အော်ဂဲနစ်မြေသြဇာနှင့် အော်ဂဲနစ်ပိုးသတ်ဆေး
စာရေးသူတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ ထို့ကြောင့် မြေကြီးကို အားကိုးအားထားပြုနေ ကြရသည်။ ထိုမြေကြီးသည်လည်း စိုက်ပျိုးသီးနှံများဖြစ်ထွန်းစေရန်အတွက် မြေဆီဩဇာကြွယ်ဝရန် လိုပါသည်။ ယခုအခါဓာတုဓာတ်မြေသြဇာများ သုံးစွဲလာခြင်းကြောင့် မြေဆီခန်းခြောက်လာသည်ကို သတိပြုသင့်ပေသည်။ စိုက်ပျိုးသူများအနေဖြင့်လည်း မြေဆီဩဇာခန်းခြောက်ခြင်းကို ကြုံတွေ့ လာရသည့်အပြင် ပိုးမွှားမျိုးစုံ ကျရောက်ဖျက်ဆီးခြင်းကိုလည်း ခံကြရသည့်အခါ ပိုးသတ် ဆေးများကို အသုံးပြုကြရသည်။ ပိုးတစ်မျိုးအတွက် ပိုးသတ်ဆေးတစ်မျိုး ပေါ်လာပါက နောက်ထပ် အခြားပိုးတစ်မျိုးက ပေါ်လာပြန်သည်။ ထိုပိုးကိုနှိမ်နင်းဖို့ နောက်ထပ်ပိုးသတ်ဆေး တစ်မျိုး လည်း ပေါ်လာရပြန်သည်။ ဤနည်းဖြင့် ပိုးသတ်ဆေးမျိုးစုံပေါ်လာ၍ အဆိပ်သံသရာလည်နေတော့သည်။ ဓာတုမြေသြဇာနှင့် ဓာတုပိုးသတ် ဆေးများသည် သဘာဝပတ်ဝန်းကျင်နှင့် လူတို့အတွက် အန္တရာယ်ပင်ဖြစ်ပါသည်။ သို့ဆိုပါလျှင် စိုက်ပျိုးရေးအတွက် မည်သည့် မြေဩဇာနှင့် မည်သည့် ပိုးသတ်ဆေးကို အသုံးပြုရမည်နည်းဟု မေးစရာရှိလာပါသည်။ စာရေးသူအနေဖြင့်တော့ အော်ဂဲနစ် မြေသြဇာနှင့် အော်ဂဲနစ် ပိုးသတ်ဆေးသာ အသုံးပြုကြပါဟု ပြောလိုပါသည်။
အော်ဂဲနစ်မြေဩဇာများ (Organic Fertilizer)
အော်ဂဲနစ်မြေဩဇာဆိုသည်မှာ အပင်များမှလည်းကောင်း၊ တိရစ္ဆာန်အညစ်အကြေးများမှ လည်းကောင်း၊ အကျိုးပြုအဏုဇီဝပိုးများမှ လည်းကောင်း ပြုလုပ်ခြင်းဖြစ်သည်။ အော်ဂဲနစ် မြေဩဇာ များမှာ အပင်ဆွေးမြေဩဇာ(Compost)၊ တိရစ္ဆာန်အညစ်အကြေး မြေဩဇာ(Manures)၊ အဏုဇီဝမြေဩဇာနှင့် တီကောင်စွန့်ပစ် မြေဩဇာ(Vermicompost) ဟူ၍ဖြစ်သည်။
အပင်ဆွေးမြေသြဇာ(Compost)
အပင်ဆွေးမြေဩဇာကို အပင်၏အကိုင်း၊ အရွက်နှင့် သစ်သီးခြံ ဆွေးများ၊ သစ်ပင်ပန်းမန်နှင့် အခြားသောအပင်တို့၏ အစိတ်အပိုင်းများဖြင့် ပြုလုပ်သည်။ သစ်ပင်တစ်ပင်ရှိ သစ်ရွက်ကြွေ များသည် ထိုသစ်ပင်အတွက် မြေသြဇာဖြစ်သလို အခြားသောအပင်များ အတွက်လည်း မြေဩဇာကို ပေးစွမ်းနိုင်ပါသည်။ အပင်ဆွေးမြေဩဇာ ပြုလုပ်ရန်အတွက် ကျင်း သို့မဟုတ် အုတ်ကန်တစ်ခုထဲသို့ သစ်ရွက်များ၊ သစ်ကိုင်းများ၊ သစ်ဆွေးတုံးများ၊ သီးနှံအခွံများနှင့် အခြားသော အပင်တို့၏ အစိတ်အပိုင်းများကို ထည့်ထားရသည်။ ထို့နောက် ရေနှင့်အောက်ဆီဂျင်သည် ထိုအစိတ်အပိုင်း များကို အချိန်ကြာမြင့်စွာထိတွေ့၍ တဖြည်းဖြည်းဆွေးမြည့်ပျက်စီးလာကာ အော်ဂဲနစ်မြေ သြဇာအဖြစ်သို့ရောက်ရှိလာခြင်းဖြစ်ပါသည်။ လူတို့၏ ကျန်းမာရေးနှင့် စိုက်မျိုးမြေ၌ မြေဆီဩဇာ ကြွယ်ဝစေရန်အတွက် အပင်ဆွေးအော်ဂဲနစ်မြေသြဇာသည် အလွန်ကောင်းမွန်သော မြေသြဇာ တစ်မျိုး ဖြစ်ပါသည်။
တိရစ္ဆာန်အညစ်အကြေးမြေသြဇာ(Manures)
တိရစ္ဆာန်အညစ်အကြေးမြေသြဇာကို ကျွဲချေး၊ နွားချေး၊ ကြက်ချေး၊ ဘဲချေး စသည်တို့ဖြင့် ပြုလုပ် ခြင်းဖြစ်သည်။ တိရစ္ဆာန်တို့မှရသော အညစ်အကြေးများကို အော်ဂဲနစ်မြေသြဇာအဖြစ် အသုံးပြုခြင်း သည် ငွေကုန်ကြေးကျသက်သာသလို အခြားသောဘေးထွက်ဆိုးကျိုးများ လည်း ကင်းစေသည်။ စာရေးသူတို့ဒေသတွင် နွားချေးကို အများဆုံး အသုံးပြုလေ့ရှိကြသည်။ နွေစပါး သိမ်းပြီးချိန်တွင် နွားချေးဆွေးများကို လယ်ကွင်းထဲ၌ အတန်ငယ်ခြား၍ ပုံထားလေ့ရှိကြသည်ကို တွေ့ရသည်။ နောက်မိုးရာသီအခါ လယ်ထွန်ပါက ထိုနွားချေးဆွေးများ နှင့် မြေသမသွားကာ မြေဩဇာအဖြစ် အသုံးပြုကြပါသည်။ နွားချေး တွင် သီးနှံပင်များအတွက် လိုအပ်သော နိုက်ထရိုဂျင် ၃ ရာခိုင်နှုန်း၊ ဖော့စဖရပ်၂ ရာခိုင်နှုန်းနှင့် ပိုတက်စီယမ် ၁ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။ နွားချေးမြေဩဇာသည် မြေအစိုဓာတ်ကိုထိန်းပေးသလို မြေဆီလွှာကိုလည်း ကောင်းမွန်စေပါသည်။ ထို့ပြင်အကျိုးပြု အဏုဇီဝပိုးများ ရှင်သန်စေရန်အတွက်လည်း အထောက်အကူပြုသည့်အော်ဂဲနစ် မြေသြဇာ တစ်မျိုးပင် ဖြစ်ပါသည်။ ထိုနွားချေးမြေဩဇာအပြင် ကြက်ချေးနှင့်ဘဲချေးကိုလည်း အော်ဂဲနစ် သဘာဝမြေဩဇာ အဖြစ်အသုံးပြုနိုင်ပါသည်။ ကြက်ချေးဆွေးနှင့် ဘဲချေးဆွေးများကို လည်း နွားချေးဆွေးကဲ့သို့ပင် သီးပင်စားပင်များအတွက် မြေဩဇာ အဖြစ် အသုံးပြုနိုင်ပါသည်။
တီကောင်မြေဩဇာ (Vermicompost)
တီကောင်များသည် ကမ္ဘာ့မြေဆီလွှာအပေါ်ယံတွင် နေကြသည်။ လတ်ဆတ်သော ဇီဝပစ္စည်း ၉၀ ရာခိုင်နှုန်းနှင့် မြေကြီး ၁၀ ရာခိုင်နှုန်းကို စားသုံးကာ တီကျစ်စာခဲများအဖြစ် ပြန်လည် ထုတ်ပေးသည်။ ထိုကျစ်စာခဲများတွင် ကယ်လ်စီယမ်ဓာတ်များ ပါဝင်ပါသည်။ တီကောင်မြေသြဇာကို တီမွေးကန်များ ပြုလုပ်၍ ထုတ်လုပ်ကြ ပါသည်။ အိန္ဒိယနိုင်ငံတွင် တီကောင်မြေဩဇာကို ၁၉၉၅ မှ ၁၉၉၇ အထိ တန်ချိန်ပေါင်း ၃ ဒသမ ၅ သန်းခန့် ထုတ်လုပ်ခဲ့သည်ဟု သိရပါသည်။ တီကောင် မြေဩဇာသည် အသီးအပွင့်များကို အောင်မြင်စေသည့်အပြင် အပင်ကိုလည်း ကြီးထွားရှင်သန် စေသည်။ မြေဆီဩဇာကို ကောင်းမွန်စေသလို မြေတွင်းအောက်ဆီဂျင်ကို ပိုရစေသည်။ အစိုဓာတ်ကိုလည်း ကောင်းစွာထိန်းပေးနိုင်သည့် အော်ဂဲနစ်မြေသြဇာဖြစ်ပါသည်။
အော်ဂဲနစ်ပိုးသတ်ဆေးများ (Organic insecticides)
စိုက်ပျိုးရေးအတွက် မြေဆီမြေသြဇာသည် အလွန်အရေးပါလှပါသည်။ မြေဆီဩဇာ၏ အထောက် အပံ့ကြောင့် သီးနှံများဖြစ်ထွန်းအောင်မြင်သော်လည်း ပိုးဖျက်၍ ပျက်စီးခဲ့ရသည် များလည်း ရှိပါသည်။ ထိုဖျက်ပိုးများကို ကာကွယ်ဖို့ရာ ဓာတုပိုးသတ်ဆေးများကို တွင်ကျယ်စွာ အသုံးပြုလာ သည်ကို တွေ့ရပါသည်။ ထိုဆေးများသည် ကျန်းမာရေးရှုထောင့်ကကြည့်ပါက မကောင်းဟု စာရေးသူယူဆပါ သည်။ ထို့ကြောင့် ဓာတုပိုးသတ်ဆေးများအစား အော်ဂဲနစ်ပိုးသတ် ဆေးကို အသုံးပြုသင့်ပါသည်။ အော်ဂဲနစ်ပိုးသတ်ဆေးများမှာ ငရုပ်ပိုးသတ်ဆေး (Chilli insecticide) တမာပိုးသတ်ဆေး (Neem insecticide)၊ ကြက်သွန်ဖြူပိုးသတ်ဆေး(Garlic insecticide)နှင့် ဂန္ဓမာပိုးသတ်ဆေး(Pyrethram insecticide)တို့ ဖြစ်ပါသည်။
ငရုတ်ပိုးသတ်ဆေး(Chilli insecticide)
ငရုတ်ပိုးသတ်ဆေး ပြုလုပ်ရာတွင် ငရုတ်သီးအစို သို့မဟုတ် ငရုတ်သီးအခြောက်ကို ရေသင့်သလောက်ဖြင့် မိနစ် ၂၀ ခန့် ဆူအောင် ပြုလုပ်ပြီး အအေးခံကာ ထိုငရုတ်သီးအရည်ကို စစ်ယူ၍ အသုံးပြုခြင်း ဖြစ်ပါသည်။ ငရုတ်ပိုးသတ်ဆေးရည်သည် ခြ၊ ပုရွက်ဆိတ်၊ ပေါက်ဖတ် နှင့် ပိုးတုံးလုံး အပါအဝင် အခြားအင်းဆက်ပိုးအချို့ကို နှိမ်နင်းပေးပါသည်။ ငရုတ်ပိုးသတ်ဆေးရည်သည် အော်ဂဲနစ်ပိုးသတ်ဆေး စစ်စစ်ဖြစ်ပါသည်။ ခြွင်းချက်အနေဖြင့် သီးနှံများခူးခါနီးတွင် အသုံးမပြုသင့် တော့ပေ။
တမာပိုးသတ်ဆေး (Neem insecticide)
တမာပင်သည်နေရာ ဒေသမရွေး ပေါက်ရောက်သော အပင်ဖြစ်ပါသည်။ အထူးသဖြင့် အညာ ဒေသတွင် အများအပြားတွေ့ရသည်။ ခါးသော အရသာရှိ၏။ တမာပင်မှာ ပိုးသတ်ဆေးအာနိသင် ရှိကြောင်းကို ဂျာမန်စိုက်ပျိုးရေးပညာရှင် “ဆူဒန်” က ၁၉၅၆ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်ဟု ဆိုပါ သည်။ တမာပင်၏အစိတ်အပိုင်းအားလုံးပင် ပိုးမွှားများကို သေစေနိုင်ပါသည်။ တမာပင်သည် လူတို့အတွက် အန္တရာယ်မရှိသော်လည်း သီးနှံဖျက်ပိုးများကို သေစေနိုင်သော အေဇာဒီရာ့တင် (Azadirachtin) ဓာတ်ပစ္စည်းပါဝင်သည့် အော်ဂဲနစ် ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါသည်။
ကြက်သွန်ဖြူပိုးသိတ်ဆေး(Garlic insecticide)
ကြက်သွန်ဖြူ အော်ဂဲနစ်ပိုးသတ်ဆေးပြုလုပ်ပုံသည် ရိုးရှင်းလွယ်ကူသည်ဟု ဆိုရပေမည်။ ပထမဦးစွာ ကြက်သွန်ဖြူ ၁၀ ဥခန့်ကို ဓားဖြင့်စည်းကာ ရေတစ်လီတာရှိသော ပုလင်းထဲသို့ထည့်၍ ခြောက်နာရီကြာစိမ်ထားပြီး အရည်ကိုစစ်ယူ၍ အသုံးပြုရပါသည်။ အသုံးပြုခါနီးတွင် ရေလေးဆထပ်၍ ရောရပါမည်။ ခြွင်းချက်အနေဖြင့် အသီးအနှံများ ခူးဆွတ်ခါနီးအချိန်တွင် အသုံးမပြုသင့်ပါ။ သဘာဝအော်ဂဲနစ် ကြက်သွန်ဖြူ ပိုးသတ်ဆေးရည်သည် မှိုစွဲနာပိုးများကို ပိုမိုထိရောက်စွာ နှိမ်နင်းပေးနိုင်ပါသည်။ ထို့အပြင် ပေါက်ဖတ်၊ ပိုးတုံးလုံးနှင့် အခြားသောသီးနှံ ဖျက်ပိုးများကို နှိမ်နင်းပေးနိုင်ပါသည်။
အော်ဂဲနစ်မြေသြဇာနှင့် အော်ဂဲနစ်ပိုးသတ်ဆေး အသုံးပြုခြင်းကောင်းကျိုးများ
ယနေ့ခေတ်အသုံးပြုနေကြသော ဓာတုဗေဒဓာတ်မြေသြဇာများ သည်မြေဆီမြေသြဇာကို ခန်းခြောက် ပျက်စီးစေနိုင်သည်ကို စိုက်ပျိုးသူတိုင်း သတိပြုမိမည်ဟုထင်ပါသည်။ ထိုဆေးများသည် မြစ်ချောင်း နှင့် လေထုအတွင်း ရောက်ရှိပါက လေထုနှင့်ရေထု ညစ်ညမ်းစေပါသည်။ သောက်သုံးသူ၊ ရှူရှိုက်မိသူများအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ဓာတုပိုးသတ်ဆေးများသည်လည်း ထိုနည်းအတူပင် ဖြစ်ပါသည်။ စားသုံးသူအတွက်ရေရှည်တွင် ကျန်းမာရေးကို ထိခိုက်စေ နိုင်ပါသည်။ အထူးသဖြင့် ထိုဓာတုဆေးများကြောင့် ယနေ့ခေတ်သေမိန့်ရောဂါဟုဆိုရလောက်သော ကင်ဆာ ရောဂါကို ဖြစ်ပွားစေနိုင်ပါသည်။ အော်ဂဲနစ်မြေသြဇာနှင့် အော်ဂဲနစ်ပိုးသတ် ဆေးကို အသုံးပြုပါက သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှု မဖြစ်စေနိုင်ပေ။ အကျိုးပြုအင်းဆက်များကိုလည်း ကာကွယ် ပေးနိုင်ပါသည်။ စိုက်ပျိုးတောင်သူများအနေဖြင့် ပထမငွေကုန်ကြေးကျ သက်သာစေသည်။ မြေဆီမြေသြဇာပျက်စီးမှုမရှိသဖြင့် အထွက်နှုန်းကို ကောင်းမွန်စေပါသည်။ စားသုံးသူများအနေဖြင့် ဓာတုဆေးကင်း သည့်အတွက် သန့်ရှင်းလတ်ဆတ်သော အသီးအနှံများကို စားသုံးရ သဖြင့် ရောဂါဖြစ်ပွားမှုအန္တရာယ်မှ ကင်းဝေးစေပါသည်။ အသီးအနှံ တို့၏ အာဟာရသည် ဓာတုဆေးဖြင့် စိုက်ပျိုးသော အသီးအနှံများ ထက် အရသာပို၍ကောင်းမွန်သည်။ ထိုကဲ့သို့သော ကောင်းကျိုး များကို ရရှိမည့်အပြင် အခြားသော ကောင်းကျိုးများစွာကိုလည်း ရရှိ စေမည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် ယနေ့ခေတ်အသုံးပြုနေကြသော ဓာတုဓာတ်မြေသြဇာနှင့် ဓာတုပိုး သတ်ဆေးများ၏ ဘေးထွက်ဆိုးကျိုးကို သိလောက်မည်ဟု ထင်ပါသည်။ ထို့ကြောင့် မြေကြီးက ရွှေသီးဖို့ အတွက်မြေဆီမြေသြဇာကောင်းရန်လိုသည်။ လူသားတို့ကျန်းမာရေး အတွက် အဆိပ် ကင်းသော အသီးအနှံများကို စားသုံးကြရန် လိုပါသည်။ သို့ဖြစ်၍ ရေရှည်ကို မျှော်ကိုးကာ အော်ဂဲနစ်မြေသြဇာနှင့် အော်ဂဲနစ်ပိုးသတ်ဆေးများကို အသုံးပြုကြပါဟု တိုက်တွန်းချင်ပါသည်။
ကိုးကား- အော်ဂဲနစ်စိုက်ပျိုးရေး၊ အော်ဂဲနစ်အစားအစာများ နှင့် ကျန်းမာရေး
(ဒေါက်တာခင်မောင်လွင်)
ကိုကျော်စွာ (ကျိုက်ပိ)