ဒီမိုကရေစီရွေးကောက်ပွဲနှင့် မှန်ကန်ရှင်သန်နေသော မဲဆန္ဒရှင်သန်နေသော မဲဆန္ဒရှင်စာရင်း ရရှိရေး
(ယမန်နေ့မှအဆက်)
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို တာဝန်ယူကျင်းပပေးခဲ့သော ယခင်ကော်မရှင် လက်ထက်က ပြုစုခဲ့သည့်မဲစာရင်းတွင် မဲဆန္ဒရှင် စုစုပေါင်း ၃၈၂၇၁၄၄၇ ဦးရှိသည့်အနက် နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရ လက်မှတ် တစ်ခုခုမရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၄၈၆၉၄၂၇ ဦး၊ နိုင်ငံသားကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၂၉၅၄၀၅ ဦး၊ နှစ်ကြိမ်ပါဝင်နေသူ ၃၅၉၆၂၀၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့နယ် အချင်းချင်း မဲစာရင်းထပ်သူ ၁၀၉၁၇၇၆ ဦး၊ မဲစာရင်းပါ မွေးသက္ကရာဇ်အရ အသက် (၁၀၀) နှစ် အထက်ရှိသူ၂၀၅၆၆ ဦး၊ အသက် (၁၈) နှစ်မပြည့်ဘဲ မဲစာရင်းတွင်ပါဝင်နေသူ ၁၄၄၁၂ ဦး၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ တိုင်းဒေသကြီး/ ပြည်နယ် အချင်းချင်း မဲစာရင်းထပ်သူ၁၄၁၇၅၉၈ ဦးဖြစ်သဖြင့် မဲစာရင်းတွင် မဲမသမာမှု ၁၁၃၀၅၃၉၀၊ မဲဆန္ဒရှင် စာရင်း၏ ၂၉ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လက်ထက်တွင်ပြန်လည်စစ်ဆေးခဲ့ရာမှ မဲမသမာမှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲ များနှင့် လက်ရှိပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။
စစ်ဆေးပေါ်ပေါက်ခဲ့
ထိုကဲ့သို့ ယခင်ကော်မရှင်လက်ထက်က မဲစာရင်းများတွင် အရေအတွက်များပြားစွာ ဖောင်းပွနေခြင်း၊ နိုင်ငံသားကတ်မရှိဘဲ မဲစာရင်းတွင် အစုလိုက်အပြုံလိုက် ပါဝင်နေခြင်းများကို အကြောင်းပြု၍ ရွေးကောက်ပွဲမသမာမဲများဖြင့် နိုင်ငံရေး အာဏာ၊ နိုင်ငံရေးအကျိုးစီးပွားကို မသမာသော နည်းလမ်းဖြင့်ရယူရန်ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်းမှာ ပေါ်လွင်နေသဖြင့် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏တာဝန်ကို လွှဲအပ်ဆောင်ရွက်ရသည့် အခြေအနေအထိ ဖြစ်ပေါ်ခဲ့ပါသည်။ မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ယင်းကဲ့သို့မဲစာရင်း မှားယွင်း ဖောင်းပွမှုများကို ဆန်းစစ်သုံးသပ်ကြည့်ရာတွင် ယခင်ကော်မရှင်သည် လူဦးရေစာရင်းပြုစုခြင်းနှင့် အခြေခံမဲစာရင်းပြုစုခြင်းကို ရွေးကောက်ပွဲ ကာလမတိုင်မီ တစ်နှစ်ကြိုတင် ဆောင်ရွက် ခဲ့ကြောင်း၊ လူဦးရေစာရင်းနှင့် အခြေခံမဲစာရင်းပြုစုရာတွင် ရှိကောက်စနစ်ဖြင့် ရွှေ့ပြောင်း လုပ်သားများကိုပါ အထောက်အထားမဲ့ ထည့်သွင်းပြုစုစေခဲ့ကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ သဘောသဘာဝသည် အခြေချနေထိုင်သူများမဟုတ်ဘဲ လှည့်လည် သွားလာနေသူများ ဖြစ်သဖြင့် မဲစာရင်းတွင် အကြိမ်ကြိမ် ထပ်သွားနိုင်ကြောင်း၊ ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု သို့မဟုတ် ကျေးရွာများတွင် နေထိုင်မှု အထောက်အထား အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) မရှိသူများ၊ ကျပန်း နေထိုင်သူများ၊ ယာယီရွှေ့ပြောင်းများ စသည့် ပြောင်းဝင်ပြောင်းထွက် တည်ငြိမ်မှုမရှိသောအုပ်စုများသည် မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင် များဖြစ်ပြီး ယင်းတို့ကိုလည်း လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၆၊ နည်းဥပဒေ ၁၀ နှင့် ဆန့်ကျင်ပြီး ထည့်သွင်းပြုစု စေခဲ့ကြောင်း၊ နိုင်ငံသား ကတ်မရှိသဖြင့် နိုင်ငံသား ဖြစ်၊ မဖြစ် ခွဲခြားနိုင်ခြင်း မရှိသူများကိုလည်း စိစစ်ခြင်းမရှိဘဲ မဲစာရင်းတွင် ခွင့်ပြုခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ အခြေခံရယူခဲ့ သည့် လူဦးရေစာရင်းများ၏ အားနည်းချက်များကို စိစစ်ဆောင်ရွက်နိုင်မှု မရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
မဲပေးခွင့်ရှိသည့် နိုင်ငံသားများအတွက် နိုင်ငံသား အထောက်အထားဖြစ်သည့် နိုင်ငံသား ကတ်ကိုယ်စီရရှိရေး၊ နေထိုင်မှုနှင့် ပြောင်းဝင်ပြောင်းထွက်မှုအတွက် ဥပဒေအရ အထောက်အထားဖြစ်သော အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) များကို ရွေးကောက်ပွဲမတိုင်မီ အချိန်မီရရှိရေးနှင့် ပြည့်စုံမှန်ကန်စွာရရှိရေးတို့အတွက် အဓိကတာဝန်ရှိသော ယင်းကာလက အာဏာရပါတီ အစိုးရ၊ သက်ဆိုင်ရာဌာနတို့နှင့် စီမံချက်များပြည့်မီအောင် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ကော်မရှင်၏ မဲစာရင်းများ ပြုစုခြင်းနှင့် ပြင်ဆင်ခြင်းတာဝန်အရ မဲစာရင်းများစိစစ်ခြင်းကို သင့်လျော်သော ကွန်ပျူတာ နည်းပညာများအသုံးပြု၍ ဆောင်ရွက်ရန် အမြော်အမြင်ရှိရှိ စီစဉ်လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် အောက်ခြေ ကော်မရှင် အဖွဲ့ခွဲများ အနေဖြင့်လည်း နည်းပညာ အကူအညီဖြင့် မဲစာရင်းစိစစ်ခြင်းကို မိမိမြို့နယ်ကျော်လွန်၍ ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်ခဲ့သဖြင့် မဲစာရင်းအရေအတွက် များပြားစွာ မှားယွင်း ဖောင်းပွခဲ့ကြောင်း တွေ့ရှိရပါသည်။ အဆိုးဆုံး အခြေအနေမှာ မဲစာရင်းပြုစုခြင်းအပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် ယင်းကာလ အာဏာရပါတီနှင့် အာဏာရပါတီလွှတ်တော် ကိုယ်စားလှယ်များ၏ဝင်ရောက်စွက်ဖက်ခြယ်လှယ် မှုများအား မလွန်ဆန်နိုင်ခဲ့ကြောင်း ဝမ်းနည်းဖွယ်ကြားသိခဲ့ရပါသည်။ သို့ဖြစ်ရာ ကော်မရှင်တစ်ရပ်၏ သမာသမတ်ကျမှု၊ လွတ်လပ်၍ အမှီအခိုကင်းမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှုနှင့် Professional ဆန်မှု ရှိ၊ မရှိ တို့အပေါ်မေးခွန်းထုတ်ဖွယ် တွေ့ရှိခဲ့ရပေသည်။
နိုင်ငံတော်၏ ကြီးမြတ်သောနိုင်ငံရေး တာဝန်ဖြစ်
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏တာဝန်ကို တာဝန်ယူ ထမ်းဆောင်နေရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် လုပ်ငန်းစဉ် (၁) အရ “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင် ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်” ဟု လည်းကောင်း၊ လုပ်ငန်းစဉ် (၅) အရ “အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟု လည်းကောင်း ရှေ့လုပ်ငန်းစဉ်ချမှတ် ထားရာ အဆိုပါ လုပ်ငန်းစဉ် နှစ်ရပ်သည် လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကောင်အထည်ဖော် ဆောင်ရွက်ရ မည့် နိုင်ငံတော်၏ ကြီးမြတ်သောနိုင်ငံရေးတာဝန် ပင်ဖြစ်ပါသည်။
ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အထက်ဖော်ပြပါ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဖြစ်စဉ်ဖြစ်ရပ်များကို ဖော်ထုတ်သုံးသပ်၍ လွတ်လပ်မျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ ယခင်ရွေးကောက်ပွဲအားနည်းချက်များကို ဖော်ထုတ်၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များ ပြင်ဆင် ရေးဆွဲခြင်းနှင့် မဲဆန္ဒရှင်စာရင်းအတွက် လူဦးရေ စာရင်းများစိစစ်ပြုစုခြင်း လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်း စဉ်သည် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးနှင့် အစောဆုံးဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည့် လုပ်ငန်းစဉ်လည်းဖြစ်ပါသည်။ ရွေးကောက်ပွဲဥပဒေအရ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့၏ လူဦးရေစာရင်းကိုအခြေခံ၍ မဲစာရင်းပြုစု ရသည်ဖြစ်ရာ ယင်းလူဦးရေစာရင်းများ ပြည့်စုံ မှန်ကန်စွာ ဆောင်ရွက်ပေးရမည့်အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပြည်ထောင်စုအဆင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း ကြားသိရပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ၊ ခရိုင်၊ မြို့နယ်အထိ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် လည်း လူဦးရေစာရင်းများနှင့် စပ်လျဉ်း၍ အဓိကတာဝန်ရှိ ပုဂ္ဂိုလ်များဖြစ်သော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးအဆင့်ဆင့်တို့သည် အဖွဲ့ဝင်အဖြစ် မိမိတို့၏ မိခင်ဌာနကိုယ်စား ရွေးကောက်ပွဲ တာဝန်များကို ဥပဒေအရ ပါဝင်ထမ်းဆောင်နေရသည်ဖြစ်ရာ မဲစာရင်းပြုစုခြင်း လုပ်ငန်းစဉ်တွင် တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်သွားကြရ မည်ဖြစ်ပါသည်။
ပန်းခင်းစီမံချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ လာမည့်အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံအကျဆုံးလိုအပ်ချက် ဖြစ်သော အိမ်ထောင်စုတိုင်းတွင် အိမ်ထောင်စု လူဦးရေစာရင်းများ ပြည့်စုံ မှန်ကန်စွာရရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံး နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုယ်စီရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်ဖြင့် နယ်မြေကွင်းဆင်း ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ ပန်းခင်းစီမံချက် အသိပညာပေးအစီအစဉ်များကိုလည်း ပြည်သူလူထုသိရှိနားလည်ပြီး လိုက်ပါဆောင်ရွက်လာစေ ရန် ကဏ္ဍစုံမှ စည်းရုံးဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံသားဖြစ်သည့်တိုင်အောင် နိုင်ငံသား ဖြစ်ကြောင်း ဥပဒေအရ နိုင်ငံသားကတ်ပြားအထောက် အထားတစ်ခုခု ကိုင်ဆောင်ထားရန် လိုအပ်ပါ သည်။ အိမ်ထောင်စုတိုင်း ဥပဒေအရ နေထိုင်မှုနှင့် ပြောင်းဝင်ပြောင်းထွက်မှု အထောက်အထားဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ရှိရန်လိုအပ်ပါသည်။ သို့မှသာ ဥပဒေအရ မဲစာရင်းတွင် ပါဝင်မည်ဖြစ်ပါသည်။ မဲစာရင်းတွင်ပါဝင်မှသာ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိမည်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးရုံး ရန်ကုန် မြို့တော်ခန်းမ၌ ၇-၁၀-၂၀၂၁ ရက်နေ့က တွေ့ဆုံ အမှာစကားပြောကြားရာတွင် “...........၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၁၁ သန်းကျော်ရှိသည့်အနက် မှတ်ပုံတင်မရှိဘဲ ဆန္ဒမဲပေးခဲ့သူ လေးသန်းကျော်ခန့်ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် အထွေထွေ ရွေးကောက်ပွဲ သည် အရေးကြီးပြီး Free and Fair ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် လာမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသား မှတ်ပုံတင် ကတ်ပြားများရရှိရေး အိမ်ထောင်စု စာရင်းများ မှန်ကန်ရေး၊ လူဦးရေစာရင်းမှန်ကန် ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း.....” ထပ်လောင်း လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) မရှိသေးသော အိမ်ထောင်စုများအား စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးခြင်း၊ နိုင်ငံသားကတ်မရရှိသေးသူများအား စိစစ်၍ နိုင်ငံသားကတ်များထုတ်ပေးခြင်းကို နယ်မြေကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ မဲဆန္ဒရှင်ပြည်သူတစ်ဦးအနေဖြင့် အိမ်ထောင်စု စာရင်းများမှန်ကန်ရေးနှင့် လူဦးရေစာရင်းများ မှန်ကန်ရေး ဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းအပြင် လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက ထုတ်ပေးထားသည့် အိမ်ထောင်စုလူဦးရေစာရင်းများကိုလည်း မြေပြင် တိုက်ဆိုင် စစ်ဆေး၍ ပြန်လည်စိစစ်ဆောင်ရွက်ပေးရန် ပြည်သူများကိုယ်စား မျှော်လင့်မိပါသည်။
စာရင်းသေဖြစ်နေ
အဘယ်ကြောင့်ဆိုသော် အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်းစာရွက်များသည် နှစ်ကာလ များစွာ ကြာမြင့်နေပြီဖြစ်သဖြင့် ဟောင်းနွမ်းဆွေးမြည့်နေခြင်း၊ အချို့စုတ်ပြဲနေခြင်း၊ မင်များ မှေးမှိန်၍ ဖတ်မရတော့ခြင်း၊ လက်ရေးလက်သား မသဲကွဲတော့ခြင်း၊ လွန်ခဲ့သောနှစ်ပေါင်းများစွာ ကတည်းက ကွယ်လွန်ပြီးသူများ မပယ်ဖျက်ရသေးခြင်း၊ ကာလကြာ မြေပြင်တွင် နေထိုင်ခြင်း မရှိတော့ဘဲ ပြောင်းထွက်သွားသူများ နုတ်ပယ်ရန်လိုအပ်နေခြင်း၊ အချို့နိုင်ငံသားကတ် အမှတ်များ ဖြည့်သွင်းရန် ကွက်လပ် ကျန်ရှိနေခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် အိမ်ထောင်စုစာရင်း တစ်စောင်ထက်ပို၍ရှိနေခြင်းနှင့် တစ်စောင်ထက်ပို၍ အမည်စာရင်းပါဝင်နေခြင်း၊ မွေးဖွား လူဦးရေတိုး စာရင်းသွင်းရန် လိုအပ်နေသည့် အခြေအနေများရှိနေကြောင်း ကြားသိရပါသည်။ ယင်းလိုအပ်ချက်များသည် Immigration လုပ်ထုံး အရ ကာယကံရှင်အိမ်ထောင်စုက ကိုယ်တိုင် လာရောက်လျှောက်ထား ဆောင်ရွက်ရသည့်ကိစ္စရပ်များ ဖြစ်ပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက် ဆောင်ရွက်ခြင်း မရှိသဖြင့် ယင်းစာရင်း များသည် စာရင်းသေဖြစ်နေပြီး ရုံးမှတ်တမ်းစာရင်းတွင် စိစစ်ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ရန် အခက်အခဲရှိနေသည်ဟု ယူဆပါသည်။ နှစ်ကာလကြာလာသည်နှင့်အမျှ မြေပြင်ရှိ လူဦးရေနှင့် ရုံးမှတ်တမ်းရှိ လူဦးရေစာရင်း ကွာဟမှုကြီးမားသည်ထက် ကြီးမားလာလိမ့်မည်ဟု ထင်မြင်ယူဆ မိပါသည်။ မြေပြင်ရှိနှင့် စာရင်းရှိ လူဦးရေစာရင်း ကွာဟချက်ကြီးမားနေမည်ဆိုပါက ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး စီမံကိန်းများအတွက်သာမက ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ မဲဆန္ဒနယ် သတ်မှတ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁ (ဂ)ပါ တိုင်းရင်းသားလူမျိုးအရေအတွက် ရာခိုင်နှုန်း သတ်မှတ်ခြင်းတို့အပေါ်တွင် သက်ရောက်မှုများ ရှိလာနိုင်လိမ့်မည်ဟု နိုင်ငံသား မဲဆန္ဒရှင်တစ်ဦး အနေဖြင့် တွေးမြင်မိပါသည်။
ထို့ကြောင့် ပန်းခင်းစီမံချက်တွင် အိမ်ထောင်စုလူဦးရေ စာရင်းအသစ်ထုတ်ပေးခြင်းအပြင် အိမ်ထောင်စုတစ်စုချင်း မြေပြင် တိုက်ဆိုင်စိစစ်၍ အဟောင်းစိစစ်၊ အဟောင်းဖြည့်စွက်၊ အဟောင်း ပယ်ဖျက်၊ အသစ်ပြန်လည်ထုတ်ပေးခြင်း လုပ်ငန်းစဉ်ကိုပါ တစ်ပါတည်းဆောင်ရွက် ပေးနိုင်မည်ဆိုလျှင်ဖြင့် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက် ဖြစ်သော အိမ်ထောင်စုစာရင်း များ မှန်ကန်ရေးနှင့် လူဦးရေစာရင်းမှန်ကန်ရေးမူဝါဒအား ရွေးကောက်ပွဲ အကြိုကာလအမီ ပြည့်မီအောင် ဆောင်ရွက်နိုင် လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် မှန်ကန်ရှင်သန်နေသော မဲဆန္ဒရှင် စာရင်းရရှိရေးအတွက်လည်း အမှန်တကယ် အကျိုးကျေးဇူး ရရှိသွားမည်ဖြစ်ပါသည်။ နိုင်ငံသားပြည်သူ များကလည်း စီမံချက်တွင် တစ်တပ်တစ်အား လိုလိုလားလားဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် မဖြစ်မနေလိုအပ်မည်ဖြစ်ပါသည်။
ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ
သို့ဖြစ်ရာ နိုင်ငံသားပြည်သူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသည့် နိုင်ငံသား အခွင့်အရေး၊ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး၊ တစ်နည်းအားဖြင့် လူ့အခွင့်အရေး အပြည့်အဝ ကျင့်သုံးနိုင်ရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) နှင့် နိုင်ငံသားကတ်ကိုင်ဆောင် ရခြင်း၏ တန်ဖိုးကို သိရှိနားလည်ပြီး အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)နှင့် နိုင်ငံသား ကတ်တစ်မျိုးမျိုး ရရှိရေး၊ မိမိတို့၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) များ နောက်ဆုံး အခြေအနေအထိ မှန်ကန်စေရေး တို့အတွက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေသည့် ကွင်းဆင်းဝန်ထမ်း အဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများသို့ ဆက်သွယ်၍ သွားရောက်ဆောင်ရွက်နိုင်ပါရန်နှင့် စီမံချက်တွင် ပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။ ရွေးကောက်ပွဲဥပဒေအရ အခြေခံရသည့် လူဦးရေ စာရင်းမှသည် မှန်ကန်ရှင်သန်နေသော မဲစာရင်းရရှိရေးအတွက် အဓိက တာဝန်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သက်ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း မဲဆန္ဒရှင်ပြည် သူများ၏ ပူးပေါင်းကူညီမှုဖြင့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ မဲစာရင်းများ ပြည့်စုံ မှန်ကန်ရေးနှင့် တိုးတက်ပြောင်းလဲနေသော လူဦးရေအခြေအနေတို့အပေါ် မူတည်၍ စဉ်ဆက်မပြတ် ရှင်သန်နေသော လူဦးရေစာရင်းများ မှန်ကန်ရေးနှင့် မဲစာရင်းများ ဖြစ်မြောက် စေရေးအတွက် အလေးထား ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြပါရန် မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ထပ်လောင်းဆန္ဒပြု လိုက်ရပါသည်။ နိုင်ငံသားမဲဆန္ဒရှင်ပြည်သူများ အားလုံးကျန်းမာ ရွှင်လန်းစွာဖြင့် နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံသားတာဝန်များကို လျော်ကန်သင့်မြတ်စွာ ကျင့်သုံးနိုင်ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ။
ကျမ်းကိုး - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ချက်များ၊
- သက်ဆိုင်ရာ ဥပဒေများ။
မဲဆန္ဒရှင်တစ်ဦး