်စ်တို့ကြောင့်လည်း ဖြစ် တတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ရန်ကင်း ကလေးဆေးရုံက ဆရာတွေနဲ့ အောက် မြန်မာပြည် သုတေသနဌာနက ဆရာတွေ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာ ဒီရောဂါ ဖြစ်တဲ့ ကလေးတွေကို ဘာကြောင့် ဖြစ်သလဲဆိုပြီး သုတေသနပြုလုပ်တဲ့အခါ အဖြစ်များတဲ့ပိုးက Respiratory Syncytial Virus ဖြစ်နေတာကို လေ့လာတွေ့ရှိရပါတယ်။  

မေး ။ ။ ဒီရောဂါက ဘယ်လိုအခြေအနေမှာဖြစ်ပွားသလဲ၊ ဘယ်လိုကလေးတွေမှာ အဖြစ်များတယ်ဆိုတာကိုလည်း ပြောကြားပေးပါဦး။

ဒေါက်တာရဲကျော်သူ ။ ။ ဒီရောဂါကဆောင်းတွင်းမှာ အဖြစ်များ လေ့ရှိပါတယ်။ အခုလို အောက်တိုဘာလကစပြီး ဖေဖော်ဝါရီလအတွင်းမှာ အဖြစ်များတယ်။ အဖြစ် အများဆုံးအချိန်က ဒီဇင်ဘာနဲ့ ဇန်နဝါရီလလောက်မှာ အဖြစ်များတာ တွေ့ရပါတယ်။ ဒါပေမယ့် သူက ရာသီတစ်ခုနဲ့တစ်ခု မတူတာမျိုး လည်း တွေ့ကြုံရတတ်ပါတယ်။ ဘယ်လို ကလေး တွေမှာ အဖြစ်များသလဲဆိုတော့ အသက် ၂ နှစ် အောက်ကလေးတွေမှာ အဖြစ်များတာ တွေ့ရပါ တယ်။ ၂ နှစ်အောက်ကလေးတွေထဲမှာ အသက် ၃ လမှ ၉ လအတွင်းမှာရှိတဲ့ ကလေးတွေက ပိုပြီးတော့ အဖြစ်များတယ်ဆိုတာ လေ့လာတွေ့ ရှိရပါ တယ်။ ဒီအထဲမှာမှ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ မစို့ရတဲ့ ကလေးတွေ၊ ပြီးတော့ Smoke Exposure လို့ ခေါ်တဲ့ အိမ်ထဲမှာ ဆေးလိပ် မီးခိုး ပဲဖြစ်ဖြစ်၊ ခြင်ဆေးခွေဖြစ်ဖြစ်၊ ထမင်းဟင်းချက်လို့ ထွက်လာတဲ့ မီးခိုးတွေနဲ့ အတွေ့များတဲ့ ကလေး တွေ၊ နောက်တစ်ခုက အိမ်ထဲမှာ လူဝင်လူထွက်များတဲ့ ကလေးတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။

မေး ။ ။ အသက် ၂ နှစ်အောက် ကလေးတွေမှာဒီရောဂါဖြစ်ပွားရင် ဘယ်လိုရောဂါ လက္ခဏာ တွေပြသလဲ၊ ဘယ်လိုကလေးတွေမှာ ရောဂါပြင်းထန်တယ်ဆိုတာ ပြောကြားပေးစေလိုပါ တယ်။ ဖြေ ။ ။ အစပိုင်းတစ်ရက်၊ နှစ်ရက်လောက်၊ ၄၈နာရီလောက်အတွင်းမှာ သာမန်အအေးမိ၊ တုပ်ကွေးလို ကလေးတွေက ဖျားမယ်၊ ချောင်းဆိုးမယ်၊ နှာစေး၊ နှာပိတ်ဖြစ်မယ်၊ ဒီလိုဖြစ်ရင်းက အစားအသောက်ဝင်တာ နည်းလာတာတွေ့ရပါတယ်။ တစ်ခါတလေ အန်တတ်ပါတယ်။ အများစု က ဒီလောက်နဲ့ ကောင်းသွားတဲ့ ကလေးတွေရှိပါ တယ်။ ဒါပေမယ့် ဆက်ပြီးတော့ ရောဂါပိုးပြင်းထန် လာရင် လေပြွန်လေးတွေရောင်ရမ်းပြီး အောက်ဆီ ဂျင် အဝင်နည်းလာတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ချွဲတွေက လေပြွန်လေးတွေမှာ ပိတ်လာတဲ့အခါ ရင်ကျပ်သံတွေ၊ တရွှီရီမြည်သံတွေက နားကြပ်နဲ့တောင် နားထောင်စရာမလိုဘူး၊ အတိုင်းသားကြား နေရပါတယ်။

ကလေးက အသက်ရှူရခက်နေလို့ ညည်းတဲ့ အသံတွေ၊ မောလာတာတွေကို တွေ့မြင်ရနိုင်ပါ တယ်။ ပိုဆိုးလာရင် အောက်ဆီဂျင်ဓာတ်တွေ နည်းလာတဲ့အခါ အသက်ရှူတွေ မြန်လာတယ်။ ရင်ဘတ်တွေချိုင့်ဝင်ပြီး အသက်ရှူတာကို တွေ့ရပါတယ်။ နံရိုးအတွင်းမှာ ချိုင့်တာနဲ့ နံရိုးအောက်မှာ ချိုင့်တာ၊ အသက်ရှူရင် ရင်ဘတ်ထဲကို ချိုင့်ဝင်ခြင်း ကို တွေ့ရပါတယ်။ ဒီထက်ပိုဆိုးလာရင် အောက်ဆီ ဂျင်ဓာတ်တွေ နည်းလာပြီး သွေးထဲမှာ အောက်ဆီ ဂျင်ဓာတ်တွေ ပိုနည်းလာပြီး လက်သည်းခြေသည်း တွေပြာလာမယ်။ နှုတ်ခမ်းတွေ ပြာလာတဲ့အထိကို ဖြစ်လာပါတယ်။

ဘယ်လိုကလေးတွေက အဆိုးဆုံးကို ခံစားရ သလဲဆိုရင် အသက်ငယ်တဲ့ အသက် လအောက် ကလေးတွေနဲ့ မွေးရာပါ နှလုံးရောဂါပါလာတဲ့ ကလေးတွေ၊ နောက်ပြီး ခုခံအားကျဆင်းနေတဲ့ ကလေးတွေ၊ ပေါင်မပြည့် လမစေ့ဘဲစောပြီးမွေးတဲ့ ကလေးတွေမှာ ဒီရောဂါဖြစ်ရင် ရောဂါပိုပြင်းထန် တတ်တဲ့အတွက်ကြောင့် သတိအလွန်ထားရပါတယ်။

မေး ဒီရောဂါနဲ့ ပတ်သက်ပြီး ချက်ချင်းအရေးပေါ်ပြသရမယ့် လက္ခဏာတွေကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဒေါက်တာရဲကျော်သူ ချက်ချင်းအရေးပေါ်ဆေးရုံ ဆေးခန်းကို ပြသရမယ့် လက္ခဏာတွေက ကလေးတွေက လေပြွန်တွေရောင်ရမ်းလို့ အောက်ဆီဂျင်ဓာတ်တွေနှစ်ခုအတွင်းနဲ့ နံရိုး အောက်ပိုင်း တွေ ချိုင့်ပြီး အသက်ရှူမယ်။ ကလေးက မောလာမယ်။ ပြီးရင်အောက်ဆီဂျင် ဓာတ်နည်းလာလို့ နှုတ်ခမ်းတွေ၊ လက်သည်း ခြေသည်းတွေ ပြာလာမယ်။ နောက်တစ်ခုက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အရေးပေါ် သတိထားရမယ့်အချက်က အသက်ရှူရပ် ရပ်သွားပါတယ်။ ဆေးပညာအခေါ်အရဆိုရင် Apnoea လို့ခေါ်ပါတယ်။ ဒီလိုတွေ ခဏခဏဖြစ်ရင်ဆေးရုံ ဆေးခန်းသို့ အမြန်ဆုံးသွား ရောက်သင့်ပါတယ်။

နောက်တစ်ခုက အသက်ရှူတာ မောလာတဲ့ အခါ အားအင်ကုန်ခန်းလာပြီး ကလေးက အတော် ကို မှိန်းပြီး နှိုးလို့လည်း မရတော့ဘူး။ ဒီလိုမောပြီး မှိန်းတဲ့ကလေးမျိုးတွေ၊ နောက်တစ်ခုက အစာမဝင်တော့ဘူး၊ နို့စို့ကလေးဆိုရင်လည်း နို့မစို့နိုင်ဘူး၊ စားနိုင်သောက်နိုင်တဲ့ အရွယ်ဆိုရင်လည်း စားတာသောက်တာတွေ မရှိတော့ဘဲ အရင်ပုံမှန်ထက် ၅၀ ရာခိုင်နှုန်းအောက် ရောက်သွားတဲ့ ကလေးတွေ ဆိုရင် အရေးပေါ် ဆေးရုံဆေးခန်းကို ပြသသင့်ပါတယ်။

မေး ဒီရောဂါကို ဘယ်လိုတွေ ကာကွယ်နိုင်တယ်ဆိုတာကိုလည်း ပြောကြားပေးစေ လိုပါတယ်။

ဒေါက်တာရဲကျော်သူ လေပြွန်ရောင်ရမ်း တဲ့ (Bronchiolitis) ရောဂါက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ အခြားရောဂါ တွေနည်းတူ ကိုဗစ် - ၁၉၊ တုပ်ကွေးရောဂါတွေလို ကူးစက်ပုံ ကူးစက်နည်းက အတူတူပဲဖြစ်တဲ့အတွက် လက်ဆေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ခြင်း၊ တစ်ဦးနဲ့တစ်ဦး ၆ပေအကွာနေခြင်းတို့က အရေးကြီးတဲ့ ကာကွယ်ရမယ့် အကြောင်းအချက် တွေ ဖြစ်ပါတယ်။

နောက်ထပ် ကာကွယ်ရေးနည်းလမ်းတစ်ခုက ကလေးငယ်တွေမှာ အဖြစ်များတဲ့အတွက် မိခင် နို့တိုက်ကျွေးခြင်းက ဒီရောဂါကို ကာကွယ်နိုင်တဲ့ အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခု ကလေးငယ်တွေမှာ Smoke Exposure လို့ခေါ်တဲ့ ဘယ်မီးခိုးပဲဖြစ်ဖြစ် အထိအတွေ့နည်းပါးအောင်စောင့်ရှောက်ပေးခြင်းကလည်း ကာကွယ်ခြင်း နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

မေး ဖြည့်စွက်ပြောကြားလိုတာ ရှိရင်လည်းပြောကြားပေးပါ။

ဖြေ အသက်ရှူလမ်းကြောင်း ဆိုင်ရာဖြစ်တဲ့ကလေးတွေကို ကြည့်လိုက်မယ်ဆိုရင် အဖြစ်များတဲ့အထဲမှာ Smoke Exposure လို့ခေါ်တဲ့ မီးခိုးနဲ့ ထိတွေ့တဲ့ကလေးတွေ အဖြစ်များပါတယ်။ ပြီးတော့ ဖြစ်ပြီးသွားရင်လည်း ဆေးရုံကပဲ ဆင်းဆင်း၊ ဆေးခန်းကပဲပြန်ပြန် အိမ်မှာ ဆေးလိပ်သောက်တဲ့ Smoke Exposure တွေရှိမယ်ဆိုရင် ကလေးရဲ့ ရောဂါဝေဒနာခံစားရမှုက ကြာရှည်စွာ ခံစားရတဲ့အတွက် ကလေးကို ချစ်ရင်၊ ဖြစ်နိုင်ရင် အိမ်ထဲမှာ ဆေးလိပ်မသောက်ဘဲ ဆေးလိပ်ငွေ့ကင်းစင်တဲ့ အိမ်တွေဖန်တီးပေးဖို့ မေတ္တာရပ်ခံချင်ပါ တယ်။ နောက်ဆုံးတစ်ချက်က တုပ်ကွေးရောဂါနဲ့ လေပြွန်ငယ်ရောင်ရမ်းတဲ့ ရောဂါက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်ဆရာဝန်မညွှန်ကြားဘဲ ပိုးသတ်ဆေးတွေမသောက်ဖို့ မေတ္တာရပ်ခံလိုပါ တယ်။ ကျေးဇူးတင်ပါတယ်။

ထက်လျှံ