Skip to main content

အပယ်ခံလူသားမဖြစ်စေဖို့ ကူညီစောင့်ရှောက်စို့

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က စိတ်ကျန်းမာရေးကိုလူသားတိုင်းသည် မိမိတို့၏ စွမ်းရည်ရှိသည့်အတိုင်း နေထိုင်သည့် အခြေအနေတွင် ဘဝ၏ စိတ်ပင်ပန်းမှုများကို ခံနိုင်ရည်ရှိပြီး ထုတ်လုပ်နိုင် စွမ်းရှိသောအလုပ်များကို လုပ်ကိုင်နိုင်ကာ မိမိတို့ ပတ်ဝန်းကျင်ကို ကူညီထောက်ပံ့မှုပြုနိုင်သည့် အခြေအနေဟု ဖွင့်ဆိုထားသည်။ ယနေ့ကမ္ဘာကြီးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေ စိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်စသည့် ကဏ္ဍအသီးသီးတွင် စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ ကမ္ဘာတစ်ဝန်းရှိ လူသားအများ အပြားသည်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်ခုခုနှင့် ရင်ဆိုင်ရလေ့ ရှိသည်။

စိတ်ဖိစီးမှု၊ စိတ်ကျမှုများ ပိုမိုဖြစ်ပွား

လူတစ်ဦးသည် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းသော်လည်း စိတ်ကျန်းမာမှုမရှိပါက ထိုသူအား ကျန်းမာရေးနှင့် ပြည့်စုံသူတစ်ယောက် အဖြစ် သတ်မှတ်နိုင်မည်မဟုတ်ချေ။ ရောဂါဘယ ကင်းဝေးပြီး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာပြည့်စုံပါမှ ကျန်းမာသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါသည် လူသားများအကြား စိတ်ပိုင်းဆိုင်ရာ အခြေအနေများအပါအဝင် အခြားသော လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ပြဿနာများကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် အလုပ်လက်မဲ့ဖြစ်ပွားမှု များပြားလာခြင်း၊ ရောဂါပိုး ကူးစက်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်မှုဖြစ်ခြင်း၊ လူနေမှုစရိတ်တိုးမြင့် လာခြင်းတို့ကြောင့် စိတ်ဖိစီးမှု၊ စိတ်ကျမှုများကို ပိုမိုဖြစ်ပွားစေသည်။

၁၉၉၂ ခုနှစ်မှစတင်ကာ စိတ်ကျန်းမာရေး ဆိုင်ရာဝေဒနာများ ခံစားနေရသူများကို စောင့်ရှောက်မှုပေးအပ်ရန်၊ တာဝန်ရှိသူများ အားလုံးနှင့် ကမ္ဘာသူကမ္ဘာသားများအားလုံး စိတ်ကျန်းမာ ရေးဗဟုသုတမြင့်မားလာစေရန် ရည်ရွယ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဦးဆောင်သော်ကြော် လျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စာရင်းဇယားများအရ ကမ္ဘာပေါ်ရှိ ဆယ်ကျော်သက် အရွယ်ငါးဦးတွင် တစ်ဦးသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ တွေ့ကြုံခံစားနေကြရသည်။ ဆယ်ကျော်သက်အရွယ် များတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားမှု ပိုများလာပြီး အထူးသဖြင့် စိတ်ရောဂါဖြစ်လာပါက သက်ဆိုင်ရာဆရာဝန်ဆီ သွားရောက်ကုသရန် စိုးရွံ့ပြီး လူသိမခံဝံ့ခြင်းမျိုး ရှိနေသည့်အတွက် စိတ်ရောဂါကုသရာတွင် အဓိကအခက်အခဲတစ်ခု ဖြစ်နေသည်။

WHO ကထုတ်ပြန်ထားသည့် အချက်အလက် များအရ စိတ်ကျရောဂါသည် ကမ္ဘာတစ်ဝန်းတွင် အဖြစ်များသောရောဂါတစ်ခုဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် စိတ်ကျရောဂါခံစားနေရသူ သန်း ၂၈၀ ရှိသည်။ ယင်းတို့အထဲတွင် အရွယ်ရောက်ပြီးသူ များ၏ ငါးရာခိုင်နှုန်း၊ သက်ကြီးရွယ်အို ဒသမ ရာခိုင်နှုန်း ပါဝင်သည်။ စိတ်ကျန်းမာရေးချို့တဲ့ မှုမှတစ်ဆင့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် မိမိ ကိုယ်ကို သေကြောင်းကြံစည်မှုကြောင့် သေဆုံး သူမှာ တစ်နှစ်လျှင် တစ်သန်းခန့်ရှိပြီး စက္ကန့် ၄၀ လျှင်တစ်ဦးနှုန်း သေဆုံးနေကြောင်း ဆိုထားသည်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူများ၏ အရေးမှာ ပေါ့ပေါ့တန်တန် သဘောမထားသင့်သည့် ကိစ္စတစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း စိတ်ကျန်းမာရေး မှတ်တမ်းများအရ အရေအတွက်မနည်းလှပါ။ ကျန်းမာရေးဌာန၏ မှတ်တမ်းများအရ လူဦးရေ ၁ဝဝဝ တွင် ဒသမ၇ ရာခိုင်နှုန်းသည် စိတ်ကျရောဂါ ဖြစ်ပွားနေပြီး လူဦးရေသုံးသိန်းခန့်မှာ အဆိုပါ ဝေဒနာခံစားနေရကြောင်း သိရသည်။ သို့ရာတွင် ကိုဗစ်ကပ်ရောဂါနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ် တို့ကြောင့် အဆိုပါ ကိန်းဂဏန်းများ ပိုမိုမြင့်တက်မှုရှိနိုင်သည်ကို သတိပြုသင့်သည်။

စိတ်ပိုင်းဆိုင်ရာ ရောဂါပြဿနာတွေက တခြားသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရောဂါပြဿနာ တွေကိုလည်း ရိုက်ခတ်မှုတွေ အများကြီးရှိတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ခန္ဓာကိုယ် ပိုင်းဆိုင်ရာပြဿနာတွေလည်း တွဲဖက်ပါဝင်လာတယ်။ ဒီလိုဖြစ်လာရင် သက်ဆိုင်ရာ ဆရာဝန်တွေဆီ သွားရောက်ဖို့ လက်တွန့်တတ်ကြတယ်။ သူတို့ စိတ်ရောဂါဖြစ်တယ်ဆိုတာကို လူသိမခံချင်တာ အဓိကပြဿနာလို ဖြစ်နေတယ်။ စိတ်ကျန်းမာရေးအရ လိုအပ်လာလို့ ဆေးရုံကိုလွှဲရင်လည်း အရူးထောင်ကို မသွားပါရစေနဲ့ဆိုတာ မျိုးရှိတယ်။ ဘယ်လိုပဲ စိတ်ကျန်းမာရေးဆေးရုံလို့ပြောပေမယ့် ကျွန်တော်တို့ဆေးရုံဟာ အရူးထောင်ပဲလို့ ယူဆကြ တယ်။ စိတ်ပိုင်းဆိုင်ရာ ကုသလို့ မပျောက်တာ၊ (အခက်အခဲကြုံတွေ့တာ၊ ပျောက်ကင်းမှုနည်းတာ ဒီပြဿနာက အဓိကဖြစ်တယ်ဟု စိတ်ကျန်းမာ ရေးဌာနမှ ဆရာဝန်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြို့ပြ/ကျေးလက်နေသူ

မြန်မာနိုင်ငံတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ နေထိုင်မှုစရိတ် တိုးလာခြင်းများကို အခြေခံလူတန်းစားများ အဓိက ခံစားနေကြရသကဲ့သို့ မြို့ပြ/ကျေးလက်နေသူတချို့မှာလည်း အနည်းဆုံး စိတ်ဖိစီးမှု တစ်ခုခုကို ခံစားနေကြရသည်။ အချို့သူများမှာ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ စားဝတ်နေရေး အဆင်မပြေမှုများရှိရာမှ ရေလိုက်လွဲကာ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲမှု စသည်ဖြင့် စိတ်ကိုပြောင်းလဲစေသည့် အပြုအမူများကို လုပ်ဆောင်လာကြသည်။ အရက်စွဲ၊ ဆေးစွဲ ဖြစ်ကာ စိတ်ကြွရောဂါ၊ စိတ်ကျရောဂါနှင့် စိတ်ဖောက် ပြန်မှုရောဂါရသည်အထိ ဖြစ်လာကြရသည်။

စိတ်ကျန်းမာရေးဆိုသည်က လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော ရောဂါတစ်မျိုး ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖြစ်ပွားနေ သော ရောဂါမျိုးစုံ၏ ၁၄ ရာခိုင်နှုန်းမှာ စိတ်ရောဂါ ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၃ဝ ရာခိုင်နှုန်းမှာ စိတ်ရောဂါ တစ်မျိုးမဟုတ်တစ်မျိုး ရှိနေကြသည်ဟုလည်း ဆိုကြသည်။ စိတ်ရောဂါများတွင် အများဆုံးဖြစ်တတ်သောရောဂါများမှာ () စိတ်ကျရောဂါ၊ () အရက်စွဲရောဂါ၊ ()အမြင်သွေလွဲမှုရောဂါနှင့် () ဒီမင်းရှားရောဂါများ ဖြစ်သည်ဟု သိရသည်။

လူဦးရေသုံးသိန်းခန့် ဝေဒနာခံစားနေရ

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးအနေဖြင့် ဆေးဝါးကုသပေးခြင်းသာမက ပြန်လည်ထူထောင် ရေးအစီအစဉ်အနေဖြင့် နာတာရှည်ဆေးရုံ တက်လူနာ ဦးရေ ၈ဝ ကို လွန်ခဲ့သည့်နှစ်ပိုင်းက ပဲခူးရွှေသာလျောင်းဘုရား၊ ရွှေမော်ဓောဘုရားနှင့် စိန်သာလျောင်း ဘုရားဖူးခရီးစဉ်များ ပို့ဆောင်ပေးခြင်းကို ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံမှ အထူးကုဆရာဝန်ကြီး၊ သူနာပြုဆရာမ များနှင့် လူမှုကူညီရေးအသင်းများက လုပ်ဆောင်ပေးခဲ့သည်။ ပတ်ဝန်းကျင်တွင် အတွေ့ရ အများဆုံးမှာ စိတ်ကျဝေဒနာရှင်များဖြစ်ကာ ကလေးမီးဖွားပြီးစ မိခင်များ၊ တီဘီနှင့် အေအိုင်ဒီအက်စ်ကဲ့ သို့သော နာတာရှည်ရောဂါရှင်များနှင့် သက်ကြီး ရွယ်အို ဘိုးဘွားအချို့မှာပင် ရောဂါလက္ခဏာများကို တွေ့နေရသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၁ဝဝဝ တွင်၅ဒသမ ၇ရာခိုင်နှုန်းသည်စိတ်ကျရောဂါဖြစ်ပွားနေပြီး လူဦးရေသုံးသိန်းခန့်မှာ ဝေဒနာခံစားနေရ ကြောင်းကျန်းမာရေးဌာန စာရင်းဇယား များအရ သိရသည်။

စိတ်ရောဂါဝေဒနာခံစားရသူများတွင် အကြမ်းဖျင်းအားဖြင့် လူလေးမျိုးသာ ရှိသည်။ () စိတ် ဝေဒနာခံစားခဲ့ရဖူးသူ၊ () စိတ်ဝေဒနာခံစားနေရသူ၊ () စိတ်ဝေဒနာမခံစားရသူနှင့် () စိတ်ဝေဒနာ ရှိပါလျက် ရှိနေမှန်းမသိသူတို့ ဖြစ်ကြသည်။ စိတ်ဝေဒနာနှင့် ပတ်သက်ပြီး ခံစားခဲ့ဖူးသူ၊ ခံစားနေရသူ၊ မခံစားရသေးသူနှင့် ခံစားနေရမှန်းမသိသူဟုပြောဆို နိုင်သည်ဖြစ်ရာ အခြေအနေအကြောင်းတရား တစ်ခုခုကြောင့် အချိန်မရွေးပြောင်းလဲသွားနိုင်သည်ကို သတိပြုရန်လိုအပ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန် ထားသည့် အချက်အလက်များအရ ကမ္ဘာတစ်ဝန်း တွင် စိတ်ကျရောဂါခံစားနေရသူ ၃၂၂ သန်း ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် စိတ်ကျရောဂါ ခံစားနေရသူ ၈၆ သန်းရှိနေပြီး ၂၀၀၅ မှ ၂၀၁၇ ခုနှစ် အထိဆယ်စုနှစ်တစ်ခု ကျော်ကာလအတွင်း အရေအတွက်အားဖြင့် ၁၈ ရာခိုင်နှုန်းကျော်မြင့်တက်လာကြောင်းဖော်ပြ ထားရာ စိတ်ကျန်းမာရေးချို့တဲ့သူ များ၏အရေးကကမ္ဘာကြီးအပေါ် ခြိမ်းခြောက်လျက်ရှိသည်။

စိတ်ရောဂါအမျိုးအစားပေါင်း ၅၃ မျိုး

၂၀၀၀-၂၀၀၁ ခုနှစ်က National Institutes of Health မှ ကိန်းဂဏန်းများအရ အသက် (၁၈) နှစ် အထက်လူပေါင်း ၄၃ဝ၉၃ ဦးကိုလေ့လာခဲ့ရာ အမျိုး သား ၄၃ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၇ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။ စိတ်ရောဂါအမျိုးအစား ပေါင်း ၅၃ မျိုးအထိရှိကြောင်း သိရပြီး နာမည်ကျော် ဒတ်ချ်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးဆိုလျှင် စိတ်ကျရောဂါရှိပြီး သူ့ကိုယ်သူသတ်သေသွားခဲ့သူ ဖြစ်သည်။ စိတ်ရောဂါတစ်မျိုးမျိုးရှိနေသည့် ကမ္ဘာကျော ်ပုဂ္ဂိုလ်ကြီးများအဖြစ် ဂီတပညာရှင် ဗီသိုဗင်၊ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီ၊ သဘာဝသိပ္ပံပညာရှင် ချားလ်ဒါဝင်၊ တီထွင်သူသောမတ်အယ်ဒီဆင်၊ စာရေးဆရာ အားနက်ဟဲ မင်းဝေး၊ ကဗျာဆရာ ဗစ်တာဟယူးဂိုး၊ အမေရိကန် သမ္မတသောမတ်ဂျက်ဖာဆင်၊ အမေရိကန်သမ္မတ လင်ကွန်း၊ ဗိသုကာပညာရှင် မိုက်ကယ်အိတ်ဂျယ်လို၊ မီးအိမ်ရှင်မ ဖလောရင့်နိုက်တင်ဂေး၊ သိပ္ပံပညာရှင် နယူတန်တို့ကိုလည်း တွေ့ရသည်။

ယခုအခါ တစ်ကမ္ဘာလုံးအနှံ့ခံစားရသည့် ကိုဗစ်-၁၉ ရောဂါကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည်။ စာသင်ကျောင်း ဆိုသည်မှာ ကလေးများနှင့် ဆယ်ကျော်သက်များ အဓိက မှီခိုနေရသည့်နေရာလည်း ဖြစ်သည်။ ကျောင်းများပိတ်ထားရသည့် အတွက် ကလေးများ၏ စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးတွင် ထိခိုက်မှုများဖြစ်စေသည်ဟု ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး မည်မျှထိခိုက်မှု ရှိသည်ကို အပြည့်အဝလေ့လာရန် အတွက် နှစ်များအချိန်ယူရမည်ဟုလည်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ကပြောသည်။ စိတ်ရောဂါအထူးကု ပညာရှင်များ သည် ကလေးများနှင့် ဆယ်ကျော် သက်အရွယ်များတွင် ဖြစ်ပေါ်လာသည့် စိတ်ဖိစီးမှု လက္ခဏာများကို လျင်မြန်စွာပင်တွေ့မြင်ခဲ့ ကြသည်။ အသွားအလာပိတ်ဆို့ကန့်သတ်ထားမှုများကြောင့် အစားအသောက်ပုံမှန်မဟုတ်ခြင်း၊ စိတ်ပူပန်မှုများ များလာခြင်းအပါ အဝင်အခြားသောအခက်အခဲများ ကလေးများကြုံတွေ့လာရသည်ဟု တွေ့မြင်လာကြသည်။

စိတ်ရောဂါအားလုံး၏ ထက်ဝက်ခန့်သည် အသက်(၁၄)နှစ်အရွယ်ဝန်းကျင်တွင် စတင်ဖြစ်ပွား သော်လည်း များစွာသောသူတို့မှာ သိရှိခြင်းမရှိ၊ ကုသမှုခံယူရခြင်းကို မသိခြင်းဖြစ်တတ်သည်။ မြီးကောင်ပေါက်အရွယ်များ၌ ဖြစ်ပွား သည့် ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်စေသော ရောဂါများအနက် စိတ်ကျရောဂါသည် တတိယနေရာ၌ရှိသည်။ အသက် (၁၅) နှစ်နှင့် (၂၉) နှစ်အကြား သေဆုံးရ သည့် အဓိကအကြောင်းအရာများထဲတွင် မိမိကိုယ်မိမိသတ်သေခြင်းသည် ဒုတိယနေရာ၌ ရှိသည်။

ကျေးလက်ဒေသအချို့တွင် စိတ်ကျန်းမာရေးချို့တဲ့သူများအပေါ် စုန်းကဝေဖမ်းစား ခြင်း၊ နတ်ပူးခြင်း၊ ပြုစားခံရသူဖြစ်ခြင်းစသည့် ယုံမှတ်မှုများရှိခဲ့သည်။ စိတ်ကျန်းမာရေးချို့တဲ့ သူအချို့မှာ ကြိုးဖြင့်ချည်တုပ်ခံရခြင်း၊ ရွာပြင်သို့ မောင်းထုတ်ခံရခြင်း၊ ဆင်ခြင်တုံတရားကင်းမဲ့ သည့် ပယောဂဆရာတို့ကြောင့် ရိုက်နှက်ခံရခြင်းများ ရှိခဲ့သည်။ ဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူစိတ်ကျန်းမာရေးချို့တဲ့သူများအား ကုသပေးနိုင်သည့် ဆေးဝါးများလည်း ပေါ်ပေါက်လာ ရာဝေဒနာရှင်များကို ပျောက်ကင်း သည်အထိ ကုသပေးနိုင်ပြီဖြစ်သည်။ အဆိုပါ  ဝေဒနာရှင်များအား သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ကူညီပို့ဆောင်ပေးမည့် အစီအစဉ်များ အဆင်သင့်မရှိမှု၊ စိတ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကုသရေးစင်တာများ နည်းပါးမှု၊ ကုသပေးနိုင်သည့် စိတ်ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုတို့က စိတ်ကျန်းမာရေးချို့တဲ့သူများအတွက် အကာ အကွယ်မဲ့သလို ဖြစ်စေသည်။

အပယ်ခံလူသားတစ်ဦးအဖြစ်မှ ကယ်တင်

တာဝန်ရှိသူများ အနေဖြင့် ခေတ်နှင့်လျော်ညီသည့် စိတ်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ မူဝါဒတစ်ရပ် ရေးဆွဲအကောင်အထည် ဖော်ခြင်း၊ အချိန်မီ ဆေးဝါးကုသပေးနိုင်သည့် လုပ်ငန်းစဉ် များချမှတ်လုပ်ဆောင်ခြင်းတို့ကို အဆောတလျင် အကောင်အထည်ဖော် မည်ဆိုလျှင် စိတ်ကျန်းမာရေးချို့တဲ့သူများအား အပယ်ခံလူသားတစ်ဦးအဖြစ်မှ ကယ်တင်နိုင်မည်ဖြစ်သည်။

ကမ္ဘာကြီး၏ စိန်ခေါ်မှုများကို ကိုင်တွယ်ရန် အလို့ငှာ အစောဆုံးအသက်အရွယ်များမှနေ၍ စိတ်ဓာတ်ကြံ့ခိုင်အောင် တည်ဆောက်ရန် လူငယ် များအားကူညီရန်မှာ အရေးကြီးကြောင်း အသိအမြင် တိုးပွားလာကြသည်။ ကျန်းမာရေးကို မြှင့်တင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း သည် မြီးကောင်ပေါက်တို့၏ ကျန်းမာရေးအတွက် ရေတိုနှင့်ရေရှည် အကျိုးကျေးဇူးများ ရရှိစေရုံ သာမက ကျန်းမာသောလူငယ်များအနေဖြင့် လုပ်သားအင်အားစု၊ ၎င်းတို့၏ မိသားစုများနှင့် အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံးတွင်ကောင်းမွန်စွာပါဝင်လာနိုင်ခြင်းကြောင့် စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအတွက်လည်း အကျိုးကျေးဇူးများစေနိုင် သည်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) ကလည်း မူးယစ် ဆေးစွဲလူနာနှင့် အရက်စွဲလူနာများကို အခမဲ့ကူညီပေးလျက်ရှိကြောင်း သိရသည်။

စိတ်နှင့်ပတ်သက်သည့် ဝေဒနာများကို ဆန်းစစ်ကြည့်ပါက အမျိုးသမီးများတွင် စိုးရိမ်စိတ် လွန်ကဲခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်း ကြောင့် အဖြစ်များပြီး အမျိုးသားများမှာမူ မူးယစ်ဆေးစွဲခြင်း၊ လူမှုအသိုင်းအဝိုင်းနှင့် အဆင်မပြေခြင်းကြောင့် အဖြစ်များကြောင်း အမေရိကန်စိတ်ပညာ အသင်းက ထုတ်ပြန်ထားသည်။ စိတ်ကျန်းမာရေးချို့တဲ့သူ များအား လူမှုအသိုင်းအဝိုင်းမှ ခွဲခြားဆက်ဆံ ပစ်ပယ်ထားခြင်းထက် မိသားစုဝင်တစ်ဦးချင်းစီအနေဖြင့် ကြောက်ရွံ့ဟန့်တားမှုမရှိဘဲ မိသားစုဝင် ချင်းဖြစ်စေ၊ ပရဟိတအသင်းများ၏ စောင့်ရှောက်မှု များမှဖြစ်စေ၊ နိုင်ငံတော်မှဖြစ်စေ လူငယ်များ၏ စိတ်ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှု နှင့် ပြည့်စုံခိုင်မာသော စီမံချက်များရေးဆွဲကာ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ ပါဝင်မှုသည် မရှိမဖြစ် အရေးကြီးပါကြောင်း ရေးသားလိုက်ရပါသည်။ ။

မေယု- မျိုးအောင် (MANA)