Skip to main content

ကိုဗစ်နှင့် မြစိမ်းရောင်

 

ကိုဗစ်ကြောင့် ခရီးသွားကန့်သတ်ခြင်း အပါအဝင် လိုက်နာရန် စည်းကမ်းများကြောင့် ပုံမှန်လှုပ်ရှား သွားလာ လုပ်ကိုင်မရတဲ့အတွက် နိုင်ငံတိုင်းမှာ စိုက်ပျိုး မွေးမြူရေး၊ ပို့ဆောင်ရေး၊ ဈေးကွက်စသည်များ ထိခိုက်လာပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကဏ္ဍအစုံမှာ ထိခိုက်မှုတွေ ရှိလာပါတယ်။ သဘာဝဘေး အန္တရာယ်နဲ့ ကပ်ဘေးတွေကြောင့် ထိခိုက်မှုတွေ ဖြစ်လာရင် ထိခိုက်ခံရမှု အများဆုံးက ကျေးလက်နေ ဆင်းရဲတဲ့ ပြည်သူတွေဖြစ်ပြီး မြို့ပြရော ကျေးလက်ပါ ထိခိုက်ပါတယ်။

 

ဆင်းရဲတဲ့သူတွေ သက်ကြီးရွယ်အိုနှင့် အမျိုးသမီး ဦးဆောင်တဲ့အိမ်တွေ၊ မှီခိုများတဲ့ အိမ်တွေ အများဆုံး ထိခိုက်ပါတယ်။ ကျေးလက်ဦးစီးအနေနဲ့ ကျေးလက်နေပြည်သူတွေ ထိခိုက်မှုရှိလာတဲ့ အချိန်မှာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို New Normal ပုံစံနဲ့ ဘာတွေလုပ်ပေးရမလဲ၊ ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာကို အမြဲတွေးဆကြံစည်၍ တိုင်းဒေသကြီး/ ပြည်နယ်များနဲ့ တိုင်ပင်ဆွေးနွေးပြီး အတိုးနှုန်း လျှော့ပေးခြင်း၊ ချေးငွေသက်တမ်း တိုးမြှင့်ပေးခြင်း၊ ကျေးရွာတွေကို ဝန်ထမ်းများ မသွားရောက်နိုင်တဲ့ အခြေအနေမှာ ကျေးရွာကော်မတီရဲ့ ဆောင်ရွက်ချက်တွေကို ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုမှတ်တမ်းတင် စနစ် (Messenger Video / Remote Monitor) ကို ကျင့်သုံးကြီးကြပ်လျက် ရှိပါတယ်။

 

အချို့နေရာတွေမှာ အများစုဝေးမှု ရှောင်ရှားနိုင်ရန် Door to Door စနစ် မြို့နယ်ကျေးလက် ဝန်ထမ်းနှင့် ကော်မတီမှ ချေးငွေလျှောက်လွှာများ ကြိုတင်စိစစ်၊ စာချုပ်များ ကြိုတင်ပြင်ဆင်ပြီး တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ အိမ်တွေအရောက် ချေးငွေထုတ်ချေးတဲ့စနစ်ကို ဝန်ထမ်းများ၊ ကော်မတီ များမှ အပင်ပန်းခံ တီထွင်ကြံဆနည်းလမ်းသစ် New Normal ပုံစံများနဲ့ ဆောင်ရွက်ပေးခဲ့ကြပါတယ်။

 

ဘဏ်ငွေထုတ်ကန့်သတ်ချက်တွေ ရှိလာတဲ့ အချိန်မှာ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို တရားဝင် ပြင်ဆင်ပေးပြီး အတိုးအရင်းများကို ဘဏ်သို့ ပြန်သွင်းပြီးမှ ပြန်ထုတ်ခြင်းအစား ကိုဗစ်လည်း ကာကွယ်ရာရောက်ပြီး အချိန်လည်းသက်သာတဲ့ ရွာမှာအမှန်တကယ် ဆပ်၊ နေ့ချင်းပြီး ပြန်လည် ထုတ်ချေးတဲ့စနစ်ကို စနစ်တကျ စီမံခန့်ခွဲပေးနိုင်ခဲ့ပါတယ်။ ပြန်ထုတ်ချေးရန် ဆောင်ရွက်ရန်ကိစ္စများ ကို နှစ်ပတ်ခန့် ကြိုတင်ပြီး စီမံကိန်းကော်မတီနဲ့ မြို့နယ် ကျေးလက်ဝန်ထမ်းတို့က ကြိုတင်ပြင်ဆင် ထားရပါတယ်။ ဒါမှ ပြန်ဆပ်တဲ့နေ့မှာ နေ့ချင်း ပြီး ပြန်ထုတ်ချေးနိုင်တာဖြစ်ပြီး လတ်တလော ဘဏ်ငွေ ထုတ်ကန့်သတ်ချက်နဲ့ ကိုဗစ်ကာလ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

 

ကိုဗစ်ကာလအတွင်း စီမံခန့်ခွဲမှု အတိုးနှုန်းလျှော့ပေးမှုအစီအစဉ်

 

ကိုဗစ်ကာလအတွင်း စီမံကိန်းကျေးရွာများရှိ ကျေးလက်နေပြည်သူများ စီးပွားရေး၊ လူမှုရေး အခက်အခဲများလျော့နည်းသက်သာစေရေးအတွက် စီမံကိန်းလက်စွဲစာစောင်ပါ ပြဋ္ဌာန်းချက်၊ ကျေးလက် ဥပဒေများနှင့်အညီ ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် မတ်လအထိ ငွေကျပ် (၁၀၀) အတွက် တစ်လ လျှင် အတိုးနှုန်း (၅၀) ပြားနှုန်းသို့ ပထမအကြိမ် လျှော့ချပေးနိုင်ခဲ့သဖြင့် ငွေကျပ် (၃၄ ဒသမ ၇၅၄) | ဘီလီယံ သက်သာစေခဲ့ပါတယ်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂ခုနှစ် မတ်လ ၃၁ ရက် အထိ ငွေကျပ် (၁၀၀)အတွက် တစ်လလျှင် အတိုး (၅၀)ပြားနှုန်းသို့ ဒုတိယအကြိမ် ထပ်မံလျှော့ချသတ် မှတ်ပေးနိုင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ ငွေကျပ် (၄၆ ဒသမ ၃၃၉)ဘီလီယံ ထပ်မံသက်သာ စေခဲ့ပါတယ်။

 

သက်တမ်းတိုးမြှင့်ဆောင်ရွက်ပေးနိုင်မှု

 

စီးပွားရေးအကျပ်အတည်းကြောင့် ရန်ပုံငွေ ပြန်လည်ပေးဆပ်ရန် အခက်အခဲဖြစ်ပေါ်နေသည့် တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုမှ မြို့နယ် ၈၆ မြို့နယ်ရှိ ကျေးရွာယူနစ်ပေါင်း ၃၇၇ ယူနစ်အား သက်တမ်းတိုးကာလတစ်လမှ အများဆုံး တစ်နှစ်အထိ စီမံကိန်းလက်စွဲ စာစောင်နှင့် အညီ သက်တမ်းတိုးမြှင့် ခွင့်ပြုပေးခဲ့ပါတယ်။ လတ်တလော အခက်အခဲများကြောင့် လုပ်ထုံး လုပ်နည်းနှင့် အညီ သက်တမ်းတိုးပေးထားသည့် ကျေးရွာယူနစ် ၃၇၇ ယူနစ်အနက် တိုင်းဒေသကြီး/ ပြည်နယ် ၁၃ ခုမှ မြို့နယ် ၅၇ မြို့နယ်ရှိ ကျေးရွာ ယူနစ် ၂၃၂ ယူနစ်သည် ပုံမှန်ပေးဆပ်ခြင်း၊ ပြန်လည် ထုတ်ချေးခြင်းကို နေ့ချင်းပြီး စီမံဆောင်ရွက် နိုင်ခဲ့ပါတယ်။

 

ပြင်ပဧည့်သည်များ ဝင်ရောက်ခွင့်မပြုသည့် စီမံကိန်း ကျေးရွာများအား ချေးငွေထုတ်ချေးပေးမှု

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် မြစိမ်းရောင်စီမံကိန်းကျေးရွာများမှ ပြင်ပ ဧည့်သည်များ ဝင်ရောက်ခြင်းကို ခွင့်မပြုပါသဖြင့် “လိုအပ်ပါက ဝန်ထမ်းများ ရှေ့မှောက်တွင် ချေးငွေ ထုတ်ချေးခြင်း”အစား ကျေးရွာကော်မတီမှ တစ်ဦးချင်း ထုတ်ချေးမှုအား ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုဖြင့် မှတ်တမ်းတင်၍ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ချေး ဆောင်ရွက်လျက်ရှိပါတယ်။

 

 ဘဏ်ငွေထုတ်ကန့်သတ်ချက်အပေါ် ဆောင်ရွက်နိုင်မှု

 

ချေးငွေများအား ပြန်လည်ပေးဆပ်ရန် ကာလ သက်တမ်းစေ့ရောက်၍ ပြန်ဆပ်သော အရင်း၊ အတိုး များအား ဘဏ်သို့ပေးသွင်းခြင်းမပြုဘဲ စီမံကိန်း လက်စွဲစာစောင်နှင့်အညီ စာရင်းပြုစုထိန်းသိမ်း၍ နေ့ချင်းပြီး ပြန်လည်ထုတ်ချေးခြင်း၊ ချေးငွေ လျှောက်လွှာခေါ်ယူခြင်း၊ စိစစ်အတည်ပြုခြင်းများ ကြို တင်ဆောင်ရွက်ထားရှိ၍ အရင်း၊ အတိုး ကောက်ခံသည့်နေ့တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နေ့ချင်းပြီး ပြန်လည်ထုတ်ချေးခြင်း၊ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြ၍ မြန်မာ့ စီးပွားရေးဘဏ်ခွဲများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီးရုံးမှတစ်ဆင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ငွေထုတ်ခွင့်ရရှိနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ခြင်း၊ နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှုနှင့် ဘဏ်ငွေသွင်း/ငွေထုတ်ယူမှု အခက်အခဲများ ဖြစ်ပေါ်ပါက စီမံကိန်းလက်ဆွဲစာစောင် ပြင်ဆင်ချက်နှင့်အညီ ချေးငွေပြန်လည်ထုတ်ချေးခြင်း လုပ်ငန်းများကို တိကျစွာ လိုက်နာဆောင်ရွက်စေခြင်းတို့ဖြင့် ထိထိရောက်ရောက် ဆောင်ရွက် နေပါတယ်။ ။

 

ကိုဗစ်ကို အန်တုပြီး New Normal ပုံစံဖြင့် တီထွင်ကြံဆနည်းလမ်းရှာ ကြီးကြပ်နေကြသူ ဝန်ထမ်းများနဲ့ ကော်မတီများရဲ့ ဆောင်ရွက်ချက်များက စီမံကိန်းစဉ်ဆက်မပြတ် အောင်မြင်ရေးအတွက် အလွန်ပင် အရေးကြီးလှပါကြောင်း တင်ပြလိုက်ပါတယ်။

 

ခန့်ဇော်(ကျေးလက်)

 

Subscribe to Myanmar Newspaper

https://t.me/myanmarnewspaper

 

Subscribe to The Global New Light of Myanmar

https://t.me/gnlmon

 

Subscribe to MOI

https://t.me/iprdrnd