လူ့အဖွဲ့အစည်းအားကောင်းမှ ဒီမိုကရေစီ အားကောင်းမည်
လူ့အဖွဲ့အစည်း (Society) ဆိုတဲ့ သဘောတရားက နိုင်ငံတော် (State) သဘောတရား မပေါ် ပေါက်ခင် အရင်ပေါ်ပေါက် လာခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ဆိုတာက လူ့ဘောင်အဖွဲ့အစည်း တွေ တောင့်တင်းခိုင်မာဖို့၊ မပြိုကွဲမပျက်စီးဖို့၊ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးနေဖို့အတွက် လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။
Civilization ဆိုတဲ့ လူ့ယဉ်ကျေးမှု ဆင့်ကဲတိုးတက်ဖြစ်ပေါ်လာခြင်းနဲ့အတူ လူ့အဖွဲ့အစည်း ဆိုတဲ့သဘောတရားက ပေါ်ပေါက်လာ ခဲ့တာပါ။ Civilization နဲ့ Soiety သဘောတရား နှစ်ခုစလုံးက ဆင့်ကဲဖြစ်စဉ်နဲ့ ဖြစ်ပေါ်တိုးတက်လာခဲ့တာဖြစ်ပြီး လူသားမျိုးနွယ် တွေ တဖြည်းဖြည်း ယဉ်ကျေးလာ တဲ့အလျောက်အစုအဖွဲ့လိုက်နေထိုင်ကာ ကျေးရွာတွေ၊ မြို့ပြတွေ၊ တိုင်းပြည်နိုင်ငံတွေ စသဖြင့် ပေါ်ပေါက်လာခဲ့ပြီး state ဆိုတဲ့သဘောတရားဟာ လူ့အဖွဲ့အစည်းတွေ အားကောင်းမောင်းသန်ဖြစ်ဖို့ အခိုင်မာဆုံး စုစည်းပေးထားနိုင်တဲ့ Institution အဖြစ် ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။
လူ့အဖွဲ့ အစည်းကို တောင့်တင်းခိုင်မာအောင် တည်ဆောက်နိုင်လေ နိုင်ငံတော်ဟာလည်း တောင့်တင်းခိုင်မာလေဖြစ်ပြီးတော့ နိုင်ငံတော် တောင့်တင်းခိုင်မာလေ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးချမ်းသာအတွက် အာမခံချက်ရှိလေဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းကို ဘက်စုံတောင့်တင်း ခိုင်မာအောင်တည်ဆောက်ခြင်းက နိုင်ငံတော်ကို တည်ဆောက်ခြင်းလည်းမည်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
အစိုးရဆိုတဲ့သဘောတရားကလည်း နိုင်ငံတော်ဆိုတဲ့သဘောတရားနဲ့အတူ ဖြစ်ထွန်းပေါ် ပေါက်ခဲ့ရခြင်းဖြစ်ပြီးတော့ အစိုးရတွေ ဟာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကို ကြားကနေပေါင်းကူး ပေးရတဲ့ Institution ဖြစ်တယ်ဆိုတဲ့အချက်ကို အထူးသတိပြု သင့်ပါတယ်။ လူထုကိုယ်စား နိုင်ငံတော်ကို စီမံခန့်ခွဲဖို့ တာဝန်ရှိတဲ့ Institution ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်
ဒါကြောင့် နိုင်ငံတော်ကို ကိုယ်စားပြုပြီးတော့ လူ့အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာတွေကို စီမံခန့်ခွဲကြရတဲ့ အစိုးရတွေဟာ မှန်မှန်ကန်ကန်နဲ့ စနစ်တကျရှိစေဖို့ တီထွင်ကြံဆကြရင်းက အပြစ် အနာအဆာနည်းတဲ့ ဒီမိုကရေစီစနစ်ကို နောက်ဆုံး ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ်ရဲ့ အားနည်းချက်တွေကို ပြုပြင်မွမ်းမံဖာထေရင်းနဲ့ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ အစိုးရပုံစံကို ဖန်တီးပေး နိုင်မယ့်သဘောတရားသစ်၊ နိုင်ငံရေးအယူဝါဒသစ်ကို ရှာဖွေနေကြချိန် လည်း ဖြစ်ပါတယ်။
ကောင်းမွန်တဲ့နိုင်ငံရေးစနစ်ကို ကျင့်သုံးတယ်ဆိုရင် အစိုးရတွေဟာ လူ့ဘောင်အဖွဲ့အစည်း ရဲ့ကိုယ်စား နိုင်ငံတော်ကိုစီမံခန့်ခွဲဖို့ တာဝန်ရှိတာ ဖြစ်ပါတယ်။
နိုင်ငံတော်တောင့်တင်းခိုင်မာရေး ဆောင်ရွက်နိုင်ရင် အဲဒီနိုင်ငံတော်ရဲ့ လူ့ဘောင်အဖွဲ့အစည်း ဟာလည်း တောင့်တင်းခိုင်မာ လာတာ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတော်ရော အစိုးရပါ လူ့အဖွဲ့ အစည်းကို ကိုယ်စားပြုရတာဖြစ်တယ်ဆိုတာ အမှန်တရား ဖြစ်ပါတယ်။
နိုင်ငံတော်ဆိုတဲ့ Institution အဖြစ် ပီပြင်စွာ ဖြစ်ပေါ်ဖို့အတွက် အချက်လေးချက် လိုအပ်ပါတယ်။
၁။ မှီတင်းနေထိုင်တဲ့လူထု
၂။ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ချက်
၃။ အချုပ်အခြာအာဏာပိုင်ဆိုင်မှု
၄။ အစိုးရ
စတဲ့အချက်လေးချက်နဲ့ပြည့်စုံရင် နိုင်ငံတော်လို့ သတ်မှတ်နိုင်ပါတယ်။
လုပ်ငန်းဆောင်တာတွေ အဓိကလုပ်ဆောင်ဖို့လို
အစိုးရဆိုတာကတော့ (လူ့အဖွဲ့အစည်းအကျိုး စီးပွားအတွက်) နိုင်ငံတော်တည်တံ့ခိုင်မြဲအောင်၊ တိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်ရ တဲ့ Institution ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွား ကို အမှန်တကယ်ကိုယ်စားပြုတဲ့ အစိုးရတွေဟာ အောက်ပါ လုပ်ငန်းဆောင်တာတွေကို မဖြစ်မနေ အဓိကလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
၁။ လူ့အဖွဲ့အစည်းမှာပါဝင်တဲ့ လူထုလူတန်းစား အားလုံးကို စည်းစည်းလုံးလုံးရှိအောင် စုစည်းတည်ဆောက်ပေးနိုင်ရပါမယ်။ ပြီးပြည့်စုံတဲ့ ပြည်ထောင်စု (Perfect Union)ကို ထူထောင်ပေးရပါမယ်။
၂။ တရားဥပဒေစိုးမိုးရေးကို ခိုင်မာအောင် တည်ဆောက်ရပါမယ်။ လူ့အဖွဲ့အစည်းကို မတရားမှု များကနေ အကာအကွယ် ပေးနိုင်ရပါမယ်။
၃။ နိုင်ငံတော်အတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အခိုင်အမာ တာဝန်ယူထိန်းသိမ်း ပေးရပါမယ်။ စိုးရိမ်ထိတ်လန့်နေရတဲ့ အခြေအနေမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို ဘယ်နိုင်ငံသားကမှ မလိုလားကြလေတော့ ဆူပူမှု၊ မတည်ငြိမ်မှုတွေ မဖြစ်ရ လေအောင် အစိုးရတွေကအကာအကွယ်ပေးဖို့တာဝန်ရှိပါတယ်။
၄။ နိုင်ငံတော်ကို ခိုင်မာတည်တံ့အောင် ကာကွယ်ရပါမယ်။
၅။ လူထုအတွက် အထွေထွေဖူလုံရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးရပါမယ်။ တစ်နည်း အားဖြင့် လူထုအကျိုးစီးပွားကို ဖော်ဆောင်ရပါမယ်။ ဥပမာအားဖြင့် ပညာရေးအဆင့်အတန်း မြင့်မားရေး၊ သောက်သုံးရေဖူလုံရေး၊ လေထုနဲ့ သဘာဝပတ်ဝန်း ကျင်သန့်ရှင်းရေး၊ ကျန်းမာရေးဆိုင်ရာ အာမခံချက် ရှိရေး စတဲ့ကိစ္စမျိုးတွေဟာ အစိုးရရဲ့ တာဝန်တွေ ထဲက အချို့ ဖြစ်ပါတယ်။
၆။ လူ့ဘောင်အဖွဲ့အစည်းရဲ့ လွတ်လပ်ခြင်းကို အခိုင်အမာထိန်းသိမ်းပေးဖို့ တာဝန်ရှိပါတယ်။ လူထုဟာအစိုးရရဲ့ စီမံခန့်ခွဲပေးမှုနဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် စတာတွေ ရရှိဖို့ လိုအပ်ပါတယ်။
အစိုးရတွေဟာ နိုင်ငံတော်နဲ့ လူထုအကျိုးစီးပွားကို ထိထိရောက်ရောက် စီမံဆောင်ရွက်ရန် ပြည်သူ့ရေးရာမူဝါဒတွေ ချမှတ် ဆောင်ရွက်နိုင်ဖို့ စွမ်းအားတစ်စုံတစ်ရာလိုအပ်ပြီး အဲဒီစွမ်းအား ကတော့ အာဏာ (Power) ဖြစ်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုတဲ့ အာဏာသုံးရပ်ဖြစ်ပါ တယ်။ အဲဒီအာဏာသုံးရပ်စလုံးကို အစိုးရလို့ခေါ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ တစ်ဖွဲ့တည်းကဖြစ်စေ ဆုံးဖြတ်ခွင့် အာဏာကိုရယူထားသူ (နိုင်ငံတော်အကြီးအကဲလို့ သတ်မှတ်ထားသူ)ရဲ့ ဆုံးဖြတ်ချက် တစ်ခုနဲ့သာ နိုင်ငံတော်အာဏာအရပ်ရပ်ကို ဆုံးဖြတ် စီမံခန့်ခွဲလေ့ရှိပြီး လူထုကိုယ်စား အုပ်ချုပ်ရတဲ့အစိုးရတွေ ရရှိနိုင်တဲ့ ဒီမိုကရေစီစနစ်မှာတော့ အာဏာသုံးရပ်ကို စနစ်တကျ ခွဲဝေသတ်မှတ်ပေးထားပါတယ်။
ကြိုးစားတည်ဆောက်ကြ
ဒီမိုကရေစီစနစ်ဟာ လက်ရှိအချိန်အထိ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးနိုင်ငံရေးစနစ် ဖြစ်လေတော့ နိုင်ငံရေးစနစ်ကို ဒီမိုကရေစီစနစ်အဖြစ် တည်ဆောက်ထားနိုင်မှသာ အဲဒီလူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းသာယာဝပြောနိုင်မယ်၊ တိုးတက်ဖွံ့ဖြိုးနိုင်မယ် လို့ ယူဆကြတဲ့ အတွက် ဒီစနစ်ကို ကြိုးစား တည်ဆောက်ကြပါတယ်။
နိုင်ငံတော်တွေမှာ စီမံခန့်ခွဲပုံအမျိုးမျိုးရှိပြီး အဲဒီ စီမံခန့်ခွဲပုံစနစ်တွေဟာ Political System ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးနိုင်ငံရေးစနစ်ဖြစ်တယ် (The best political system for society) လို့ မှတ်ယူထားတာနဲ့အညီ အမှန်တကယ် ကောင်းကျိုးဖြစ်ထွန်းစေနိုင်မယ့် အစိုးရတွေကို ရရှိနိုင်ရေးဆိုတဲ့ကိစ္စက ဒီမိုကရေစီစနစ်ရဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ခိုင်မာဖို့အတွက် ဒီမိုကရေစီနိုင်ငံရေးစနစ် ကျင့်သုံးတဲ့နိုင်ငံတော်ကို တည်ဆောက်ပြီးရုံနဲ့ လုံးဝမဖြစ်နိုင်ပါဘူး။ နိုင်ငံတော်ကို စီမံခန့်ခွဲရတဲ့ အစိုးရတွေဟာ အဆင့်အတန်းမီတဲ့ အစိုးရတွေ တစ်နည်းအားဖြင့် စွမ်းဆောင်ရည် ပြည့်ဝတဲ့၊ အကျင့်ပျက် ခြစားမှုကင်းတဲ့ အစိုးရတွေ ဖြစ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အစိုးရတွေဟာ အဆင့်မမီသေးဘဲ ဒီမိုကရေစီ ပေါ်ထွန်းလာမယ် ဆိုရင်လည်း အဆင့်မီတဲ့အစိုးရတွေဖြစ်လာအောင်၊ ပေါ်ပေါက်လာ နိုင်အောင် အားထုတ်နိုင်မှသာ အဲဒီဒီမိုကရေစီဟာ အဲဒီနိုင်ငံတော်မှာ ခိုင်ခိုင်မာမာ တည်တံ့နိုင်ပြီး လူ့ဘောင်အဖွဲ့အစည်းဟာလည်း ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေကို ရေရှည် မှာ အပြည့်အဝရရှိဖို့အတွက် အာမခံချက်ရှိနိုင်ပါလိမ့်မယ်။
အဲဒီလို ကောင်းမွန်တဲ့ အစိုးရအင်္ဂါရပ်နဲ့ညီတဲ့ အစိုးရတွေကို ရရှိဖို့အတွက်ဆိုရင်လည်း လူ့အဖွဲ့အစည်းက ခိုင်မာတောင့်တင်း နေဖို့လိုအပ်ပါတယ်။ အားကောင်းမောင်းသန် လူ့အဖွဲ့အစည်း (Strong Society) တစ်ခုကနေ အာဏာရှင်အစိုးရတစ်ရပ်ပေါ် ထွက်လာဖို့ဆိုတာ အခွင့်အလမ်း တော်တော်နည်းပြီးတော့ အားကောင်းမောင်းသန်အစိုးရတွေ (strong Governments) သာ ပေါ်ထွက်လာဖို့ အခွင့်အလမ်းများသလို အဲဒီအစိုးရတွေကလည်း အားကောင်းမောင်းသန် နိုင်ငံတော် (Strong State) ကို ပုံဖော်ပေးနိုင်ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်တာ ဖြစ်ပါတယ်။
နိုင်ငံတော်က အားကောင်းမောင်းသန်ဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်းကလည်း မြင့်သထက်မြင့်လာဖို့ပဲ ရှိတယ်ဆိုတာ အလွန်ခိုင်မာသောကြောင်းကျိုးဆက်စပ်မှု ဖြစ်ပါတယ်။
ဒီတော့ အားကောင်းမောင်းသန်လူ့ဘောင် အဖွဲ့အစည်းဖြစ်ဖို့က ပဓာနအကျဆုံးဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီလို အားကောင်း မောင်းသန် လူ့အဖွဲ့အစည်းဖြစ်ပေါ်လာနိုင်ဖို့အတွက်၁။ နိုင်ငံတော်ရဲ့ စီးပွားရေးဟာ အခြေခံကောင်းတွေရှိဖို့ လိုအပ်ပါတယ်။ ထိပ်တန်းစီးပွားရေးနိုင်ငံ ဖြစ်ရမယ်ဆိုတဲ့သဘောမဟုတ်ပါဘူး။ မှန်ကန်တဲ့ အခွန်ကောက်ခံတဲ့စနစ်နဲ့ အခွန်ကို အစိုးရတွေက မှန်မှန်ကန်ကန် သုံးစွဲတဲ့စနစ်ရှိရပါမယ်။ ဈေးကွက် စီးပွားရေးစနစ်ကို စစ်စစ်မှန်မှန် တည်ဆောက်ဖို့ လိုပါတယ်။ လွတ်လပ်စွာ လုပ်ငန်းတွေတည်ထောင် ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ လွတ်လပ်စွာတီထွင်ဖန်တီးခွင့် စတာတွေရှိဖို့ လိုအပ်တဲ့ဥပဒေတွေ အခိုင်အမာ ပြဋ္ဌာန်းထားရပါမယ်။ နိုင်ငံတော်ရဲ့ အရင်းအမြစ် တွေအားလုံးကို စနစ်တကျ စီမံခန့်ခွဲနိုင်ရပါမယ်။
နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုင်အောင် လမ်းဖွင့်ပေးနိုင်ရပါမယ်။ ခြုံငုံပြီး ပြောရရင် ဈေးကွက်စီးပွားရေးစနစ် ကောင်းမွန်စွာ ဖြစ်ထွန်းဖို့ ပြည့်စုံကောင်းမွန်တဲ့ မူဝါဒတွေနဲ့ အခြေအနေတွေကို ချမှတ်တည်ဆောက်ထားပြီးဖြစ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
၂။ ပညာရေးစနစ်ကိုလည်း အဆင့်မီအောင် ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။ ပညာရေးစနစ် ပျက်စီးယိုယွင်းနေတဲ့ အခြေအနေ ကနေ အဆင့်မီတဲ့ အနေအထားရောက်ဖို့ပြုပြင် တည်ဆောက်တဲ့ အလုပ်ကို နေ့ချင်းညချင်းပြီးအောင်လုပ်လို့မရပါဘူး။
ပညာရေးစနစ် ပြန်လည်ကောင်းမွန်ပြည့်စုံပြီး ဆိုရင်တောင်မှ အဲဒီစနစ်ကောင်းရဲ့ အသီးအပွင့်တွေ၊ ရလဒ်တွေရရှိဖို့ ဆယ်စုနှစ်နဲ့ ချီပြီး စောင့်ရပါတယ်။ ပညာရေးစနစ်မကောင်းဘဲ တိုးတက် ဖွံ့ဖြိုးတဲ့ နိုင်ငံတော်ဆိုတာလည်း မရှိနိုင်ပါဘူး။ လူ့အဖွဲ့အစည်း အတွက် ပဓာနအကျဆုံး အရေးအကြီးဆုံး ကလည်း ပညာရေးဖြစ်သလို စီးပွားရေးအရ အမှန်တကယ် ထိပ်တန်းကို ရောက်ဖို့က လည်း သာမန်လူပြိန်းတွေက ထင်မြင်ယူဆနေကြသလို သဘာဝအရင်းအမြစ်တွေ မဟုတ်ဘဲ ပညာရေး စနစ်ကောင်းမွန်ခြင်းက အခရာဖြစ်ပါတယ်။
ဒီတော့ပညာရေးစနစ် အလွန်အမင်းပျက်စီး နေခဲ့ရင် အထိရောက်ဆုံးနဲ့ အမြန်ဆုံးပြုပြင် ပြောင်းလဲဖို့ မဖြစ်မနေလိုအပ်ပါတယ်။
၃။ ကျန်းမာရေးကဏ္ဍမှာလည်း နိုင်ငံတကာ အဆင့်ရှိဖို့လိုအပ်သလို နိုင်ငံတော်ကရေးဆွဲထားတဲ့ ကျန်းမာရေးမူဝါဒတွေဟာ ကောင်းမွန်ပြည့်စုံနေမှသာ လူ့အဖွဲ့အစည်းအား ကောင်းမောင်းသန် ဖြစ်ဖို့ အထောက်အပံ့ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ အစိုးရတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေကိုလည်း အကောင်းဆုံးရေးဆွဲထားဖို့ လိုအပ်ပါတယ်။
ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ စောင့်ရှောက်ပြုစုရေး၊ အလုပ်သမားတွေအတွက် လူမှုဖူလုံရေးအစီအစဉ်တွေ၊ ဆရာဝန်၊ ဆေးဝါးနဲ့ ဆေးရုံတွေ ထောက်ပံ့ပေးနိုင်မှု စတာတွေကို အဆင့်မီအောင် မြှင့်တင်ဖို့လိုအပ်ပါတယ်။
ကျန်းမာရေးအရ အဆင့်မီတဲ့ လူထုတစ်နည်းအားဖြင့် အသက်ရှည်နှုန်း (Life Expectancy) မြင့်မားတဲ့လူထုဖြစ်အောင် နိုင်ငံတော် မူဝါဒတွေနဲ့ ထိန်းကျောင်းမြှင့်တင်ပေးနိုင်တဲ့ လူ့ဘောင် အဖွဲ့အစည်းတွေသာလျှင် အားကောင်းမောင်းသန် ဖြစ်နိုင်ပါတယ်။
၄။ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားရေးကို နိုင်ငံတော်က အမြော်အမြင်ကြီးကြီးနဲ့ ဆောင်ရွက် ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ယဉ်ကျေးမှုအဆင့် အတန်းမြင့်မားတယ်ဆိုတာက နှစ်ထောင်ချီတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပိုင်ဆိုင်ရုံနဲ့ ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း အကျိုးစီးပွားကို အာမခံချက်ပေးနိုင်တဲ့ ဒီမိုကရေစီစနစ်ဆိုတာတွေမှာ ယဉ်ကျေးမှုတွေ စုံစုံလင်လင် အတူတကွ ဖြစ်ထွန်းတဲ့ Multi Dimensional Culture ကို အဲဒီ လူ့အဖွဲ့အစည်းက ကျေနပ်စွာ အသိတရားရှိရှိ လက်ခံကျင့်သုံးပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းမျိုးကို Melting Pot Society လို့ ခေါ်ပါတယ်။ မတူကွဲပြားမှုတွေ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲ ဖြစ်ပေါ်ခြင်းကို ကိုယ်စားပြုနိုင်တဲ့ လူ့ဘောင်အဖွဲ့အစည်းတွေမှာသာ ဒီမိုကရေစီစနစ် တည်တံ့နိုင်ပြီး နိုင်ငံတော် ကလည်း စဉ်ဆက်မပြတ်တိုးတက် ဖြစ်ထွန်းနိုင်မှာ ဖြစ်ပါတယ်။
၅။ လွတ်လပ်ပြီး အဆင့်မြင့်တဲ့မီဒီယာတွေကလည်း လူ့ဘောင်အဖွဲ့အစည်း အားကောင်းမောင်းသန်ဖြစ်ဖို့ အဓိကသော့ချက် ဖြစ်ပါတယ်။
မီဒီယာတွေက အဆင့်မီပြီးလွတ်လပ်မှုလည်း အပြည့်အဝရှိရင် နိုင်ငံတော်နဲ့ လူ့ဘောင်အဖွဲ့ အစည်းတိုးတက်ဖွံ့ဖြိုးရေးကို ခိုင်ခိုင်မာမာရှိအောင် ထိန်းမတ်ပေးနိုင်ပါတယ်။
မီဒီယာလွတ်လပ်ခွင့်ဆုံးရှုံးတာနဲ့ လူ့ဘောင် အဖွဲ့အစည်းတွေဟာ ချည့်နဲ့လာတတ်ပြီး လူထုရဲ့ အသိပညာရေချိန်မြင့်မားရေးဟာ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် သော့ချက်တစ်ခုဖြစ်လို့ မီဒီယာတွေက လူထုကိုပညာပေးနိုင်ပါတယ်။ နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ကိုလည်း စောင့်ကြည့် ထိန်းမတ်ပေးနိုင်တာ ဖြစ်ပါတယ်။
အဆင့်နိမ့်မီဒီယာတွေနဲ့ ဒီမိုကရေစီမထွန်းကား နိုင်သလို လူ့အဖွဲ့အစည်း အဆင့်မြင့်လာဖို့ ကိုလည်း များစွာအဟန့်အတား ဖြစ်နိုင်ပါသေးတယ်။
၆။ လူ့ဘောင်အဖွဲ့အစည်း အားကောင်းမောင်းသန်ဖြစ်ဖို့ နိုင်ငံရေးစနစ်ကောင်းတစ်ခု တည်ရှိရပါမယ်။ ဒီမိုကရေစီမထွန်းကား နိုင်သေးခင်မှာ အထက်မှာ ဖော်ပြခဲ့တဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုစတာတွေကို တိုးတက်ကောင်းမွန်အောင် တည်ဆောက်ရင်း နိုင်ငံရေးစနစ်ကိုလည်းအခြေအနေတွေနဲ့ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲနေဖို့ လိုအပ်ပါတယ်။
ပြောင်းလဲမှုဆိုတဲ့နေရာမှာ ဒီမိုကရေစီကို ဦးတည်တဲ့ပြောင်းလဲမှုတွေ ဖြစ်ရပါမယ်။ ဒီမိုကရေစီ မဖြစ်ထွန်းခင်မှာ နိုင်ငံရေးစနစ်ဟာ ဆင့်ကဲဖြစ်စဉ်နဲ့ တဖြည်းဖြည်းပြောင်းလဲနေဖို့ မျက်ခြည်မပြတ် လေ့လာစောင့်ကြည့် ကြိုးစားတည်ဆောက်နေဖို့ လိုအပ်ပါတယ်။ အခြေအနေ တွေအားလုံးက ပြီးပြည့်စုံအောင်ကောင်းမွန်ပြီဆိုတာနဲ့ ဒီမိုကရေစီကလည်း အပြည့်အဝ တည်ဆောက်ပြီး ဖြစ်နေမှာ ဖြစ်ပြီး နိုင်ငံတော်နဲ့ လူ့ဘောင်အဖွဲ့အစည်းဟာ အပြန်အလှန် ကောင်းကျိုးပြုနိုင်တဲ့ အနေအထားကို ရရှိမှာဖြစ်ပါတယ်။
နိုင်ငံရေးစနစ်ဟာ လူတစ်ဦးချင်းစီရဲ့ တန်ဖိုးတွေ (Individual Values) ကို မြှင့်တင်ပေးနိုင်စွမ်း ရှိအောင် နည်းလမ်းပေါင်းစုံရှာဖွေပြီး မူဝါဒတွေ ချမှတ်ဆောင်ရွက်နိုင်ရပါမယ်။ မိသားတစ်စုချင်း၊ အဖွဲ့အစည်းတစ်ခုချင်း၊ ဒေသတစ်ခုချင်းတိုးတက် ဖွံ့ဖြိုးလာအောင် ဆောင်ရွက်နိုင်မှသာ နိုင်ငံတော် တစ်ဝန်းမှာရှိတဲ့ Society တစ်ခုလုံး အဆင့်မီလာမှာ၊ အားကောင်းမောင်းသန် ဖြစ်လာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးအပြောင်းအလဲတွေဟာ အချိန်ကာလအရ များစွာ နောက်ကျပြီး ဖြစ်ပေါ်နေခြင်းဖြစ်လေတော့ အားလုံးအစီအစဉ် တကျဖြစ်ထွန်းနေတာ မဟုတ်ဘူး။ တိုးတက်ချင်တဲ့ နေရာမှာတိုးတက်ပြီး တစ်နည်းအားဖြင့် တိုးတက်ဖို့ လွယ်ကူတဲ့ နေရာတွေမှာ တိုးတက်နေပြီး တိုးတက်ကောင်းမွန်အောင်ပြုလုပ်ဖို့ ခက်ခဲလွန်းတဲ့နေရာ တွေမှာ အလွန်အမင်းခက်ခဲ နေတာ တွေ့ရမှာပါ။ ဒါဟာ ဆယ်စုနှစ်များစွာ စနစ်ကောင်းတွေနဲ့ အဆက်ပြတ်ခဲ့ရတဲ့ရလဒ်ဖြစ်ပါတယ်။ ဥပမာ အမေရိကန် ပြည်ထောင်စုဟာ ဒီမိုကရေစီဖြစ်ဖို့ ဘက်စုံထောင့်စုံကနေ တစ်ပြေးညီတိုးတက်လာခဲ့တာဖြစ်ပြီး ဒီလိုဘက်စုံတစ်ပြေးညီ တိုးတက်ခြင်းကလည်း ဒီမိုကရေစီခိုင်မာဖို့ အများကြီးအထောက်အပံ့ဖြစ်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာက ကစဉ့်ကလျားတိုးတက်ဖြစ် ထွန်းနေတာဖြစ်ပါတယ်။ ဥပမာ အင်တာနက်နဲ့ ဆက်သွယ်ရေးကဏ္ဍတွေဟာ နှစ်အနည်းငယ်အတွင်း နိုင်ငံတကာအဆင့်ဖြစ်လာပေမယ့် လူတစ်ဦးချင်း ဝင်ငွေက အောက်ဆုံးအဆင့်ကနေ တက်ဖို့၊ တစ်နည်းအားဖြင့် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ တော်တော်ကြီးရုန်းကန်ကြရဦးမှာ ဖြစ်ပါတယ်။ ဒီတော့တခြားနိုင်ငံက နိုင်ငံ တည်ဆောက်ရေး နည်းလမ်းတွေကို ပုံတူကူးချင်လို့ မဖြစ်ဆိုတဲ့ အနေအထားဆိုတာ တွေ့ရပါတယ်။ ဒီတော့ မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကို လုပ်တဲ့ကိုင်တဲ့ နေရာမှာ နည်းလမ်းသစ်တွေရှာဖွေဖို့ လိုအပ်ပါတယ်။ လမ်းကြောင်းပေါ်က အချိန်မရွေး ချော်ထွက်သွားနိုင်တဲ့ အခြေအနေဆိုတာလည်း ငြင်းမရပါဘူး။
နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးမှာ ပါဝင်နေတဲ့ဘယ်သူမဆို တီထွင်ဖန်တီးနိုင်စွမ်းတွေ နည်းလမ်းသစ်ရှာဖွေနိုင်စွမ်းတွေရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ Innovation ရှိရပါမယ်။
ဒီမိုကရေစီစနစ်ဆိုတာက အစိုးရတစ်ရပ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ပေးနိုင် ရုံနဲ့ ဖြစ်ပေါ်ထွန်းကားနိုင်တာ မဟုတ်ပါဘူး။ လူ့ဘောင်အဖွဲ့ အစည်းက အားကောင်းမောင်းသန် ဖြစ်မှသာ ဒီမိုကရေစီ တည်တံ့ခိုင်မာဖို့နဲ့ နိုင်ငံတော် တည်တံ့ခိုင်မာဖို့ အာမခံချက်ရှိနိုင်မယ် ဖြစ်ပါတယ်။ လူ့အဖွဲ့ အစည်းအားကောင်းရင် အစိုးရ ကောင်းရဖို့ဆိုတာ သိပ်ခက်ခဲတဲ့ အလုပ် မဟုတ်တော့ပါဘူး။
လူ့အဖွဲ့အစည်း အားကောင်းမောင်းသန်ဖြစ်လေ နိုင်ငံတော်အားကောင်းမောင်းသန်ဖြစ်လေ။ အဲဒီလူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွား ကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုတဲ့ နိုင်ငံတော် အာဏာအရပ်ရပ်က ဆောင်ရွက်ပေးနိုင်လေ၊ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်နဲ့ ကောင်းကျိုးချမ်းသာတွေ တည်တံ့ခိုင်မာရေးအတွက်လည်း အာမခံချက်ပေးနိုင်လေဖြစ်ပြီး ဒီမိုကရေစီစနစ်ဟာလည်း အားကောင်းမောင်းသန်ဖြစ်လာမှာ ဖြစ်တာကြောင့် လူ့ဘောင်အဖွဲ့ အစည်း အားကောင်းမောင်းသန်ဖြစ်စေရေးကို အဓိကထား အားထုတ် ကြိုးပမ်းကြဖို့ မဖြစ်မနေ လိုအပ်ပါကြောင်း။ ။
ပိုက်တင်