Skip to main content

ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး (သို့မဟုတ်) စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်)

 

အချိန်ကား တပေါင်းလအကုန်တန်ခူးလသို့အကူး နွေဥတု၏အမှတ်သင်္ကေတဖြစ်သည့် လေရူးတို့ တသုန်သုန်တိုက်ခတ်ချိန်ဖြစ်၏။ တောင်သူဦးကြီးတို့ မိုးဦး ကိုမျှော်ကာ စိုက်ပျိုးရန်အတွက် အသင့်ဖြစ်စေရန် ထွန်ရေးခွင်ကို ပြင်ဆင်ထားချိန်လည်း ဖြစ်ပြန်၏။ ယင်းအချိန်သည် တက္ကသိုလ် ဝင်တန်းစာမေးပွဲကိုကျင်းပပြီးစအချိန်ဖြစ်သည်။ တစ်နှစ်ပတ်လုံး ကြိုးစားလာခဲ့သမျှ ထိုအချိန်ကျမှ သာလျှင် ကျောင်းသားတစ်ယောက်၏ တာဝန်ဝတ္တရားကို ခေတ္တခဏမျှ ပစ်ချထား နိုင်ကြ၏။ ယင်းကျောင်းသားများတွင် ကျွန်တော်လည်းအပါအဝင်ဖြစ်၏။ အချိန်ကား၂၀၀၇ ခုနှစ်ကဖြစ် သည်။ မြို့ကြီးပြကြီးများမှ ကျောင်းသားများအတွက် စာမေးပွဲပြီးလျှင် တခြားဘာသာစကား တစ်ခုခုကိုဖြစ်စေ၊ ကွန်ပျူတာသင်တန်းဖြစ်စေ တက်ရောက် သင်ယူနိုင်၏။ ကျွန်တော်အပါအဝင် နယ်မှကျောင်းသား များအတွက်ကား မိဘကို ကူညီလုပ်ပေးရုံမှတစ်ပါး အခြားမရှိပြီ။ ထို့ကြောင့် လုပ်စရာ မည်မည်ရရမရှိဖြစ်သောကြောင့် အချိန်များ လိုသည်ထက် ပိုနေသည့် ကာလ လည်းဖြစ်၏။

ဤကဲ့သို့ အချိန်များလိုသည်ထက် ပိုနေသူများ အတွက် အဘိဓာန်အစောဆုံးပြုစုခဲ့သူလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သူ ဆင်မြူရယ်ဂျွန်ဆင်က “ငွေနှင့်အချိန်သည် လူ့ဘဝတွင် အလေးလံဆုံး သော ဝန်ထုပ်ကြီးများဖြစ်သည်။ ၎င်းတို့အနက် တစ်ခုခုကို ကိုယ်သုံးတတ်သည် ထက်ပိုပြီး ရနေသောသူများ ကား စိတ်အဆင်းရဲဆုံးလူများဖြစ်သည်”ဟု ဆိုထားသည်။

ဤကဲ့သို့သော အခြေအနေသည် လူငယ်များ အတွက် လမ်းဆုံလမ်းခွဟု ဆိုနိုင်၏။ ပိုနေသော အချိန်သည် လမ်းကောင်းဘက်သို့ရောက်ရှိနိုင်သလို လမ်းဆိုးဘက်သို့လည်း ဦးတည်သွားနိုင်၏။ ယခု ခေတ်ကာလကဲ့သို့ facebook Instagram Twitter ကဲ့သို့သော Social Media များ ကောင်းစွာအသုံးပြု နိုင်သော အချိန်ဖြစ်ပါက လမ်းဆိုးဘက်သို့မရောက် ဘဲ လမ်းကောင်းဘက်သို့ ဦးတည်နိုင်ရန်နှင့် အချိန် ကို အကျိုးရှိရှိအသုံးပြုနိုင်ရန် များစွာလိုအပ်မည်ဖြစ် သည်။ သို့သော် ကျွန်တော်သည်ကား ကံကောင်းသောလူသားဟု ဆိုရမည်။ ရွာဦးကျောင်းမှ မန္တလေး မြို့ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်သို့ ပညာဆည်းပူးနေသော အစ်ကိုဦးပဉ္စင်းသည် စာဝါ ပြီး၍ ရွာသို့ပြန်လာခိုက် သံသေတ္တာကြီးနှင့် အပြည့် စာအုပ်များပါလာသည်။ အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ၊ ရတနာ့ ဂုဏ်ရည်၊ ဘာသာသွေးစသည့်အပြင် မေတ္တာရှင်(ရွှေပြည်သာ)၏ စာအုပ်များ၊ ဘာသာပြန် စာပေများ၊ ပေါ်လီယာနာ ကဲ့သို့သော ဝတ္ထုများ၊ ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များကဲ့သို့သော စာအုပ်ကြီးများနှင့် ဆရာကြီးပီမိုးနင်း၏ တက်ကျမ်း စာအုပ်များဖြင့် စုံလင်လှ၏။ အစ်ကို ဦးပဉ္စင်း ၏သံသေတ္တာထဲမှစာအုပ်များကိုကျွန်တော် ဖတ်ရှုခွင့် ရခဲ့၏။ ယင်းစာအုပ်များထဲမှ ကျွန်တော် စတင်ကောက်ကိုင်လိုက်မိသည့်စာအုပ်မှာ “ရွှေ မြင်းမိုရ်ပြို မှာစိုးတယ်” ဖြစ်သည်။ စာရေးသူမှာ လယ်တွင်းသားစောချစ်ဟု ဖော်ပြထားသည်။ လယ်တွင်း သားစောချစ်ဆိုသည်မှာ မည်သူမည်ဝါမှန်း ကျွန်တော်မသိ။ သို့သော် ဝတ္ထုခေါင်းစဉ်နှင့် စာရေးသူ နာမည်ကို သဘောကျမိသည်။ နှစ်သက်မိသည်။ ထို့ကြောင့် ကျွန်တော် စတင်ဖတ်ဖြစ် တော့သည်။
“လယ်တွင်းသားစောချစ်” ကလောင်အမည်ယူထားရခြင်းအကြောင်း
တကယ်တော့ ဆရာကြီး၏ကလောင်နာမည်ကို “လယ်တွင်းသား” ဟု ယူထားသည်မှာ ကျောက်ဆည်ဇာတိဖြစ်သောကြောင့် ဖြစ်သည်။ကျောက်ဆည်နယ်ကို ယခင်က လယ်တွင်းကိုး ခရိုင်ဟုလည်း ခေါ်၏။ ထို့ပြင် ရေလွှဲကိုးခရိုင်ဟုလည်း ခေါ်ကြပြန်၏။ (ယင်းလယ်တွင်းကိုးခရိုင်၏ ( အမည်များမှာ (၁) စောလှမြို့၊ (၂) ပင်လယ်မြို့၊ (၃) မြစ်သားမြို့၊ (၄) မြစ်မနား (ပျဉ်းမနားမြို့)၊ (၅)မြောင်လှမြို့၊ (၆) မြင်းခုံတိုင်မြို့၊ (၇) မက္ခရာမြို့၊ (၈) ပနံမြို့ (ပေါက်မြိုင်မြို့)၊ (၉) မြင်စိုင်းမြို့တို့ ဖြစ်ကြသည်။) “စောချစ်” ဟုသော အမည်မှာလည်း မိခင်ဒေါ်စောရှင်နှင့် ဖခင်ဦးချစ်စိန်တို့၏ အမည် တစ်လုံးစီယူ၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။

ရွှေမြင်းမိုရ်ပြိုမှာစိုးတယ်နှင့်ဆရာကြီး၏စေတနာ

ဆရာကြီး၏ဝတ္ထု အစမှာပင် သီတင်းကျွတ် လပြည့်ည မီးထွန်းပွဲတော်ဖြင့် စတင်ထားပြီး မင်္ဂလသုတ်တော်လာ ဂါရဝေါစ-ရိုသေထိုက်သူကို ရိုသေခြင်း၊ နိဝါတောစ- မိမိကိုယ်ကို နှိမ့်ချခြင်း
တည်းဟူသော မင်္ဂလာတရားတော်ဖြင့် ပုံဖော်ထားသည်။ အိမ်ထောင်ဦးစီးခင်ပွန်းဖြစ်သူ ကိုကျော်ခိုင် ကို ဇနီးဖြစ်သူ မြမြသက်နှင့် သားသမီးသုံးဦးတို့က ရှေးဦးစွာ ကန်တော့ကြသည်။ ထို့နောက်မှ မိခင် ဖြစ်သူ မြမြသက်ကို သားသမီးသုံးဦးကကန်တော့ သည်။ ယင်းနောက် အစ်မကြီးဖြစ်သူကို မောင်ငယ် နှင့် ညီမထွေးတို့က ကြီးစဉ်ငယ်လိုက် ကန်တော့ ကြပုံကို ကြည်နူးစွာ ဖော်ပြရေးသားထားသည်။ ဤသည်မှာ မိဘဖြစ်သူများကိုယ်တိုင်က မင်္ဂလာ တရားတော်နှင့်အညီ ကိုယ်တိုင်ကျင့်ကြံကာ ရှေ့မှ အဖြောင့်သွားသလို သားသမီးတို့ကိုလည်း မင်္ဂလာ | တရားတော်နှင့်အညီဘဝတစ်လျှောက်လုံး ကျင့်ကြံ | နေထိုင်သွားစေရန် သွန်သင်ခြင်းပင် ဖြစ်သည်။
ကိုကျော်ခိုင်နှင့် မြမြသက်တို့ အိမ်ထောင်သက် ၁၅ နှစ် အကြာမှာပင် မြမြသက်သည် သွေး ကင်ဆာဖြင့် သေဆုံးခဲ့လေသည်။ ထိုအချိန်တွင် ကိုကျော်ခိုင် ၏ စိတ်ကူးအတွေးများကို စာရေး ဆရာလယ်တွင်းသားစောချစ် ပုံဖော်ထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ကမ္ဘာ့နိုင်ငံ များသည် လူသတ်လက်နက်ယန္တရားများအတွက် တစ်နှစ်အသုံးပြုသည့် ဘတ်ဂျက်ပမာဏနှင့် နှိုင်းဆလျှင် လူတို့ အတွက် ဆေးသုတေသနပြုလုပ်ရာ၌ အသုံးပြုသည့် ဘတ်ဂျက်ပမာဏမှာ နည်းပါးလွန်းလှကြောင်းကို စာဖတ်သူတို့ သိရှိစေရန် ရေးဖွဲ့ထားသည်။

ဆရာကြီး၏ “ဥပဓိရုပ်” အဓိပ္ပာယ် ထို့နောက် ဆရာကြီး၏ “ဥပဓိရုပ်” ဟူသော စာအုပ်ကို ဆက်ပြီး ဖတ်မိသည်။ ဆရာကြီးက “ဥပဓိ ရုပ်ကောင်းခြင်းမှာ လှခြင်းမဟုတ်။ တည်ခြင်း၊ ခန့်ခြင်း၊ ကြည်လင်ခြင်း၊ ရှင်းသန့်ခြင်း၊ အေးချမ်း ခြင်း၊ ကြည်ညိုလေးစားဖွယ်ရာ နှစ်လိုဖွယ်ရာရှိခြင်း၊ မြတ်နိုးစွာ နှစ်သက်ခြင်းတို့ ဖြစ်သည်။ ဥပဓိရုပ်ကောင်းခြင်းသည် ရုပ်လှခြင်းထက်ပို၍ တန်ဖိုးကြီး ၏။ ဥပဓိရုပ်သည် ပြင်ပရုပ်ထက် စိတ်နေသဘော ထားနှင့် ပို၍သက်ဆိုင်၏” ဟု ဖော်ပြ ထားသည်။ ဤစာအုပ်သည်လည်း တက်သစ်စလူငယ်လူရွယ်တို့ အထူးဖတ်ရှုသင့်သည့် စာပေမျိုးဖြစ်သည်။ဆရာကြီးသည် ရသစာပေ၌သာ အရေးကောင်း၊ အတွေးကောင်းသည်မဟုတ် သုတစာပေဆိုင်ရာ၌လည်း စာဖတ်သူများအပေါ် စေတနာကိုရှေ့တန်း တင်ကာ ဗဟုသုတများ၊ အတွေးအမြင်ကောင်းများကို ရရှိစေသည့်အပြင် လူ့လောကဘဝတစ်လျှောက် လုံး ရုန်းကန် လှုပ်ရှားရာ၌ ဆရာဖြစ်လျှင် ဆရာကောင်း၊ တပည့်ဖြစ်လျှင်တပည့်ကောင်း၊ မိဘဖြစ် လျှင် မိဘ ကောင်း၊ သားသမီးဖြစ်လျှင် သားသမီးကောင်း၊ ခေါင်းဆောင်ဖြစ်လျှင် ခေါင်းဆောင် ကောင်း၊ နောက်လိုက်ဖြစ်လျှင် နောက်လိုက်ကောင်းဖြစ်စေရန် မိမိ၏ကိုယ်တွေ့ဖြစ်ရပ်များ၊ ပတ်ဝန်း ကျင်အတွေ့အကြုံများကို သတိထားနမူနာယူ၍ သက်ကြီးစကား သက်ငယ်ကြားဆိုသကဲ့သို့ လူငယ် လူရွယ်များအတွက် ရည်ရွယ်၍ လိုရင်းတိုရှင်း ထိထိမိမိဖြင့် ရေးသားနိုင်သူ လည်း ဖြစ်သည်။

အမျိုးသားစာပေဆုရ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ”

ဆရာကြီး၏ ၁၉၈၉ ခုနှစ် အမျိုးသားစာပေ စာပဒေသာဆု ရရှိခဲ့သည့် “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ” စာအုပ်သည် အထက်တွင် ကျွန်တော် ဆိုခဲ့ပြီးသော စာပေမျိုးဖြစ်သည်။ ယင်းစာ အုပ်ကိုအမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ၊ စာပဒေသာဆုအဖွဲ့ငယ်က “လယ်တွင်း သားစောချစ်၏ ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်တွင် နုနုနယ်နယ်ရင်သွေးငယ် ကလေး များကို ကျန်းမာပျော်ရွှင်စွာ သားကောင်းရတနာ၊ သမီးကောင်း ရတနာကလေးများဖြစ်အောင် ပြုစုပျိုးထောင်ရေးနှင့် ပတ်သက်၍ သားသမီးရှင်မိဘများ၊ ဆရာ ဆရာမများအဖို့ သိမှတ်ဖွယ်ရာ စာရေးသူ၏အတွေ့ အကြုံ၊ အတွေးအခေါ်နှင့် သဘောထားများကို စိတ်ဝင်စားဖွယ် စုံစုံလင်လင် တင်ပြထားသည်ကို တွေ့ရသည်” ဟု မှတ်ချက်ပြုထားပါသည်။
ထို့ပြင် ဆရာကြီး၏စာအုပ်အဖွင့် “ဆန္ဒမွန်” ကဏ္ဍတွင်လည်း “မိဘတိုင်း ရင်သွေးရင်နှစ် သားသမီးကို ချစ်ကြသည်။ သားသမီးကို ကောင်းစေ ချင် တော်စေချင်ကြသည်။ သားကောင်းသမီး ကောင်းကို ရချင်ကြသည်။ သို့သော် ပန်းလိုချင် အပင်ကိုပျိုးတတ်မှဟူသော ဆိုရိုးစကားရှိသည်။ ဥယျာဉ်မှူးသည် ပန်းကိုရချင်သည့်အတွက် ပန်းပင်ကို ပြုစုပျိုးထောင်ရသည်။ မြေဆီမြေ ကောင်းကျွေးရသည်။ ရေ၊လေ၊နေရောင်ပေးရသည်။ အညွန့်တလူလူ အဖူးတစို့စို့ အချိန်အထိ သတိထား၍ စောင့်ရှောက်ရသည်။ သို့မှသာ ပန်းပွင့်လှလှ ရသည်။ ဥယျာဉ်မှူးကောင်းမှ ပန်းကောင်း ပွင့်သည်။
ထိုနည်းတူစွာပင် သားကောင်းသမီးကောင်းရလို သူတို့သည် ရှေးဦးစွာ ကိုယ်က မိဘကောင်း ဖြစ်ရန် လိုသည်”ဟု ရေးသားထားသည်ကိုလည်း တွေ့ရ သည်။

ဤစာအုပ်တွင် ဆရာကြီး၏ မေတ္တာ၊ စေတနာ များကို တွေ့နိုင်ပြီး မိခင်လောင်း၊ ဖခင်လောင်းများ အတွက် မိခင်ကောင်း၊ ဖခင်ကောင်းများဖြစ်စေရန် ရည်ရွယ်၍တစ်မျိုး၊ လက်ဦးဆရာ မည်ထိုက်စွ ပုဗ္ဗာစရိယ မိနှင့်ဖ ဆိုသကဲ့သို့ မိဘတို့သည် သားသမီးတို့၏ လက်ဦးဆရာကောင်းများ ဖြစ်စေ ရန် ရည်ရွယ်၍တစ်သွယ်၊ မိဘချင်းကိုယ်ချင်းစာ၍ မိဘတိုင်း သားသမီးကောင်း ရပါစေဟူသော ရည်ရွယ်ချက်ဖြင့်တစ်ဖုံ ဤစာအုပ်တွင် စုံလင်အောင် ရေးသားထားသည်ကို တွေ့မြင်ဖတ်ရှုရပါ သည်။

အောင်မြင်သော စာရေးဆရာဖြစ်လိုသူတို့အတွက် စာရေးနည်းလမ်းညွှန်

တစ်ဆက်တည်းပင် ဆရာကြီး၏ ဘဝအတွေ့ အကြုံစုံလင်သလို စာစုံအောင်လည်းရေးသားနိုင်မှု ကို ဖော်ပြလိုသည်။ အထက်တွင် ဖော်ပြခဲ့ပြီးသော သုတ၊ ရသ စာပေမျိုးပင်မက မိမိကိုယ် တိုင်လည်း စာရေးဆရာတစ်ယောက် ဖြစ်သည့်အားလျပ်စွာ မိမိ၏ဘဝနှင့်ရင်း၍ရသော စာရေးနည်း အတွေ့ အကြံ၊ နည်းစနစ်ပိုင်းနှင့် စာရေးဆရာတစ်ယောက် တွင် မဖြစ်မနေသိရန် လိုအပ်သော ပညာရပ်ဆိုင်ရာနှင့် အနုပညာဖန်တီးမှုအပိုင်းတို့ကို ကလောင်သွေး ၍ စာရေးလို သော တက်သစ်စ စာရေးဝါသနာထုံ သည့် လူငယ်များအတွက် “ကလောင်သွေး၍ စာရေးလိုလျှင်” အမည်ဖြင့် စာရေးနည်းလမ်းညွှန် စာအုပ်ကို လက်ဆင့်ကမ်းဝေမျှထားသည်။
ဤ“ကလောင်သွေး၍ စာရေးလိုလျှင်” စာအုပ် တွင် ခေါင်းစဉ်ခွဲ (၅၉) ခုဖြင့် ရေးဖွဲ့ထားသည်။ နည်းစနစ်ကျပြီး အောင်မြင်သော စာရေးဆရာ ကောင်း ဖြစ်လိုသူတို့အတွက် မဖြစ်မနေဖတ်ရှုသင့် သော စာအုပ်ဖြစ်သည်။ ယင်းခေါင်းစဉ်ခွဲ (၅၉) အနက် “ဝမ်းစာပြည့်အောင် စာဖတ်ပါ” ဟူသည့် အခန်းတွင်စာရေးဆရာဖြစ်ချင်လျှင် အများကြီး ဖတ်ရ မည်။ စာအများကြီးဖတ်မှ စာရေးဆရာ ဝမ်းစာ ပြည့်မည်။ စာမရေးမီကြိုတင်ဖြည့်ဆည်းထားရမည့် အရေးကြီးသော လိုအပ် ချက်ဖြစ် သည်။

ရသစာရေးဆရာဖြစ်စေ၊ သုတစာရေးဆရာ ဖြစ်စေ၊ ဘာသာပြန်စာရေးဆရာဖြစ်စေ စာရေး ဆရာဖြစ်လိုသူတိုင်း စာအများကြီးဖတ်ရမည်။ ကိုယ်ရေးချင်သောစာအမျိုးအစားကိုတော့ ပိုဖတ်ရ မည်။ ကဗျာရေးချင်သူက ကဗျာကို ပိုဖတ်ရမည်။ ဝတ္ထုတို၊ ဝတ္ထုရှည်ရေးလိုသူက ဝတ္ထုတို၊ ဝတ္ထု ရှည် ပိုဖတ်ရမည်။ သုတစာပေနှင့် သတင်းရေးသားရန် ဝါသနာပါသူက သုတစာပေနှင့် သတင်း အရေး အသားများဖတ်ရမည်။ ဘာသာပြန်ဝါသနာပါသူက သူများရေးသော ဘာသာပြန်စာအုပ် များကို ပိုဖတ်ရမည်။
စာရေးသူသည် ဗဟုသုတ ကုံလုံကြွယ်ဝသူ ဖြစ်သင့်၏။ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သူ ဖြစ်သင့်၏။ စာဖတ်သူလူအများကို အသိအလိမ္မာ ဉာဏ်ပညာပေးနိုင်ရန်အတွက် မိမိကိုယ်တိုင် အသိအလိမ္မာ ဉာဏ်ပညာရှိသူ ဖြစ်သင့်သည်။

တကယ့်စာရေးဆရာဖြစ်ချင်လျှင် စာအများကြီး ဖတ်ရမည်။ နည်းနည်းဖတ်လျှင် ဝမ်းစာ နည်းနည်းသာရှိမည်။ များများဖတ်မှ ဝမ်းစာ အများကြီးရှိမည်။” ဖြစ်ကြောင်း လမ်းညွှန်မှုပြုထား သည်။

ထို့ပြင် ဆရာကြီးသည် ဤစာအုပ်တွင် ဝတ္ထု တို၊ ဝတ္ထုရှည်တို့၏သဘော၊ စာရေးဆရာ ( တစ်ယောက်အနေဖြင့် သိထားရမည့်ရသ (၉) မျိုး အကြောင်း၊ အလင်္ကာများစွာ ရှိသည့်အနက်မှ စာရေးရာတွင် အသုံးများသော အလင်္ကာ(၅) မျိုးအကြောင်း၊ ပသာဒဂုဏ်၊ ဩဇဂုဏ်စသည့် ဂုဏ် (၁၀) ပါးအကြောင်းတို့ကို ကလောင်သွေး၍ စာရေးလိုသူတို့အတွက် စေတနာအပြည့်ဖြင့် တွေ့မြင်ဖူးတော့သည်။မြင်ရသည့်ရက်ကိုလမ်းညွှန်မှုပြုထားပါသည်။ ဆရာကြီး၏ ကျေးဇူး ကား ကြီးမားပါတကား။

ဆရာကြီးကို တွေ့မြင်ရပြီ

ဆရာကြီး၏ စာပေများကို ဖတ်ရှုရင်း ဆရာကြီး၏ စာဖတ်သူတို့အပေါ်ထားရှိသော မေတ္တာ၊ စေတနာ တို့ကို သိမြင်လာ၏။ ဆရာကြီးကို ပို၍ ကြည်ညို လေးစားလာမိ၏။ ထို့ပြင် အပြင်တွင် တွေ့မြင်ဖူးချင်သော စိတ်လည်းရှိလာ၏။ သို့သော် လည်း ဆရာကြီး၏ စာများကို စတင်ဖတ်ရှုရပြီး ၁၂ နှစ်ကျော်သည့်အချိန်ကာလမှသာ ဆရာကြီးကိုဆရာကြီးကို စတင်တွေ့မြင်ရသည့်ရက်ကို တိတိကျကျဖော်ပြရမည်ဆိုပါက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် (စနေနေ့) ဖြစ်သည်။ ယင်းရက်သည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် “မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့အတွေးအမြင်” စာတမ်းဖတ်ပွဲ ကျင်းပသည့်ရက်ဖြစ်သည်။ စာတမ်းများကို ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)၊ ဒေါက်တာ ကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း)၊ ဒေါက်တာ တိုးလှဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးထွန်းရီ (ရှေးဟောင်းသုတေသီ)၊ ဦးကျော်စိုး(သမိုင်းပါမောက္ခ-ငြိမ်း)၊ ဒေါက်တာ ညိမ်းညိမ်း၊ ဒေါက်တာ မိုမိုသန့်နှင့် ဒေါက်တာ စိုးစိုးနိုင်တို့ ဖတ်ကြားကြသည်။ ဤစာတမ်းများ ဖတ်ကြားရာတွင် ဆရာကြီးလယ်တွင်းသားစောချစ်က သဘာပတိအဖြစ် ဆောင်ရွက်သည်။ ကျွန်တော်လည်း စာပေဗိမာန်၏ စာတည်းတစ်ယောက်အနေဖြင့် စာတမ်း ဖတ်ကြားရာ၌ ပါဝင်ဆောင်ရွက်ရသည်။ ထို့ကြောင့် ဆရာကြီးနှင့် ဆုံတွေ့ခွင့်ရသည်။ ယင်းနောက် ပိုင်းများတွင်လည်း အမျိုးသားစာပေဆု စာပေစာတမ်းများ ဖတ်ကြားခြင်းဆိုင်ရာ အကြောင်း အမျိုးမျိုးဖြင့် ဆရာကြီးနှင့် မကြာခဏ ဆုံတွေ့ ရပြီး ရင်းနှီးခွင့်ရခဲ့သည်။
ထိုအချိန်က ဆရာကြီးကို တွေ့ရသည်မှာ ကျန်းမာရေးအားဖြင့် သိပ်ကောင်းလှသည် မဟုတ်။ ကူရသည်။ ထူရသည်။ တွဲရသည်။ သို့သော်ဆရာကြီး၏ အသံက လတ်ဆတ်ဆဲ၊ သစ်လွင်ထဲ၊ တောက်ပဆဲ ဖြစ်သည်။ ဆရာကြီး၏ စာပေအပေါ်ထားရှိသော စာပေချစ်စိတ်၊ မြတ်နိုးစိတ်၊ စေတနာ နှင့် မေတ္တာတို့ကို ပိုမိုတွေ့မြင်ရသည်။ဆရာကြီး၏ ကိုယ်ရေးဖြစ်စဉ် ဤကဲ့သို့ စာပေအပေါ် တန်ဖိုးကြီးမား စေတနာထားသော ဆရာကြီးကို အဘ ဦးချစ်စိန်၊ ၊ အမိ ဒေါ်စောရှင် တို့က ၁၉၄၁ ခုနှစ် ဧပြီလ ၁၂ ရက် တွင် ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်ထန်းတောရွာ၌ မွေးဖွားသည်။ ဖခင်မှာ လယ်သမား ဖြစ်၍ မိခင်မှာ မူလတန်းပြဆရာမ ဖြစ်သည်။
အသက်ငါးနှစ်အရွယ်တွင် ဖခင်ကွယ်လွန်၍ တစ်မိုင်ခွဲခန့်သာဝေးသော မိခင်၏ဇာတိ ဝန်းသိုရွာ သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ငယ်စဉ်က ဝန်းသို စဉ့်ကိုင်မြို့၊ ကျောက်ဆည်မြို့၊ မန္တလေးမြို့များတွင် | ပညာသင်ကြားခဲ့သည်။
မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားစဉ်က တက္ကသိုလ်လူရည်ချွန်အဖြစ် နှစ်ကြိမ် အရွေးခံရ သည်။ ၁၉၆၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို မြန်မာစာ အဓိကဖြင့် ရရှိသည်။
နိုင်ငံ့ဝန်ထမ်းအဖြစ် အလယ်တန်းပြဆရာ၊ ဗဟို နိုင်ငံရေးတက္ကသိုလ်တွင် လက်ထောက် ကထိက၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့်မှတ်ပုံတင် ဌာနတွင် ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လက်ထောက် ညွှန်ကြားရေးမှူး၊ ရန်ကုန်မြောက်ပိုင်းခရိုင် အုပ်ချုပ် ရေးမှူး၊ ကချင်ပြည်နယ် အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ညွှန်ကြား ရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၆၀ ပြည့်နှစ် သီတင်းကျွတ်လပြည့်နေ့ | အထူးထုတ် မြန်မာ့အလင်းသတင်းစာတွင် “နောင်တ ́ အမည်ရှိ ဝတ္ထုတိုဖြင့် စာရေးခြင်းကို စတင်ခဲ့သည်။
၁၉၇၇ ခုနှစ်တွင် တစ်လုံးနှစ်လုံး ပုလဲကုံး” စာမူဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆု | ရသည်။
၁၉၇၈ ခုနှစ်တွင် “ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး” စာအုပ်ဖြင့် စာပေဗိမာန်စာပဒေသာ ပထမဆုရ သည်။၁၉၈၀ ပြည့်နှစ်တွင် ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး’ စာအုပ်ဖြင့်ပင် အမျိုးသားစာပေဆု ရ သည်။၁၉၈၉ ခုနှစ်တွင် “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ' စာအုပ်ဖြင့် အမျိုးသားစာပေဆု ထပ်မံ  ရသည်။ ၁၉၉၁ ခုနှစ်တွင် စာပေခရီးအဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ သွားရောက်ခဲ့သည်။၂၀၀၃ ခုနှစ်တွင် ဥပဓိရုပ်စာအုပ်ဖြင့် ဆရာဝန် တင်ရွှေစာပေဆု ရရှိခဲ့သည်။၂၀၀၈ ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်ဆု (ဒုတိယ အဆင့်) နှင့် ၂၀၁၂ ခုနှစ်တွင် “စည်သူဘွဲ့” တို့ကို နိုင်ငံတော်က ချီးမြှင့်ခြင်းခံရသည်။၂၀၁၃ ခုနှစ်တွင် အမျိုးသား စာပေတစ်သက်တာဆုရရှိသည်။ ယင်းနှစ်တွင်ပင် “ပျော်မွေ့ဖွယ်ရာ တို့တောရွာ မြန်မာ့ရိုးရာ ဓလေ့များ” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆု ရရှိသည်။ ။၂၀၁၅ ခုနှစ်တွင် The Gardener among the flowers (ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး) စာအုပ်ဖြင့် Southeast Asian Writers Award ရရှိခဲ့သည်။၂၀၁၇ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုကိုလည်း ချီးမြှင့်ခြင်းခံခဲ့ ရသည်။

ယခုအချိန်ထိ ဝတ္ထုတိုပေါင်းချုပ် ၁၇ အုပ်၊ သုတ/ရသစာပေ ၂၉ အုပ်၊ လုံးချင်းဝတ္ထု ၅၁ အုပ်၊ စုစုပေါင်း စာအုပ် ၉၇ အုပ် ရေးသားထုတ်ဝေပြီး ဖြစ်သည်။ စာပေတာဝန်အဖြစ် မင်္ဂလာဒုံမြို့နယ် စာပေလုပ်သားအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်၊ ဒုတိယ ဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ တွင် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တွင် အမှုဆောင်အဖွဲ့ဝင် တာဝန် များကို ထမ်းဆောင်ခဲ့ပြီး စာပေများ ဆက်လက်ရေးသား လျက်ရှိသည်။ အမည်ရင်းမှာ ဦးတင်လှိုင် ဖြစ်သည်။ စာအုပ်များမှသည် ရုပ်ရှင်နှင့်ဗီဒီယိုများဆီသို့ဆရာကြီး ရေးသားပြီးသော ဝတ္ထုများထဲမှ ‘မုန်းပင်မုန်းလည်း ချစ်ထုံးမပြေ၊ ရွှေမြင်းမိုရ် ပြိုမှာ စိုးတယ်၊ ကျွန်တော်အမုန်းဆုံး ကျွန်တော်၊ ပန်း ဖြစ်သွားသောပါး၊ ပန်းပေါက်ပွဲ၊ ဒုတိယနေရာမှ ပထမလူ၊ မင်းနေရာမှာ ငါဆိုရင်၊ နှလုံးသား မလှသူ မဖတ်ရ၊ ပန်းမြိုင်လယ်မှဥယျာဉ်မှူး၊ လွမ်းစေတီ နှင့် စမ်းရေကြည်၊ မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန၊ မောင်နွေဦးနှင့်မဖူးဝေ” စသည့် ဝတ္ထုများကို ရုပ်ရှင်နှင့် ဗီဒီယိုများ ရိုက်ကူးနိုင်ခဲ့သည်။ ဤကဲ့သို့ မြန်မာစာပေဖွံ့ဖြိုးရေးနှင့် စာအုပ်စာပေများ ရေးသားခြင်း၊ ဟောပြောခြင်းစသည့် စာပေတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သောကြောင့် ၂၀၁၃ ခုနှစ်၌ အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
ဆရာကြီးကိုယ်တိုင်ပင်လျှင် စာကောင်းပေမွန် ၏ အကျိုးကျေးဇူးကြောင့် လမ်းမှန်နေရာမှန်
ရောက်ခဲ့ရခြင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်၏။ ဆရာကြီးသည် စာပေရေးသားခြင်း၌ လက်ရာ
မြောက်သကဲ့သို့ အဟောအပြောလည်း ကောင်း၏။ စာပေဟောပြောရာ၌လည်း ပရိသတ်များကို လွန်စွာ ဆွဲဆောင်နိုင်၏။ ဆရာကြီး၏ စာပေဟောပြောပွဲ များသည် အသိပညာနှင့် အတွေး အမြင်များ ပေးသည့်အပြင် စိတ်ဝင်စားဖွယ်ရှိလှသည်။ စာပေ ဟောပြောပွဲများ၌ ဟာသအနှော များဖြင့် အရွှန်းဖောက်တတ်ပြီး ပရိသတ်၏ အာရုံစိုက်မှုကို ရပြီဆို သည်နှင့် နားထောင်သူ ပရိသတ်အား ဆရာကြီး ပေးချင်သော အသိပညာ၊ အတွေးအမြင်များကို တသီကြီးပေးတတ်သည်။ ဟောပုံပြောပုံ လေယူလေသိမ်းတို့မှာ ငြီးငွေ့ဖွယ်မရှိဘဲ တရစပ်နားထောင်လိုစိတ်ဖြစ်အောင် ဟောပြောနိုင်စွမ်းရှိ သူဖြစ်သည်။

ဤကဲ့သို့ စာပေအပေါ် တန်ဖိုးထားမြတ်နိုးသော ဆရာကြီး၏တန်ဖိုးသည် ကျွန်ုပ်တို့အတွက် အတိုင်းအဆမရှိ ကြီးမားလှပါသည်။ ယခုအခါ ဆရာကြီးသည် အသက် ၈၀ ပြည့်ခဲ့ပြီဖြစ်သည်။ ဆရာကြီးတွင် သားတစ်ဦး သမီးတစ်ဦးရှိပြီး ဇနီး ဒေါ်မြင့်မြင့်နှင့်အတူ အမှတ် (၅၇)၊ ခရေပင်လမ်း၊ ၂ (ခ)ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်မြို့တွင် နေထိုင်ကာ စာပေတာဝန်များကို တတ်စွမ်းသရွေ့ထမ်းဆောင်လျက်ရှိပါသည်။ ဆရာကြီး ယခု ( ထက်မက အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာဖြင့် စာပေတာဝန်နှင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်နိုင်ပါ စေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

စိုးနိုင်ထွန်း(စာပေဗိမာန်)

ကိုးကား (၁) မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၂)
(၂) လယ်တွင်းသားစောချစ်၏ စကားလက်ဆောင်စာအုပ်မှ ကိုယ်ရေးဖြစ်စဉ်။
(၃) လယ်တွင်းသားစောချစ်၏ “ပန်းလိုချင်အပင်ကို ပျိုးတတ်မှ”
(၄) လယ်တွင်းသားစောချစ်၏ “ကလောင်သွေး၍စာရေးလိုလျှင်”
 (၅) Wikipedia