ဒို့ကမ္ဘာမြေကို ထိန်းသိမ်းဖို့၊ တွဲလက်ခိုင်မာပူးပေါင်းစို့
သဘာဝဘေးအန္တရာယ်များသည် အဖျက်စွမ်းအားကြီးမားလှသကဲ့သို့ ကျွန်ုပ်တို့နေထိုင်ရာ မြေကမ္ဘာကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက် လျက်ရှိပါသည်။ ပြင်းထန်ဆိုးရွားသည့် သဘာဝဘေးအန္တရာယ်တစ်မျိုးမျိုးဖြစ်ပွားပါက လူသားတို့၏အသက်၊ အိုးအိမ်၊ စည်းစိမ်များ ကိုသာမက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့် နယ်ပယ် အသီးသီးတွင် ကြီးမားသောဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။
၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း ကမ္ဘာတစ်ဝန်းတွင် သဘာဝ ဘေးအန္တရာယ်အကြိမ် ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တစ်နှစ်လျှင် ပျမ်းမျှလူဦးရေ ၁၆၄ သန်းကျော် သဘာဝဘေးသင့်ခဲ့ရကာ လူဦးရေ ၁၅၀၀၀ ခန့် သေဆုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ ကျော်ဖြစ်ကြောင်း မှတ်တမ်းများအရ လေ့လာသိရှိရပါသည်။ Regional Consultative Group (RCG) on Humanitarian Civil-Military Coordination for Asia and the Pacific ၏အဆိုအရ မြန်မာနိုင်ငံသည် (ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ဖိလစ်ပိုင်) တို့နှင့်အတူ အာရှတိုက်၏ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှု အမြင့်မားဆုံး ထိပ်တန်းငါးနိုင်ငံတွင် ပါဝင်နေကြောင်း သိရှိရသဖြင့် သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးကြောင်း သတိချပ်သင့်ပါသည်။
သတိပြုကာကွယ် သဘာဝဘေးအန္တရာယ်
မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် ထိခိုက်ဆုံးရှုံးမှုများ သိသာထင်ရှားစွာ ခံစားရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေအညွှန်းကိန်း ၂၀၂၁ (Global Climate Risk Index 2021) ၏ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ လေ့လာတွေ့ရှိမှုအရ ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေတွင် ဖွာတိုရီကိုနိုင်ငံသည် အဆင့်(၁)၌ လည်းကောင်း၊ မြန်မာနိုင်ငံသည် အဆင့်(၂)နှင့် ဟေတီနိုင်ငံသည် အဆင့်(၃)တွင် လည်းကောင်း ရပ်တည်လျက် ရှိကြပါသည်။ ထို့အပြင် Risk index for natural disasters Myanmar 2020 by type ၏၂၀၂၀ ပြည့်နှစ် စစ်တမ်း၌ မြန်မာနိုင်ငံသည် အမှတ်(၁၀)မှတ်အနက် ရေဘေးဖြစ်ပွားမှုတွင် ၉ ဒသမ ၉ မှတ်အထိ မြင့်မားခဲ့ပြီး မိုးခေါင်ရေရှားဘေးမှာမူ (၁)မှတ်သာ ရရှိသည်အထိ ဖြစ်ပွားမှု နည်းပါးခဲ့ကြောင်း သိရှိရပါသည်။ ၂၀၁၈ ခုနှစ်၊ Inform Global Risk Index အရ မြန်မာနိုင်ငံသည် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေအမှတ် ၁၀ မှတ်အနက် ၆ ဒသမ ၄ မှတ်အထိ မြင့်မားခဲ့ကြောင်း ဖော်ပြထားပါသည်။ ဘေးဖြစ်ပွားနိုင်မှုနှင့် ဘေးအန္တရာယ်နှင့် ထိတွေ့နိုင်မှုတို့မှာ ၁၀ မှတ် အနက် ၇ ဒသမ ၅ မှတ်ဖြင့်လည်းကောင်း၊ ဘေးကြောင့် ထိခိုက်လွယ်မှုမှာ ၁၀ မှတ်အနက် ၅ ဒသမ ၄၅ မှတ်ဖြင့် လည်းကောင်း၊ ဘေးအန္တရာယ်ကို ထိရောက်စွာ တုံ့ပြန်နိုင်စွမ်းနည်းပါးမှုမှာ ၁၀ မှတ် အနက် ၆ ဒသမ ၄ မှတ်အထိလည်းကောင်း ရရှိ ထားခဲ့သဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့နည်းစေရန် ပိုမိုကြိုးစား ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ဆိုခဲ့သကဲ့သို့ မြန်မာနိုင်ငံသည် ရေမြေအနေ အထားအရ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ လေ ပြင်းဘေး၊ မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးခေါင် ရေရှားဘေး၊ မြေပြိုဘေးနှင့် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုး ကြုံတွေ့ရနိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာတွင် ဖြစ်ပွားလျက်ရှိသည့် SARS, FLU, Covid-19 ကဲ့သို့ ကူးစက်မြန်ရောဂါမျိုးကိုလည်း အခြားနိုင်ငံများနည်းတူ ခံစားရသည့် နိုင်ငံဖြစ်ပါသည်။ ၂၄၀၀ ကီလိုမီတာ ကျော်ရှည်လျားသည့် မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသများသည် လေပြင်းဘေး၊ ဆိုင်ကလုန်းမုန်တိုင်းဘေး၊ မုန်တိုင်းဒီရေဘေး၊ ဆူနာမီဘေး၊ ရေကြီး ရေလျှံဘေးတို့ကို ရင်ဆိုင်ခံစားရသကဲ့သို့ နိုင်ငံ၏ နေရာဒေသအနှံ့အပြားတွင် မီးဘေးနှင့် အချို့ဒေသများတွင် မြေငလျင်၊ မိုးခေါင်ရေရှားနှင့် မြေပြိုဘေး အန္တရာယ်တို့ ကြုံတွေ့ရနိုင်ပါသည်။ မြစ်ချောင်း များနှင့် နီးသည့် အချို့နေရာဒေသများတွင်မူ ရေကြီး ရေလျှံဘေးနှင့် ကမ်းပြို၊ မြေပြိုဘေး အန္တရာယ်တို့ ကြုံတွေ့ရလေ့ရှိပါသည်။
၁၉၉၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးများ အနက် ၇၁ ရာခိုင်နှုန်းသည် မီးဘေး၊ ၁၀ ရာခိုင် နှုန်းသည် ရေကြီးရေလျှံဘေး၊ ၁၁ ရာခိုင်နှုန်းသည် လေပြင်းမုန်တိုင်းဘေးနှင့် အခြား ၈ ရာခိုင်နှုန်းသည် မြေငလျင်၊ ဆူနာမီနှင့် မြေပြိုခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ၂၀၀၈ ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းသည် မြန်မာ့သမိုင်းတစ်လျှောက်ဖြစ်ပွားခဲ့သည့် သဘာဝ ဘေးအန္တရာယ်များအနက် အဆိုးရွားဆုံးသော သဘာဝဘေး အန္တရာယ် ဖြစ်ပါသည်။ အဆိုပါ မုန်တိုင်းကြောင့် လူဦးရေ ၈၀၀၀၀၀ ခန့် အတိဒုက္ခ ရောက်ခဲ့၍ လူ့အသက်ပေါင်း ၁၄၀၀၀၀ ခန့် သေကျေခဲ့ရသကဲ့သို့ အမေရိကန်ဒေါ်လာ ၄ ဒသမ၁ ဘီလီယံခန့်အထိ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေး အန္တရာယ်များကြောင့် လူဦးရေ ငါးသန်းကျော်၏ ဘဝများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ဆုံးရှုံးခဲ့ရကာ လူဦးရေ ၁၄၀၀၀၀ ခန့် သေကျေပျက်စီးခဲ့ရပါသည်။ တိုက်ရိုက်ဆုံးရှုံးမှုပမာဏမှာ ခန့်မှန်းခြေအမေရိကန် ဒေါ်လာငါးဘီလီယံခန့်ဖြစ်၍ ပုံစံပြု စိစစ်လေ့လာ ချက်များအရ မြန်မာနိုင်ငံသည် သဘာဝဘေး အန္တရာယ်အမျိုးမျိုးကြောင့် ရေရှည်တွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ဒသမ ၁ ဘီလီယံ ဆုံးရှုံးရနိုင်ကြောင်း ပညာရှင်များက သုံးသပ်တင်ပြကြပါသည်။
ဆုံးရှုံးနိုင်ခြေလျော့နည်းဖို့၊ စနစ်တကျဆောင်ရွက်စို့
မြန်မာနိုင်ငံသည် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း နှင့် မုန်တိုင်းဒီရေများကြောင့် ထိခိုက်ပျက်စီးမှု များပြားသည့် နိုင်ငံဖြစ်ပါသည်။ အထူးသဖြင့် ဧပြီနှင့် မေလအတွင်း ဖြစ်ပွားတတ်သည့် မုန်တိုင်းများနှင့် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ဖြစ်ပေါ် တတ်သည့် မုန်တိုင်း များကြောင့် ထိခိုက်ဆုံးရှုံးမှု ကြီးမားသည့်အခြေအနေကို ကြုံတွေ့ရပါသည်။ ယနေ့ခေတ် အချိန်အခါသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ သက်ရောက်မှုကြောင့် သဘာဝ ဘေးအန္တရာယ်များ တစ်နေ့တခြား တိုးပွားလျက်ရှိရုံ သာမက ၂၀၁၉ ခုနှစ်မှ စတင်ဖြစ်ပွား ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ Coronavirus Disease (COVID-19) သည် ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် တစ်ကမ္ဘာလုံး ကူးစက်ခံစားနေကြရပြီဖြစ်ပါသည်။ သို့ဖြစ်၍ ကမ္ဘာ့နိုင်ငံ အသီးသီးက ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးနှင့် ကုသပျောက်ကင်း နိုင်မည့်ဆေးများ ရှာဖွေ၊ ဖော်ထုတ်နေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာ ရောဂါကူးစက်နှုန်း သိသာစွာကျဆင်းလျက် ရှိသကဲ့သို့ ရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေကြောင်း ဝမ်းမြောက်ဖွယ် သိရှိရပါသည်။
သဘာဝဘေးအန္တရာယ်သည် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့် လူမှုစီးပွားဘဝကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ သဘာဝဘေးဟူသည် တားဆီး၍မရနိုင်ပါ။ သို့ရာတွင် ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အားကောင်း အောင် ဆောင်ရွက်ခြင်း ဖြင့် သဘာဝဘေးကြောင့် ထိခိုက်ခံစားရမှုကိုလျှော့ချနိုင်ပါသည်။ အဆိုပါသဘာဝဘေးများကို ရင်ဆိုင် တုံ့ပြန်ရာတွင် ကြိုတင်ပြင်ဆင်ခြင်း (Preparedness)၊ ကြိုတင် ကာကွယ်ခြင်း (Prevention) နှင့် အမြဲအဆင်သင့် ဖြစ်နေစေခြင်း (Readiness) တို့သည် များစွာအရေး ပါသော လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ ကြိုတင် ပြင်ဆင်မှုနှင့် အဆင်သင့်ဖြစ်မှု အားကောင်းမှသာ သဘာဝဘေးကို မကြောက်မရွံ့ဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်မည် ဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအား၊ ငွေအား၊ ပစ္စည်း အား၊ အချိန်အားစသည့် အရင်းအမြစ်များစွာ သုံးစွဲကြရပါသည်။ ထို့ကြောင့် အနာဂတ်ကာလတွင် ဖြစ်ပွားနိုင်ခြေရှိသည့် သဘာဝဘေး၊ ကျရောက်နိုင်ခြေရှိသည့်ဒေသ၊ ကျရောက်နိုင်သည့် သဘာဝဘေးပမာဏ စသည်တို့ကို ကြိုတင် တွက်ဆ၍ (Prospective Risk Management) အဖြစ် မိမိတို့၏ စွမ်းအားစုများကို စနစ်တကျအသုံးချပါက သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုကို ထိရောက်စွာ လျှော့ချနိုင်မည် ဖြစ်ပါသည်။
ယခုအခါ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လုပ်ငန်းကော်မတီများ၊ တိုင်းဒေသကြီး၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ များ၊ စီမံခန့်ခွဲမှုအဖွဲ့ များနှင့် ဘေးဖြစ်ပွားရာ ခရိုင်နှင့် မြို့နယ်ဘေးစီမံ ခန့်ခွဲမှုအဖွဲ့ များအနေဖြင့် သဘာဝဘေးအန္တရာယ်လျော့ပါးသက်သာရေး၊ ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေး၊ ဘေးကျရောက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရေး၊ ဘေးဖြစ်ပွားပြီး ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ နှင့် နည်းဥပဒေပါ သတ်မှတ်လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျ၊ ကြိုတင်စီမံ ဆောင်ရွက်ပါက ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းကျဆင်းမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။
သဘာဝဘေးတွေ လျော့ပါးဖို့၊ ဒို့အတူ လက်တွဲဆောင်ရွက်စို့
ကုလသမဂ္ဂ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံး ရှုံးနိုင်ခြေလျှော့ချရေးရုံး (United Nations Disaster Risk Reduction) က နှစ်စဉ်အောက်တိုဘာလ ၁၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှစ၍ “International Day for Disaster Risk Reduction” “အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့” ဟု အမည်ပြောင်းလဲသတ်မှတ်ကာ အဆိုပါနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီး က သဘာဝဘေးလျော့ပါးရေး အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ကာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကို နှစ်စဉ် စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ် လျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားများ ကျင်းပရာတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ သဘောတူညီထားသည့် ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်း မူဘောင် ၂၀၁၅-၂၀၃၀ ပါ ပန်းတိုင် များနှင့်အညီ ဦးစားပေးနယ်ပယ်များနှင့် ဦးတည်အုပ်စုများအလိုက် နှစ်စဉ်ဆောင်ပုဒ်များ သတ်မှတ်ခဲ့ကြ ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဆန်ဒိုင်းမူဘောင် Target (A,B,C,D,E) ကို အက္ခရာ စဉ်အတိုင်း ဆောင်ပုဒ်များ ရွေးချယ်သတ်မှတ် ဆောင်ရွက်ခဲ့ပါသည်။ အလျဉ်းသင့်၍ တင်ပြရပါက ၂၀၁၆ ခုနှစ်တွင် “ Live to tell” “ဘဝရှင်သန် နေထိုင်ဖို့၊ ဘေးအန္တရာယ်အသိမျှဝေစို့” ၂၀၁၇ ခုနှစ်တွင် “Home Safe Home” “ထိတွေ့ဘေးဒဏ် လျှော့ချမှ၊ လုံခြုံစိတ်ချတို့ဘဝ”၊ ၂၀၁၈ ခုနှစ်တွင် "Reducing Economic Losses from Disaster has the power to Transform Lives" ပြည်သူ့ဘဝ တိုးတက်ပြောင်းလဲဖို့၊ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုကို လျှော့ချဖို့” ၊ ၂၀၁၉ ခုနှစ်တွင် “Build to Last” “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ အခိုင်ခံ့ဆုံး တည်ဆောက်စို့”၊ ၂၀၂၀ ပြည့်နှစ်တွင် It's All About Governance” “ပေါင်းစည်းညီညွတ်သော စီမံဆောင်ရွက်မှုမှသည်၊ သဘာဝဘေးလျော့ပါးရေး ဆီသို့” ဟူသည့် ဆောင်ပုဒ်များဖြင့် ကျင်းပပြုလုပ်ခဲ့ ပြီးဖြစ်ပါသည်။ ယခုနှစ်အတွက် ဆန်ဒိုင်း မူဘောင် Target (F) ဖြစ်သည့် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်များက ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ပြီး လုံလောက်သော အထောက်အပံ့များပေးနိုင်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ရန်ရည်မှန်းကာ “Only Together, Can We Save the Planet!” “ဒို့ကမ္ဘာမြေကိုထိန်းသိမ်းဖို့၊ တွဲလက်ခိုင်မာ ပူးပေါင်းစို့” ဟူ၍ ဆောင်ပုဒ် သတ်မှတ်ထားကြောင်း သိရပါသည်။
၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို သဘာဝဘေး အန္တရာယ်ကြောင့် ဘေးသင့်သူဦးရေလျှော့ချရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထုမှ အလေးထား ဆောင်ရွက်နိုင်စေရန်၊ သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ နာမကျန်းဖြစ်သူများ အပါအဝင် နေအိမ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်ရန်၊ ဆန်ဒိုင်းမူဘောင်ပါ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေး လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရန်၊ ကူးစက်ရောဂါ အပါအဝင် ဇီဝဗေဒဆိုင်ရာ ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် ကာကွယ်ဆေး မျှတစွာ ဖြန့်ဝေရေးတွင် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုရရှိစေရန် ရည်ရွယ်ကာ အောက်တိုဘာ ၁၃ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ဒို့နေထိုင်ရာ မြေကမ္ဘာ၊ သာယာစေဖို့ ထိန်းသိမ်းစို့
ပညာရှင်များ၏ သုံးသပ်ချက်အရ အနာဂတ် ကာလများတွင် (Extreme weather events) ခေါ် ပြင်းထန်သည့် ရသီဥတုကြောင့် ဖြစ်ပွားလာမည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင် ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှုများ ဦးစားပေး ဆောင်ရွက် ထားကြရန်လိုကြောင်း သိရှိရပါသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားလာမည့် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်း သက်သာစေရေးနှင့် ဆန်ဒိုင်းမူဘောင် Target (F) ပါ ရည်မှန်းချက်များ အောင်မြင်စေရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် စီမံချက်များ ချမှတ်ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်း စီမံချက်ပါ လုပ်ငန်းများကို ဆက်စပ်ဝန်ကြီးဌာနများမှ ဦးစီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ကိုင်ဆောင်ရွက် လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ တက်ကြွစွာပူးပေါင်းပါဝင်မှု (Community's Active Participation) သည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက် ရှိသကဲ့သို့ အသိပညာပေးလုပ်ငန်း များသည် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဖြစ်ပါသည်။ သဘာဝဘေးဖြစ်ပွားပါက ဘေးဖြစ်ပွား ရာဒေသရှိ ပြည်သူ လူထုမှာ ဦးစွာ ခံစားကြရမည် ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် မှန်ကန်သည့် သဘာဝဘေး အသိပညာ ရရှိထားပါကဘေးဒဏ်ကို စနစ်တကျ ရင်ဆိုင်တုံ့ပြန်နိုင်မည် ဖြစ်ပါသည်။
ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်ဖြစ်ပွားသည့် ဘေးအန္တရာယ်များကြောင့် ကဏ္ဍစုံတွင် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ပိုမိုသိမြင်သဘော ပေါက်လာပြီး မိမိတို့နေထိုင်ရာ ကမ္ဘာမြေထိန်းသိမ်းစောင့် ရှောက်ရေးလုပ်ငန်းများ ကို ဦးစားပေး ဆောင်ရွက် လာကြပြီဖြစ်ပါသည်။ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချရေးကို ထည့်သွင်းစဉ်းစားကာ ရေရှည်မျှော်တွေး၍ စီမံဆောင်ရွက် နိုင်သည့် အလေ့အထကောင်းများ ရရှိလာကြပြီဖြစ်ပါ သည်။ အလားတူ မိမိတို့နိုင်ငံ ပြည်သူလူထု သည်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ၊ ဗဟုသုတများ ယခင်ကထက် ကုံလုံကြွယ်ဝလာကြပြီဖြစ်၍ သဘာဝဘေးဖြစ်ပွားလာပါက ပြည်သူများကိုယ်တိုင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဘေးဒဏ် ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် လူ့အဖွဲ့အစည်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော လူ့အသိုက်အဝန်းကို ဆောင်ကြဉ်း ပေးနိုင်မည် ဖြစ်ပါကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုကြိုဆို ရေးသားတင်ပြ လိုက်ရပါသည်။
ကိုးကား
၁။ မြန်မာနိုင်ငံသဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် ၂၀၁၇၊
၂။ မြန်မာနိုင်ငံ ပြည်သူလူထုသဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေရေး အမျိုးသား အဆင့်မူဘောင်
၃။ ၁၄-၇-၂၀၂၁ ၊ မြန်မာ့အလင်းသတင်းစာပါ တာရာ၏ဆောင်းပါး
၄။ Global Climate Risk Index 2021
မောင်လူမွန် (သုတေသန)