Skip to main content

ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Vaccination Management Information System – VMIS)

9

10

11

မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရေဂါ ကာကွယ်ဆေးထိုးနှံခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးမည့်သူများအား ကြိုတင်မှတ်ပုံတင်ခြင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို မှတ်တမ်းတင်ခြင်း၊ ကာကွယ်ဆေးသုံးစွဲမှုနှင့် ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှုကို ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြား ထုတ်ပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ စစ်ဆေးခြင်း စသည့်အချက်များကို အချိန်နှင့် တစ်ပြေးညီ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည့် အီလက်ထရွန်နစ် သတင်းအချက်အလက် စနစ်တစ်ခု အသုံးပြုရန်လိုအပ်နေသည့်အတွက် တပ်မတော် (ကြည်း၊ရေ၊လေ) သတင်းနှင့်နည်းပညာဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှု သတင်း အချက်အလက်စနစ် (Vaccination Management Information System-VMIS) ကို ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် ဇူလိုင်လ၌ စတင်သုံးစွဲနိုင်ခဲ့ပါသည်။

VMIS စနစ် ဘယ်လို အလုပ်လုပ်သလဲ / ဘာတွေလုပ်ပေးလဲ

VMIS ဆိုသည်မှာ အင်တာနက်ပေါ်၌ လွှင့်တင်ထားသည့် Website တစ်ခုဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် နည်းပညာကျွမ်းကျင်ရန် မလိုဘဲ မည်သူမဆို အလွယ်တကူအသုံးပြုနိုင်ရန် ရေးဆွဲထားသည့်စနစ်တစ်ခုဖြစ်ကာ အောက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးပါသည်။

(၁) ကြိုတင်မှတ်ပုံတင်ခြင်း ကာကွယ်ဆေးထိုးနှံကြမည့်သူများ၏ အခြေခံအချက်အလက်များ ဖြစ်သည့် အမည်၊ အဖအမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ တယ်လီဖုန်း နံပါတ်နှင့် နေထိုင်ရာ လိပ်စာစသည်တို့ကို အမှားနည်းအောင် စီမံထားသည့် Excel ဖိုင်ဖြင့် ကြိုတင်စာရင်းကောက်ယူပြီး VMIS Database တွင် စာရင်းသွင်းသိမ်းဆည်းပါသည် (လုပ်ငန်း လိုအပ်ချက်အရ ကြိုတင်မှတ်ပုံတင်ခြင်း မပြုလုပ်နိုင်ပါကလည်း ပထမအကြိမ်ဆေးထိုးပြီးချိန်၌ စာရင်းသွင်းမှတ်တမ်းတင်ခြင်းကို Excel ဖိုင်ပုံစံဖြင့် ပြုလုပ်နိုင်ပါသည်)။

(၂) ကာကွယ်ဆေးထိုးကတ်ပြားထုတ်ပေးခြင်း VMIS Database တွင် မှတ်တမ်းသွင်းပြီးသူကို QR Code အပိုင်း(၃)ပိုင်းပါသည့် ဆေးထိုးမှတ်တမ်းကတ်ပြား ထုတ်ပေးပါသည်။ QR Code (၂) ခုသည် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆေးထိုးခြင်းကို မှတ်တမ်းတင်ရန်ဖြစ်ပြီး encrypted (ဝှက်စာ) QR Code (၁)ခုသည်ဆေးထိုးပြီးကြောင်း အတည်ပြုစိစစ်ရန်ဖြစ်ပါသည်။

(၃) ဆေးထိုးမှတ်တမ်းစာရင်းသွင်းခြင်း ပထမအကြိမ်၊ ဒုတိယအကြိမ် ဆေးထိုးချိန်၌ ကာကွယ်ဆေးထိုးနှံပြီးသူ တစ်ဦးချင်း၏ မှတ်တမ်းကို မိုဘိုင်းဖုန်း (သို့မဟုတ်) တက်ဘလက် (tablet) အသုံးပြု ပြီး QR code scan ဖတ်ခြင်းဖြင့် VMIS စနစ်သို့ တိုက်ရိုက်မှတ်တမ်း သွင်းနိုင်ပါသည်။ ကျန်းမာရေးဝန်ထမ်းများမှ ဆေးထိုးပြီးသူတစ်ဦးချင်း၏ အချက်အလက်များ ကို လက်ဖြင့် စာရင်းသွင်းခြင်းဝန်အား လျော့နည်းအောင် စီမံထားခြင်းဖြစ်ပါသည်။

(၄) ကာကွယ်ဆေးထိုးနှံပြီးကြောင်း အတည်ပြုပေးခြင်း ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုအတွက် ဝင်ပေါက်/ ထွက်ပေါက်များတွင် VMIS Mobile App ဖြင့် ကာကွယ်ဆေး ထိုးမှတ်တမ်းပေါ်ရှိ encrypted (ဝှက်စာ) QR Code အား scan ဖတ်ခြင်းဖြင့် မှတ်တမ်းကိုင်ဆောင်ထားသူအားတိုက်ဆိုင် စိစစ်နိုင်သည့်အပြင် မည်သည့်နေ့ရက်၌ မည်သည့်နေရာတွင် ကာကွယ်ဆေးထိုးနှံထားသည်ကို အတည်ပြုချက်ရယူနိုင်မည်ဖြစ်သည်။ ကတ်ပြားအား မိမိတို့၏လက်ကိုင်ဖုန်းတွင် ဓာတ်ပုံ ရိုက်သိမ်းထားပြီး လိုအပ်သည့်အချိန်၌ သိမ်းဆည်းထား သည့်ဓာတ်ပုံပေါ်ရှိ QR code ကို scan ဖတ်ကာ ဆေးထိုးပြီး ကြောင်း အတည်ပြု စိစစ်နိုင်ပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် အင်္ဂလိပ်ဘာသာဖြင့် ဆေးထိုးမှတ်တမ်းများ ထုတ်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ စတင်ဆောင်ရွက်နေပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

(၅) ကာကွယ်ဆေးထိုးလွှမ်းခြုံမှု စာရင်းပြုစုပေးခြင်း VMIS စနစ်သည် မြို့နယ်တစ်ခုအတွင်းရှိ ဆေးထိုးစုရပ်များမှ ဆေးထိုး မှတ်တမ်းများကို ပေါင်းစပ်ပေးသည့်အတွက် မြို့နယ်တစ်ခု၏ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုကို (စာရွက်ဖြင့် အစီရင်ခံစာရင်း ပြုစုရန်မလိုဘဲ) VMIS စနစ် မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့်မှ ကြီးကြပ်သိရှိနိုင်ပါသည်။

(၆) ကာကွယ်ဆေးသုံးစွဲမှု စာရင်းပြုစုပေးခြင်း ကာကွယ်ဆေးများကို ဗဟို၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ မြို့နယ်များသို့ ဖြန့်ဝေထားသည့် စာရင်းနှင့် မြို့နယ်အလိုက် ဆေးအသုံးပြုမှု ကိုလည်း အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်စိစစ်နိုင်သည့်အတွက် ဆေးလိုအပ်မှု၊ စီမံခန့်ခွဲမှုများကို အချိန်မီ ဆောင်ရွက်နိုင်ပါသည်။

VMIS စနစ်ကို ဘယ်လောက်ထိ အသုံးပြုနေပြီလဲ

VMIS စနစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုလျက်ရှိပြီး အစိုးရအစီအစဉ်ဖြင့် ဝယ်ယူ သည့် ကာကွယ်ဆေးများအတွက် သာမက ပုဂ္ဂလိကအစီအစဉ်၊ တပ်မတော်အစီအစဉ်နှင့် လှူဒါန်းမှုအစီအစဉ်တို့ဖြင့် ဆောင်ရွက်နေသည့် ကာကွယ်ဆေးထိုးနှံ ပေးမှုများအားလုံးကို မှတ်တမ်းစာရင်း သွင်းထားပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ဆေးထိုးအစီအစဉ် အပါအဝင် ဗဟိုအဆင့်တွင် ကြီးကြပ်သူ ၁၇ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကြီးကြပ်သူ ၁၃ ဦး၊ ခရိုင်အဆင့် ကြီးကြပ်သူ ၂၅ ဦးမြို့နယ်အဆင့် ၁၃၂၀ နှင့်ဆေးထိုးစုရပ် အသုံးပြုသူ ၃၂၃၈ဦး ရှိပါသည်။

ပတ်သက်ဆက်နွယ်သူများအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်တွင် ကိုဗစ်-၁၉ တုံ့ပြန်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် နှီးနွယ်ဝန်ကြီးဌာန(၅)ခုနှင့် ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံသူများ၏ အချက်အလက်များကောက်ယူခြင်း၊ စာရင်း ဖြည့်သွင်းခြင်း၊ ကာကွယ်ဆေး ထိုးကတ်ပြားများ ထုတ်ပေးခြင်း၊ QR Scan ဖြင့် စာရင်းသွင်းခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများရှိပါက ချက်ချင်းဖြေရှင်းပေးနိုင်ရန်တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်းနှင့်နည်းပညာဌာနမှ နည်းပညာရှင်များက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုကဲ့သို့ အဘက်ဘက်မှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ထားမှုကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှ အောက်တိုဘာလ ကုန်အထိ VMS စနစ်တွင် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၀ ဒသမ ၇သန်းနှင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ၆ ဒသမ ၃ သန်း၏ အချက်အလက်များ မှတ်တမ်းတင်ပြီး ဆေးထိုးကတ်ပြားများ ထုတ်ပေးပြီးဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် ဇူလိုင်လ မတိုင်မီကာလက ကာကွယ်ဆေးထိုးနှံပြီးသူများ၏ အချက်အလက်များကိုလည်း VMIS စနစ်သို့ ဖြည့်သွင်းရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

VMIS စနစ်က ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲ

အီလက်ထရွန်နစ်အခြေပြု VMIS သတင်းအချက်အလက်စနစ် အသုံးပြုခြင်းဖြင့် -

ကာကွယ်ဆေးထိုးလုပ်ငန်း ကြိုတင်ပြင်ဆင်မှုအပိုင်းတွင်

(၁) ကာကွယ်ဆေးထိုးမည့်သူများအား ကြိုတင်မှတ်ပုံတင်ခြင်းဖြင့် ဆေးထိုးမည့် အရေအတွက် ကို ကြိုတင်သိရှိသည့်အတွက် ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ခြင်းများ ဖြစ်သည့် ဆေးလိုအပ်ချက်၊ ဆေးထိုးအစီအစဉ် - နေ့ရက်၊ လူအင်အား၊ ဆေးထိုးစုရပ်များကို ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ခြင်း

(၂) ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမည့်သူ အရေအတွက်ကို အလွယ်တကူ သိရှိပြီး ကြိုတင် စီစဉ်မှုများ ပြုလုပ်နိုင်ခြင်း

ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှုအပိုင်းတွင်

(၃) ဦးတည်အုပ်စု/အသက်အုပ်စု အလိုက် ကာကွယ်ဆေးထိုးပြီးသူဦးရေကို မြို့နယ်၊ ခရိုင် တိုင်းဒေသကြီး/ ပြည်နယ်စသည့် အဆင့်ဆင့်သော ကြီးကြပ်သူများမှ အချိန်နှင့်တစ်ပြေးညီ အလွယ်တကူ ကြီးကြပ်နိုင်ခြင်း

(၄) ကာကွယ်ဆေးဖြန့်ဝေထားရှိမှုနှင့် အသုံးပြုမှုကိုမြို့နယ်အလိုက်  စိစစ်ကြီးကြပ်နိုင်ခြင်း၊ ဆေးပျက်စီးမှုလေလွင့်မှု နည်းအောင်အဆင့်ဆင့် စိစစ်ကြီးကြပ်နိုင်ခြင်း

ဆေးထိုးလွှမ်းခြုံမှုဆိုင်ရာ ညွှန်းကိန်းများထုတ်ပြန်ခြင်း

(၅) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ထားရှိမှုအားလုံးကို သတင်းအချက်အလက်စနစ် တစ်ခုတည်းအသုံးပြုပြီး မှတ်တမ်း များကို တစ်နေရာတည်းတွင် စုစည်းထားနိုင်သည့် အတွက် နိုင်ငံကိုယ်စားပြု ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ နိုင်ငံတကာသတ်မှတ်ညွှန်းကိန်းများကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန်နိုင်ခြင်း ၊  

ကာကွယ်ဆေးထိုးနှံသူများအနေဖြင့်

(၆) ကာကွယ်ဆေးထိုးနှံသူတစ်ဦးချင်းစီအတွက် ဆေးထိုးမှတ်တမ်းကတ်ပြား ထုတ်ပေးထား သည့်အတွက် ကာကွယ်ဆေးထိုးရမည့် နေ့ရက်၊ စုရပ်ကို သိရှိပြီး အချိန်မီ အကြိမ်ပြည့်ဆေးထိုး နိုင်ခြင်း

(၇) ပြည်တွင်း/ပြည်ပ ခရီးသွားလာမှုအတွက် ဆေးထိုးပြီးကြောင်း သက်သေခံမှတ်တမ်း အနေဖြင့် အသုံးပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိပါသည်။

နိုင်ငံတကာအသိအမှတ်ပြုမှု

VMIS စနစ်၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ဆက်နွှယ်ဝန်ကြီးဌာနများနှင့် ပရဟိတများမှ ပါဝင်ဆောင်ရွက် ခြင်း၊ စီမံခန့်ခွဲမှုလုပ်ငန်းများအား အထောက်အကူပြုနိုင်ခြင်း၊ ဆေးထိုး ကတ်ပြားများ ထုတ်ပေးနိုင်ပြီး QR code ဖတ်ခြင်းဖြင့် ဆေးထိုးစာရင်းသွင်းခြင်းနှင့် ဆေးထိုးပြီးကြောင်း စိစစ်အတည်ပြုနိုင်ခြင်း၊ ရှေ့ကာလတွင်ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် အခြေခံဖြစ်နိုင်ခြေရှိခြင်း စသည့် အကျိုးများကြောင့် Asian Oceanian Computing Industry Organization (ASOCIO) အာရှနှင့် သမုဒ္ဒရာဒေသရှိနိုင်ငံပေါင်း (၂၄)နိုင်ငံ ကိုယ်စားပြု IT Industry အဖွဲ့အစည်းကြီးမှ ကျင်းပသည့် 2021 ASOCIO Award မှ Digital Government Award အမျိုးအစားဖြင့် မှတ်ကျောက်တင် အသိအမှတ်ပြုခံရပါသည်။

VMIS စနစ်ဖြစ်တည်ရေးနှင့် လည်ပတ်ရေးအတွက် အဘက်ဘက်မှ ဉာဏအား၊ လူအား၊ ငွေအား စသဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပံ့ပိုး ပေးသူအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ထို့ပြင် VMIS စနစ်သည် တစ်နိုင်ငံလုံးရှိ ကာကွယ်ဆေးထိုးနှံသူများ၏ အခြေခံအချက်အလက် များကို စုစည်းပေးထားသည့် ပထမဆုံးသောစနစ်တစ်ခုဖြစ်သည့်အတွက် နောင်တွင် ဆက်လက် ဆောင်ရွက်မည့် e-Government ဆိုင်ရာလုပ်ငန်းများနှင့် ဒစ်ဂျစ်တယ် ကျန်းမာရေး သတင်း အချက်အလက်စနစ်အတွက် အခြေခံ အုတ်မြစ်တစ်ခုအဖြစ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ဒေါက်တာစန်းဟုန် (ကျန်းမာရေးသတင်းအချက်အလက်)