ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေပြည်တော်၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်
နေပြည်တော် နိုဝင်ဘာ ၁
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ယာယီပိတ်ထားခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့် အရေးများ ဆုံးရှုံးနစ်နာခဲ့ရသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်း၍ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အောက်တိုဘာ ၁၂ရက်မှ စတင် ၍ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ နေပြည်တော် ကောင်စီ နယ်မြေအတွင်းနှင့် နိုင်ငံတစ်ဝန်း ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်း လာသည့်အတွက် ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များအလိုက် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်း တက်ကြပြီ ဖြစ်သည်။
ကြိုတင်ကာကွယ်နိုင်
ထိုသို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ် - ၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် နှင့် ကြိုတင်ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆရာဆရာမများက ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်း စည်းများနှင့် Face Shield များ စနစ်တကျ တပ်ဆင်စေခြင်း၊ ကျောင်းအတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျောင်းအတွင်း ထားရှိပေးထား သော လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးစေပြီး
ကျောင်းတွင်းနှင့် ကျောင်းပြင်ပ နေရာများ၌လည်း ကိုဗစ် - ၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ သိရှိရ မည့် ပညာပေးဗီနိုင်းဆိုင်းဘုတ် များကိုလည်း အသိပညာပေး ချိတ်ဆွဲထားသည်ကို တွေ့ရှိရ သည်။
ယင်းသို့ ကျောင်းများ ပြန်လည် ဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ အမှတ်(၆)အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က “ကျောင်းတွေ ဖွင့်တော့မှာဖြစ်တဲ့ အတွက်ကိုဗစ်၁၉ ကပ်ရောဂါညွှန်ကြားချက်တွေ နဲ့အညီ ပြင်ဆင်ထားဖို့ ပညာရေး ဝန်ကြီးဌာနက အကြောင်းကြား လာပါတယ်။ ဒါကြောင့်ကျွန်တော် တို့အနေနဲ့ ဒီနေ့မှာ ကျောင်းလာ တက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းဂိတ်ဝမှာ အပူချိန်တိုင်းစေခြင်း၊ တစ်ဦးနဲ့ တစ်ဦး ခြောက်ပေခြား နေထိုင်စေခြင်း၊ လက်ဆေးခြင်းနဲ့ Mask တပ်စေခြင်းတွေကို ဆောင်ရွက်ပေးပါတယ်။ စာသင်ခန်းထဲမှာဆိုရင်လည်း လူဦးရေ၃၀နဲ့ ၄၀ အကြားထားပြီး စာသင်ကြားပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ကျောင်း မအပ်နှံရသေးတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း ဆရာ၊ ဆရာမတွေက ရက်သတ္တပတ် သုံးပတ်ကြာ ကျောင်းအပ်လက်ခံ သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၉၇၁ဦး တက် ရောက်ပါတယ်။ အသက် ၁၂နှစ် ပြည့်ပြီးသား ကျောင်းသား၊ ကျောင်းသူ ၅၁၇ဦး ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပြီးပါပြီ။
၉၀ ရာခိုင်နှုန်း ကျောင်းတက်
“ဒီနေ့ ကျောင်းစဖွင့်တဲ့ရက်မှာ ကျွန်တော်တို့ကျောင်းအနေနဲ့ ၉၀ ရာခိုင်နှုန်း ကျောင်းတက် ရောက်မှု ရှိပါတယ်။ ကျောင်းမှာ သင်ကြား ရေးဝန်ထမ်း ၄၆ ယောက်နဲ့ရုံး အဖွဲ့ ခုနစ်ယောက်ရှိပြီး စာသင်ခန်း လုံလောက်မှုရှိပါတယ်။ ကျောင်းချိန်အနေနဲ့ မနက် ၉နာရီ ကျောင်းစတက်ပြီး ညနေ ၃နာရီခွဲ ကျောင်းဆင်းပေးပါတယ်” ဟု ပြောသည်။
ကျောင်းအပ်နှံရေး သီတင်း ပတ်အတွင်း အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းမအပ်နှံခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများ အတွက်လည်း ဆရာ ဆရာမ များကကျောင်းအပ်နှံရေးလုပ်ငန်း စဉ်များကို ဆောင်ရွက်ပေး၍ ကျောင်းသား၊ ကျောင်းသူများ၊ ပညာသင်ကြားခွင့် အခွင့်အရေး မဆုံးရှုံးစေရန်ဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့မြင်ရသည်။
စနစ်တကျ ပြန်လည်ဖွင့်လှစ်
ယခုကဲ့သို့ အခြေခံပညာ ကျောင်းများ စနစ်တကျ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ် - ၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျ စီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ် ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအစီအမံများ စီစဉ် ထားခြင်းနှင့် ကျောင်းများ ဥပဓိ ရုပ်ကောင်းမွန်စေရေး ပြင်ဆင် ခြင်းတို့ကိုလည်း ဆောင်ရွက်ထားကြောင်း သိရှိရသည်။
အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက “ကျောင်းဖွင့်တော့မယ်လို့စသိတဲ့ အချိန်မှာ ဝန်ထမ်းတွေပြန်လည် စုစည်းရပါတယ်။ နောက်ပြီး ကိုဗစ် -၁၉ ကပ်ရောဂါကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ စာသင်ခန်း အနေအထားတွေ ပြင်ဆင်ပြီး ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ကျောင်းတက်နိုင်ဖို့ ဆောင်ရွက်ရပါ တယ်။ ကျွန်တော်တို့ ကျောင်းကတော့ မနက်ခင်း တစ်ချိန်နဲ့ ညနေခင်း တစ်ချိန်ဆိုပြီး နှစ်ချိန်ခွဲထားပါတယ်။ ကျောင်းတက်မယ့် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ် - ၁၉ ကပ်ရောဂါက ကာကွယ်ဖို့အတွက် Mask မဖြစ် မနေတပ်ဖို့ ညွှန်ကြားထားပါတယ်။
ကျောင်းအပ်လက်ခံ
“အကြောင်းအမျိုးမျိုးကြောင့် ကျောင်း မအပ်လိုက်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက်လည်း ရက်သတ္တပတ် သုံးပတ်အထိ ကျောင်းအပ်လက်ခံ မှာ ဖြစ်ပါတယ်။ ကျောင်းသား ၊ ကျောင်းသူတွေရဲ့ လုံခြုံရေး အတွက် school Bus သွားတဲ့ နေရာတွေမှာ လုံခြုံရေးတောင်းခံ ထားပါတယ်။ ကျွန်တော်တို့ ကျောင်းကတော့ အချက်အချာကျတဲ့နေရာမှာရှိတဲ့အတွက် ကျောင်း ထိပ်မှာလည်း လုံခြုံရေးကင်းက အချိန်ပြည့်ရှိပါတယ်။ ကျောင်းမှာ အသက်၁၂နှစ်နှင့်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူကျောင်းသား ကျောင်းသူပေါင်း ၈၇၇ ဦးရှိပါပြီ၊ ဆေးမထိုးရသေးတဲ့ကျောင်းသား ကျောင်းသူတွေကိုလည်း ဆေးထိုးနှံပေးဖို့ စီမံဆောင်ရွက် ပေးမှာဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူအားလုံးကို ကျွန်တော့်အနေနဲ့ ကျောင်းလာတက် ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။
ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချစွာ ပညာသင်ကြား သင်ယူခွင့်ရရှိနိုင်စေရန်၊ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများမှ တစ်ဆင့် မိသားစုနှင့် ပတ်ဝန်းကျင်သို့ ကိုဗစ် -၁၉ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းကို နိုင်ငံတော် အစိုးရအနေဖြင့် စီမံချက်တစ်ခု အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ဆန္ဒတွေ ပြည့်ဝခဲ့
ကျောင်းသား မိဘဖြစ်သူ ဒေါ်ထွေးထွေးကလည်း “ကျောင်းဖွင့်ဖို့ရက်ကို မျှော်လင့်နေခဲ့တာ ကြာပါပြီ။ အခုတော့ ဆန္ဒတွေ ပြည့်ဝခဲ့ပါပြီ။ ကျောင်းတွေ အဆင် ပြေပြေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့
ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ ကလေးတွေရဲ့ ပညာတတ်မြောက်မှုအပေါ်မှာ အများကြီး မူတည်နေပါတယ်။ ကျောင်းမတက်ရတဲ့ ကလေးရဲ့အနာဂတ်ဟာ ဝေဝါးနေမှာ ဖြစ်ပါတယ်။ အခုဆို ကလေးတွေ ကျောင်းတွေမှာ ပညာသင်ကြားပြီး ပျော်ရွှင်နေတာတွေ့ရတော့ ဝမ်းသာကြည်နူးမိပါတယ်။ ကလေးတွေ ကျန်းမာရေး လုံခြုံစိတ်ချမှုရှိပြီး ပညာသင်ကြားနိုင်အောင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပေးတဲ့အတွက်လည်း ကျေးဇူးတင် ရှိတယ်ဆိုတာကို ထပ်လောင်းပြောလိုပါတယ်။ ဒါကြောင့် မိမိကလေးအနာဂတ် အတွက်မိဘတွေအနေနဲ့ ကျောင်းကိုပို့ကြပါလို့ တိုက်တွန်းလိုပါ တယ်”ဟု ပြောသည်။
ထို့ပြင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လုံခြုံစိတ်ချစွာ ပညာသင်ကြား၊ သင်ယူခွင့်ရရှိနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ကျောင်းတွင်း၊ ကျောင်းပြင် လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။
စုစုပေါင်း ၈၅၉ ကျောင်းရှိ
နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများအား ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ကိုဗစ် -၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုများပြားလာသည့်အတွက် ဇူလိုင် ၉ ရက်တွင် ကျောင်းများ ပြန်လည်ပိတ်ခဲ့ရပြီး ယခုအခါ ရောဂါပိုး ကူးစက်မှုလျော့နည်း ကျဆင်းလာသည့်အတွက် အခြေ ခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ခွင့်ရခြင်းဖြစ်ကာ ကောင်စီ နယ်မြေအတွင်း အခြေခံပညာကျောင်း ၇၅၇ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂၈ ကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၇၄ ကျောင်း စုစုပေါင်း ၈၅၉ ကျောင်းရှိကြောင်း သိရှိရသည်။
သတင်း - အောင်သန့်
ဓာတ်ပုံ - ကိုကိုထိန်