ဥတုရာသီ နေရာဒေသချိန်ခါမရွေး ရေကို ချွေတာဖို့လိုသည်
မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် စားနပ်ရိက္ခာရရှိနိုင်ခြေ နည်းပါးလာခြင်းတို့၏ အရင်းခံမှာ ရေအရင်းအမြစ်ပင်ဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးပွားနေခြင်း၊ လူမှုဘဝဖွံ့ဖြိုးလာခြင်းကြောင့် ရေသုံးစွဲမှု ပိုမိုများပြားလာခြင်း၊ စီမံခန့်ခွဲမှုအားနည်းသော နိုင်ငံများတွင် ရေပြုန်းတီးမှုများပြားလာခြင်း၊ ရေကို လိုအပ်သည်ထက် သုံးစွဲမှုပိုမိုများပြားလာခြင်း၊ ဖွံ့ဖြိုးမှုအတွက် စက်ရုံအလုပ်ရုံများတွင် ရေကိုပိုမိုသုံးစွဲရခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီး၌ ရေအရင်းအမြစ်များ တဖြည်းဖြည်း လျော့ပါးနေသည်။
ကမ္ဘာ့နေရာအနှံ့၌ ရေကို အလုအယက်ရယူရန် ကြိုးပမ်းမှုများကြောင့် အုပ်စုအချင်းချင်း၊ နိုင်ငံ အချင်းချင်း တင်းမာမှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံအသီးသီးအနေဖြင့် ရေအရင်း အမြစ်များအပေါ် စနစ်ကျသည့် စီမံခန့်ခွဲမှု၊ ရေသယံဇာတ ထိန်းသိမ်းမှုတို့က အရေးကြီးသည့်ကဏ္ဍသို့ ရောက်လာသည်။
ရေအရင်းအမြစ် ဘောဂဗေဒနှင့် ငြိမ်းချမ်းရေးအင်စတီကျူ (TEP) ၏ သဘာဝဘေးအန္တရာယ် ခြိမ်းခြောက်မှု မှတ်တမ်းအမည်ရှိ အစီရင်ခံစာက ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ် ရောက်ရှိချိန်တွင် ၁၀ ဘီလီယံ နီးပါးသို့ ရောက်ရှိလာနိုင်သောကြောင့် အရင်းအမြစ်များ ရရှိရေးအတွက် ယှဉ်ပြိုင်မှုများ ရှိလာပြီး ပဋိပက္ခများ တိုးပွားလာနိုင်ကြောင်း၊ ကမ္ဘာတစ်ဝန်း လူဦးရေတိုးပွားလာခြင်း၊ သောက်သုံးရေနှင့် စားနပ်ရိက္ခာရရှိနိုင်ခြေ နည်းပါးခြင်းနှင့် သဘာဝဘေး အန္တရာယ် ပိုမိုဖြစ်ပွားလာခြင်း တို့ကြောင့် ၂၀၅၀ ပြည့်နှစ် ရောက်ရှိချိန်တွင် လူဦးရေ တစ်ဘီလီယံ ကျော်သည် အိမ်ခြေရာမဲ့ ဖြစ်နေလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည့် အရင်းအမြစ် များရရှိရေးအတွက် ယှဉ်ပြိုင်မှုများတွင် လူသားတိုင်းအတွက် မရှိမဖြစ် အရင်းအမြစ်မှာ ရေအရင်းအမြစ်ဖြစ်သည်။
ကမ္ဘာ့ရေနေ့ လူသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးလာမှုကို ကာကွယ်ရန် ၁၉၉၂ ခုနှစ် ဇွန်လက ဘရာဇီးနိုင်ငံတွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ရာသီဥတု ညီလာခံ၏ အစီအစဉ်(၂၁) နောက်ဆက်တွဲ ဆုံးဖြတ်ချက်အရ ရေသယံဇာတ၏ အရေးပါမှုကို ဂရုပြုမိ လာစေရန် နှစ်စဉ်မတ် ၂ရက်ကို ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ခဲ့သည်။ လုံခြုံဘေးကင်းသည့်ရေ၊ ကောင်းမွန်သည့်ရေနှင့် သန့်ရှင်းမှုစနစ်တို့ကို လက်လှမ်းမမီဘဲ ကျန်ရှိခဲ့သူများစွာအတွက် အကြောင်းရင်းများ အလေးထားရှာဖွေ ဖြေရှင်းကြရန် ရည်ရွယ်၍ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ရေသည် သက်ရှိသတ္တဝါများအတွက် အရေးပါဆုံး ဓာတ်ဖြစ်ပြီး ရေဓာတ်မရှိပါက အသက်ရှင်ရန် မလွယ်ကူပေ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အဓိကအခန်းကဏ္ဍ၌ ပါဝင်နေသည်။ ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ရေထုဖြင့် ဖုံးလွှမ်းထားသော်လည်း လူသားများ အသုံးပြုနိုင်သော သန့်စင်သည့် ရေပမာဏမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိသည်။ ကမ္ဘာ့လူဦးရေ တစ်ဘီလီယံခန့်သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိနိုင်သေးသည့်အတွက် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် သက်ရောက်မှုများရှိနေသည်။ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၃ ဘီလီယံခန့်သည်လည်း ကောင်းမွန်သည့် မိလ္လာစနစ်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည့်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၁၈ မှ ၂၀၂၈ ခုနှစ်အထိကို ရေဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆယ်စုနှစ်အဖြစ် သတ်မှတ်ထားသည်။
သဘာဝဘေးအန္တရာယ်များ
ကမ္ဘာကြီးပူနွေးလာမှု၊ သစ်တောပြုန်းတီးမှု၊ တောတောင်ပြုန်းတီးမှု၊ အဖိုးတန်ဓာတ်သတ္တုများ အလွန်အကျွံထုတ်ယူသုံးစွဲမှု၊ မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူသုံးစွဲမှု အစရှိသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သော အပြုအမူလုပ်ရပ်များကြောင့် နောက်ဆက်တွဲ ကြုံတွေ့လာရသည့် ရာသီဥတုပြောင်းလဲဖောက် ပြန်မှုနှင့်အတူ သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့လာနေရပြီဖြစ်သည်။
ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာမှုများကြောင့် စိုက်ပျိုးရေးကို အဓိက အားထား လုပ်ကိုင်နေကြရသည့် ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ခြင်း အစရှိသည့် သဘာဝ ဘေးဒဏ်တို့ကို အလူးအလဲ ခံစားနေကြရသည်။
ရေရှားပါးသည့်ပြဿနာ အချို့ဒေသများတွင် ရေကြီးခြင်းဒုက္ခကို ခံစားနေရသကဲ့သို့ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းတို့တွင် မိုးခေါင်မှုကြောင့် မိုးရေကိုသာ အဓိက အားထားနေရသည့် ဒေသများ၌ နွေရာသီတွင် စိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးမှု၊ ပြတ်လပ်မှု ကြုံတွေ့နေသည်။ မြန်မာနိုင်ငံတွင် နွေရာသီ ရေရှားသည့်ပြဿနာကို အပူပိုင်းဇုန်တိုင်း သုံးတိုင်းဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးကြုံတွေ့နေရပြီး ယခုအခါ ရာသီဥတု ပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာခြင်းများကြောင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း ရေရှားပါးသည့်ပြဿနာကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရသည်။ ရေရှားပါး ပြတ်လပ်မှုများအား ချက်ချင်းတုံ့ပြန် နိုင်စေရန်နှင့် အချက်အလက်များအား အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ www.waterdonation.com website တွင် ထုတ်ပြန်ထားရှိပြီး ဖြစ်သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အထိ နွေရာသီ ရေရှားပါးကျေးရွာ ၂၂၃၆ ရွာသို့ ရေဂါလန်ပေါင်း ၃၀ ဒသမ ၀၃၅၄ သန်း ဖြန့်ဝေပေးခဲ့ပြီး အိမ်ခြေ ဝ ဒသမ ၅ သန်း၊ လူဦးရေ ၂ ဒသမ ၄၁ သန်း အကျိုးခံစားမှု ရရှိခဲ့သည်။ ဦးစီးဌာနပိုင် ရေသန့်စင်ကား ၁၀ စီးဖြင့် လည်းကောင်း၊ ရေသယ်ယာဉ် အစီး ၂၀ ဖြင့် လည်းကောင်း ရေရှားပါးကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိသည်။ ။
နွေရာသီကာလအတွင်း သောက်သုံးရေမပြတ် လပ်စေရေးအတွက် ကျေးလက်ဦးစီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်က တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၇ ခုနှင့်အတူ virtual meeting ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးကြီးများ၏ တင်ပြ ချက်အရ ၂၀၂၁ ခုနှစ် နွေရာသီကာလတွင် မြို့နယ် ၈၆ မြို့နယ်ရှိ ကျေးရွာပေါင်း ၃၇၄ ရွာတွင် သောက်သုံးရေရှားပါးနိုင်ကြောင်း ခန့်မှန်းသိရှိရသည်။
နွေ၏အငွေ့ အသက်ရရုံမျှဖြင့် ရေရှားပါးပြတ် လပ်မှုသတင်းများကို စတင်ကြားနေရပြီဖြစ်သည်။ ကယား၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်း၊ နေပြည်တော် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ငါးခုရှိ ကနဦး သောက်သုံးရေ ရှားပါးသည့် ကျေးရွာ ၁၇ ရွာတွင် ရေဂါလန်ပေါင်း ၄၄၆၀၀ ကို ဖြန့်ဝေပေးခဲ့ပြီးဖြစ် သည်။ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင်(၆) မျှော်မှန်းချက်များ၊ ကျေးလက် ရေရရှိရေး မဟာဗျူဟာပါ ရည်မှန်းချက်များ ပြည့်မီစေရေး၊ ကျေးလက်ဒေသများသန့်ရှင်းသော သောက်သုံးရေရှိရေးအတွက် ကြိုးပမ်းကြရာတွင် ပြည်သူ၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးပါသော အခန်းကဏ္ဍဖြစ်သည်။
ကမ္ဘာ့အပူချိန် တိုးလာခြင်းနှင့်အတူ မိုးခေါင် ခြင်း၊ သဲကန္တာရများတိုးလာခြင်းတို့က ရေရှားပါးမှု နှုန်းကို မြင့်တက်လာစေသည်။ ရေရှားပါးမှုကို ထိခိုက်ခံစားကြရသူများမှာ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော် ရှိသည်။ လွန်ခဲ့သော ငါးနှစ်တာ ကာလအတွင်း ကမ္ဘာ့လူဦးရေ ၈၄၄ သန်းသည် သောက်သုံးရေစနစ် မခံစားရသေးကြောင်း၊ လူ ၈၉၂ သန်းသည် အညစ်အကြေးများကို အကာအကွယ်မဲ့သည့် ပတ်ဝန်းကျင်များတွင် စွန့်ပစ်သည့်စနစ်ကို ကျင့်သုံးခဲ့ကြကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ သဘာဝလက်ဆောင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများ၏ စုစုပေါင်း ရေအရင်းအမြစ် ၁၆ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး အာရှဒေသ၏ ရေအရင်းအမြစ် ၁၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ အလယ်ပိုင်း ခြောက်သွေ့သော အပူပိုင်းဒေသများမှ လွဲ၍ ရွာသွန်း မိုးရေ ကောင်းမွန်ခြင်း၊ မြစ်ချောင်းများနှင့် သဘာဝရေကန်များစွာ ရှိနေခြင်းနှင့် မြေအောက်ရေ ထိန်းထားနိုင်သော အလွှာရှိနေခြင်းတို့မှာ သဘာဝ က ပေးအပ်ထားသော လက်ဆောင်မွန်ဖြစ်သည်။ ရရာသီဥတုဖြစ်စဉ်များနှင့်အတူ ဖြစ်ပေါ်လာသည့် ပုံမှန်မဟုတ်သော ရေကြီးရေလျှံမှု၊ မုန်တိုင်းဖြစ်ပေါ်မှု နှင့် အချို့ဒေသများတွင် ထူးခြားစွာ မိုးရေချိန်နည်း ပါးခြင်း ၊ ဆည်တမံများ၌ ရေအဝင်နည်းခြင်း စသည့် အခြေအနေများကို ရင်ဆိုင်လာရသည်။ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ရေလှောင်တမံများ၌ သောက်သုံးရေတစ်မျိုးတည်းသာ ပေးဝေနိုင်ခဲ့ပြီး နွေစပါးစိုက်ပျိုးရေပေးဝေရန် မလုံလောက်မှုကြောင့် အခြားသီးနှံများ ပြောင်းလဲ စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လာရသည်။
မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲလာမှု၏ အကျိုးဆက်ကို သိသိသာသာခံစားနေရခြင်း၊ နိုင်ငံတစ်ဝန်းရှိ ရေဝေရေလဲဒေသများကို ထိန်းသိမ်း နိုင်စွမ်းမရှိခြင်းတို့ကြောင့် ရေအရင်းအမြစ်များ ဆုံးရှုံးပြီး နွေရာသီကာလ မရောက်မီကပင် မြစ်၊ ချောင်း၊ အင်းအိုင်များ၊ ရေတွင်းရေကန်များ ခန်း ခြောက်လာသည်။ ဆည်မြောင်း တာတမံများလည်း ရေနည်းပါးခြင်းနှင့် ရင်ဆိုင်လာရသည်။ လူဦးရေ တိုးပွားလာမှုနှင့်အတူ မြို့ပြဖွံ့ဖြိုးလာခြင်း၊ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့် ကျေးရွာအခြေပြု စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းတို့ကလည်း ရေအရင်း အမြစ်များ အလျင်အမြန်လျော့ပါးမှုကို တွန်းအားပေးလျက်ရှိသည်။
ရေရယူသုံးစွဲပုံစနစ် မမှန်ကန်ခြင်း
သောက်သုံးရေကန်မှ ရေရယူသုံးစွဲပုံစနစ် မမှန်ကန်ခြင်းတွင် သောက်သုံးရေကန် သန့်ရှင်းရေး သတိပေးချက်များကို မလိုက်နာခြင်း ၊ သောက်သုံးရေကန် အနီးဝန်းကျင်၌ မိလ္လာ၊ အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်း၊ အမှိုက်ပုံတို့ရှိနေခြင်း၊ သောက်သုံးရေကန်များကို ရေရှည်ထိန်းသိမ်းပြုပြင်မှုမရှိခြင်း၊ ရေတွင်းတူးရန် မြေနေရာရွေးချယ်မှု မမှန်ကန်ခြင်းတို့ ပါဝင်သည်။ သောက်သုံးရေတွင်းဖြစ်စေရန် အညစ်အကြေး စွန့်ပစ်သောနေရာနှင့် ပေ ၅ဝ ဝေးကွာပြီး မြင့်သောအပိုင်းတွင် ရှိရမည်ဖြစ်သည်။ ရေဝပ်ရေလျှံသော နေရာကိုလည်း လုံးဝမရွေးချယ်မိရန် အရေးကြီးသည်။
ရေသည် သက်ရှိသတ္တဝါများအတွက် အရေးပါဆုံးဓာတ်ဖြစ်ပြီး ရေဓာတ်မရှိပါက အသက်ရှင် နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုကိုလည်း နှောင့်နှေးစေသည်။ လူဦးရေ တိုးတက်များပြားလာနေသော ယနေ့ကမ္ဘာကြီးတွင် ရေလိုအပ်ချက်သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သကဲ့သို့ ကမ္ဘာကြီး တည်တံ့ခိုင်မြဲရေးနှင့် ရေအရင်းအမြစ် လုံခြုံမှုရှိရေးသည်လည်း ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့် ပန်းပမာ ဖြစ်သည်။
စနစ်တကျထိန်းသိမ်းသင့် အစိုးရအနေဖြင့် ရေသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲနိုင်မည့် အမျိုးသားရေသယံဇာတ ဥပဒေတစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို စနစ်တကျ လုပ်ဆောင်ခြင်း၊ အများပြည်သူတို့ကလည်း ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရေးအတွက် စနစ်တကျ အသုံးပြုခြင်းဖြင့် ရေအရင်းအမြစ်များကို စနစ်တကျ ထိန်းသိမ်းသင့်သည်။ ရေကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကိုလည်း ကျော်လွှားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
မေယု - မျိုးအောင် (MANA)