Skip to main content

ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးနှင့် ငွေကြေးအကျပ်အတည်းပြဿနာ

ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးမှာ တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်းခဲ့သောအချိန်ဖြစ်ပြီး ခေတ်သစ် သမိုင်းတွင် အကြီးကျယ်ဆုံးနှင့်အရေးပါဆုံး စီးပွားရေးကျဆင်းမှုဖြစ်ကာ၂၁ရာစုတွင်ကမ္ဘာ၏စီးပွား ရေး မည်ရွေ့မည်မျှအထိ ကျဆင်းနိုင်သည်ကို သတ်မှတ်သော စံတစ်ခုဖြစ်လာသည်။ ကမ္ဘာ့စီးပွား ပျက်ကပ်ကြီးသည် အမေရိကန်နိုင်ငံမှ စတင်ခဲ့ပြီး သမိုင်းပညာရှင်တို့က အမည်းရောင်အင်္ဂါနေ့ဟု သိကြသော ၁၉၂၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက် စတော့ဈေးကွက်ပြိုလဲသည့်နေ့ကို စတင်သည့် နေ့ အဖြစ် ရည်ညွှန်းလေ့ရှိကြသည်။

နိုင်ငံတကာကုန်သွယ်ရေးကို ထိခိုက်

ငွေတန်ဖိုးနိမ့်ကျသွားခြင်းသည် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင် အလွန်ဆိုးရွားသော ဆိုးကျိုးများကို ဖြစ်စေသည်။ နိုင်ငံတကာကုန်သွယ်ရေးကို အကြီးအကျယ်ထိခိုက်စေပြီး လူတစ်ဦး ချင်းဝင်ငွေ၊ အမြတ်ခွန်၊ ဈေးနှုန်းနှင့်အမြတ်အစွန်းတို့ အပေါ်တွင်လည်း ထိခိုက်မှုကြီးမားသည်။ ကမ္ဘာ တစ်ဝန်းလုံးရှိ မြို့တော်များမှာ အလွန်ပင်ထိခိုက် ကြပြီး အကြီးစားလုပ်ငန်းများအပေါ်တွင် မှီခိုနေသော မြို့ပြများမှာ အဆိုးရွားဆုံးဖြစ်သည်။ နိုင်ငံအများအပြားတွင် ဆောက်လုပ်ရေး လုပ်ငန်းများကို လုံးဝနီးပါးရပ်ထားရသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသတို့တွင်လည်း သီးနှံဈေးနှုန်းများ ရာခိုင်နှုန်း ၄ဝမှရာခိုင်နှုန်း ၆ဝ အထိကျဆင်းသဖြင့် အလွန်ထိခိုက်စေသည်။ ဇောက်ထိုးဆင်းလာသော ဝယ်လိုအားနှင့် အပြောင်းအလဲအဖြစ်လုပ်နိုင်သော အလုပ်အနည်းငယ် သာရှိသဖြင့် အခြေခံလူသုံးကုန် ပစ္စည်းထုတ်လုပ်ငန်းများဖြစ်သော လယ်စိုက်ခြင်း၊ သတ္တုတူး ဖော်ခြင်းနှင့် သစ်ထုတ်လုပ်ငန်းနယ်ပယ် များမှာ အခံရဆုံးဖြစ်သည်။

၁၉၂၉ ခုနှစ် စက်တင်ဘာလ စတော့ဈေးကွက် သည် အမြင့်ဆုံးအချိန်ထက် ရာခိုင်နှုန်း ၃၀မျှ လျော့နည်းနေခဲ့သေးသည်။ ၁၉၃၀ ပြည့်နှစ် ပထမနှစ်ဝက်တွင် အစိုးရများနှင့်စီးပွားရေးလုပ်ငန်း များသည် လွန်ခဲ့သောနှစ် ထိုအချိန်က သုံးစွဲသည်ထက်ပင် ပို၍သုံးစွဲခဲ့ကြသေးသည်။ လွန်ခဲ့သော နှစ်က စတော့ဈေးကွက်တွင် အလွန်ရှုံးထားသောသူ အများအပြားပါဝင်သော စားသုံးသူများ သည် သူတို့၏ အသုံးစရိတ်ကို ၁၀ ရာခိုင်နှုန်းမျှလျှော့ချခဲ့ကြသည်။ ၁၉၃၀ ပြည့်နှစ် နွေရာသီတွင် အမေရိကန် ပြည်ထောင်စု၏ စိုက်ပျိုးရေး အချက်အချာနယ်မြေသည် အကြီးအကျယ် မိုးခေါင်ခြင်းကြောင့် ဆိုးရွားစွာပျက်စီးခဲ့ရသည်။

၁၉၃၀ ပြည့်နှစ် အစောပိုင်းတွင် အကြွေးပေး မည့်သူအများအပြားရှိပြီး အတိုးနှုန်းသက်သာစွာ ဖြင့် ရနိုင်သော်လည်း လူအများစုမှာ ချေးငှားခြင်း ဖြင့် အကြွေးအသစ်ဖြစ်မည်ကို မလိုလားခဲ့ကြပေ။ ၁၉၃၀ ပြည့်နှစ် မေလတွင် ကားရောင်းဝယ်မှုသည် ၁၉၂၈ ခုနှစ်တွင်ရှိခဲ့သော ရောင်းအား၏အောက်သို့ ကျဆင်းခဲ့သည်။ ယေဘုယျအားဖြင့် ဈေးနှုန်းများ စတင်ကျဆင်းခဲ့သော်လည်း လုပ်ခများမှာ ၁၉၃၀ ပြည့်နှစ်တွင် ပုံမှန်အတိုင်းပင် ရှိနေခဲ့သေးသည်။ ၁၉၃၁ ခုနှစ်တွင် လုပ်ခများ စတင်ကျဆင်းခဲ့သည်။ စားသုံးကုန်ပစ္စည်းများ ဈေးကျလာသည့်အတွက် လယ်ယာဒေသများတွင် အခြေအနေအဆိုးဆုံး ဖြစ်သည်။ အလုပ်လက်မဲ့ များပြားလာပြီး အခြား အလုပ်အကိုင်ပြောင်းရန် အခွင့်အလမ်း အနည်းငယ်မျှသာရှိသော သတ္တုတူးဖော်ခြင်းနှင့် သစ်ထုတ် လုပ်ခြင်းတို့မှာလည်း အလားတူပင်ဖြစ်သည်။

အမေရိကန်၏ စီးပွားရေးကျဆင်းမှုသည် အစောပိုင်းတွင် အခြားနိုင်ငံများ၏စီးပွားရေးကို ကျဆင်းစေသော အကြောင်းအချက်ဖြစ်သည်။ သို့သော် နိုင်ငံတစ်နိုင်ငံစီ၏ အတွင်းပိုင်းအားကောင်း မှု၊ အားမကောင်းမှုပေါ်မူတည်၍ အခြေအနေမှာ ပိုကောင်းခြင်း သို့မဟုတ် ပိုဆိုးသွားခြင်း ဖြစ်ပေါ် သည်။ ၁၉၃၀ ပြည့်နှစ် အမေရိကန်က ပြဋ္ဌာန်းသော စမု-ဟော်လေ (Smoot-Hawley) သွင်းကုန် ထုတ်ကုန်ဆိုင်ရာ အက်ဥပဒေနှင့် အခြားနိုင်ငံများမှ ထုတ်ပြန်ကျင့်သုံးသည့် သွင်းကုန်ထုတ်ကုန်ကန့်သတ်မှုများ အစရှိသည့် နိုင်ငံအသီးသီးမှ မိမိတို့စီးပွားရေး ကို ခိုင်မာစေရန် အလန့်တကြား ကြိုးပမ်းမှုအနေဖြင့် ပြဋ္ဌာန်းသော ကိုယ်ကျိုးစီးပွားရေးပေါ်လစီများက တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြိုလဲခြင်းကို ပို၍ ဆိုးရွားသွားစေခဲ့သည်။

ငွေကြေးအကျပ်အတည်းကို ရှောင်ရှားမှု

မည်သည့်အခါတွင်မဆို ဖြစ်ပေါ်လာနိုင်သည့် အကျပ်အတည်းတစ်ရပ်ကို ကာကွယ်နိုင်သော ကာကွယ်ရေးနည်းလမ်းများစွာတို့ အပါအဝင် ငွေကြေးအကျပ်အတည်းတစ်ရပ်အား ဖြေရှင်းရန် ဖြစ်နိုင်ဖွယ်ရှိသော နည်းလမ်းများစွာရှိသည်။ ငွေကြေးအကျပ်အတည်းတစ်ရပ်ကို အကောင်းဆုံး ဖြေရှင်းရန်သည် ပထမအဆင့်မှာပင် ကာကွယ်ရေး နည်းလမ်းများအားဖြင့် ရှောင်ရှားရန်ဖြစ်သည်။ ဗဟိုဘဏ်များက ဈေးကွက်ကိုတိုက်ရမည့် ရည်ညွှန်းငွေ လဲလှယ်နှုန်း ကန့်သတ်ထားမှုနှင့် ဆန့်ကျင်လျက် ဈေးကွက်က အမြဲတမ်းဈေးနှုန်းသတ်မှတ်သည် ဟူသည့်အချက်အား သေချာစေခြင်းဖြင့် ငွေလဲလှယ်နှုန်းကို နှုန်းရှင်မျှောခြင်းက ငွေကြေးအကျပ်အတည်းကို ရှောင်ရှားမှုဆီသို့ ဦးတည်သွားစေသည်။

လတ်တလောတွင် ဒေါ်လာဈေးနှုန်းများ မကြုံစဖူးမြင့်တက်နေသဖြင့် မဟာဗျူဟာမြောက် သွင်းကုန်များဖြစ်သော စက်သုံးဆီ၊ စားသုံးဆီအပါ အဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ဆေးဝါးနှင့် စိုက်ပျိုးရေးကဏ္ဍသုံး သွင်းအားစုများ အားလုံး မြင့်တက်နေသည်။ဈေးကွက်အတွင်း အမေ ရိကန်ဒေါ်လာ ဝယ်ယူရန် မရှိသလောက် ရှားပါးနေ သည်။ ယခုနှစ် ဖေဖော်ဝါရီလ ရက်နေ့က တစ်ဒေါ် လာလျှင် မြန်မာငွေ ၁၃၉၅ ကျပ်ဝန်းကျင်သာရှိခဲ့ သော်လည်း စက်တင်ဘာလ ၂၉ ရက်နေ့ ဈေးပိတ်ချိန်တွင် တစ်ဒေါ်လာလျှင် ကျပ် ၂၅ဝဝ အထိ သမိုင်း တစ်လျှောက်အမြင့်ဆုံး စံချိန်ဖြစ်ခဲ့သည်။ ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် အကြိမ်ကြိမ် ရောင်းချခဲ့သော်လည်း တစ်ဟုန်ထိုးမြင့်တက်နေသော ဒေါ်လာဈေးနှုန်းအပေါ် သိသာသည့်အကျိုး သက်ရောက်မှု မရှိသေးပေ။

ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ စက်သုံးဆီ ဈေးနှုန်း အတက်ကြမ်းလာသဖြင့် စားနပ်ရိက္ခာ ထုတ်လုပ်ရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် စားသောက် ကုန်ထုတ်လုပ်ရေးအထိ အကျိုးသက်ရောက်မှုရှိလာသည်။ သယ်ယူပို့ဆောင်ရသည့် စားနပ်ရိက္ခာအားလုံး ဈေးနှုန်းကြီးမြင့်လာသည်။ ပြည်ပသွင်းကုန် အချို့ပိတ်ပင်မည့်ကောလာဟလသတင်းများကြောင့် နိုင်ငံခြားမှတင်သွင်းသည့် ကုန်ပစ္စည်းများအားလုံး  လိုလိုမြင့်တက်ကာ အချို့ သွင်းကုန်ပစ္စည်းများ အရောင်းပိတ်ထားသည်အထိ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် မြန်မာ  ကျပ်ငွေတန်ဖိုးကျဆင်းမှုကို မည်သို့ကုစားမည်နည်းဟူသည့် အချက်မှာ လူတိုင်းစိတ်ဝင်စားသည့်ကိစ္စ တစ်ရပ် ဖြစ်သည်။

အောက်တိုဘာလ ရက်နေ့တွင် ကမ္ဘာ့ဒေါ်လာ ဈေးအညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေ လဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၃၅၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။ ပြည်တွင်းဈေးကွက်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ ရက်နေ့တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၅ဝဝ ကျပ်၊ စင်ကာပူဒေါ်လာ ၁၅၉၀ ကျပ်၊ မလေးရှားရင်းဂစ် ၅၁၀ ကျပ်၊ ထိုင်းဘတ် ၆၉ ကျပ်တို့ ဖြစ်သည်။

ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနိုင်ငံ

ဂျွန်ဟော့ကင်းစ်တက္ကသိုလ်က ထုတ်ပြန်သော စာရင်းများအရ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနိုင်ငံ များမှာ ဗင်နီဇွဲလား၊ လက်ဘနွန်၊ ဆူဒန်၊ ဆီးရီးယား၊ ဇင်ဘာဘွေ၊ တာ့ခ်မင်နစ္စတန်၊ အီသီယိုးပီးယား၊ အာဂျင်တီးနား၊ မြန်မာနှင့် အီရန်နိုင်ငံတို့ဖြစ်သည်ဟု ဆိုထားသည်။ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) | စက်တင်ဘာလအတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်းသည် ဒသမ ရာခိုင်နှုန်းဖြင့် အာဆီယံ ၁၀ နိုင်ငံအတွင်း ငွေကြေး အဖောင်းပွဆုံးနိုင်ငံတစ်ခုဖြစ်လာကြောင်း ဖော်ပြထားသည်။ မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ထိုးကျနေမှုအပေါ် ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကျွမ်းကျင်သူတို့က မြန်မာကျပ် ငွေအား ပြည်သူလူထု၏ယုံကြည်မှု လျော့နည်းလာခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှုလျော့ နည်းခြင်း၊ နိုင်ငံတကာငွေကြေးအကူအညီများ  ရပ်ဆိုင်းခံရခြင်းနှင့် ပြည်ပပို့ကုန် လျော့ကျခြင်းတို့ ကြောင့်ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားနေမှုတို့ကြောင့် မြန်မာနိုင်ငံ၏ ၂၀၂၁ ဘဏ္ဍာနှစ်တွင် စီးပွားရေး ၁၈ ရာခိုင်နှုန်းခန့် ကျဆင်းသွားမည်ဟု ခန့်မှန်းထားရာ စီးပွားရေး ကျဆင်းမှု၏ ပြယုဂ်တစ်ခုဖြစ်သော အရပ်ရပ် ဈေးနှုန်းများမြင့်တက်မှုသည် အများပြည်သူတို့၏ လူမှုစီးပွားဘဝအတွက် ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ် ဖြစ်နေသည်။ လက်ရှိအနေအထားအရ ဒေါ်လာဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်သည့် အခြေအနေအရပ်ရပ်တို့ကြောင့် ငွေပိုငွေလျှံရှိသူများ က ဒေါ်လာ၊ ရွှေ၊ အိမ်ခြံမြေ စသည်ဖြင့် ခိုင်မာမှုရှိ သည့်ပစ္စည်းများကို ဝယ်ယူနိုင်ကြသော်လည်း ဝင်ငွေအကန့်အသတ်ရှိသူများနှင့် ပုံမှန်ဝင်ငွေမရှိသူ အခြေခံလူတန်းစားများ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေကြရသည်။

ငွေကြေးဖောင်းပွမှုအဆင့်သို့ ရောက်ရှိသွားနိုင်

ငွေကြေး၏ တစ်ခုတည်းသော ရည်ရွယ်ချက်သည် လူတိုင်းအနေဖြင့် မိမိလိုအပ်သည့်ပစ္စည်း များကို ဝယ်ယူခွင့်ရရှိစေရန်ဖြစ်သည်။ ငွေကြေး ဖောင်းပွမှုမြင့်တက်နေမှုကို ထိန်းချုပ်နိုင်စွမ်း မရှိပါကသက်ဆိုင်ရာနိုင်ငံ၏ငွေကြေးတန်ဖိုးဖြစ်စေ၊ ယင်းငွေကြေး၏ အသုံးဝင်မှုကိုဖြစ်စေ ကျဆင်း သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ ငွေကြေးကဏ္ဍသည် ငွေကြေးဖောင်းပွမှုအဆင့်သို့ ရောက်ရှိသွားနိုင်သည်ကို အားလုံးက သတိမူကြရမည် ဖြစ်သည်။ အလွန်အမင်းငွေကြေးဖောင်းပွမှု အခြေအနေကို ပေါင်မုန့်တစ်လုံးအတွက် ငွေစက္ကူ အထပ်လိုက်ပေးချေရသည့် ဇင်ဘာဘွေနှင့် ဗင်နီဇွဲ လားနိုင်ငံတို့တွင် အလွယ်တကူတွေ့မြင်နိုင်သည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် ပို့ကုန်များအတွက် ဝယ်လိုအားကိုလှုံ့ဆော်ရန် ၎င်းတို့၏ငွေကြေးကို တမင်နှိမ့်ချလိုက်ခြင်းအား ဆက်လက်ထိန်းသိမ်း ထားလိုကြသည်။ အကျော်ကြားဆုံးဥပမာမှာ တရုတ်နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်းတို့၏ အမေရိကန်ဒေါ်လာနှင့် ရည်ညွှန်းငွေ လဲလှယ်နှုန်းကို ဆယ်စုနှစ်နှင့်ချီလျက် ထိန်းထားခဲ့သည်။ တရုတ်သည် အရန်နိုင်ငံခြားငွေကြေး အလွန်များပြားစွာ ရှိသောကြောင့် ရည်ညွှန်းငွေလဲလှယ်နှုန်းကို  ကာကွယ်ရန် မည်သည့်အခါမျှ ဒုက္ခမတွေ့ခဲ့ပေ။ ယင်းသည် ဈေးကွက်၏အခြားနယ်ပယ်များ၌ ဟန်ချက်ပျက်ယွင်းမှုကို ဖြစ်စေခဲ့သည်။

နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်တွင် ဈေးကစားမှုကိုဖြစ်စေသည့် ငွေကြေးတစ်ရပ်၏ ရုတ်တရက် မတည်မငြိမ်ဖြစ်မှုကိုငွေကြေးအကျပ်အတည်း” (Currency Crisis) ဟု ဆိုကြသည်။ ယင်းအကျပ်အတည်းသည် ရည်ညွှန်းငွေလဲလှယ်နှုန်း သို့မဟုတ် ငွေကြေးဆိုင်ရာ မူဝါဒချမှတ်မှုများ အပါအဝင် အကြောင်းခြင်းရာများစွာတို့ကြောင့် ဖြစ်ပွားနိုင်သည်။ ယင်းကို ငွေလဲလှယ်နှုန်းအား နှုန်းရှင်မျှော်ခြင်းကို အကောင်အထည်ဖော်မှု သို့မဟုတ် ဈေးကွက်ကို လမ်းဖွင့်ပေးမည့်အစား  ဈေးကွက်ကို ပျက်ပြားစေသည့် ငွေကြေးဆိုင်ရာ မူဝါဒများကို ရှောင်ကြဉ်မှုတို့အားဖြင့် ဖြေရှင်းနိုင် သည်ဟု ဆိုကြသည်။ ငွေကြေးအကျပ်အတည်း တစ်ရပ်သည် နိုင်ငံတစ်နိုင်ငံအား နိုင်ငံရေးအကျပ် အတည်းတစ်ရပ်ဆီသို့ ဦးတည်သွားနိုင်စေသောကြောင့် ငွေကြေးအကျပ်အတည်းကို ဖြေရှင်းရေး  အတွက် ထိရောက်သောနည်းလမ်းများကို အမြင့်ဆုံးရှာဖွေနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။    

မေယု-မျိုးအောင် (MANA)