Skip to main content
နိုင်ငံရေး

မြန်မာနိုင်ငံနဲ့ လက်တွဲဆောင်ရွက်မယ့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများကို ဖိတ်ခေါ်ထားပါတယ်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လာရင်၊ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ ကိုက်ညီရင် အမြန်ဆုံးအလုပ်ဖြစ်စေမှာပါ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဂျပန်သတင်းမီဒီယာဖြစ်သည့် Mainichi Shimbun သတင်းစာက အောက်တိုဘာ ၅ ရက်တွင် ဆက်သွယ် မေးမြန်းခဲ့ပြီး မေးမြန်းဖြေကြားမှုများကို ယင်းသတင်းစာတွင် အောက်တိုဘာ ၁၀ ရက်က ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆက်သွယ်မေးမြန်းဖြေကြားထားမှုများနှင့် ပတ်သက်၍ ဖော်ပြလိုက်ပါသည် -

 

(ယမန်နေ့မှ အဆက်)

 

စီးပွားရေးမူဝါဒ

 

မေး။ ။ SAC အနေနဲ့ အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ကပ်ရောဂါကို ဘယ်လို ဖြတ်ကျော်သွားမှာပါလဲ။ ဆေးတွေရရှိဖို့နဲ့ ကုသစောင့်ရှောက်မှုစနစ်ကို ထိန်းသိမ်းနိုင်မယ့် အဓိက မူဝါဒတွေရှိရင် သိပါရစေ။

 

ဖြေ။ ။ ဒီမေးခွန်းကို ဖြေခွင့်ရတာ ဝမ်းသာပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေနဲ့ လက်တွေ့လုပ်ဆောင်နေတာတွေကို နိုင်ငံတကာက လည်း တော်တော်များများ မသိကြပါဘူး။ ဝေဖန်လည်း ခံရပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ကျယ်ကျယ်ပြန့်ပြန့်လေး ရှင်းပြခွင့်ပြုပါလို့ ပြောလိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုတဲ့ မူဝါဒ နဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ရောဂါကူးစက်မှု အကြီးအကျယ်ခံစားခဲ့ရပါတယ်။ တပ်မတော်က နိုင်ငံတော်တာဝန်ယူပြီး နောက်ပိုင်း မှာ လူစုလူဝေးနဲ့ ဆူပူဆန္ဒပြခဲ့တာတွေ၊ ကျန်းမာရေး ဝန်ထမ်းအချို့က ကျင့်ဝတ်တွေကို မလိုက်နာဘဲ CDM လှုပ်ရှားမှုနဲ့ လုပ်ငန်းခွင်ပျက်ကွက်ခဲ့တာတွေက ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အသည်းအသန် ကြိုးပမ်းဆောင်ရွက်ခဲ့ရပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကိုဗစ်ရောဂါ ဆေးစစ်ခဲ့သူများအနက် ၄၁ ရာခိုင်နှုန်းအထိ ပိုးတွေ့ခဲ့ပါတယ်။

 

ဆေးရုံတွေမှာ လူနာရောက်ရှိမှု မြင့်တက်ခဲ့ပါတယ်။ လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်ချက် မြင့်မားခဲ့ပါတယ်။ ဒါတွေကို နိုင်ငံတော်အစိုးရ၊ လူမှုရေးအဖွဲ့အစည်းများ၊ တာဝန်သိ ပြည်သူလူထု၊ တာဝန်သိ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ကြိုးစားပမ်းစား ဝိုင်းဝန်း ဖြေရှင်းခဲ့ရပါတယ်။ လက်တွေ့ အနေနဲ့ အခုအောက်တိုဘာလဆန်းပိုင်းမှာ ရောဂါကူးစက်ခံရသူ ၇ ရာခိုင်နှုန်းခန့်သာ ရှိတော့တာနဲ့ ဆေးရုံတက် ရောက်ရသူများစွာ လျော့နည်းသွားတာလက်တွေ့ပါပဲ။ ဒါဟာအစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထု အပေါ်၊ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဘယ်လောက်ထိ အလေးထားတယ်ဆိုတာ ဖော်ပြချက်ပါပဲ။ ဒီနေရာမှာ ကျွန်တော်တို့ကို ကူညီခဲ့တဲ့ နိုင်ငံတွေ ရှိခဲ့ပါတယ်။ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ တို့အပါအဝင် ကမ္ဘောဒီးယား၊ အာဆီယံ AHA၊ ဂျပန် နိုင်ငံတို့ကလည်း ကူညီခဲ့ပါတယ်။ အချို့လည်း မကူညီတဲ့အပြင် ဖြစ်စဉ်တွေကို မသုံးသပ်ဘဲ ဆန့်ကျင်ဘက်တွေပြောနေတဲ့ နိုင်ငံများ၊ အဖွဲ့အစည်းများလည်း ရှိပါတယ်။ ဥပမာအားဖြင့် GAVI COVAX Facility အဖွဲ့ကမကြာသေးခင် (၃၀-၈-၂၀၂၁ ရက်နေ့) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါ တယ်။ ဒီကြေညာချက်မှာ သူတို့က မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ပေးခဲ့သယောင် ပြောထားတာလည်း ရှိပါတယ်။ သူတို့အနေနဲ့ အခုအချိန်ထိ ကိုဗစ်ကာကွယ်ဆေး အစီအစဉ်အနေနဲ့ မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး တစ်လုံးမှ မပေးသေးပါဘူး။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား သေဆုံးမှုကို လျှော့ချရန်၊ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နဲ့ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရန် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ်ရောဂါကာကွယ်ဆေးထိုး စုရပ်များ အပါအဝင်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့နေရာတွေကို မြန်မာနိုင်ငံမှာ တရားမဝင်အဖွဲ့ အစည်းဖြစ်တဲ့ NUG နဲ့ PDF အကြမ်းဖက်အဖွဲ့တွေ က၃၀-၉-၂၀၂၁ ရက်နေ့အထိ အကြမ်းဖက်တိုက်ခိုက်မှု စုစုပေါင်း ၁၆ ကြိမ် ကြုံတွေ့ခဲ့ရပါတယ်။ လုပ်ငန်းဆောင်ရွက်နေ သူတွေနဲ့ ကာကွယ်ဆေးလာရောက် ထိုးနှံသူတွေ အသက်သေဆုံးတဲ့အထိ ဖြစ်ခဲ့ရသလို အချို့ဆိုရင် ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပါတယ်။ တတိယလှိုင်းမှာ အခြားကမ္ဘာ့နိုင်ငံများ နည်းတူ မြန်မာနိုင်ငံမှာလည်း ဒယ်လ်တာမျိုးဗီဇပြောင်း ရောဂါပိုးကြောင့် ရောဂါဖြစ်ပွားမှုနဲ့ ပိုးတွေ့ ရှိမှုနှုန်း မြင့်မားခဲ့ပေမယ့် မိဘပြည်သူများရဲ့ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာတာနဲ့အတူ ရောဂါ ဖြစ်ပွားမှုနဲ့ ပိုးတွေ့ရှိမှုနှုန်းများ သိသာစွာကျဆင်းလျက်ရှိတဲ့ အတွက် အာဆီယံနိုင်ငံများနဲ့ နှိုင်းယှဉ်မယ် ဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနေနဲ့ အမှတ်စဉ်(၆)၊ သေဆုံးမှုအနေနဲ့ အမှတ် စဉ်(၅)နေရာမှာ ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေရရှိဖို့အတွက် ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းမှစတင်ပြီး GAVI COVAX Facility နဲ့ ညှိနှိုင်းခြင်း၊ ကာကွယ်ဆေးထုတ်လုပ်တဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ နိုင်ငံအချင်းချင်း (Bilateral) ညှိနှိုင်းခြင်းတွေ ဆောင်ရွက်ခဲ့ပြီး အိန္ဒိယနိုင်ငံက ကာကွယ်ဆေး သန်း ၃၀ doses ကို စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် COVAX Facility က ၎င်းရဲ့ အခြားအဖွဲ့ဝင်နိုင်ငံများကို Round-4 အထိ ကာကွယ်ဆေးပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ပေမယ့် မြန်မာနိုင်ငံကို ဒီနေ့ဒီအချိန်အထိ ကာကွယ်ဆေး ပို့ဆောင်မှု မရှိသေးသလို ပို့ဆောင်မယ့်ကာလနဲ့ ပတ်သက်လို့လည်း အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့တာ တွေ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ သူတို့နိုင်ငံရဲ့ ရောဂါဖြစ်ပွားမှုအခြေအနေအရ ကာကွယ်ဆေး တင်ပို့ခြင်းကို ခေတ္တရပ်ဆိုင်းထားခဲ့ပြီး မြန်မာနိုင်ငံ ကို ကာကွယ်ဆေးလှူဒါန်းမှု၁ ဒသမ၅သန်း doses နဲ့ ဝယ်ယူမှု ၂ သန်း doses စုစုပေါင်း ၃ ဒသမ ၅ သန်း doses သာ ပို့ဆောင်နိုင်ခဲ့ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနဲ့ နိုင်ငံတော်အစိုးရအဖွဲ့ အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံရရှိရေးနဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရေး တို့ကို အထူးဦးစားပေး လုပ်ငန်းများအဖြစ် လမ်းညွှန်မှု၊ ပံ့ပိုးမှုများပေးအပ်ခဲ့ ရာ၂-၁၀-၂၀၂၁ ရက်နေ့အထိ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ဝယ်ယူထားတဲ့ ကာကွယ်ဆေးနဲ့ မိတ်ဆွေနိုင်ငံတွေက လှူဒါန်းတဲ့ကာကွယ်ဆေး ၂၃ သန်းကျော် doses အား လက်ခံရရှိပြီးဖြစ်ပါတယ်။

 

နောက်ထပ် ၂၀၂၁ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဝယ်ယူထားမှုနဲ့ လှူဒါန်းမှုကနေပြီး ကာကွယ်ဆေး ၁၄ သန်း doses ထပ်မံရရှိမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ ကိုလည်း မိတ်ဆွေနိုင်ငံ များနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တင်သွင်းထိုးနှံရာမှာ ပုဂ္ဂလိကကဏ္ဍမှလည်း ကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်ဖို့အတွက် စနစ်တကျ တင်သွင်းခွင့်ပြုတာတွေကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေ၊ လှူဒါန်းမှုတွေက ရရှိတဲ့ ကာကွယ်ဆေးများနဲ့ ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းတဲ့ ကာကွယ်ဆေးတွေကို အသုံးပြုပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း လမ်းညွှန်နဲ့အညီ ရေးဆွဲထားတဲ့ Myanmar National COVID-19 Vaccine Deployment Plan အရ အသက်အုပ်စုအလိုက် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အကျဉ်းထောင်/ အချုပ်ထောင်မှ အကျဉ်းသားများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်များ၊ ရွှေ့ပြောင်းအုပ်စုများနဲ့ ယာယီစခန်းများမှာ ရောက်ရှိနေသူများ၊ အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသားလူငယ်များ စသဖြင့် ဦးတည်အုပ်စု ၂၄ခု သတ်မှတ်ပြီး ဦးစားပေးအစီအစဉ်များအလိုက် ကာကွယ်ဆေးထိုးနှံခြင်း စီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ် (Vaccine Management Information System) မှာ စနစ်တကျ ထည့်သွင်းပြီး ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ ပါတယ်။ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးနဲ့ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျားမ၊ လူမှု စီးပွားအဆင့်အတန်း၊ နိုင်ငံရေးနှီးနွှယ်မှုအရ ခွဲခြားခြင်းမပြုဘဲ ထိုးနှံပေးလျက်ရှိပါတယ်။

 

ကာကွယ်ဆေးထိုးနှံပြီးပါကလည်း ထိုးနှံပြီးကြောင်း QR code ပါရှိတဲ့လက်မှတ်များ ထုတ်ပေးခြင်း ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၇-၁-၂၀၂၁ ရက်နေ့မှ ၂-၁၀-၂၀၂၁ ရက်နေ့အထိ လူဦးရေစုစုပေါင်း ၈ ဒသမ ၃၉သန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပါတယ်။ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၃ ဒသမ ၈၇ သန်းရှိပြီး အသက် ၁၈ နှစ်နှင့်အထက် လူဦးရေရဲ့ ၁၀ ဒသမ ၄၉ ရာခိုင်နှုန်းခန့်ကို အကြိမ်ပြည့် ထိုးနှံပေးပြီးဖြစ်ပါတယ်။ ပထမအကြိမ် ထိုးနှံ ပြီးစီးတဲ့သူ ၄ ဒသမ ၅၁ သန်းရှိပြီဖြစ်တဲ့အတွက် စုစုပေါင်းအကြိမ်ရေ ၁၂ ဒသမ ၂၆ သန်း ထိုးနှံပြီး ဖြစ်ပါတယ်။ ရည်မှန်းကာကွယ်ဆေး အကြိမ်ရေရဲ့ ၁၆ ဒသမ ၆၁ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနှစ်ကုန်ပိုင်းမှာ ကိုဗစ်-၁၉ ထိုးနှံဖို့ အကျုံးဝင်တဲ့ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးဖို့ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါတယ်။ ဘယ်သူတွေ၊ ဘယ် နိုင်ငံတွေက ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ ကာကွယ်ဆေးထိုးနှံပေးဖို့ ဆေးများကို မိတ်ဆွေ နိုင်ငံများမှ ပံ့ပိုးပေးဖို့ကို သဘောတူညီချက်ရရှိပြီး ဖြစ်ပါတယ်။

 

မေး။ ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေကို SAC အနေနဲ့ ဘယ်လိုများ ပြန်လည်တည်ဆောက်သွားဖို့ရှိပါသလဲ။ NLD အစိုးရ ရဲ့ ထိပ်ပိုင်းအဆင့်ဆင့် လုပ်ဆောင်ခဲ့တာတွေမှာက မရှင်းလင်းမှုတွေရှိခဲ့တော့ အာဏာထိန်းသိမ်းမှု အပြီးမှာ SAC ရဲ့ စီးပွားရေးမူဝါဒတွေကနေ ထိန်းညှိ နိုင်ဖို့ အချို့သော ဂျပန်စီးပွားရေးလုပ်ငန်းတွေက မျှော်လင့်နေကြတယ်လို့ သိထားရပါတယ်။ SAC ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒအဓိကအချက်အလက်တွေကို NLD အစိုးရလက်ထက် နှိုင်းယှဉ်ပြီးတော့ ပြောပြပေးစေချင်ပါတယ်။

 

ဖြေ။ ။ နိုင်ငံတော်အစိုးရအနေနဲ့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်ပြီး အချက် ၃ ချက်ဆောင် ရွက်သွားပါမယ်။ (တစ်) စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ် များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ (နှစ်) ဈေးကွက် စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ (သုံး) ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး။ လတ်တလောအနေနဲ့ တိုင်းပြည် သာယာဝပြောရေးနဲ့ စားရေရိက္ခာ ဖူလုံရေး ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ နိုင်ငံဖြစ်လို့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဖွဲ့စည်းပြီး ကျေးလက်ဒေသတွေအထိ စိုက်ပျိုး မွေးမြူရေးကို ခေတ်မီနည်းစနစ်များနဲ့ ထိထိရောက်ရောက် အစုအဖွဲ့အလိုက် စုပေါင်း ဆောင်ရွက်နိုင်ရေး၊ အကူအညီ အထောက်အပံ့များပေးရေး ဆောင်ရွက်လျက်ရှိပါတယ်။

 

ရေရှည်အနေနဲ့ ခေတ်မီစိုက်ပျိုးမွေးမြူရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ရရှိရေး စိုက်ပျိုး မွေးမြူရေး ကျောင်း၊ သိပ္ပံ၊ ကောလိပ်များ ဒေသအလိုက် တိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့အခြေခံ စားရေရိက္ခာ ဖြည့်တင်းပေးနိုင်သော နိုင်ငံအဖြစ် ရေရှည်စီမံချက်ထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ ယခင်အစိုးရအဆက်ဆက် ချုပ်ဆိုခဲ့တဲ့ စီးပွားရေး သဘောတူညီချက် စာချုပ်တွေကို ပယ်ဖျက်ခြင်းမပြုဘဲ ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ လက်တွဲဆောင်ရွက်မယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ထားပါတယ်။ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ခေါင်းဆောင်၊ ကိုယ်စားလှယ်အချို့လည်း လာရောက်ဆွေးနွေး လျက်ရှိပါတယ်။ NLD အစိုးရလက်ထက်နဲ့ ကွာခြား ချက်ကတော့ မြန်ဆန်မှုလို့ပဲပြောရမှာ ဖြစ်ပါတယ်။

 

အဖြစ်နိုင်ဆုံး လုပ်ငန်းဖြစ်တဲ့ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းကို အလေးထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လာရင်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ ကိုက်ညီရင် အမြန်ဆုံး အလုပ်ဖြစ်စေမှာဖြစ်ပါတယ်။

 

နိုင်ငံတကာဆက်ဆံရေး

 

မေး။ ။ တရုတ်ကို နိုင်ငံတကာမိတ်ဖက်အဖြစ်နဲ့ ဘယ်လိုမြင်ပါသလဲ။ SAC အနေနဲ့ အာဆီယံ၊ ရုရှား၊ ဥရောပ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံ တို့နဲ့ရော ဘယ်လိုများ ဆက်ဆံရေး တည်ဆောက်သွားမှာပါလဲ။

 

ဖြေ။ ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက်တော့ အိမ်နီးချင်းကောင်း နိုင်ငံတစ်နိုင်ငံ၊ မဟာဗျူဟာ မိတ်ဖက်နိုင်ငံ တစ်နိုင်ငံ၊ သမိုင်းကြောင်းရှည်ကြာစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့တဲ့ ဆွေမျိုးပေါက်ဖော်နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာ့အရေးမှာ အမြဲကူညီဖြေရှင်းပေးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာလည်း အလားတူပါပဲ။

 

အခုနောက်ပိုင်းမှာ ရုရှားနိုင်ငံနဲ့ပိုမိုပြီး မဟာဗျူးဟာမြောက် ဘက်စုံဆက်ဆံရေးအစီအစဉ်များ ပိုမို တိုးတက်လျက်ရှိပါတယ်။ အာဆီယံနိုင်ငံများ အနေနဲ့ အာဆီယံပဋိညာဉ်၊ အာဆီယံသဘောတူညီချက် တွေအတိုင်း နီးကပ်ရင်းနှီးစွာ ဆက်ဆံလျက်ရှိပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံများ အားလုံး နဲ့ မိတ်ဝတ်မပျက် ရင်းနှီးစွာဆက်ဆံနိုင်ဖို့ ကြိုးပမ်းလျက်ရှိပေမယ့် အချို့ ဥရောပနိုင်ငံများ၊ အမေရိကန် တို့နဲ့ ဆက်ဆံရေးကတော့ အမျိုးမျိုးသောပိတ်ဆို့မှု၊ ဝေဖန်မှုတွေကြောင့် အခက်အခဲအချို့ ရှိပါတယ်။ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးကတော့ မြန်မာနိုင်ငံ အနေနဲ့ အလေးထားပါတယ်။ ယခုထိလည်း ဆက်သွယ် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနဲ့ဂျပန်ဟာ သမိုင်းကြောင်းအရ ရှည်လျားတဲ့ဆက်ဆံ မှုရှိခဲ့လို့ ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားလိုတဲ့ ဆန္ဒပဲရှိပါတယ်။

 

မေး။ ။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအတွင်းမှာ ဂျပန်နိုင်ငံက ODA နဲ့ လုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ဖို့ခက်ခဲနေတဲ့အပေါ် ဘယ်လိုရှုမြင်ပါသလဲ။

 

ဖြေ။ ။ ဂျပန်နိုင်ငံ ODA နဲ့ လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းအချို့ကို ဂျပန်ရဲ့ အဖွဲ့အစည်းအချို့ ကန့်ကွက်မှုကြောင့် ရပ်တန့်နေတာ၊ အခက်အခဲဖြစ်ပေါ်နေတာတွေကို စိတ်မကောင်းစွာ တွေ့ရှိရပါတယ်။ ဒီကိစ္စတွေဟာ မြန်မာပြည်သူလူထု ကို တိုက်ရိုက်အကျိုးပြုတဲ့ လုပ်ငန်းတွေပဲဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တွေကို အစွဲကင်းကင်းနဲ့ မြင်အောင်ကြည့်ပေးပါ။ သုံးသပ်ပေးပါလို့ပဲ ပြောချင်ပါတယ်။

 

မေး။ ။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြားကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ မရှိမဖြစ် လိုအပ်တာက ဘာလို့ထင်ပါသလဲ။

 

ဖြေ။ ။ ဂျပန်နဲ့မြန်မာနိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးထိန်းသိမ်းဖို့ မရှိမဖြစ်လိုအပ်တာက ကျွန်တော် ခုနကပြောတဲ့အတိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေကို အစွဲကင်းကင်းနဲ့ မြင်အောင်ကြည့်ပေးပါ၊ သုံးသပ်ပေးပါလို့ပဲ ပြောချင်ပါတယ်။

 

မေး။ ။ နောက်လာမယ့် ၅ နှစ်မှာ မြန်မာနိုင်ငံကို ဘယ်လိုနိုင်ငံမျိုး ဖြစ်စေချင်ပါသလဲ။

 

ဖြေ။ ။ နောင်လာမယ့် ၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လက်တွေ့ ကျင့်သုံးနေတဲ့နိုင်ငံ၊ စီးပွားရေးအရ ကမ္ဘာ့နိုင်ငံများရဲ့ အခြေခံစားရေး ရိက္ခာကို ခေတ်မီစိုက်ပျိုးမွေးမြူ ရေးစနစ်၊ ဝန်ဆောင်မှုစနစ်တွေနဲ့ ဖြည့်ဆည်းပေး နေတဲ့နိုင်ငံ၊ လူမှုရေးအရ တိုင်းရင်းသားအားလုံး၊ အဖွဲ့အစည်းအားလုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို တည်ဆောက်နိုင်တဲ့ နိုင်ငံဖြစ်စေလိုပါတယ်။

 

မေး။ ။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအထူး ကိုယ်စားလှယ် လာရောက်လည်ပတ်မှုကို ဘယ်တော့ လက်ခံသွားဖို့ရှိပါသလဲ။

 

ဖြေ။ ။ အာဆီယံ အထူးကိုယ်စားလှယ်ကို ကျွန်တော်တို့ ဖိတ်ခေါ်ထားပြီး ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက လက်မခံတာမဟုတ်ပါဘူး။ အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ အချို့ အာဆီယံပြင်ပနိုင်ငံများက ကန့်သတ်ချက် သဘောပါတဲ့ ဆောင်ရွက်မှုတွေ ဆောင်ရွက်ခြင်း၊ ဖိအားပေးနေခြင်းသာ ဖြစ်ပါတယ်။

 

မေး။ ။ SAC က ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးကိစ္စနဲ့ပတ်သက်လို့ UN ရဲ့ တုံ့ပြန်မှု ကြာမြင့်နေတဲ့အပေါ် ဘယ်လိုယူဆထားပါသလဲ။

 

ဖြေ။ ။ ကုလသမဂ္ဂအနေနဲ့ SAC ကခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်မှုကြာမြင့်နေတာဟာ သူတို့ရဲ့ သဘောထားအတိုင်းပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ UN (United Nation) ဆိုတာ နိုင်ငံတွေ ပေါင်းစုထားတဲ့ နိုင်ငံများအစုအဖွဲ့ ဖြစ်ပါတယ်။ အစိုးရများ (Government) အစုအဖွဲ့ မဟုတ်ပါဘူး။

 

မြန်မာနိုင်ငံတည်ရှိနေသရွေ့၊ မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်နေ ဦးမှာဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းအချို့၊ နိုင်ငံအချို့ အနေနဲ့ နိုင်ငံတကာရေးရာ တွေကို ဆောင်ရွက်ရာမှာ သတ်မှတ်ပဋိညာဉ်၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အသိအမှတ်ပြုပြီး စီရင်ဆုံးဖြတ်ချက်များ အတိုင်းသာ ဆောင်ရွက်ကြဖို့နဲ့ စံနှုန်းနှစ်မျိုးထား (Double Standard) ဆောင်ရွက်ခြင်းမှ ရှောင်ရှားဖို့ လိုအပ်ပါတယ်။

 

မေး။ ။ ခုပြောသွားတဲ့ Double Standard ဆိုတာဘာလဲ။ မြန်မာနိုင်ငံကိုတစ်မျိုး၊ အခြား နိုင်ငံတွေကို တစ်မျိုးလုပ်နေတယ်လို့ ဆိုလိုတာလား။

 

ဖြေ။ ။ ဟုတ်ပါတယ်။ ဒီလိုစင်ပြိုင်အစိုးရတွေ၊ စစ်ဘက်က နိုင်ငံတော်တာဝန်ယူလို့ ပေါ်ပေါက်လာတဲ့ ပုန်ကုန်သူအစိုးရတွေ ကမ္ဘာ့သမိုင်းမှာ အများကြီးပါဗျာ။ ယခင်က အများအားဖြင့် ဘယ်လိုဆုံးဖြတ် ခဲ့ကြသလဲ။ ဒါစီရင်ထုံးပဲ။ ဥပမာပဲ။ ခုမှ မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်နေတာလို့ ကျွန်တော်မြင်တယ်။

 

မေး။ ။ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် တွေ့ခွင့်မပေးနိုင်တာလဲ။

 

ဖြေ။ ။ အမေးနဲ့ပဲ ပြောလိုပါတယ်။ ဂျပန်မှာ ဝန်ကြီးချုပ်တစ်ယောက် (ဝန်ကြီးတစ်ယောက်၊ လွှတ်တော်အမတ်တစ်ယောက်) လာဘ်စားမှု (ဒါမှမဟုတ်) အမှုတစ်ခုခုနဲ့ ရင်ဆိုင်နေတဲ့ အချိန်မှာ အခြားနိုင်ငံတစ်ခုက တွေ့ခွင့်တောင်းရင် ခင်ဗျားတို့အစိုးရက တွေ့ခွင့်ပေးပါသလားလို့ပဲ ပြောလိုပါတယ်။ ။