ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထ၊ ပညာရေးက
ယနေ့ကာလ လူ့အဖွဲ့အစည်းတွေအတွင်း၊ တော်တော်များများ (အားလုံးမဟုတ်) ခေါင်းဆောင်နေရာမှနေချင်ကြသည့်လူများကို တွေ့နေ ရပါသည်။ နေရာရပြီဆိုလျှင်လည်း အောက်ကလူတွေထက်ပိုပြီး တော်လို့၊ တတ်လို့ ဒီနေရာကို ရောက်လာတာဟု ထင်တစ်လုံးဖြင့် မာန်တက်နေတတ်ကြပါသည်။ “ငါ မင်းသားမလုပ်ရလျှင်၊ ပတ်မကြီးထိုးဖောက်မယ်” ဆိုသည့် စကားပုံအတိုင်း ရည်မှန်းချက်ပန်းတိုင် (လုပ်ငန်းတွေ)ကို အမြန်ဆုံးအောင်မြင်အောင် ပူးပေါင်းလုပ်ဆောင်မှုများကို မတွေ့ရတော့ပါ။ တကယ်တော့ ကိုယ်ဘယ်နေရာမှာ နေရ၊ နေရ အဖွဲ့အစည်းတစ်ခု တိုးတက်အောင်မြင်ဖို့အတွက် လူတိုင်း လူတိုင်းပူးပေါင်းလုပ်ဆောင်ကြဖို့ တာဝန်ကိုယ်စီ ရှိကြပါသည်။ ။
ယနေ့ ပညာရေးလောကမှာ သိနေကြသည့် (၂၁)ရာစု ကျွမ်းကျင် တတ်မြောက်မှုနည်းစနစ် (21 Century Skills Framework) များ ရှိပါသည်။ ၎င်းတို့အနက် အပြန်အလှန် ယုံကြည် နားလည်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (Communication and collaboration) ဆိုသည့် နည်းစနစ်များကို သိမြင်နေရုံ၊ အခြားသူများကို လမ်းညွှန် နေရုံဖြင့် ပြီးပြည့်စုံမှုမရှိပါ။ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ အောက်ခြေမှစ၍ ကိုယ်တိုင် ဆောင်ရွက်ခဲ့ဖူးသူဖြစ်မှလည်း မိမိနှင့်ဆက်စပ်လျက်ရှိသည့် ဝန်းကျင်၊ လူ့အဖွဲ့အစည်း၊ ကြီးသူ၊ တန်းတူ၊ ငယ်သူများကို လမ်းညွှန်နိုင်ကြမည် ဖြစ်ပါသည်။
ပူးပေါင်းဆောင်ရွက် ပူးပေါင်းဆောင်ရွက်ခြင်းအလေ့အထကို စာသင်ခန်းအတွင်း (အခြေခံမှစ၍ အဆင့်မြင့်အထိ)မှ စတင်ခဲ့သည်ဟု မှတ်ယူနိုင်ပါသည်။ စာရေးသူတို့ ငယ်စဉ်မူလတန်းမှစ၍ ကျောင်းစဖွင့်ပြီဆိုလျှင် အရောင် နှင့် အသင်းအဖွဲ့များကို အတန်းအလိုက် စာသင်ခန်းတိုင်းမှာ ခွဲပါ သည်။ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ စသည်ဖြင့် အတန်းခေါင်းဆောင်၏ အောက်တွင် အသင်းခေါင်းဆောင်များနှင့် အသင်းသားများ ပါဝင်ပါသည်။ ကျောင်းတွင်း/ ပြင်ပတွင် သန့်ရှင်းရေး၊ အားကစားနှင့် လူမှုရေးကိစ္စများကို အသင်းအလိုက် အလှည့်ကျ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
စာသင်ခန်း (class room) အတွင်းဖြစ်စေ၊ extra-curriculum ဖြစ်သည့် စာသင်ခန်းပြင်ပ သင်ခန်းစာ (ဥပမာ ။ ။ လက်တွေ့ ကွင်းဆင်းလေ့လာမှု) မှာဖြစ်စေ၊ ကျောင်းသူ ကျောင်းသားများကို အထက်ဖော်ပြခဲ့သည့် အပြန်အလှန် ယုံကြည်နားလည်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည့် ကျွမ်းကျင်မှုများကို ရရှိစေရန် လေ့ကျင့်ပေးရမည်ဖြစ်ပါသည်။ သင်ခန်းစာ၏အဖြေကို ရရှိရန် အတွဲ လိုက် (သို့) အဖွဲ့လိုက် (နှစ်ဦး (သို့) လေးဦး စသည်ဖြင့်) ယှဉ်ပြိုင်စေခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ အပြန်အလှန်ထိန်းကျောင်းခြင်းဖြင့် ညှိနှိုင်းအဖြေရှာခြင်း၊ ရရှိလာသော အဖြေများကို တစ်ဖွဲ့ နှင့် တစ်ဖွဲ့ ဖလှယ်ခြင်း လေ့ကျင့်ကြရပါသည်။
စံသတ်မှတ်ချက်များ တက္ကသိုလ်ပညာရေးတွင် ၂၀၁၃ ခုနှစ်မှစတင်၍ အရည်အသွေး စစ်ဆေးခံနိုင်မှုအတွက် ဆောင်ရွက်ကြရန် ညွှန်ကြားစာများကို ရရှိခဲ့ပါသည်။ တက္ကသိုလ်များ၏ ဘာသာရပ်ဌာနများတွင် program level များအတွက် အကဲဖြတ်ရန် စံသတ်မှတ်ချက်များကို ချမှတ်ပေး ခဲ့ပါသည်။ ထိုအချိန်ကတည်းက စာရေးသူအနေဖြင့် စံသတ်မှတ်ချက် အတော်များများကို စစ်ဆေးခံနိုင်ရန် အသင့်ပြင်ဆင်၍ ကြိုးစား ဆောင်ရွက်ခဲ့ပါသည်။ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်း ကျင်ရှိ ဆရာ ဆရာမ၊ ကျောင်းသူ ကျောင်းသားများကိုသော်လည်းကောင်း ပညာရပ်ဆိုင်ရာ ဗဟုသုတများ၊ သင်ကြားနည်းစနစ်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသရွေ့ ဖြန့်ဝေပေးခဲ့ပါသည်။
စာရေးသူအနေဖြင့် စာသင်ချိန်အစမှာ ကျောင်းသူ ကျောင်းသားများ၏ နှုတ်ဆက်စကားကို “မင်္ဂလာပါ”ဟု နှုတ်ဆက်မည့်အစား “ငါတစ်ခုခု လုပ်မည်ဆိုရင်၊ သူများဘာဖြစ်မလဲ အရင်စဉ်းစားပါ”ဟု သုံးကြိမ်နှုတ်ဆက်ရန် လေ့ကျင့်ပေးခဲ့ပါသည်။ “လမ်းကလေး ကျဉ်းနေရင်သူများတွေကိုအရင်သွားစေဖို့၊ နောက်ဆုံးမှာနေပေးကြဖို့”၊ “ကုလားထိုင်လေးတစ်လုံးပဲ ရှိနေရင်၊ သူများတွေကို အရင်ထိုင်စေဖို့” အမြဲဆုံးမသွန်သင်ခဲ့ပါသည်။ ရည်မှန်းချက်တိုင်း အဆင်ပြေ အောင်မြင်နိုင်စေရန်အတွက် ပူးပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကို မွေးမြူပေးခဲ့ပါသည်။ ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးခဲ့ပါသည်။
ယခုတစ်လော ပညာရေးလောကမှ ဆရာ ဆရာမများကို အရည်အသွေးပြည့်ဝစေရန် ဘာသာရပ်ဆိုင်ရာ သင်တန်းများကို ပို့ချပေးဖို့ သတင်းတွေမှာ တွေ့ရှိရပါသည်။ ပညာရေးတွင် ယခင်ကတည်းက ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူ ဆရာ ဆရာမကြီးများ၊ ပညာရှင်ကြီးများက လေ့ကျင့်ပညာပေးသင်တန်းတွေကို ပုံစံအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးဖြင့် လေ့ကျင့်ပေးခဲ့ကြပါသည်။ သက်ဆိုင်ရာများက တာဝန်ကျေခဲ့ကြပါသည်။ သို့သော် ဆရာ ဆရာမများဘက်ကလည်း ခေါင်းဆောင်အင်္ဂါရပ်များထဲမှာ ပါသည့် စဉ်ဆက်မပြတ် လေ့လာ သင်ယူလိုစိတ်ရှိနေမှသာ ယနေ့ပညာရေးခရီးကြီး ပေါက်မြောက်အောင်မြင်နိုင်ပါမည်။ သက်ဆိုင်ရာကလည်း အရည်အသွေး အကဲဖြတ်သည့်စနစ်ကို အမှန်တကယ် ကျင့်သုံးပေးကြရန်၊ ဆုပေး၊ ဒဏ်ပေးစနစ်ကို ကျင့်သုံးပေးရန် လိုအပ်ပါသည်။
ပညာရေးစနစ်ဘယ်ကိုသွားနေ ဆရာ ဆရာမများအနေဖြင့်လည်း ယနေ့ မိမိနိုင်ငံတော်၏ ပညာရေးစနစ်က ဘယ်ကိုသွားနေလဲ၊ အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ။ မိမိကိုယ်တိုင်ကလည်း အရည်အသွေးအတွက် အမြဲဆန်းစစ်နေ ပြီးပါပြီလား။ သင်ကြား၊ သင်ယူသူ ကျောင်းသူ ကျောင်းသားများနဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ အကဲဖြတ်မှုကို သတ္တိရှိရှိ ခံယူရန်အတွက် အသင့်ရှိနေပြီလား။
အထက်ပါ အချက်တွေမှာ-
၁။ မိမိနိုင်ငံကို အားမလို အားမရဖြစ်ပြီး တိုင်းတစ်ပါးကို အထင်ကြီးတဲ့စိတ်
၂။ အမှိုက်ပစ်တာကအစ၊ အချိန်ကို မလေးစားတာအဆုံး (အခြားသော ethical/ personal issues တွေ အပါအဝင်)
၃။ မိမိသာလျှင် အသိဆုံး၊ အတတ်ဆုံးယူဆကြပြီး ပူးပေါင်းဆောင်ရွက်လိုခြင်း မရှိကြတဲ့ အကျင့်စရိုက်တွေကို ရှောင်ကြဉ်ကြရန် အလေးအနက်ထားကြစေလိုပါသည်။ အထက်ဖော်ပြပါ (၂)အချက် ဖြစ်သည့် စည်းကမ်းလိုက်နာမှုရှိမှသာလျှင် ဥပဒေ (အထူးသဖြင့် ဝန်ထမ်း ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စသည်တို့ကို) လိုက်နာနိုင်ပြီး ထိုမှတစ်ဆင့် နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေများကို နားလည်ကျင့်သုံးနိုင်ပါမည်။
အများနှင့်ပူးပေါင်း ဆောင်ရွက်လိုသောသူ သက်ဆိုင်ရာကလည်း ဆရာ ဆရာမတစ်ဦးသည်
၁။ နိုင်ငံတော်နှင့် ပြည်ထောင်စုကို ချစ်မြတ်နိုးစိတ်ရှိပြီး နိုင်ငံတော်၏ ပကတိအခြေအနေမှန်ကို သုံးသပ်ဆင်ခြင်နိုင်စွမ်းရှိသူ
၂။ ကျောင်းသူ ကျောင်းသား များ၏ စံနမူနာ၊ ရှေ့ဆောင်လမ်းပြဖြစ်နိုင်သူ
၃။ ငါသိ၊ ငါတတ်၊ အတ္တစိတ်ကင်းပြီး အများနှင့်ပူးပေါင်း ဆောင်ရွက်လိုသောသူ စသည့် အချက်များကို ထည့်သွင်းအကဲဖြတ်ပေးနိုင်ကြမှသာ အနာဂတ် နိုင်ငံတော်၏ ပညာရေးအတွက် စိတ်အေးရပါမည်။ ။
ကောင်းမွန်ပြည့်ဝ၍ အရည်အသွေးရှိသည့် ပညာရေးသည် သင်ကြား၊ သင်ယူသူများကို
၁။ အသက်မွေးဝမ်းကျောင်းကို ဖော်ဆောင်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်
၂။ သာယာဝပြော၍ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းများကို ထူထောင်နိုင်ရန်အတွက် ဖြည့်ဆည်းပေးနိုင်ပါသည်။
ယနေ့ နိုင်ငံတော်အတွက် ပြန်လည်ထူထောင်ရေးကဏ္ဍတွင် ဆရာ ဆရာမများအားလုံး တက်ညီလက်ညီနှင့် စာသင်ခန်းအတွင်း ကစပြီး ပူးပေါင်းဆောင်ရွက်ကြမှသာလျှင် ဘက်စုံဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ်ကြီး အမြန်တည်ဆောက်နိုင်မည်မှာ မလွဲဧကန် ဖြစ်ပါတော့သည်။ ။
သံသံ