မဲမသမာမှု --- မဲခိုးမှု ဟု ဆိုရာဝယ်
လူတချို့ ကျွန်တော်နဲ့တွေ့စဉ် မေးကြပါတယ်။ “မဲခိုးတယ် ... မဲခိုးတယ်”ဆိုပြီး စွပ်စွဲ... ပြီးတော့ အာဏာယူလိုက်တယ် ... ကျုပ်ဖြင့် နားကိုမလည်တော့ဘူး ... ကျုပ်တို့ လည်း မဲပေးခဲ့တာပဲ ... ကြိုက်တဲ့လူ၊ ကြိုက်တဲ့ပါတီကို အမှန်တံဆိပ်တုံးရိုက်ပေးခဲ့တာ .. မဲရေတော့လည်း ကျုပ်တစေ့တစောင်း သွားကြည့်ခဲ့တယ်။ “ဒီလိုပဲ ရေတွက်နေတာပဲ ... သက်သက်စွပ်စွဲတာပါဗျာ”လို့ ပြောကြတယ်။ ဒါကြောင့် တိုတိုနဲ့ လိုရင်းရှင်းတော့ ရှင်းပြခဲ့ပါတယ်။ သဘောပေါက်သလား မပေါက်လားတော့ မသိဘူး။ ဒါနဲ့ ဒီဆောင်းပါးရေးရင် ကောင်းမှာပဲလို့ တွေးရင်း ရေးမိတော့တာပါ...။
တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ အရင် NLD အစိုးရလက်ထက် အဲဒီအစိုးရက ဦးစီး ကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့လို့ အဲဒီမဲမသမာမှုတွေကို ဖြေရှင်းပေးဖို့ တပ်မတော်က အကြိမ်ကြိမ် မေတ္တာရပ်ခံ အကြောင်း ကြားခဲ့ပေမယ့် ဖြေရှင်းဆောင်ရွက်ပေးခြင်း လုံးဝမရှိ၊ ဂရုမစိုက်ဘဲ လွှတ်တော်ကို ဇွတ်ခေါ်ပြီး၊ အစိုးရသစ်ဖွဲ့ဖို့ အဓမ္မကြိုးပမ်းတာကြောင့် အခုလို အာဏာထိန်းသိမ်း ရတာဟာ၊ အဓိက အကြောင်းရင်း ဖြစ်တယ်ဆိုတာ အားလုံး အသိပဲဖြစ်ပါတယ်။ လွှတ်တော် ခေါ်... အစိုးရဖွဲ့ပြီးတဲ့နောက် အရင် (၅)နှစ်ကထက် ဆိုးရွားတဲ့ အမျိုးဘာသာ၊ သာသနာ ထိခိုက်စေမယ့် ဆောင်ရွက်မှုတွေ လုပ်ကြတော့မယ် ဆိုတာကို တပ်မတော်က သိတယ်။
နက်နက်ရှိုင်းရှိုင်းသိဖို့လိုအပ်
ဆိုးကျိုးတရားတွေ ဖြစ်တော့မှာကို သိတဲ့ တပ်မတော်ဟာ ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းဖို့ တာဝန်ရှိတဲ့ အလျောက် မလွှဲမရှောင်သာဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ နိုင်ငံတော်တာဝန်ကို ခေတ္တခဏ ထိန်းသိမ်းတာသာဖြစ်ကြောင်း နိုင်ငံ သားတိုင်း နက်နက်ရှိုင်းရှိုင်းသိဖို့ လိုအပ် ပါတယ်။
“တပ်မတော် အာဏာသိမ်းတာကို ထောက်ခံသလား ... လို့ မေးလာရင်တော့ လှိုက်လှိုက်လှဲလှဲ ထောက်ခံပါတယ်”..လို့ ဖြေရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ တပ်မတော်ဟာ ဆိုးကျိုးတွေ ကို အချိန်မီ ဟန့်တားနိုင်မယ်ဆိုတာ သိလို့ပါ။
ကျွန်တော်က သာမန်အရပ်သား တစ်ဦးပါ။ ရာထူး၊ အာဏာ တာဝန်ဆိုပြီးတော့လဲ မြူမျှမရှိတဲ့ သာမန်အရပ်သား တစ်ဦးသာ ဖြစ်ပါတယ်။ ဒါပေမယ့် လူမျိုးနဲ့ နိုင်ငံတော်ကို ချစ်စိတ်၊ ဘာသာ သာသနာကို အလေးအနက်ထားပြီး ကိုးကွယ်ဆည်းကပ်လိုစိတ်ကတော့ ပြင်းပြင်းပြပြရှိသူ ဖြစ်ပါတယ်။
ကျွန်တော်ဟာ ၂၀၁၀ က ၂၀၁၇ ခုနှစ်ထိ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတစ်ခုမှာ တာဝန်ယူခဲ့ဖူးပါတယ်။ အဲဒီတာဝန်ပေးမယ်လို့ ကမ်းလှမ်းစဉ်က ရပ်ကွက်၊ မြို့နယ်ထဲမှာ အများယုံကြည် လေးစားတဲ့သူဖြစ်ရမယ်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဝင်မှ မဖြစ်စေရ၊ ပြစ်မှု ကင်းရှင်းပြီး ရိုးသားဖြောင့်မတ်သူ သိက္ခာသမာဓိရှိသူ ဟုတ်/မဟုတ် နောက်ကြောင်း ရာဇဝင်လိုက်ပြီးတော့မှ အားလုံးကိုက်ညီလို့ တာဝန်ပေးခြင်း ခံရ တာပါ။ ကိုယ်ရည်သွေးခြင်း မဟုတ်ပါ။ စုံစမ်းနိုင်ပါတယ်။
ဆက်ပါမယ်...ကျွန်တော့်ရဲ့ ၇ နှစ်တာ ရွေးကောက်ပွဲကော်မရှင် အတွေ့အကြုံတွေအရ ပြောရမယ်ဆိုရင် မဲမသမာမှုဆိုတာဟာ အောက်မှာ ဖော်ပြမယ့် အချက်အလက်တွေအပေါ် မူတည်နေတယ်လို့ ပြောလိုပါတယ်။
(၁) ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်မှာ ခန့်အပ်မယ့် ပုဂ္ဂိုလ်တွေဟာ သူတို့ထားရာ နေ စေရာသွား ပြောတာ လုပ်မယ့်သူတွေ၊ သူတို့အမိန့် မဖီဆန်တဲ့သူတွေကို ခန့်အပ် တာဝန်ပေးတာ၊
(၂) ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့စာရွက်စာတမ်းတွေ (မဲစာရင်း အပါအဝင်) ကို ဥပဒေနဲ့ ဆန့်ကျင်ပြီးတော့ လိုသလိုဆောင်ရွက်နိုင်ဖို့၊
(၃) အောက်ခြေအဖွဲ့အစည်းတွေဟာ သူတို့ဩဇာလွှမ်းမိုးသူ ဖြစ်ဖို့၊
(၄) သူတို့ပါတီကို ထောက်ခံဝန်းရံတဲ့ သူတွေဟာ ရပ်/ကျေး ကော်မရှင်နဲ့ မဲရုံတွေကို တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဥပဒေမဲ့အနိုင်ယူ လွှမ်းမိုးခြယ်လှယ်သူတွေ ဝန်းရံစေဖို့ စတဲ့ အဓိကအချက်တွေကို အခြေခံပြီး ကျန်တဲ့အချက်အလက်တွေကို လိုသလို ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။
အလျင်စလိုဖျက်သိမ်းဖို့မလို၍သာ
အမှတ်စဉ်(၁)မှာ ဖော်ပြထားတဲ့ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်မှာ ခန့်အပ်မယ့်ပုဂ္ဂိုလ်တွေဟာ သူတို့အမိန့်ကို မဖီဆန်သူတွေဖြစ်ရမယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး အကျယ်ရှင်းရရင် ၂၀၁၅ ခုနှစ်မှာ NLDပါတီအာဏာရပြီးတဲ့နောက် ဦးတင်အေး ဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေအရ အလိုလို ဖျက်သိမ်းပြီးသား ဖြစ်သွားတော့ ဦးလှသိန်းကို အသစ်ဖွဲ့စည်း လိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်ခဲ့ပါတယ်။ ဦးလှသိန်း ဟာ ဦးတင်အေး UEC ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တုန်းက မိတ္ထီလာ ခရိုင် ရွေးကော်ဥက္ကဋ္ဌ တာဝန်ယူခဲ့သူပါ။ သူ့ကို နိုင်ငံတော်သမ္မတက UEC ဥက္ကဋ္ဌခန့်ပါတယ်။ ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်/ကျေး ကော်မရှင်အဖွဲ့တွေကိုတော့ မဖျက်သိမ်းသေးဘဲ ဆက်ပြီးတာဝန်ပေးထားပါတယ်။ ဒီလိုမဖျက်ရတာ ကလည်း ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်တွေဟာ လစာစရိတ် ခံစားရခြင်းလည်း မရှိ၊ ကိုယ့်ထမင်း ကိုယ်စားပြီး၊ ဗော်လံတီယာ ဆောင်ရွက်နေသူတွေဖြစ်တာက တစ်ကြောင်း၊ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ သူတို့လူတွေ အဆင်သင့်မဖြစ်သေးတာက တစ်ကြောင်း၊ အလျင်စလိုဖျက်သိမ်းဖို့ မလိုသေးတာက တစ်ကြောင်းကြောင့် ဖြစ်ပါတယ် ၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက် ပွဲလုပ်တဲ့အခါမှာတော့ အရင်ပြည်နယ် တိုင်း၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်/ကျေး ကော်မရှင်တွေက တာဝန်ယူပြုလုပ်ပေးခဲ့ပါတယ်။ ကော်မရှင်အဖွဲ့ဟောင်းတွေဟာ ဘယ်ပါတီကိုမှ ဘက်လိုက်တာမရှိ၊ မသမာမှု မဲခိုးမှုအလျဉ်းမရှိ၊ ရွေးကောက်ပွဲ ဥပဒေအတိုင်း အတိအကျလိုက်နာ လုပ်ဆောင်ခဲ့ပါတယ်။ အာဏာရ NLD အစိုးရလည်း သိပါတယ်။ ဒါပေမယ့်...
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲပြီး တဲ့နောက်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အရင်ကော်မရှင်အဖွဲ့ကို ဆက်ပြီး တာဝန်မပေးတော့ဖို့၎င်းတို့ဆုံးဖြတ်ကြ ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့ နိုင်ကို နိုင်မှဖြစ်မယ်ဆိုတာ အဲဒီ ကတည်းက ဆုံးဖြတ်သုံးသပ်ထားပုံရပါတယ်။ ဒါကြောင့် အရင်ပြည်နယ်/ တိုင်း၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်တွေကို NLD အများစု ပါတဲ့အဖွဲ့နဲ့ အစားထိုးလိုက်ပါတယ်။ ဒီကိစ္စဟာ ပထမဆုံး မရိုးသားတဲ့လုပ်ရပ် အစပျိုးခဲ့ခြင်းပါ။ အရင်ရွေးကောက်ပွဲ ကော်မရှင်(အဟောင်း)တွေဟာ ဘယ်သူ့ ဩဇာလွှမ်းမိုးမှု ယုတ်စွအဆုံး အစိုးရရဲ့ ဩဇာလွှမ်းမိုးမှု)ကိုမှ မခံယူဘဲ ကော်မရှင်(UEC)က ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကိုသာ လိုက်နာပြီး အဲဒီဥပဒေ၊ နည်းဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်တဲ့သူတွေဖြစ်လို့၊ သူတို့စေခိုင်းသလို လုပ်မယ့်သူတွေ မဟုတ်ဘူးလို့ ယုံကြည်ပြီး ကော်မရှင် အသစ်ကို ထပ်ဖွဲ့စည်းခြင်းဖြစ်ပါတယ်။ ဥပဒေအရတော့ အသစ်ထပ်မံဖွဲ့စည်း ရမှာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ ပါတီဝင်တွေ၊ ဝန်းရံသူ လိုလားသူတွေချည်း ရွေးခန့်တာကတော့ လွန်လွန်း အားကြီးပါတယ်။ မဲပေးခြင်းတွေနဲ့ပတ်သက်ပြီးပြောရရင် ဒုတိယအချက်ဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေ၊ အထူးသဖြင့် မဲစာရင်းတွေကို ဥပဒေနဲ့
ဆန့်ကျင်ပြီးလိုသလို ဆောင်ရွက်နိုင်ရမယ်ဆိုတဲ့ အချက်မှာ (မဲစာရင်း) ဟာ ရွေးကောက်ပွဲတစ်ခုအတွက် အဓိက အကျဆုံး ဖြစ်ပါတယ်။ မဲစာရင်းမှာ နာမည်မပါရင် မဲပေးလို့ မရဘူးလေ။ ဒီတော့ သူ့လူတွေ အများအပြားပါအောင် လုပ်လိုက်တော့ မဲစာရင်း မှားယွင်းဖောင်းပွမှုတွေ ဖြစ်ကုန်ပါလေရော။ တစ်နိုင်ငံလုံး မဲစာရင်းဖောင်းပွမှု ဆယ့်တစ်သန်းကျော်ရှိတယ်လို့ သိရပါတယ်။ မဲစာရင်း(ပုံစံ-၁)မှာပါတဲ့ အချက်တွေကို ပုံစံဇယားတွေနဲ့ ချပြ၊ ရေးပြရရင် ရှုပ်ထွေးမှာစိုးလို့ လိုရင်းကိုပဲ ဖော်ပြ ပါမယ်။ မဲစာရင်းမှာ ပါဝင်ခြင်း၊ မဲပေးခြင်း တွေနဲ့ပတ်သက်ပြီး ပြောရရင်
(၁) အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။
(၂) နိုင်ငံသား / ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရပြီးသူ ဖြစ်ရပါမယ်။ (မဲစာရင်းမှာ နိုင်၊ ဧည့်၊ ပြု၊ စိစစ်ရေးကတ်နံပါတ် ဖော်ပြရမှာပါ)
(၃) တခြားမဲဆန္ဒနယ်၊ မဲရုံတစ်ခုခုမှာ နာမည်ပါပြီးရင် ကိုယ်မဲထည့်မယ့် မြို့နယ်၊ ရပ်/ကျေး မဲရုံတစ်ရုံမှာသာ မဲပေးရမှာပါ။ တခြားမှာ ပါနေတဲ့ ကိုယ့်အမည်ကို ဖျက်ခိုင်းရပါမယ်။
(၄) မဲပေးတဲ့နေရာမှာလည်း လူတစ်ယောက်ဟာ တစ်ကြိမ်သာ မဲပေးခွင့် ရှိပါတယ်။ နှစ်ခါ သုံးခါ မဲပေးမှာစိုးလို့ မဲရုံက အထွက်မှာ လက်သန်းကို မင်တို့ပြီး အမှတ်အသား လုပ်လိုက်တာပါ။ တချို့က အထွက်မှာ မင်မတို့ဘူးလို့ ကြားရပါတယ်။) (မသမာမှု တစ်ခုခုလုပ်မယ် မဲထပ်ပေး မယ်ဆိုတဲ့ သဘောပါ။)
(၅) လူတစ်ယောက်ဟာ သူများအမည်နဲ့ မဲပေးလို့ မရပါဘူး။
(၆) ကိုယ်စားမဲပေးခွင့်လည်း မရှိပါဘူး။
(၇) ကိုယ့်သဘောနဲ့ကိုယ် မဲရုံမှူးကို မသိစေဘဲ၊ မဲပုံးထဲကို မဲလက်မှတ် သွားထည့်လို့လည်း မရပါဘူး။
(၈) ပြင်ပက ယူလာတဲ့ မဲလက်မှတ်တွေကို မဲထည့်လို့ မရပါဘူး။ ဆိုတော့ရင်... အခု NLD အစိုးရဦးဆောင် ကျင်းပပေးတဲ့ ရွေးကောက်ပွဲမှာ NLD မြို့နယ်၊ ရပ်/ကျေး ပါတီဝင်တွေ၊ ဝန်းရံ သူတွေ ပူးပေါင်းစွက်ဖက်ပြုစုထားတဲ့ မဲစာရင်းကိုကြည့်တော့ အသက်(၁၈) နှစ်မပြည့်သေးသူတွေ၊ မှတ်ပုံတင် မရှိ သူတွေ၊ (၂)ကြိမ်၊ (၃) ကြိမ် အမည်ထပ်ပါ နေသူတွေ၊ အဖအမည်တစ်ဦးတည်းနဲ့ (၁၀) ဦး (၁၅) ဦးပါနေသူတွေ၊ အသက် (၁၀၀) ကျော် သေဆုံးပြီးတဲ့သူတွေ၊ တော်တော်များများ ပါဝင်နေတာ တွေ့ရ ပါတယ်။ ဥပဒေအရ မဲစာရင်းမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား၊ နံပါတ်မပါသူတွေဟာ လုံးဝမဲပေးခွင့် မရှိပါ။ ဒါပေမယ့် မဲပေးထားပါတယ်။ အသက်(၁၀၀) ကျော်သေဆုံးပြီးသူတွေလည်း မဲပေးထားပါတယ်။ အသက် (၁၈) နှစ်မပြည့်သူတွေ မဲစာရင်းမှာပါနေပြီး မဲပေးထားပါတယ်။ ၎င်းတို့ ကိုယ်တိုင် မဲပေးတာ ဟုတ်မဟုတ် စိစစ်နိုင်ခြင်းလည်း မရှိပါ။ ရပ်/ကျေးနှင့် NLD ဝန်းရံ သူတွေက ကိုယ်မဲပေးခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကာယကံရှင်တွေ ကိုယ်တိုင်သိမှာပါ။ ဒီကိစ္စဟာ မဲမသမာမှု (မဲခိုးခြင်း) ဖြစ်ပြီး ရွေးကောက်ပွဲဥပဒေကို ဖောက်ဖျက်ကျူးလွန်တာလည်း ဖြစ်ပါတယ်။ ဥပဒေအရ ထောင်ဒဏ် (၁) နှစ်၊ ငွေဒဏ်(၁)သိန်း ကျခံရနိုင်ပါတယ်။
တတိယအချက်ဖြစ်တဲ့ အောက်ခြေ အဖွဲ့အစည်းတွေဟာ သူတို့ဩဇာ လွှမ်းမိုးသူများ ဖြစ်ရမယ်ဆိုတဲ့ အချက် နဲ့ပတ်သက်ပြီး အောက်ခြေအဖွဲ့ အစည်း ဆိုတဲ့နေရာမှာ ရပ်/ကျေးကော်မရှင်တွေ၊ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေ ပါဝင်ပါတယ်။ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်အချို့ဟာလည်း နီးရာဓားကြောက်နေရသူတွေ ပါဝင် သလို သူတို့ကိုယ်တိုင်ကိုယ်က အဲဒီပါတီကို လိုလားနေသူတွေ အများအပြားရှိနေပါတယ်။ မဲရုံမှူးနဲ့ ဒုမဲရုံမှူးတွေကိုတော့ များသောအားဖြင့် ပညာရေးဝန်ထမ်းတွေကို မြို့နယ်က တာဝန်ပေးထားပြီး ကျန်တဲ့ မဲရုံအဖွဲ့ဝင်တွေကိုတော့ ရပ်/ကျေး ကော်မရှင်က ရွေးချယ်ပြီး မြို့နယ်က ခန့်အပ်ထားပါတယ်။ ရပ်/ကျေး ကော်မရှင်တွေဟာ NLD အမာခံတွေဖြစ် သလိုရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေဟာ လည်း NLD ခန့် ပုဂ္ဂိုလ်တွေဖြစ်လို့။ ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ်လိုသလို ဝေပြီး အနိုင်ယူကြပါတယ်။ ဥပမာတစ်ခု ပြောရရင် မဲလာမပေးနိုင်တဲ့ သူကို ဖြစ်ဖြစ်၊ သေဆုံးပြီး မဲစာရင်းမှာ ပါနေသူ ကိုပဲဖြစ်ဖြစ် ရပ်/ကျေးကော်မရှင်ဟာ NLD အမတ်လောင်းနေရာမှာ တံဆိပ်တုံး ထုပြီး မဲပုံးထဲထည့်ခြင်းစတဲ့ ဥပဒေမဲ့လုပ်ရပ်များ လုပ်နိုင်ပါတယ်။
ကန့်ကွက်တာတွေ အများအပြားရှိ
ဒါ့အပြင် ကြိုတင်မဲပေးတဲ့နေရာမှာ လည်း ကိုဗစ်ရောဂါအကြောင်းပြပြီး အသက်(၆၀) ကျော်သူတွေ၊ ကြိုတင် မဲပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် TV မှာ ကြေညာပြီး နောက်တစ်နေ့မှာ UEC က ထပ်ပြီးကြေညာပါတယ်။ အောက်ခြေ ပြည်နယ်/တိုင်း၊ ခရိုင်တွေကိုလည်း ညွှန်ကြားချက်တွေ ထုတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲဥပဒေနှင့် မညီညွတ်ပါ။ ရွေးကောက်ပွဲဥပဒေမှာ ရပ်ကွက်ထဲ နာမကျန်းဖြစ်ရသူတွေ၊ မီးဖွားနေသူတွေ၊ အနနာကြီးရောဂါရှိနေသူတွေ ... စတဲ့ သူတွေကိုသာ ရပ်ကွက်ကြိုတင်မဲပေးခွင့် ရှိကြောင်း ဖော်ပြထားပါတယ်။ အသက် (၆၀) ကျော်အရွယ် ကြိုတင်မဲပေးခွင့် ရှိတယ်လို့ မပြဋ္ဌာန်းထားပါ။ ဒါပေမယ့် ကိုဗစ်ရောဂါကို အကြောင်းပြုပြီး အသက် (၆၀) ကျော်တွေ ကြိုတင်မဲပေးနိုင်တယ် လို့ ကြေညာလိုက်တော့ သူတို့အဖို့ ဖိုးကျိုင်းတုတ် ဖြစ်သွားပါတယ်။ NLD တံဆိပ်တပ်ထားတဲ့ ဆိုက်ကားတွေ။ ဆိုင်ကယ်တွေ၊ မြင်းလှည်းတွေ၊ ကား တွေနဲ့ အိမ်တိုင်ရာရောက်သွားကြပြီး မဲထည့်စေခဲ့ပါတယ်။ ဥပဒေအရကြိုတင် မဲပေးတဲ့နေရာကို အမတ်လောင်းတွေက မဲရုံတွေမှာ ခန့်ထားတဲ့ မဲရုံကိုယ်စားလှယ် (ဘယ်ပါတီကမဆို)တွေမှအပ တခြား ဘယ်သူမှ မလိုက်ရပါဘူး။ ဒါပေမယ့် NLD Group ကတော့ ပျော်ပျော်ပါးပါး လိုက်ပါစည်းရုံးတာတို့ တချို့တွေက မဲမထည့်တတ်သူတွေကို “ဒီမှာတံဆိပ် တုံးရိုက်လိုက်” ဟု လက်ညှိုးညွှန်ပြီး NLD အမတ်လောင်းဘေးက အကွက်မှာ တံဆိပ်တုံး ရိုက်ခိုင်းတာမျိုး၊ တချို့က ကိုယ်တိုင်တံဆိပ်တုံး ရိုက်ပေးတာမျိုး ပြုလုပ်ခဲ့ကြတယ်။ ဒါဟာ ရွေးကောက်ပွဲမှာ (မဲခိုးတာ) ပဲဖြစ်ပါတယ်။ တိုင်ကြား ကန့်ကွက်တာတွေ အများအပြားရှိတယ်လို့ သိရပါတယ်၊ အရေးယူမှုတော့ မရှိခဲ့ပါ။
မဲမသမာမှုနဲ့ဆက်နွယ် စတုတ္ထအချက်ဖြစ်တဲ့... သူတို့ပါတီ ကို ထောက်ခံဝန်းရံသူတွေဟာ ရပ်/ကျေးနဲ့ မဲရုံတွေမှာ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဥပဒေမဲ့ အနိုင်ကျင့် လွှမ်းမိုးခြယ်လှယ်သူတွေ ဝိုင်းရံစေဖို့ ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး အထက်မှာလည်း တော်တော်များများ ဖော်ပြပြီး ဖြစ်ပါတယ်။ ဥပမာအားဖြင့် မဲရုံထဲကို ဝင်ခွင့်မရှိတဲ့ NLD ပါတီဝန်းရံသူတွေဟာ ခြေချင်းလိမ်အောင် ဝင်ထွက်နေတာတို့ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေကို ဟိုဟာလုပ် ပါလား၊ ဒီဟာ လုပ်ပါလားဆိုပြီး မလျော် ဩဇာသုံးတာတို့အပြင် သူတို့လူတွေကို မဲရုံထဲအထိ ဆွဲခေါ်လာပြီး လိုသလို မဲပေးစေတာမျိုးတို့၊ မဲရုံထဲမှာနဲ့ အနီး အနားမှာ အော်ကျယ်ဟစ်ကျယ်တယ်လီ ဖုန်းပြောတာမျိုး၊ ဓာတ်ပုံရိုက်တာမျိုး တွေ၊ သူတို့လူတွေကို ကားနဲ့တစ်မျိုး၊ ဆိုင်ကယ်နဲ့တစ်ဖုံ သွားခေါ်ပြီး မဲရုံအဝထိ ပို့ပေးပြီး သူတို့ပါတီကို မဲထည့်ဖို့ မဲရုံအဝ ရောက်တဲ့အထိ တတွတ်တွတ် ပြောနေတာမျိုးတွေ လုပ်ကြပါတယ်။ မဲရုံအတွင်းမပြောနဲ့ မဲရုံနဲ့ကိုက် ၅၀၀ အတွင်းမှာတောင် မဲဆွယ်တာမလုပ်ရဘူး ဆိုတဲ့ဥပဒေကို သိသိချည်းနဲ့ ချိုးဖောက်တာမျိုးတွေ လုပ်တာဟာ အတော် အသည်းယားစရာ ကောင်းပါတယ်။ ဒါတွေဟာ မဲမသမာမှုနဲ့ ဆက်နွယ်နေတဲ့ အကြောင်းရပ်တွေ ဖြစ်ပါတယ်။ ။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာက 'မဲရုံမှူး လုပ်ငန်းလမ်းညွှန်' ဆိုတဲ့ စာစောင်ကို UEC က ရိုက်နှိပ်ပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ မဲရုံမှူးတာဝန်ယူမယ့်သူတွေကို ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွေမှာ လက်ရောက်ဖြန့်ဝေပေးခဲ့ပြီး အရင် ရွေး/ကော်ဟောင်း တာဝန်ယူစဉ်က အနီးကပ်သင်တန်းတွေလည်း ပို့ချခဲ့ပါတယ်။ မဲဆန္ဒရှင်တွေနဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့ရမယ့်သူတွေဟာ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သူတို့သမာသမတ်ကျရင်၊ ဥပဒေ နားလည်လိုက်နာကျင့်သုံးရင် (ပယောဂ မဝင်၊ နှောင့်ယှက်လွှမ်းမိုးခံရမှု မခံရရင်)၊ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ဥပဒေ အတိုင်း ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ဆောင်ရွက် ကြမယ်ဆိုရင် တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ၉၀ ရာခိုင် နှုန်း အောင်မြင်ပြီးမြောက်ပြီး ဖြစ် ပါတယ်။ ဒါပေမယ့် တချို့ မဲရုံမှူး၊ ဒုမဲ ရုံမှူးတွေဟာ စောစောက ဖော်ပြထား သလို နီးရာဓားကြောက်သူ၊ ကိုယ်တိုင်က ပါတီစွဲရှိပြီး၊ ယိမ်းယိုင်သူ၊ ဥပဒေမဲ့ပြုကျင့် နေတာကို တွေ့ရက်နဲ့ မလုပ်မရှုပ်မပြုတ် သဘောထားနေသူတွေ ဖြစ်နေရင်တော့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလို့ မခေါ်နိုင်တော့ပါ။ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ (၆၁)ကို ဖောက်ဖျက်ပြီး မဲဆွယ်မှု တွေကို မဲရုံတွင်းမှာပဲ ပြောင်ကျကျ ကျူးလွန်သူအချို့ရှိခဲ့ပါတယ်။
ပုဒ်မ(၆၁)မှာ ဖော်ပြထားတာက မဲရုံ တွင်းမှာဖြစ်စေ၊ မဲရုံမှာ ကိုက် ၅၀၀ အကွာ အတွင်းမှာဖြစ်စေ၊ မဲဆွယ်ခြင်း ပြုလုပ် ပါက ထိုသူကို (၁)နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမယ်လို့ ဖော်ပြထား ပါတယ်။ ဒါပေမယ့် တချို့ မဲရုံမှူး၊ ဒုမဲရုံ မှူး၊ NLD ခန့် မဲရုံအဖွဲ့ဝင်တွေဟာ မဲရုံထဲ ရောက်ရှိနေတဲ့ မဲလာပေးတဲ့သူကို ကူညီ သလိုလိုနဲ့ မိမိလိုလားတဲ့ ပါတီကိုယ်စား လှယ်လောင်းကို လက်ညှိုးညွှန်ပြီး “ဒီမှာ တံဆိပ်တုံးရိုက်လိုက်” လို့ ပြောတာတွေ ရှိခဲ့ပါတယ်။ ဒါဟာ မဲဆွယ်ခြင်းသာမက မသမာမှုကို ကာယကံမြောက်ကျူးလွန် ခဲ့တာ ဖြစ်ပါတယ်။
တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲ
မိမိတို့ ကော်မရှင်ဟောင်းများ တာဝန်ယူခဲ့စဉ်က ဒီအချက်ကို အလေး အနက်ထားပြီး မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေ မြို့နယ်နဲ့ ရပ်/ကျေး ကော်မရှင်တွေကို ဒီလိုမလုပ်မိစေဖို့ အထပ်ထပ်သတိပေး သင်ကြားပို့ချခဲ့ပါတယ်။ သူတို့အနေနဲ့ လည်း ဥပဒေကို သဘောပေါက်တာက တစ်ကြောင်း၊ ကိုယ်တိုင်က ဘက်မလိုက် ပဲ ရိုးဖြောင့်တာက တစ်ကြောင်းတို့ကြောင့် မဲမသမာမှုဖြစ်စဉ်အလွန့်အလွန် နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဒီလိုမျိုးဖြစ်စဉ်တွေ ပလူပျံအောင် များပြားခဲ့လို့ တရား မျှတမှု မရှိတဲ့ ရွေးကောက်ပွဲလို့ပဲ သတ်မှတ်ရမလို ဖြစ်ပါတယ်။ ။
ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှာ တရားမဝင်တဲ့ မဲဆန္ဒရှင်တွေ၊ နှစ်ကြိမ် သုံးကြိမ် ပါနေတဲ့ မဲဆန္ဒရှင်တွေ၊ အသက် ၁၀၀ နှစ်ကျော် သေဆုံးပြီးသူတွေ၊ မဲဆန္ဒနယ် နှစ်နေရာ သုံးနေရာမှာ ထပ်တလဲလဲပါနေသူတွေ၊ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေ၊ နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုခု မရှိတဲ့သူတွေ၊ စုစုပေါင်း ၁၁ သန်းကျော် ပါနေတာဟာ မဲမသမာမှု ပြုလုပ်ဖို့ တစ်နည်းအားဖြင့် (မဲခိုးဖို့)စနစ်တကျ ကြိုတင်စီစဉ်ထားတာ ဖြစ်ကြောင်း တစ်နိုင်ငံလုံးမှာရှိနေတဲ့ မဲဆန္ဒရှင်ပြည်သူတွေ သိထားဖို့လိုကြောင်း ဖော်ပြလိုက်ရပါတယ်။
သက်ခိုင်မြင့်