Skip to main content

မြို့ပြကျေးလက် ကွာဟချက် ကျဉ်းမြောင်းစေရေး ဦးတည်လျှောက်လှမ်းခဲ့သည့် ကျေးလက်မီးလင်းရေး ခရီးရှည်

ကျေးလက်မီးလင်းရေးဟုဆိုလိုက်လျှင် လူအတော်များများသည် ယခင်ခေတ်၂၀၁၀ ဝန်းကျင်က ဆိုလာမီးအိမ်လေးတွေကို ပြေးမြင်တတ်ကြသည်။ စင်စစ်မူ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)၏မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်အရ ကျေးလက်ဒေသများအတွက် Quality Service ဖြစ်စေခဲ့သည်။

လူသားအားလုံး ရေရှည်တည်တံ့သော စွမ်းအင်ရရှိစေရေး (SEALL)အတွက် ၂၀၃၀ ပြည့် နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး၊ ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးရေးပန်းတိုင်()အရ လူသားတိုင်း လက်လှမ်းမီ ရေရှည်တည်တံ့ခိုင်မြဲသော ခေတ်မီစွမ်းအင်ရရှိရေးတို့အတွက် ဦးတည်၍ NEP စီမံချက် ရေးဆွဲနိုင်ရန် စတင်စဉ်းစားကြသည့် အခါ နိုင်ငံ၏ မီးမရရှိသေးသည့် ကျေးလက်နေ ပြည်သူ ၃၆သန်းအပေါ် အခြေပြုစဉ်းစားခဲ့ကြသည်။ မြို့ပြနှင့် ကျေးလက်ကွာဟချက် ကျဉ်းမြောင်း စေရေးတွင် လျှပ်စစ်မီးရရှိမှုက အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည်။

ယခင်မီးလင်းရေးလုပ်ငန်းများ၏ အတွေ့ အကြုံအရ မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာ တ်အားတိုးချဲ့ဆောင်ရွက်သည့် နည်းလမ်းတစ်ခု တည်းကို အသုံးပြုပါက ကျေးရွာအားလုံးမီးရရှိရန် နှစ်ပေါင်း ၄၀ခန့် ကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် အကြို ဓာတ်အားပေးစနစ် (Pre-Electrification) အနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပမီးလင်းရေး စနစ် (Off-Grid)ကို ထည့်သွင်းစဉ်းစားခဲ့ကြရခြင်း ဖြစ်သည်။

စီမံကိန်းဘယ်ကစ

၂၀၁၄ ခုနှစ်မှစတင်၍ ကမ္ဘာ့ဘဏ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး NEP စီမံ ကိန်းရေးဆွဲခဲ့သည်။ စီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မဟာဓာတ်အားလိုင်း တိုးချဲ့ သွယ်တန်းခြင်း (Grid Extension) အတွက် အမေရိ ကန်ဒေါ်လာ သန်း ၃၁၀ နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မဟာဓာတ်အားလိုင်း ပြင်ပစနစ် (Off-Grid) အတွက် အမေရိကန်ဒေါ်လာ သန်း ၉၀ တို့ဖြင့် ဆောင်ရွက်သွားရန် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် လွှတ်တော်မှ အတည်ပြုချက် ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရက်တွင် ဘဏ္ဍာရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်မှစ၍ စီမံကိန်း စတင်ဆောင်ရွက်ခဲ့သည်။

စီမံကိန်းအကောင်အထည်ဖော်မှုပုံစံ

စီမံကိန်းအကောင်အထည်ဖော်ရာတွင် လိုအပ် သည့်နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေကို  ဂျာမန်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)နှင့် ကမ္ဘာ့ဘဏ် (WB) တို့က ရယူခဲ့ပြီး အိမ်သုံးဆိုလာစနစ် (Solar Home System-SHS) ကို နိုင်ငံတကာအပြိုင် တင်ဒါစနစ် (International Competitive Bidding- ICB)ဖြင့် အရည်အသွေးပိုင်း  အာမခံချက်ရှိရှိ ဆောင်ရွက်ခဲ့သည်။ နိုင်ငံသား  ပုဂ္ဂလိကကုမ္ပဏီများမှ တပ်ဆင်ရေးအပိုင်း၊ အရည်အသွေး စစ်ဆေးရေးအပိုင်းများမှာ ပါဝင်ဆောင်ရွက် ခွင့်ရခဲ့သည်။

အသေးစားဓာတ်အားပေးစနစ် (Mini-Grid) ကို စီမံကိန်းမှ ၆၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသူလုပ်ငန်း ရှင် (Developer)မှ ၂၀ ရာခိုင်နှုန်း၊ ပြည်သူမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံ သူလုပ်ငန်းရှင် (Developer)များက ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာမှုပြုလုပ်ခြင်း (Feasibility StudyFS) ဆောင်ရွက်ခြင်း၊ အဆိုပြုလွှာ (Proposal) ပြုစုတင်သွင်းခြင်း၊ ဒီဇိုင်းတွက်ချက်ခြင်း စသည့် ကုန်ကျစရိတ်များကို ကိုယ်တိုင်ကျခံရပါသည်။ ယှဉ်ပြိုင်မှုပုံစံ နှစ်မျိုးထားရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အဆိုပြု စီမံ ကိန်းရွာများကို ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ် ဆောင်ရွက်ခြင်းနှင့် Developer များ ကိုယ်တိုင် FS လုပ်ပြီး Proposal တင်ပြဆောင်ရွက်ခြင်း ဖြစ်သည်။ Grid-Ready System ဖြစ်ပြီး Prepaid  Digital Meter စနစ်ကို သုံးစွဲသည်။ ရင်းနှီးမြှုပ်နှံ မှုကာလ ခြောက်နှစ်မှ ၁၅ နှစ်အတွင်းဖြစ်ပြီးသင့်တင့်မျှတသည့် ဓာတ်အားခနှုန်းထားဖြစ်စေရေး  Developer နှင့် ကျေးရွာနေပြည်သူတို့ ညှိနှိုင်းသတ်မှတ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ကောက်ခံလျက်ရှိသည်။ အဆိုပြုလွှာ တင်သွင်းရာတွင် Online ကနေ Register လျှောက်ထားနိုင်ပြီး နည်းပညာပိုင်းဆိုင်ရာအဆင့်လိုက်စိစစ်ခြင်း အောင်မြင်ပါက Tripartite Agreement DRD-Developer ပြည်သူ (PPP) ပုံစံဖြင့် စာချုပ်ချုပ်ဆို၍ ၁၀နှစ်၊  ၁၅နှစ်အတွင်း မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သည့် ကျေးရွာများကို ရွေးချယ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

စီမံကိန်းတွင် ပြည်သူထည့်ဝင်ငွေ

မြို့ပြပြည်သူတွေက ထည့်ဝင်ငွေမပေးရဘဲ မဟာဓာတ်အားလိုင်း (Grid) မှ မီးရသော်လည်း ကျေးလက်ပြည်သူတွေက လိုသလိုမရနိုင်သလို ပြည်သူ့ထည့်ဝင်ငွေပါမှရသည်။ ထို့ကြောင့် တတ်နိုင်သလောက် ထည့်ဝင်စေရန် မနည်းမများ ပမာဏဖြင့် တစ်ပြေးညီ သတ်မှတ်စီမံရသည်။ ကျေးလက်နေ ဆင်းရဲနွမ်းပါးကျေးလက်ပြည်သူများ အတွက် မဟာဓာတ်အားလိုင်းပြင်ပမီးလင်းရေး (Off-Grid) ကို အသေးစားဓာတ်အားစနစ် (Mini Gird)နှင့် အိမ်သုံးဆိုလာစနစ် (Solar Home System-SHS) ဟူ၍ ဆောင်ရွက်ပေးခဲ့ရာ အိမ်သုံးဆိုလာ စနစ်(SHS)တွင် ပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထည့်ဝင်ရပြီး စနစ် အကြီး၊ အသေးကို ကျေးလက်နေပြည်သူများ အနေဖြင့် တတ်နိုင်သည့် ထည့်ဝင်ငွေ ပမာဏအပေါ် မူတည်ရွေးချယ်ရသည်။ အသေးစားဓာတ်အားစနစ် (Mini-Grid)တွင် စီမံကိန်းကုန်ကျငွေ၏ ၂၀ ရာခိုင်နှုန်းထည့်ဝင်ရပြီး ၂၄ နာရီပတ်လုံး သုံးစွဲနိုင် မည်ဖြစ်သည်။

စီမံကိန်းက ဘာတွေဆောင်ရွက်ပေးနေသလဲ

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံး အရေးကြီးဆုံးအချက်များတွင် စာပေ တတ်မြောက်မှု၊ ကျန်းမာကြံ့ခိုင်မှုတို့လည်း ပါဝင်သည်။ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ မြို့မှာ လို မီးမရှိပြန်တော့ ကျေးလက်က ကျောင်းသား ကျောင်းသူတွေ ကျေးလက်ပြည်သူတွေသည် ဒီကဏ္ဍတွင် မြို့ပြထက်များစွာ အခွင့်အလမ်း နည်းပါးနေသည်ကို တွေ့ကြရမည်ဖြစ်သည်။ ထို့ကြောင့် NEP စီမံကိန်းတွင် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေး အဆောက်အအုံများနှင့် လမ်းမီးတို့ကို စီမံကိန်းရန်ပုံငွေမှ ၁၀၀ ရာခိုင်နှုန်း ထောက်ပံ့ဆောင်ရွက် ပေးနိုင်ခဲ့သည်။ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် အလွန်အကျိုးရှိတာကို တွေ့ရ သည်။ Mini-Grid ဆိုလျှင် Productive Use အဖြစ် သုံးနိုင်သည့်အတွက် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း (SME)တွေကိုပါ အထောက် အကူဖြစ်စေသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးတွေကိုပါ အထောက် အကူပြုသည့်အပြင် ထင်းအစားထိုး လျှပ်စစ်ပစ္စည်း တွေကို သုံးနိုင်လာသည့်အတွက် သဘာဝပတ်ဝန်း ကျင် ကာကွယ်ထိန်းသိမ်းရေးကို NEP စီမံကိန်းက တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပြန်သည်။

စနစ်တစ်ခုချင်းအလိုက် ဝန်အားသုံးစွဲနိုင်မှု

အိမ်သုံးဆိုလာစနစ် (SHS)တွင် ဝပ် ၆၀နှင့် ဝပ် ၁၀၀ ဟူ၍ စနစ် နှစ်မျိုးရှိပြီး ဝပ် ၆၀ အိမ်သုံး ဆိုလာစနစ်အနေဖြင့် 3W LED မီးလုံး လေးလုံး၊ 5W LED မီးချောင်း တစ်ချောင်းတို့အပြင် ဖုန်းအား သွင်းခြင်းနှင့် ၁၅၃၀ ဝပ် DC TV တစ်လုံးတို့ အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ ဝပ် ၁၀၀ အိမ်သုံး ဆိုလာစနစ်အနေဖြင့်မူ 3W LED မီးလုံး လေးလုံး၊ 5W LED မီးချောင်း တစ်ချောင်းတို့အပြင် ဖုန်းအား သွင်းခြင်း၊ ၁၅ - ၃၀ ဝပ် DC TV တစ်လုံး နှင့် 9W DC ပန်ကာ တစ်လုံးတို့အတွက် အသုံးပြု နိုင်မည်ဖြစ်သည်။

အများပိုင် အဆောက်အအုံများအတွက် ဆိုလာစနစ်များကို စီမံကိန်းမှ ၁၀၀ ရာခိုင်နှုန်း ထောက်ပံ့ပေးရာ မူလတန်းကျောင်းအတွက် ဝပ် ၁၈၀ ဆိုလာစနစ် တပ်ဆင်ပေးပြီး 7W မီးချောင်း ရှစ်ချောင်း၊ 6W မီးလုံးတစ်လုံး၊ ဖုန်းအားသွင်းခြင်းနှင့် ၃၀၅၀ ဝပ် TV(AC)တို့ အသုံးပြုနိုင်မည်ဖြစ်သည်။ အလယ်တန်းကျောင်းအတွက် ဝပ် ၃၈၀ ဆိုလာစနစ် တပ်ဆင်ပေးပြီး 7W မီးချောင်း ၁၈ချောင်း၊ 6W မီးလုံး နှစ်လုံး၊ ဖုန်းအားသွင်းခြင်းနှင့် ဝပ် ၃၀၅၀ TV(AC) တို့ အသုံးပြုနိုင်မည်ဖြစ်သည်။ အထက်တန်း ကျောင်းအတွက် ဝပ် ၄၈၀ ဆိုလာစနစ်တပ်ဆင် ပေးပြီး 7w မီးချောင်း ၂၄ချောင်း၊ 6W မီးလုံး နှစ်လုံး၊ ဖုန်းအားသွင်းခြင်းနှင့် ဝပ် ၃၀၅၀ TV(AC)တို့ အသုံးပြုနိုင်မည်ဖြစ်သည်။

ကျေးလက်ဆေးပေးခန်းအတွက် ဝပ် ၁၈၀  ဆိုလာစနစ်တပ်ဆင်ပေးပြီး 7W မီးချောင်း ငါးချောင်း၊ 6w မီးလုံး တစ်လုံး၊ ဖုန်းအားသွင်းခြင်းနှင့် ဝပ် ၃၀၅၀ TV (AC)တို့ အသုံးပြုနိုင်မည်ဖြစ်သည်။  ဘာသာရေးအဆောက်အအုံများအတွက် ဝပ် ၁၈၀ ဆိုလာစနစ်တပ်ဆင်ပေးပြီး 7W မီးချောင်း ခြောက် ချောင်း၊ 6W မီးလုံး သုံးလုံး၊ ဖုန်းအားသွင်းခြင်းနှင့် ဝပ် ၃၀၅၀ TV(AC)တို့ အသုံးပြုနိုင်မည်ဖြစ်သည်။  လမ်းမီးအနေဖြင့်လည်း 10w မီးလုံး တစ်လုံးပါဝင်သည့် ဝပ် ၇၀ ဆိုလာလမ်းမီးတိုင်များ ဆောင်ရွက် ပေးလျက်ရှိသည်။ အသေး စားဓာတ်အားစနစ် (Mini-Grid)တွင်မူ အိမ်သုံးအနေဖြင့် ဝပ် ၁၀၀၀ မှ ၆၀၀၀ အထိ သုံးစွဲနိုင်ရန် ဆောင်ရွက်ထားရှိပြီး အများပိုင်အဆောက်အအုံများအနေဖြင့် ဝပ် ၁၀၀၀ မှစ၍ အကန့်အသတ်မရှိ သုံးစွဲနိုင်မည်ဖြစ်သည့်  အပြင် အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ (Productive Use) အနေဖြင့် ဝပ် ၅၀၀၀ မှစ၍ အကန့်အသတ်မရှိ သုံးစွဲနိုင်မည်ဖြစ်သည်။

အကျိုးပြုနိုင်မှု

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်အထိ ကျေးရွာပေါင်း ၉၃၁၇ ရွာ၊ အိမ်ခြေ ပေါင်း ဒသမ သိန်းကျော်နှင့် လူဦးရေ ဒသမ ၂၆ သန်းခန့် အကျိုးပြုနိုင်ခဲ့ပြီး စာသင်ကျောင်းပေါင်း ၆၀၂၂ ကျောင်း၊ ဆေးပေးခန်းပေါင်း ၁၆၄၂ခု၊ ဘာသာ  ရေးအဆောက်အအုံ ၈၃၇၁ လုံး၊ လမ်းမီး ၅၃၄၆၄ တိုင်၊ အခြားအများပိုင်အဆောက်အအုံ ၃၈လုံးနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းပေါင်း ၁၃၃၈ ခု လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့သည်။

NEP စီမံကိန်းဝန်ထမ်းများ ထားရှိရမည့် စိတ်နေ သဘောထား

စီမံကိန်းက အကျိုးများစေတာ မှန်ပေသည့် မြေပြင်တွင် လက်တွေ့ဆောင်ရွက်ရသည့်အခါ ထင်သလောက် လွယ်ကူချောမွေ့သည်ကမဟုတ်။ ထို့ကြောင့်ပင် NEP စီမံကိန်းမြေပြင်မှာ အမှန် လက်တွေ့ဆောင်ရွက်နေကြရသည့် ဝန်ထမ်းငယ် များနှင့် စောင့်ကြည့်စစ်ဆေးသည့် စနစ် (Management Information System-Mis), ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းစနစ် (Grievance Redress Mechanism), သတင်းပြန်ကြားဆက်သွယ်ရေး (Communication) ဆိုင်ရာ သင်တန်းများတွင် တွေ့ဆုံရသည့်အခါ စာရေးသူ အနေဖြင့် ကျေးလက်မီးလင်းရေးနှင့်ပတ်သက်ပြီး စိတ်ဓာတ်ခံယူချက် မြင့်မားစေရေးကို အလေးပေးပြီး ချပြဆွေးနွေးဖြစ်သည်။ ကျေးလက်ဝန်ထမ်းဆို သည်က ပြည်သူ့ဝန်ထမ်းမှာမှ အထူးသဖြင့် ဆင်းရဲ နွမ်းပါးသည့် ကျေးလက်ပြည်သူတွေကို အလုပ် အကျွေးပြု Service ပေးရသည့် ဝန်ထမ်းတွေ ဖြစ်သည့်အတွက် ခေတ်အဆက်ဆက် မလုပ်ပေး နိုင်ခဲ့သည့် မညီမျှမှုတွေကို ညီမျှအောင်၊ Inclusive Growth ဖြစ်အောင်၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ကို ခံယူတတ်ဖို့၊ မြင်တတ်ဖို့လိုကြောင်း၊ သည်လိုခံယူချက် စိတ်ဓာတ်တွေအပေါ်မှာ စေတနာထပ်ဆောင်း လိုက်မှသာ မြေပြင်မှာ တွေ့ကြုံရသမျှ အခက်အခဲ မှန်သမျှကို အားလုံးအတူတူ ဖြေရှင်းကျော်လွှားနိုင် မည်ဖြစ်ကြောင်း၊ NEPစီမံကိန်းကို ဆောင်ရွက်နေသည့် မိမိတို့ အလုပ်ဟာ မည်မျှမွန်မြတ်၊ ကြီးကျယ်ခမ်းနားပြီး ဂုဏ်ယူစရာကောင်းသလဲဆိုသည်ကို မြင်သာအောင်မြင်လာအောင် ချပြသည့်နည်းဖြင့် ခံယူချက် မြင့်မားစေရေး တွန်းအားပေးဖြစ်သည်။ စီမံကိန်း၏ အကျိုးကျေးဇူးတွေကို မြင်သာအောင် ချပြဖြစ်သည်။

စီမံကိန်းမှရရှိသည့် အကျိုးကျေးဇူးများ

စီမံကိန်းမှရရှိသည့် အကျိုးကျေးဇူးတွေ ကတော့ မဟာဓာတ်အားလိုင်း (Grid)ကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေရန် မလိုခြင်း၊ Grid ကဲ့သို့ တန်းတူ အခွင့်အရေးမဟုတ်သော်လည်း ဝေးလံခေါင်ဖျား ဒေသပြည်သူများအတွက် အကြိုမီးလင်းရေး အစီအစဉ်များအရ ညအမှောင်မှာ Solar မီးနဲ့ စာကြည့်နိုင်ခြင်း၊ Solar လမ်းမီးတိုင်များဖြင့် သွားလာရအဆင်ပြေခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးအဆောက် အအုံများ၊ လမ်းမီးတိုင်များ မီးရရှိမှုကြောင့် လူနေမှုဘဝမြင့်မားရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးရှိစေခြင်း၊ Grid ကို မှီခိုရန် မလိုအပ်ဘဲ သီးခြားအမှီအခိုကင်းမဲ့စွာ ရပ်တည်နိုင်ခြင်း၊ ဒီဇယ်ဖိုး၊ ဘက်ထရီဖိုး၊ ဖယောင်း တိုင်ဖြိုး သက်သာစေသည့်အတွက် ဒီဇယ်အင်ဂျင် စနစ်ထက် ပိုမိုကောင်းမွန်အကျိုးရှိခြင်း၊ တစ်ပိုင် တစ်နိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင် လာနိုင်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် နည်းပညာ/ငွေကြေး လိုအပ်ချက်ကြောင့် မစဉ်းစားနိုင် မပါဝင်နိုင်ခဲ့သော ဝေးလံခေါင်ဖျားဒေသများ  Off-Grid ဧရိယာမှ ပြည်သူများ ပါဝင်ခွင့်၊ ခံစားခွင့် ရလာခြင်းစသည်တို့ဖြစ်သည်။

မြို့ပြနှင့် ကျေးလက် ကွာဟချက်ကျဉ်းမြောင်း စေရေးအတွက် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ကြရသည့်အခါ ဆောင်ရွက်ပေးသူတွေဘက်က ခံယူချက်၊ စိတ်နေသဘောထားတွေ မှန်ကန်ဖို့၊ လုပ်ဆောင်ချက်တွေ မှန်ကန်မြန်ဆန်ဖို့ လိုအပ်သလို ကျေးလက်နေပြည်သူများဘက်က လည်း တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေး ကြဖို့လိုပါသည်။ စီမံကိန်း၏ အသီးအပွင့်တွေ ဆက်လက် ဝေဆာစေရန်အတွက် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိကြပါသည်။ ပြိုင်တူတွန်းမှ ရွေ့ပါမည်။   

ခန့်ဇော် (ကျေးလက်)