မြန်မာ့ဓလေ့နှင့် သီတင်းကျွတ်မီးထွန်းပွဲတော်
မြန်မာလူမျိုးတို့၏ သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သလို အဘိဓမ္မာအခါတော် နေ့လည်း ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းသံဃာတော်တို့သည် ပဝါရဏာ ပြုပွဲများ ကျင်းပကြသည်။ မြန်မာဗုဒ္ဓဘာသာဓလေ့အတိုင်း မွန်မြတ်သော စိတ်နေသဘောထား ဖြင့် ဂါရဝေါစ၊ နိဝါတောစ တရားကြီးမားပုံကို ပြသသောအနေဖြင့် ဘိုးဘွား၊ မိဘ၊ ဆရာသမား များကို ပူဇော်ဂါရဝပြုလေ့ရှိကြသည်။
မြတ်စွာဘုရားရှင်အား ပူဇော်ကြိုဆို
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် မယ်တော် ဖြစ်ခဲ့ဖူးသော နတ်သားကို မွေးကျေးဇူး ဆပ်သည့်အနေဖြင့် တရားဟောရန် မယ်တော် နတ်သားရှိရာ တာဝတိံသာနတ်ပြည်၌ ဝါတွင်း သုံးလပတ်လုံး မယ်တော်နတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်း တို့အား အဘိဓမ္မာ တရားတော် ကိုဟောကြားတော်မူသည်။ ထိုသို့ဟောကြားတော် မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် နတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီတော် မူမည်ဟု မိန့်ကြားသောအခါ အကြောင်းစုံသိသော သိကြားမင်းသည် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်းဟူ၍ စောင်းတန်းသုံးသွယ် ဖန်ဆင်းတော်မူသည်။ မြတ်ဗုဒ္ဓနှင့်အတူ နတ်၊ ဗြဟ္မာ အပေါင်းတို့လည်း လိုက်ပါဆင်းသက်ခဲ့ကြသည်။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်မည့်အချိန်၌ မြင်းမိုရ်တောင် ထိပ်တွင် ရပ်တော်မူကာ ရေမီးအစုံ တန်ခိုး ပြာဋိဟာတို့ကို ပြတော်မူသည်။ သင်္ကဿ နဂိုပြည်ရှိ စောင်းတန်း၌ ခြေတော်ကို ချမိလျှင်ပင် ဘုရားရှင်၏ တပည့်ကြီး ရှင်သာရိပုတ္တရာမထေရ်က ရှေးဦးစွာ ပူဇော်ကန်တော့သည်။ ထို့နောက်မှ မင်း၊ မိဖုရား၊ မှူးမတ်များနှင့်တကွ သာဝတ္ထိပြည်၊ ဝေသာ လီပြည်၊ ရာဇဂြိုဟ်ပြည်၊ ဗာရာဏသီပြည်များမှ တိုင်းသူပြည်သားအပေါင်းက စုရုံးကြိုဆိုကြသည်။ မီးရှူးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ ထွန်းညှိပြီး မြတ်စွာဘုရားရှင်ကို ပူဇော်၍ ကြိုဆိုကြသည်။
သီတင်းကျွတ်လနှင့် မီးထွန်းပွဲတော်
ဤသို့ မြတ်စွာဘုရားရှင်အား မီးရှူး၊ မီးပန်း၊ မီးပုံး၊ ဆီမီးများထွန်းညှိ၍ ဆီးကြိုပူဇော်ကြသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီးထွန်းညှိပူဇော်ခြင်း အလေ့အထ ဖြစ်လာခဲ့တော့သည်။ မီးထွန်းပွဲတော် ဆင်ယင်ကျင်းပစဉ် စေတီပုထိုး၊ ကျောင်းကန်ဇရပ်၊ လူနေအိမ်ခြေများ၊ စပါးကျီ၊ မောင်းဆုံ၊ ဈေးဆိုင်များပါမကျန် ဆီမီးရောင်များနှင့် ဝင်းလက်နေသည်။ ဤဓလေ့သည် မြန်မာမင်းများလက်ထက် ပုဂံခေတ်မှသည် ယနေ့ တိုင် ဖြစ်ပေသည်။ အင်းဝခေတ်မှ ကုန်းဘောင် ခေတ်တိုင်အောင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဘုရင်မင်းမြတ်ကိုယ်တိုင် ဦးစီး၍ ပြုလုပ်ခဲ့သည်။ မင်းရင်ပြင်တော်ပေါ်တွင် ကြီးမားလှသော ပြာသာဒ်ကြီးများကို တည်ဆောက်ကာ လှေကားသုံးသွယ် ဆင်ယင်ပြီး ဆီမီးရောင်ရှိန်များ ထွန်းညှိပူဇော်ကြသည်။ ထိုနည်းတူစွာ အခြားမြို့ရွာ၊ ကျေးလက်များ တွင်လည်း မီးထွန်းပွဲတော်ကို ကျင်းပခဲ့ကြသည်။
ထို့အပြင် နတ်ပြည်ရှိ စူဠဠာမဏိစေတီတော်ကို ပူဇော်သည့် အထိမ်းအမှတ်အဖြစ်လည်း မီးပုံးပျံများပြုလုပ်၍ ကောင်းကင်တွင် လွှတ်တင်ကြသည်။ သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသော အခါ အနော်မာသောင်ကမ်းတွင် ဆံတော်ကို ရိတ်ပယ်တော်မူသည်။ ထိုဆံတော်ကို အဓိဋ္ဌာန်ပြု၍ ထက်ကောင်းကင်သို့ မြှောက်တင်လိုက်ရာ သိကြားမင်းက ရွှေပန်းတောင်းဖြင့် ခံယူထားလိုက်သည်။ သိကြားမင်းသည် ထိုဆံတော်များကို ဌာပနာ၍ စူဠာမဏိစေတီတော် အဖြစ် တည်ထားကိုးကွယ်တော်မူခဲ့ရာ သီတင်းကျွတ်လ ပြည့်နေ့ည မီးပုံးပျံ လွှတ်တင်ခြင်းမှာ စူဠာမဏိစေတီတော်ကို ရည်စူး၍ ပူဇော်ခြင်းသာဖြစ်ပါသည်။
စာရေးသူတို့ငယ်စဉ်ကာလ သီတင်းကျွတ်ပွဲတော်
စာရေးသူတို့ နေထိုင်ရာ ရပ်ကွက်ထဲရှိ လမ်း ထဲမှ ဆရာကြီးဦးစောမောင်တို့ အိမ်တွင် မီးပုံးပျံများ ကို ပုံသဏ္ဌာန်အမျိုးမျိုးပြုလုပ်၍ လွှတ်တင်နေသည်ကို သိမြင်ရသည်မှာ အလွန်စိတ်ဝင်စား နှစ်သက်မိပါသည်။ ရွာအရှေ့ဘက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် မီးထွန်းပွဲကို စောင်းတန်း များနှင့် ပြုလုပ်ထားပုံမှာ လာရောက်ကြည့်ရှုသူများ ကြိတ်ကြိတ်တိုး စည်ကားနေသည်ကို တွေ့မြင် ခံစားခဲ့ဖူးပါသည်။ မီးပုံးပျံများကို ပုံစံအမျိုးမျိုးဖြင့် တစ်နှစ်တစ်မျိုးမရိုးအောင် မတူအောင် ပြုလုပ်ကြသည်။ အထူးသဖြင့် ကာလသားများက ဦးဆောင် ဦးရွက် ပြုလုပ်ကြသည်။
ဆရာမကြီး ဒေါ်ခင်ရင် အိမ်တွင်လည်း အရပ်ပြဇာတ်အတွက် ကျောင်းပိတ်ရက်များတွင် တီးလုံး တိုက်ရ၊ ပြဇာတ်တိုက်ရ၊ စကားလုံးရွေးရနှင့် တစ်ရွာလုံး အလုပ်ရှုပ်နေကြသည်။ ရပ်ထဲရွာထဲ တွင် သီတင်းကျွတ်ပွဲတော်ရောက်လျှင် အလှူ အတန်းများ ပြုလုပ်ကြသည်။ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်း၊ ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။
လူငယ်လေးများကလည်း သက်ကြီးရွယ်အိုများ ဘိုးဘွားမိဘများ၊ ဆရာသမားများကို ပူဇော် ကန်တော့ကြသည်။ ကန်တော့ခံလူကြီးမိဘများကလည်း ဆုမွန်ကောင်းများတောင်းပေးကာ ဆုံးမ ဩဝါဒပေးကြသည်။ ကန်တော့ခြင်းသည် သက်ရှည် ဆင်းလှ၊ ချမ်းသာရပြီး ဉာဏ်ပညာနှင့် ခွန်အားဗလ တိုးပွားစေသည်ဟုလည်း ယုံကြည်ကြပါသည်။ ဂါရဝတရားရှေ့ထားခြင်းသည် ချစ်စရာအစဉ်အလာတစ်ရပ်ဖြစ်ပေသည်။ သာသနာ့ဘောင်တွင်လည်း ရဟန်းငယ်များက ရဟန်းဝါကြီးသူများကို ရှိခိုး ကန်တော့ကာ တောင်းပန်ကြသည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံဖြစ်၍ ဘုရား၊ တရားနှင့်သံဃာတော် အရှင်မြတ်များကို ယုံကြည်ကိုးကွယ်သော ဓလေ့မှာ ပုဂံခေတ် အနော်ရထာမင်းလက်ထက် ရှင်အရဟံ၏ အဆုံး အမဖြင့် နူးညံ့သိမ်မွေ့သော စိတ်ထားများ ကိန်းအောင်းစေခဲ့သည်။ ဗုဒ္ဓဘာသာတို့၏ ထုံးတမ်း စဉ်လာအရ ဝါတွင်းကာလတွင် အိမ်ထောင်ပြုခြင်း အလေ့အထ မရှိခဲ့ပေ။ သီတင်းကျွတ်သည်နှင့် တစ်ပြိုင်နက် မင်္ဂလာအခမ်းအနားများကို ပြုလုပ်၍ အိမ်ထောင်သားမွေးပြုခဲ့ကြသည်။
သီတင်းကျွတ်လသည် မြတ်စွာဘုရားရှင်၏ ပညတ်တော်အတိုင်း ရဟန်းသံဃာတော်များ ဝါဆို ပြီးနောက် သီတင်းသုံးသည့် နေရာများမှ လွတ်မြောက်ခဲ့ခြင်းကို ရည်ရွယ်၍ သီတင်းကျွတ် လဟူ၍ လည်းကောင်း၊ ဝါကျွတ်လဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။
သီတင်းကျွတ်လပြည့်နေ့၌ ဘာသာယဉ်ကျေးမှု အရမီးထွန်းပွဲတော်ကို ကျင်းပကြသည်။ အိမ်တိုင်း တွင်လည်း မုန့်ဖက်ထုပ်၊ မုန့်ဗိုင်းတောင့်၊ မုန့်ဆီကြော်၊ မုန့်လက်ကောက်၊ မုန့်စိမ်းပေါင်း စသည် များဖြင့် သဒ္ဓါကြည်ဖြူစွာ ဧည့်ခံကျွေးမွေးလှူဒါန်း ကြသည်။
ဝါကျွတ်ကန်တော့ပွဲသည် ရဟန်းသံဃာများ ပူဇော်ကန်တော့ခြင်း၊ ရတနာသုံးပါးအား ပူဇော် ကန်တော့ခြင်း၊ ဘိုးဘွားမိဘ သက်ကြီးရွယ်အို များအား ပူဇော်ကန်တော့ခြင်းအပြင် သံဃာတော် များအချင်းချင်း ဖိတ်ကြား၍ ဆုံးမခြင်း၊ အဆုံးအမကို နာခံခြင်းဖြင့် “ပဝါရဏာ” ပြုကြသည်မှာ ဝါကျွတ်ကန်တော့ အနှစ်သာရဖြစ်သလို မြန်မာတို့၏ စေတနာ၊ သဒ္ဓါတရားအလှ၊ မနောအလှ ဖြစ်ပေသည်။ သီတင်းကျွတ်ပွဲတော်တွင် စေတီပုထိုး၊ ကျောင်းကန်ဇရပ်၊ လူနေအိမ်ခြေ စသည်တို့ကို မီးထွန်းညှိခြင်းပြုကြသည်သာမက ရက်ကန်းစင်၊ မောင်းဆုံ၊ စပါးကျီ၊ နွားတင်းကုပ် စသည်များကိုပါ မီးထွန်းညှိစေပါသည်။ စာရေးသူမိခင်သည် ဆီမီးခွက်များ များများဝယ်ထား၍ ဆီမီးခွက်များကိုသာ အသုံးများပါသည်။ နောက်မှသာ ဖယောင်းတိုင်များကို အသုံးပြု လာပါသည်။ သီတင်းကျွတ် ရာသီတွင် ဘုရားကျောင်းကန်မကျန် တစ်နယ်လုံး၊ တစ်ရွာလုံး မီးရောင်များ ထိန်ထိန်လင်းတော့မည်ဖြစ်၍ ဝမ်းသာကြည်နူးမိပါ သည်။
ရှေးခေတ်နှင့် ယနေ့ခေတ်
အများအားဖြင့် ယခုခေတ် မီးထွန်းပွဲတော် ကျင်းပပုံသည် ရှေးခေတ်နှင့် မတူတော့ဘဲ တစ်မူခြားနားသွားပါသည်။ မူလပထမ၌ မီးထွန်း ပွဲတော်ကျင်းပခြင်းသည် မြတ်စွာဘုရားအား ပူဇော် ကန်တော့ခြင်း၊ မိရိုးဖလာထုံးတမ်းအစဉ်အလာကို စောင့်ထိန်းခြင်းဖြစ်၍ ပကတိရိုးရှင်း သောပွဲတော် ဖြစ်သည်။ ပြိုင်ဆိုင်မှုများ မပါပေ။ သို့သော် မြို့ကြီး များတွင် တဖြည်းဖြည်း အပြိုင်အဆိုင် ဖြစ်လာကြသည်။ ပကာသန လွှမ်းမိုးလာကြသည်။ မီးရောင်စုံများကို သူ့ထက်ငါသာအောင် ထွန်းကြရာမှ မိရိုး ဖလာယဉ်ကျေးမှု ပျောက်ကွယ်သွားခဲ့သည်။ ကျွန်မတို့ငယ်စဉ်က မီးထွန်းပွဲတော်ကိုသွား၍ သတိရမိသည်။ မီးထွန်းပွဲတော်နီးလျှင် ပင် အလုပ်တွေ ရှုပ်ကြသည်။ နှမ်းကောင်းများကို ရွေးပြီး ဆီကြိတ်ရသည်။ ယင်းဆီမှာ မီးထွန်းရန် ဖြစ်သည်။
မီးစာရရန်အလို့ငှာ စာရေးသူသည် ဝါခင်းသို့ သွား၍ ဝါပွင့်ကောက်ရသည်။ ဝါကောက်ရာတွင် အမှိုက်သရိုက်များ မပါစေရန် ရွေးချယ်ရသည်။ ယင်းဝါများကို နေပူလှန်းသည်။ ဝါဖန်၍ ဂွမ်းဖတ် စက်ဖြင့် ကြိတ်ရသည်။ ဂွမ်းများကို သေးသေးလေး ဖြစ်အောင် လိပ်ရသည်။ ယင်းကို တိုင်း၍ဖြတ်တောက်ရသည်။ ဤဝါဂွမ်းဖတ်လေးများကို သုံးလေးရက်ခန့်ကြို၍ ဆီထဲသို့ ဆီဝစေရန် စိမ်ထား ပေးရသည်။ သို့မှသာ မီးထွန်းသည့်အခါ တာရှည်ခံ နိုင်မည်ဖြစ်သည်။ ဆီမီးခွက်များထဲတွင် မီးစာလေးများ၏ တစ်ဖက်စွန်းကို အပြင်ထုတ်၍ ထည့်ထားပြီးမှ ဆီများကို လိုက်၍ လောင်းထည့်သည်။ ပြီးလျှင် မီးစာများကို မီးလိုက်၍ ရှို့ရသည်။ အားလုံးမီးထွန်း ပြီးသောအခါ မီးခွက်ကလေးများကို လပြည့်နေ့၌ အိမ်အဝင်ဝ တံခါးနှစ်ဖက် တိုင်ပေါ်တွင် အရင်ဆုံး တင်သည်။ ပြီးလျှင် အိမ်ဝိုင်းထဲရှိ ပြတင်းပေါက် ကလေးများပေါ်တွင် စီစီရီရီတင်ထားကာ တစ်အိမ်လုံး ဆီမီးရောင်စုံလေးများဖြင့် ထိန်လင်းနေပုံမှာ ကျက်သရေရှိလှပါသည်။ ထိုမြင်ကွင်းကို ယနေ့အထိ တိုင် စာရေးသူ မမေ့နိုင်သေးပေ။
ဆိုရပါလျှင် ခေတ်ကာလတို့ တရွေ့ရွေ့ ပြောင်းလဲခဲ့ပေပြီ။ မီးထွန်းပွဲတော်တို့သည်လည်း ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ခေတ်အခြေအနေ အလိုက် တီထွင်ဆန်းသစ်စွာ နေရာဒေသအလိုက် ဆင်ယင် ကျင်းပခဲ့ကြသည်။ ယနေ့အချိန် ကိုဗစ်-၁၉ ကာလတွင်လည်း မိမိတို့၏ နေအိမ်တွင် နေရင်း မြတ်ဗုဒ္ဓကို ရည်စူး၍ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်ဖြစ်သော သီတင်းကျွတ် မီးထွန်းပွဲတော်ကို မိသားစုအသွင်ဖြင့် အနှစ်သာရမပျက်နေအိမ်တွင် ဆင်နွှဲရင်း မြန်မာ့ဓလေ့နှင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကြီးကို ဆင်နွှဲကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။ ။
လွန်းပိုးအိမ်