Skip to main content

ပုဂံဒေသ ရေအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အထောက်အထားများ

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

နိဒါန်း

ပြည်သူ့အခြေခံ လိုအပ်ချက်ဖြစ်သော စားဝတ်နေ ရေးအတွက် ဖြည့်စွက်လိုအပ်ချက်တစ်ခုမှာရေဖြစ်၏။ ပုဂံဒေသသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်တွင်ပါဝင်၍ မိုးတွင်းကာလ၌ သဘာဝ မြေပြင်အနေအထားနှင့် ချောင်းများကို အသုံးချလျက် လုပ်ကန်အဆင့်ဆင့်၊ မြောင်းအသွယ်သွယ် ဖြင့် ရေသွယ်ယူခဲ့ကြ၏။

သမိုင်းအထောက်အထား

ခပ်သိမ်းသော သတ္တဝါအပေါင်းတို့၌ မေတ္တာကရုဏာကြီးမားတော်မူသော ဗုဒ္ဓဘုရားသခင်ထံမှ ဗျာဒိတ်တော်တော်မူသော အရှင်မင်းတရားသည် သတ္တဝါအပေါင်းတို့ ငတ်မွတ်ခြင်းကင်း၍ ချမ်းသာကြွယ်ဝပေါများခြင်း အကျိုးငှာ ရေမရှိသောလယ်မြေ၊ ထွန်ယက်စိုက်ပျိုးခြင်းမရှိသော အရပ်တိုင်း၌ အတို့ သခင်အရှင်မင်းတရားသည် ရေကိုမြဲမြံစွာ ဆည်စေ၏။ ရေကန်ကို တူးစေ၏။ စိုက်ပျိုးရန် လယ်မြေ ကို ဖြစ်စေ၏..” ဟု ပုဂံတုရင်တောင်ခြေ မြကန်နှင့် အလံပုဂံကန်တို့တွင် တွေ့ရသော ကျန်စစ်မင်းကြီး၏ ကျောက်စာများအရ သာသနာသက္ကရာဇ် ၁၆၃၀ ခန့်၊ အေဒီ ၁၀၈၆ ခန့်တွင် ရေလှောင်တမံများ တည်ဆောက်ခဲ့ကြောင်း သိရှိရ၏။

မဟာသေနာပတိ အနန္တသူရိယမောင်နှံသည် အာမနာမည်သောအရပ်၌ တည်ထောင်သော ကျောင်းတိုက် သံဃာတော်နှင့် လူအပေါင်းတို့၏ အကျိုးစီးပွားအတွက် ရေကန်တူးဖော် ဆောက်လုပ်ခဲ့ကြောင်း သက္ကရာဇ် ၅၈၅ ခုနှစ်၊ အေဒီ ၁၂၂၃ ခုနှစ်တွင် ရေးထိုးသော အလှူမှတ်တမ်း၌ တွေ့ရ၏။ ၎င်းရေကန်ကို ယနေ့တိုင် မင်းနန်သူရွာက အသုံးပြုလျက်ရှိသည်။ ကျောက်စာတွင်ဖော်ပြခဲ့သည့်အတိုင်း ရေဝင်ပေါက်၊ ကျောက်သားပြွန်ပေါက်ဖြင့် ရေစစ်ကန်မှ ရေလှောင်ကန်အတွင်း ရေသွင်းပုံနှင့် ကန်အနီးတစ်ဝိုက် ဥယျာဉ်တည်လုပ်ခဲ့သည့်နေရာတို့ကို ယနေ့အထိ တွေ့မြင်နိုင်ပါသေးသည်။

အေဒီ ၁၂၆၅ ခုနှစ်တွင် ရေးထိုးခဲ့သော အခြား ကျောက်စာတစ်ချပ်တွင် နရသီဟပတေ့မင်း၏ အရီးဖွားစောသည် ကျောင်းနေသံဃာ များနှင့် အရပ်လေးမျက်နှာမှ လာသောလူအပေါင်း အဆင်ပြေ သုံးစွဲနိုင်ရေးအတွက် ရေကန်တူးလုပ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းကျောင်းနှင့် ရေကန်ကို အနောက် ဖွားစောရွာအနီး ဆုတောင်းပြည့်ကျောင်းတိုက်တွင် တွေ့ရသည်။

အလှူရှင်မင်းသမီး အစောပ၏ အလှူမှတ်တမ်း ဖြစ်သော အေဒီ ၁၂၇၆ ခုနှစ်တွင် ရေးထိုးသည့် မင်းနန်သူရွာ အရှေ့မြောက်ဘက်ရှိ တုရင်ပုထိုးကျောက်စာ၌ လယ်ယာကျေးကျွန်စာရင်းတွင် ရေသည် ကျွန် ၁၀၀ ကို ဖော်ပြထားသည်။ ကျောင်းနေသံဃာတို့၏ သောက်သုံးရေ၊ ချိုးရေတို့အတွက် လောက်ငအောင် ဆောင်ရွက်ပေးရန် လူပေါင်း ၁၀၀ ကို သီးသန့်လှူဒါန်း ခဲ့ကြောင်းဖြစ်ရာ မြစ်နှင့် အလှမ်းဝေးသည့် ပုဂံဒေသရှိ ကျောင်းတိုက်၊ကျေးရွာတို့၏ ရေအတွက်ကြိုးပမ်းခဲ့ပုံကို သိရှိနိုင်ပါသည်။

ရေအသုံးချမှုဆိုင်ရာ အထောက်အထားများ

စိုက်ပျိုးရေးအတွက် ဆည်၊ တာတမံများ 'ဆောက်လုပ်သည်ထက် နေ့စဉ်သောက်သုံးရေအတွက် တစ်နှစ်ပတ်လုံး သိုလှောင်ထိန်းသိမ်းထားနိုင်ရန် ရေကန်များကို တူးဖော်တည်ဆောက်ခဲ့ကြ ဟန် ရှိပါသည်။ ပုဂံဒေသရှိ ညောင်ဝန်း(ညောင်ဦး) နဂါးကျစ်(လက်ကြီးအင်း) နဂါးဘို(တောင်ဘီ) ပုဂံမြို့ဟောင်း၊ အနိရုဒ္ဓါ(မြင်းကပါ) သီရိပစ္စယာ (ပုဂံ မြို့သစ်)စသည့် ကျေးရွာများသည် ဧရာဝတီမြစ်ရေကို အလွယ်တကူ အမှီသဟဲပြုနိုင်သော်လည်း အခြားသော ကျေးရွာများ ဖြစ်သည့် မင်းနန်သူ၊ ( အနောက်ဖွားစော၊ အရှေ့ဖွားစော၊ ကုန်းတန်းကြီး၊ဖျောက်ဆိပ်ပင်၊ သန့်စင်ကြယ်၊ ညောင်တို စသည့် ကျေးရွာများသည် ဧရာဝတီမြစ်နှင့် အလှမ်းဝေးကွာသဖြင့် နေ့စဉ်သောက်သုံးရေအတွက် သိုလှောင်ထိန်းသိမ်းနိုင်မည့် ရေကန်များ တည်ဆောက်ရန် လိုအပ်မည်ဖြစ်သည်။ ပုဂံဒေသရှိ များပြားလှသော ဗုဒ္ဓစာပေသင်ကြားရာ ကျောင်းတိုက်ကြီးများ အတွက် သောက်ရေ၊ သုံးရေရရှိနိုင်ရန်လည်း လိုအပ်မည်ဖြစ်သည်။ သောက်သုံးရေအတွက် ကျေးရွာများအနီးတွင် ရေကန်များ တည်ဆောက်သည့်ဓလေ့ ကို အညာဒေသအချို့တွင် ယနေ့တိုင်တွေ့မြင်နိုင်ပါသည်။

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ကွင်းဆင်းလေ့လာတွေ့ရှိမှုများအရ ရေတွင်း၊ ရေကန်၊ အင်း/အိုင်ပေါင်း မြောက်မြားစွာတည်ရှိနေသည်။ ၎င်းတို့တွင် ရေကန် (Lake) ၃၀ ရာခိုင်နှုန်း၊ ရေကန် ငယ် (Pond) ၆၂ ရာခိုင်နှုန်း၊ ရေတွင်း ရာခိုင်နှုန်း၊ အင်း ရာခိုင်နှုန်းခန့် ပါဝင်သည်။ ရေကန်များကို အသေးစိတ်လေ့လာသောအခါ ၁၀ ဧကနှင့်အထက် ရှိ (Very Large) ရေကန်ပေါင်း ရှစ်ကန်၊ ၁၀ ဧက နှင့် ခုနစ်ဧကအကြားရှိ (Large) ရေကန်ခြောက်ကန်၊ ခြောက်ဧကနှင့် လေးဧက အကြားရှိ (Medium) ရေကန်ပေါင်း ၁၀ကန်၊ သုံးဧကနှင့် တစ်ဧက အကြား ရှိ (Small) ရေကန်ပေါင်း၃၁ ကန်၊ တစ်ဧက အောက်ရှိ (Very Small) ရေကန်၊ ရေဝပ် ဧရိယာပေါင်း ၉၉ နေရာခန့် တွေ့ရှိရသည်။ ယင်းတို့ကို ရွှေချောင်း (ဝက်ကြီးအင်းချောင်း) မြင်းကပါချောင်းနှင့် ရေအိုး စင်ချောင်းတို့အကြားတွင် အများဆုံးတွေ့ရှိရသည်။ အရွယ်အစားကြီးမားသော အချို့ရေလှောင်ကန်ကြီးများသည် မည်သည့်ကျေးရွာ၊ မည်သည့်ကျောင်း တိုက်နှင့်မှ သက်ဆိုင်ခြင်းမရှိပေ။ အလယ်အလတ် တန်းစားရေကန်များမှာ သက်ဆိုင်ရာကျေးရွာနှင့် လူထုသောက်သုံးရေကန်များဖြစ်ကြသည်။ အရွယ်အစားသေးငယ်သော ကန်များမှာ ဘုန်းကြီးကျောင်း တိုက်များနှင့် စေတီပုထိုးများ အနီးအနားတွင် တည်ရှိပြီး အချို့မှာ ယာမြေများအတွင်း (ကျွဲ၊နွား အသုံးပြုရန်) တည်ရှိသည်။ ပုဂံရေအရင်းအမြစ် အထောက်အထားများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်သည် -

() တမံတုတ်ထားသော ရေလှောင်ကန်များ၊

() ရေစစ်ကန်ပါသော ရေလှောင်ကန်များ၊

() အင်းများ၊

(၄) ဘုရားကန်၊ ပရိဝုဏ်အတွင်းရှိ အုတ်ကန်များ၊

(၅) ရေဝင်ရိုး/ မြောင်း၊ ကျုံး။

တမံတုတ်ထားသောရေလှောင်ကန်များ

တုရင်တောင်ခြေရှိ မြကန်၊ အလံပုဂံကန်၊ ညောင်လက်ဖက်ကန်၊ ကန်သစ်ကန်၊ အလယ်ကန် တို့ဖြစ်သည်။ ကန်ပေါင်ရိုးကို မြေသားဖြင့်သာမက အုတ်၊ ကျောက်တို့ဖြင့် အခိုင်အခံ့ ကာရံထားသော အထောက်အထားများကို တွေ့ရှိရသည်။ လေးကိုင်း သဏ္ဌာန်တည်ဆောက်ထားပြီး ရေလျှံပေါက် (ရေပိုလွှဲ) စနစ်တို့ပါရှိသည်။

ရေစစ်ကန်ပါသော ရေလှောင်ကန်များ

ပုဂံဒေသအတွင်း အတွေ့ရဆုံး အမျိုးအစားဖြစ် သည်။ ရေစစ်ကန်တစ်ဆင့် ခံထားရခြင်းသည် မိုးသည်းထန်စဉ်ကာလအတွင်း စီးဝင်လာသောရေ အတွင်း အနည်အနှစ်နှင့် အမှိုက်သရိုက်များ ပါဝင်လာနိုင်သဖြင့် အနည်ထိုင်ကျန်ရစ်စေရန်ဖြစ်သည်။ ရေစစ်ကန်အတွင်း အနည်ထိုင်ပြီးသော အခါ ပင်မရေလှောင်ကန်အတွင်းသို့ သီးသန့်ပြုလုပ်ထားသည့် ရေပြွန်ပေါက်မှတစ်ဆင့် ရေသွင်းသည်။ အချို့ကန်များတွင် ရေစစ်ကန်နှစ်ထပ်ဖြင့် အထပ်ထပ် ရေစစ်ကာ ရေကိုသန့်စင် ယူရသည်။ ကန်အတွင်းသတ်မှတ် ပမာဏထက်ကျော်လွန်သောရေကို ရေလျှံပေါက် သို့မဟုတ် ရေပိုလွှဲမှတစ်ဆင့် အခြားရေကန် သို့မဟုတ် ချောင်းအတွင်းသို့ ထုတ်လွှတ်ပေးခြင်း ဖြင့် ရေပိုများ အလဟဿ မဖြစ်စေတော့ပေ။ ရေစစ်ကန်ပါသော ရေကန်များမှာ လေးမျက်နှာကန် (မင်းနန်သူ လေးထောင့်ကန်) သူဌေးကန်၊ ဖွားစောကန် (အနောက်ဖွားစော) ဇေယျသွပ်ကန် (အရှေ့ဖွားစော) ဆည်ကန်(ဖျောက်ဆိပ်ပင်)နှင့် အရှေ့ဖွားစောကျေးရွာ တောင်ဘက်ရှိ ကန်ဇွန်းအိုကန် (ကန်ဇွန်းအို ဘုန်းကြီးကျောင်းအတွင်း) တို့ဖြစ်ကြသည်။ ကန်ဇွန်းအိုကန်သည် ရေစစ်ကန်နှစ်ထပ်ဖြင့်တည်ဆောက်ထားသည်။ အမှိုက်သရိုက်များနှင့် မြေဆွေးများကို အနည်ထိုင်စေရန် မြေသားပေါင်ဖြင့် ပြုလုပ်ထား သည့် ရေကန်မှတစ်ဆင့် အုတ်ပေါင်ဖြင့် တည်

ဆောက်ထားသော ဒုတိယရေစစ်ကန်အတွင်းသို့ ရေဝင်ပေါက်ငယ်သုံးခုမှတစ်ဆင့် ဝင်ရောက်နိုင် သည်။ ၎င်းမှတစ်ဆင့် ပင်မအုတ်ရေကန်အတွင်းသို့ ရေစစ်ကာ ရေဝင်ပေါက်ငယ်တစ်ခုဖြင့် ရေသွင်းနိုင်သည်။ ပင်မအုတ်ရေကန်၏ ရေလက်ခံနိုင်မှုပမာဏ ပြည့်မီပါက အုတ်ပေါင်ဖြင့် တည်ဆောက်ထားသော ရေစစ်ကန်၏ ရေလျှံပေါက်မှတစ်ဆင့် ယင်းရေကန် အောက်ဘက်ရှိ မကျီးကန်အတွင်းသို့ ရေဝင်သည်။ ရေစစ်ကန်ပါသော ရေလှောင်ကန်များကို ကျေးရွာများအနီး၌ အများဆုံးတွေ့ရှိရပြီး လေးထောင့်ပုံသဏ္ဌာန်ရှိ၏။

အင်းများ

ပုဂံဒေသ ရေအရင်းအမြစ်အတွက် အဓိကကျသော ချောင်းများဖြစ်သည့် ရွှေချောင်း (ဝက်ကြီးအင်းချောင်း) မြင်းကပါချောင်း၊ ရေအိုး စင်ချောင်း(ကြောင်နံ့သာချောင်း) တို့သည် တုရင်တောင်မှအစပြုကြပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ကြသည်။ ဧရာဝတီမြစ်အတွင်း သို့ စီးဝင်သောနေရာတွင် ရေလှောင်အင်းများကို တွေ့ရှိရသည်။ အင်းဟူသော မြန်မာဝေါဟာရသည် မြစ်ချောင်းများ အနီးအပါးရှိ ချိုင့်ဝှမ်းရေကန်ကျယ်များဖြစ်သည်။ ပုဂံဒေသရေလှောင်အင်းများအဖြစ် ဝက်ကြီးအင်း၊ မြင်းကပါအင်း၊ လောကနန္ဒာအင်းတို့ကို တွေ့ရသည်။

အုတ်ရေကန်များ

ဘုရားကျောင်းတိုက်များ၏ ပရိဝုဏ်အတွင်း၌ တွေ့ရလေ့ရှိသည်။ သံဃာတော်များအတွက် သောက်သုံးရေ၊ ချိုးရေတို့အတွက် ဖြစ်သည်။ ကန်အတွင်းသို့ အဆင်းအတက် လွယ်ကူစေရန် အုတ်လှေကားတန်း အဆင့်ဆင့်ဖြင့် တည်ဆောက်ပြီး အပေါ်ကန်အဝကျယ်၍ ကြမ်းပြင်မှာ တဖြည်းဖြည်း ကျဉ်းသွားသည့် ဇလားပုံသဏ္ဌာန်ရှိသည်။ ဆင်ဖြူရှင်ကျောင်းတိုက် အတွင်းတွင် အုတ်ရေကန်၏ ရေမြောင်းကို အုတ်ဖြင့်တည်ဆောက်ထားသည်။ ယင်းကျောင်းတိုက် အတွင်းမှာပင် ရေတွင်းတစ်ခုကို တွေ့ရှိရပြီး အနက် ပေ ၆၀ ခန့်ရှိကာ အုတ်ဖြင့် တည်ဆောက်ထားသည်။ ပုဂံဒေသတစ်ဝိုက်တွင် လက်ရှိအနေဖြင့် အုတ်ရေတွင်း ခြောက်ခု တွေ့ရသည်။ ယင်းတို့မှာ () ဆင်ဖြူ ရှင်ကျောင်းတိုက်၊ () ဆုတောင်းပြည့်ကျောင်း တိုက်အနီး၊ ()လေးမျက်နှာ ကျောင်းတိုက်အနီး၊ ()ပုဂံမြို့ရိုး (ကျုံး) အနီး၊ ()ထီးလိုမင်းလိုဘုရား တောင်ဘက်၊ () မြင်းကပါရွာ အရှေ့တောင်ဘက်တို့တွင် တွေ့နိုင်ပါသည်။

ကျုံး

ပုဂံမြို့ရိုးမှာ မညီမညာသော စတုဂံပုံရှိပြီး အရှေ့အနောက် အကွာအဝေးမှာ တောင်မြောက် ထက်ပိုသည်။ အနောက်ဘက်ပိုင်းတွင် မြစ်ရေ တိုက်စားမှုရှိခဲ့ပြီး လက်ရှိဧရိယာမှာ ၁၀၆ ဒသမ ၈၀ ဟက်တာကျန်ရှိသည်။ မူလက မြို့ရိုးပတ်ပတ်လည် တွင် ရေကျိုးရှိခဲ့ပြီး ယခုအခါ ရေကျုံးမှာ ခန်းခြောက် နေသည်။ မူလရေကျုံးသည် ရေကိုကြာရှည်စွာ ထိန်းသိမ်းနိုင်ရန်နှင့် ကျုံးဘေးမြေသား တိုက်စားမှုမရှိစေရန် အုတ်ဖြင့်ကာရံထားသည်။ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိ ကျုံးရာမှာ ပိုမိုကျယ်ဝန်းပြီး  အနက် ဒသမ မီတာ၊ အကျယ် ၃၇ ဒသမ ၅၂ မီတာခန့်ရှိသည်။ အနောက်မြောက်ဘက်နှင့် အနောက်တောင်ဘက်ရှိ ကျုံး၏ အကျယ်မှာ ၃၀ မီတာအတွင်းသာရှိပြီး ပျမ်းမျှအနက်မှာ မီတာ ခန့်သာရှိသည်။ ကျုံးအတွင်းသို့ ရေသွင်းမှုအနေဖြင့် ဧရာဝတီမြစ်မှရေကို တူးမြောင်းဖောက်လုပ်သွင်းခဲ့ကြောင်း ပါမောက္ခ ဒေါ်သင်းကြည်နှင့် ပါမောက္ခ ဂျီအိပ်လုစ်တို့က ဆိုထားသည်။ တုရင်တောင်ခြေမှ အခြေပြုသည့် ရေလာရိုးများမှတစ်ဆင့် အဆင့်ဆင့်စီးဆင်းလာသည့် လမ်းကြောင်းများမှလည်း ရေဝင်ရောက်နိုင်သည်ဟု အချို့သုတေသီတို့က ယူဆကြ၏။

ရေအရင်းအမြစ်

ပုဂံလွင်ပြင်နယ်နိမိတ်ကို အရှေ့ဘက်တွင် အင်တိုင်းချောင်း၊ မြောက်ဘက်နှင့် အနောက် ဘက်တို့တွင် စာမျက်နှာ ၂၀ မှ ဧရာဝတီမြစ်၊ တောင်ဘက်တွင် နလဲတောချောင်းနှင့် အရှေ့တောင်ဘက်တွင် တုရင်တောင်တန်းတို့က သဘာဝနယ်နိမိတ်သဖွယ် ကာရံတည်ရှိနေ သည်။ ယင်းတို့အကြားတွင် ရွှေချောင်း(ဝက်ကြီးအင်းချောင်း) ရေအိုးစင်ချောင်း၊ မြင်းကပါချောင်းနှင့် ယင်းတို့၏ ချောင်းလက်တက်များသည် တုရင်တောင် ပတ်ဝန်းကျင် ဆင်ခြေလျှောမှ ဧရာဝတီမြစ် ဘက် အနိမ့်ပိုင်းအထိ စီးဆင်းလျက်ရှိသည်။ အဆိုပါ ချောင်း၊ မြောင်းနှင့်လက်တက်တို့သည် ပုဂံဒေသ၏ ရေအရင်းအမြစ်များပင် ဖြစ်ကြသည်။

ထို့ပြင် တုရင်တောင်တန်းသည်လည်း ပုဂံဒေသ ရေအရင်းအမြစ်အတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ တုရင်တောင်၏ အရှေ့တောင်ဘက် ဇီးအိုကျေးရွာဒေသတစ်ဝိုက်ရှိ ကုန်း မြေမြင့်များမှ စတင်စီးဆင်းခဲ့သည့် ချောင်းရေများသည် တုရင်တောင်မှတစ်ဆင့် ဧရာဝတီမြစ်ထဲသို့ စီးဝင်သည်။ ပုဂံမြို့ဟောင်းတောင်ဘက်ရှိ နှလဲတောချောင်း၊ ရေအိုးစင်ချောင်းနှင့် အရှေ့ဘက်ရှိ ရွှေချောင်း(ဝက်ကြီးအင်းချောင်း)တို့သည် ၎င်းဒေသမှ အစပြုခဲ့ကြသည်။ တုရင်တောင်၏ အနောက်ဘက်တွင် နလဲတောချောင်းရေနှင့် တုရင်တောင်၏ တောင်ကျရေတို့ကို တမံတုတ်ပြီး တည်ဆောက်ထားသော နာမည်ကျော် မြကန်ရှိသည်။ မြကန်ရေလှောင်ကန်သည် ပုဂံဒေသရေ အရင်းအမြစ်အတွက် များစွာအထောက်အကူပြု လိမ့်မည်ဟု ပညာရှင်များက ယူဆကြသည်။ တုရင်တောင်၏ တောင်ဘက်ရှိ သက်စိုးတောင်ပေါ်တွင် ကျောက်ရေကန် (နတ်ရေကန်) တစ်ခုရှိသည်။ ယင်းရေကန်တွင် အဆင်းအတက်လှေကား၊ ရေတွင် ပျော်ပါးကျက်စားသည့် ငါးလိပ်၊ မိကျောင်းနှင့် ရေနေငှက်တို့ကို ထုဆစ်ထားသည်။ အပြင်ကန်၏ မြောက်ဘက်ခြမ်းတွင် နဂါးရုံ ဗုဒ္ဓဆင်းတုတော် တစ်ဆူကို ထုလုပ်ထားရှိသည်။ ရေကန် ရေပြည့်လျှံလာပါက နဂါးရုံဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းထက်မှတစ်ဆင့် ရေလျှံကာ မြကန်ရေလှောင်ကန်ထဲသို့ ဝင်ရောက်နိုင် ကြောင်းနှင့် သန့်စင်သောရေကို မြကန်မှတစ်ဆင့် ပုဂံဒေသအား ရေပေးဝေခြင်းဖြင့် ရေဖြန့်ဝေစနစ်တစ်ခုဖြစ်နိုင်ကြောင်း ကနေဒါနိုင်ငံ  Trent University မှ ပညာရှင်အချို့က သုံးသပ်ကြသည်။

ရေစီးဆင်းပုံအဆင့်ဆင့်

ပုဂံဒေသ၏ ကောင်းကင်ဓာတ်ပုံမှတစ်ဆင့် DEM (Digital Elevation Model) ကိုအခြေခံကာ ပုဂံဒေသတစ်ဝိုက်ရှိ ရေဆင်းများနှင့် စီးဆင်းမှု ဦးတည်ချက် (Flow Direction) ကို လေ့လာခဲ့ပါ သည်။ တွေ့ရှိမှုများကို အခြေခံကာရေလမ်းကြောင်းများ၊ ရေလာရိုးများတည်ရှိနေမှုကို ခန့်မှန်းသိရှိနိုင်၏။ အလံပုဂံကန်အတွင်းသို့ မြကန်ရေလှောင်ကန်၏ အောက်ဘက်မှ စတင်ဖြစ်ပေါ်ခဲ့သည့် ရေလာရိုးအတိုင်း ရေဝင်ရောက်နိုင်သည့်အပြင် တုရင်တောင် အရှေ့ဘက်ရှိ ကန်သစ်ကန်၏မြောက်ဘက် ရေလာရိုးအတိုင်းလည်း ရေဝင်ရောက်နိုင်သည်။

အလံပုဂံကန်၏ အရှေ့တောင်ဘက်ရှိ ရေလာရိုးနေရာအား စမ်းသပ်တူးဖော်လေ့လာမှုအရ ခြောက်ပေခန့် အနက်တွင်သဲကြမ်းအလွှာများကို တွေ့ရှိရပြီး ရေစိမ့်ထွက်နိုင်သော အနေအထားကိုတွေ့ရှိရသည်။ တုရင်တောင်နှင့် မလှမ်းမကမ်း တွင်ရှိပြီး ရေအောင်းအလွှာ တိမ်သောနေရာကို ရွေးချယ်ကာ ရေကန်တည်ဆောက်နိုင်မှုအတတ်မှာ ထူးခြားသည်။ အလံပုဂံကန်ထဲသို့ ဝင်ရောက်သော ရေလာရိုးမှတစ်ဆင့် လမ်းလွှဲ(လမ်းခွဲ)ကာ မြောက်ဘက်ရှိ သန့်စင်ကြယ်ကျေးရွာ တောင်ဘက်တောင်ကျောင်း ကန်အတွင်းသို့လည်းကောင်း၊ တောင်ဘက်မှတစ်ဆင့် ဇေယျသွပ်ကန်အတွင်းသို့လည်းကောင်း ရေဝင်ရောက်နိုင်သည်။ အလံပုဂံ၏ အောက်ဘက် (အနောက်ဘက်)မှတစ်ဆင့် ဒေသအခေါ် ပိုက်တိုက် ကုန်းနေရာတွင် လမ်းလွှဲ(လမ်းခွဲ)ကာ အနောက်ဘက်ရှိ အလယ်ကန်အတွင်းသို့လည်းကောင်း၊ အနောက်မြောက်ဘက်ရှိ မင်းနန်သူလေးထောင့် ကန်အတွင်းသို့လည်းကောင်း ရေဝင်ရောက်နိုင်သည်။ ချောင်းများ၊ ကန်များအတွင်းသို့ သွယ်ယူသော မြောင်းရိုးများ၏ ပုံသဏ္ဌာန်မှာ ယနေ့အခါ တွင် လှည်းလမ်း၊ လူသွားလမ်းများအဖြစ် ရှိနေတတ်သည်။

မင်းနန်သူလေးထောင့်ကန် (လေးမျက်နှာ ကန်)အတွင်းသို့ စီးဝင်လာသော ရေများသည် ရေစစ်ကန်မှတစ်ဆင့် ပင်မအုတ်ရေကန်အတွင်း သို့ဝင်ရောက်သည်။ သိုလှောင်ပမာဏ ကျော်လွန်သော ရေများသည် ပင်မကန်၏ အနောက်တောင် ထောင့်ရှိ ရေလျှံပေါက်မှတစ်ဆင့် ရိုးမြောင်းအတိုင်း ညောင်လက်ဖက်ကန်အတွင်းသို့ ဝင်ရောက်နိုင် သည်။ ရေလာရိုးအားပိတ်ကာ ယာမြေအတွင်း ရေသွယ်ယူမှုများကြောင့်လည်း အချို့နေရာများတွင် ရေလမ်းပြောင်းလဲမှုရှိ သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က ညောင်လက်ဖက်ကန်၏ အနောက်မြောက်ထောင့် နေရာတာပေါင်ကျိုးပေါက်ခဲ့ပြီး ပြန်လည်ပြုပြင်ခဲ့သည်ဟု ဆိုသည်။ ၎င်းကန်ထဲတွင် ယခင်ကစပါးစိုက်ပျိုးရန် စီမံကိန်းတစ်ခု ဆောင်ရွက်ခဲ့ဖူးသည်ဟုလည်း ဒေသခံပြောစကားအရ သိရသည်။ ညောင်လက်ဖက်ကန်၏ အနောက်တောင်ဘက်တွင် ရေလျှံပေါက်တစ်ခုရှိသည်။ ၎င်းရေလျှံပေါက်မှတစ်ဆင့် ရေလာရိုး လှည်းလမ်းအတိုင်း စီးဆင်းကာ ရွာဟောင်းကြီး ဘုရားအနီးရှိ ရွှေထီးကန်အတွင်းသို့ ဝင်ရောက်နိုင် သည်။ ၎င်းကန်အနီးတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ခန့်က ပုဂံ-ညောင်ဦး နှစ်လမ်းသွား ကတ္တရာလမ်း တည်ဆောက်ခဲ့ရာ ၎င်းကန်မှတစ်ဆင့် ပုဂံကျုံးထဲသို့ စီးဆင်းနိုင်သည့် ရေလမ်းအထောက်အထားများစွာ ပျက်စီးခဲ့ပြီး အဆောက်အထား အနည်းငယ်သာကျန်ရှိသည်။ ထိုလမ်းခင်း စဉ်က ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်နိုင်မှု ဆန်းစစ်ချက် Heritage Impact Assessment (HIA) မပြုလုပ်ခဲ့ဟု သိရှိရပါသည်။ အကျိုးဆက်မှာ ကားလမ်းရေကျော်လျက် အနီးတစ်ဝိုက် ရှေးဟောင်း ပုထိုးများဝန်းကျင်၌ ရေဝပ်ဧရိယာ (Swamp) ပေါ်ပေါက်လာခြင်းဖြစ်၏။

မြကန်ရေလှောင်ကန်တည်ရှိသည့် ကွန်တိုအမြင့် (၁၅၀-၁၄၀)မီတာရှိပြီး ၎င်းမှတစ်ဆင့် လျှံကျသော ရေပိုသည် အလံပုဂံ (၁၃၀-၁၂၀)မီတာ သို့လည်းကောင်း၊ ထိုမှတစ်ဆင့် အလယ်ကန် (၁၀၀)မီတာ၊ ညောင်လက်ဖက်ကန် (၇၅) မီတာ၊ ထိုမှတစ်ဆင့် ပုဂံမြို့ရိုးပတ်လည်ရှိ ကျုံး(၆၆)မီတာ ထဲသို့ အဆင့်ဆင့်ဝင်ရောက်နိုင်သည်။ ကျုံးရေနှင့် သောက်သုံးရေအတွက် လိုအပ်ချက်ကို တာတမံ၊ ရေလှောင်ကန်များမှတစ်ဆင့် သွင်းယူသော အထောက်အထား ဖြစ်ပါသည်။

နိဂုံး

ပုဂံခေတ်ဦး မင်းတို့၏ ပုဂံလွင်ပြင်နယ်နိမိတ်အတွင်း ရေအသုံးချစီမံခန့်ခွဲနိုင်မှု အတတ်ပညာ၊ အတွေ့အကြုံဖြင့် အနော်ရထာမင်း သည်ကျောက်ဆည်လယ်တွင်း ကိုးခရိုင်အတွင်း ဆည် မြောင်း၊ ရေကန်၊ တာတမံများ စီရင်ခဲ့နိုင်ခြင်းဖြစ်ကြောင်း ယူဆနိုင်ပါသည်။ ရှေးဟောင်းသမိုင်း နှင့် ရှေးဟောင်းသုတေသနတို့သည် ရှေးခေတ်လူနေမှု ဘဝအလုံးစုံကို သဲလွန်စဖော်ထုတ် ဆက်စပ် တည်ဆောက်ပေးရသော စုံထောက်ကြီးများသဖွယ်ဖြစ်၍ ၎င်းတို့၏လုပ်ငန်းသည် မြန်မာနှင့် မြန်မာ့ သမိုင်း၏ ဂုဏ်ရောင်ကို တောက်ပြောင်စေပါသည်။ ကမ္ဘာ့အမွေအနှစ်ဝင်ရန် လက်ရှိကြိုးပမ်းလျက်ရှိသော မြောက်ဦးဒေသတွင်လည်း ရခိုင်မင်းတို့သည် တောင်ကြားလျှိုများကို တာတုတ်၍ ရေလှောင်ကန်များ တည်ဆောက်ပြီး ရခိုင်ပြည်သူတို့အတွက် ရေပေးဝေသောစနစ်ကို ခြေရာခံတွေ့ရှိထားပါသည်။ ရှေးဟောင်းသုတေသနသည် နန်းတော်တစ်ခု၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ဘုရားစေတီတစ်ဆူ ကိုသာ ထိန်းသိမ်းစောင့်ရှောက်ရ သည်မဟုတ်ဘဲ ရှေးခေတ်လူနေမှုစနစ်ကို ပုံဖော်နိုင်သည့် သဘာဝနှင့် လူလုပ်အထောက်အထား များကိုလည်း သုတေသနပြု ဖော်ထုတ်ထိန်းသိမ်းရသောကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသ၏ Property Area မှာ ၁၉ ဒသမ ၃၂ စတုရန်းမိုင် (၅၀၀၅ ဒသမ ၄၉ ဟက်တာ) မျှ ကျယ်ဝန်းလာရပေသည်။ ခေတ်သစ် လူနေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာချိန်တွင် ရှေးခေတ် လူနေမှုစနစ် အထောက်အထားများကို မပျောက်ပျက်ရအောင် ထိန်းသိမ်းရန် ခဲယဉ်းလာသည်မှာ ဓမ္မတာဟု ဆိုရမည်။ သို့ဖြစ်၍ ပုဂံဒေသရေအသုံး ချစီမံခန့်ခွဲပုံကို ပြည်သူနှင့် ခရီးသွားဧည့်သည်တို့ ကြည့်ရှုလေ့လာ နိုင်ရန်မိုဒယ်ပုံစံခင်း၍ ရန်ကုန်နှင့် နေပြည်တော်ရှိ အမျိုးသားပြတိုက်များနှင့် ပုဂံရှေးဟောင်းသုတေသနပြတိုက်တို့တွင် ပြသသွားရန် စီစဉ်လျက်ရှိပါသည်။

ကျမ်းကိုးစာရင်း

၁။ ချစ်သိန်း၊ ဦး။ (၁၉၆၅) ရှေးဟောင်းမွန်ကျောက်စာပေါင်းချုပ်။ ရန်ကုန်၊ ပြည်ထောင်စု ယဉ်ကျေးမှုဌာန။

၂။ ငြိမ်းမောင်၊ ဦး။ ( ၁၉၇၂) ရှေးဟောင်းမြန်မာကျောက်စာများ ()တွဲ။ ရန်ကုန်၊ ရှေးဟောင်း သုတေသနဦးစီးဌာန။

၃။ ငြိမ်းမောင်၊ ဦး။ (၁၉၈၂) ရှေးဟောင်း မြန်မာကျောက်စာများ(ဒု)တွဲ။ ရန်ကုန်၊ ရှေးဟောင်း သုတေသနဦးစီးဌာန။

၄။ ဝင်းကြိုင်၊ ဦး။ (၂၀၁၆)ရှေးဟောင်းမြို့တော် ပုဂံနှင့်ရေအရင်းအမြစ်အထောက်အထားများ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ()ရက်နေ့၊ ရန်ကုန် တက္ကသိုလ်(၉၆)နှစ်မြောက် အထိမ်းအမှတ် စာတမ်း ဖတ်ပွဲတွင် ဖတ်ကြားခဲ့သည့်စာတမ်း။

Win Kyaing

"The Water Management of Historic Bagan: The Chronology and Typology of Works in The Ancient Buddhist City" Gyles lannone, Pyiet Phyo Kyaw, Scott Macrae (2018)

"Integrated Socio-Ecological History of Residential Patterning, Agricultural Practices, and Water Management at the Classical Bumese(Bama) Capital of Bagan, Myanmar" Report on the 2018 [email protected] Bagan Field Season.

De Terra, Helmut (1943)

"Research on Early in Burma" 1Pleistocene of Burma by H.L Movius, Jr H.de Terra. Il-The Stone Age of Burma by H.L Movius, Jr., Transactions of the American Philosophical Society, 1943.