Skip to main content

အောင်စိတ်မွေးပါ

အောင်မြင်ချင်သလား။ အောင်မြင်ချင်ရင် အောင်စိတ်အရင်ရှိရပါမယ်။ အောင်နိမိတ် အတွေးနဲ့ အောင်စိတ်မွေးပါ။ အောင်စိတ်ဟာ အောင်မြင် စေဖို့အတွက် ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ ဆရာကြီးလယ်တွင်းသား စောချစ်နဲ့ စာပေဟောပြောပွဲများစွာ လိုက်ပါရင်း အောင်စိတ်အကြောင်း ပရိသတ်နှစ်သက်လက်ခံသဘောကျအောင် ဟောပြောအားပေးပုံတွေကို နားထောင် ခဲ့ရပါတယ်။ ကြားခဲ့ရ၊ မှတ်သားခဲ့ရဖူးပါတယ်။ ဘဝမှာ အောင်စိတ်ရှိဖို့က အခြေခံကျကျ အရေးကြီးလှပါတယ်။

အောင်မြင်မှုဆိုတာ မတော်တဆရလာတာ မဟုတ်ပါဘူး။ အောင်မြင်စေတဲ့ အကြောင်းရင်း တွေကိုသိအောင် လေ့လာမှတ်သားပြီး ပြည့်စုံအောင် လုပ်ဆောင် အကောင်အထည်ဖော်တဲ့ အလုပ်မျိုးတွေကြောင့် အကျိုးဆက်ပေါ်ထွက်လာရတဲ့ အကြောင်းအကျိုး နိယာမ သဘောသဘာဝပါပဲ။ “အောင်မြင်ချင်ရင် မအောင်မြင်တဲ့လမ်းကြောင်း အတိုင်း မလုပ်မိအောင် ကြိုးစား”လို့ ဆရာတစ်ဦးက ညွှန်းခဲ့ဖူးပါတယ်။ တကယ့်ကို အမှန်တရားပါပဲ။ ထင်ရှား မြင်သာတဲ့အမှား၊ သင်ခန်းစာ ယူစရာ သမိုင်းအမြင်ပေပဲ။

ဝါဒရေးမှိုင်းမိတဲ့အခါ

သို့သော် ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲမွန်ပြီး အမှောင်ဖုံးနေခဲ့မိရင် ဒီအမှန်တရားကို ဘယ်လိုမှ မမြင်နိုင်။ သခင်သန်းထွန်း၊ ဗိုလ်ဇေယျ၊ ဗိုလ်မှူးချုပ် ကျော်ဇော၊ ဗိုလ်ရန်အောင်၊ ဗိုလ်မှူးချစ်ကောင်း၊ ဗိုလ်သက်ထွန်းဆိုတဲ့ မျိုးချစ်ခေါင်းဆောင်လူငယ်တွေဟာ သူ့ခေတ်နဲ့သူ နယ်ချဲ့ ဆန့်ကျင် ရေးလှုပ်ရှားမှု၊ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ပြီး ပါဝင်ခဲ့ကြတဲ့ လူငယ် တွေပါပဲ။ ဝါဒရေးမှိုင်းမိတဲ့အခါ လက်နက်ကိုင် ပုန်ကန်ရေးလမ်းစဉ်ကို အရွေးမှားမိခဲ့ကြတယ်။ လေးစားစရာကောင်းခဲ့တဲ့ သူတို့ရဲ့ သမိုင်းကြောင်းဟာ ရေစုန်မျောခဲ့ရတယ်။ လက်နက်ကိုင် တိုက်ပွဲပဋိပက္ခရဲ့ ဆိုးကျိုးဒဏ်ကို ပြည်သူတွေ၊ သွေးပင်လယ်ဝေအောင် ခံခဲ့ကြရတာ သွေးနဲ့ရေးကြရတဲ့ မိမိတို့နိုင်ငံ သမိုင်းစာမျက်နှာတွေမှာ သွေးမခြောက်သေးပါဘူး။ မြေစာပင်တွေပါ။

ထိပ်တန်းလူတော် နိုင်ငံရေးသမားတွေရဲ့ ဒါမျိုးမှားယွင်းတဲ့ ရွေးချယ်ဆုံးဖြတ်မှုတွေဟာ တကယ်တော့ ထပ်ခါထပ်ခါကော့ပြီး မချွတ်ချော်မလွဲမှားသင့်သော်လည်း သခင်စိုးလည်း ဒီအမှားချောက်ထဲ ကျခဲ့ဖူးတာပဲ။ သခင်နု၊ ဗိုလ်လက်ျာ စသည် စသည် ပြည်ပအားကိုးနဲ့ လက်နက်ကိုင်တော်လှန်ပုန်ကန်ရေး လုပ်ဆောင်ခဲ့ကြတဲ့ ရဲဘော် ထွန်းကျော်(ခေါ်)စိုးဝင်း (လူထုဒေါ်အမာရဲ့ သားအကြီးဆုံး)၊ ရန်ကုန် တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ဘဆွေလေး (စတဲ့ တောတွင်းမှာ သွေးမြေကျခဲ့ကြတဲ့ ကျောင်းသားနိုင်ငံရေးသမားတွေ) လူငယ် အညွန့်အဖူး၊ လူတော်၊ လူတတ်ပေါင်းများစွာဟာ အမှားသရုပ်နဲ့ သမိုင်းကို ရေးပြထားခဲ့ပြီးသား။

သေသေချာချာစဉ်းစားကြည့်

လက်ရှိ NUG, CRPH ဇော်ဝေစိုး၊ မင်းကိုနိုင် လက်နက်ကိုင် လမ်းစဉ်ကို မီးထိုးပေးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကြံရွယ်ချက်၊ လုပ်ဆောင် ချက်တွေဟာ ဘယ်လောက်လက်တွေ့ကျသလဲ။ မအောင်မြင်တဲ့သူတွေရဲ့ လမ်းကြောင်းအတိုင်း သွေးခင်းပြီးလိုက်စေအောင် တွန်းချနေတာ တွေပဲ မဟုတ်လား။ သေသေချာချာစဉ်းစားကြည့်ကြပါလေ။

အောင်မြင်ချင်ရင် အောင်မြင်တဲ့သူတွေရဲ့ တည်ဆောက်ရေး၊  ထူထောင်ရေး အပြုသဘော စွမ်းဆောင်ချက်တွေကိုသာ လေ့လာ သုံးသပ်ပြီး ဆောင်ရွက်ကြရမှာ မဟုတ်ဘူးလား။ ဒီခေတ်မှာ သိပ္ပံနည်းကျ သုတေသနပြုပြီး ခိုင်လုံတဲ့သက်သေ၊ သာဓကတွေနဲ့ မြင်ကွင်းကျယ် သိမြင်နိုင်ပါ လျက်နဲ့ မျက်ကွယ်ပြုပြီး ငါလုပ်တာမှ အမှန်၊ ငါစီမံတာပဲ အဟုတ်၊ မလည်မဝယ်လူငယ်တွေကို လက်နက်ခဲယမ်းတွေ၊ ဗုံးတွေ၊ မိုင်းတွေ၊ ဖောက်ခွဲ ဖျက်ဆီးမီးရှို့စရာတွေပေးပြီး နိုင်ငံနဲ့ နိုင်ငံသားတွေကို အရှက်မဲ့စွာ ဖျက်ဆီးဒုက္ခပေးနေမယ်ဆိုရင် ယခင်က ကျော်ကြား ထင်ရှားဖူးတဲ့ နာမည်ကောင်း၊ သမိုင်းကြောင်းအကောင်းတွေကို လက်နဲ့ရေးခဲ့တာ ခြေနဲ့ဖျက်သလို ဖြစ်ရတော့မှာပဲ။

ဦးတည်ချက် မလွဲမှားကြစေချင်

လူတိုင်း လူတိုင်းက ကိုယ့်သမိုင်းကိုယ် ရေးနေကြရတာလေ။  ကိုယ့်တစ်ကိုယ်စာ အောင်မြင်မှု လေးကို ဦးစားမပေးပါနဲ့။ ပြည်သူနဲ့ နိုင်ငံအတွက် တိုးတက်အောင်မြင်မှု အောင်ပွဲတွေကို တည်ဆောက်  ဖန်တီးပေးဖို့ ဦးစားပေးရမှာမဟုတ်လား။ ဦးတည်ချက် မလွဲမှားကြစေချင်လို့ပါ။ UK က ကူညီတာကောင်းစေချင်လို့ ဟုတ်၊ မဟုတ်။ US က ထောက်ပံ့တာ အပြုလား၊ အဖျက်လား။ UN ကလုပ်ဆောင်နေပုံတွေဟာ အမှန်တကယ်ရော တရားမျှတရဲ့လား။ လူသားဝါဒပီသရဲ့လား။ အကြမ်းဖက်လူသတ်သမားတွေကို အားပေးမှာလား။ ငါးကြင်းဆီနဲ့  ငါးကြင်းကြော်တာ မြင်ပြီလား။ တကယ့်တကယ်အောင်မြင်မှုဆိုတာ သင့်ဘဝ အဆင်ပြေ နေရုံလေး မဟုတ်ပါ။ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးဆိုတာ အစစ်အမှန် အောင်မြင်မှုမဟုတ်ဘူး။ လူမျိုးနဲ့ နိုင်ငံအတွက်ပါ အလေးအနက်အကျယ်အပြန့်ဖြန့်ပြီး စဉ်းစားတတ်ရမှာ။

မှတ်သားသင့်တဲ့အောင်မြင်မှုကို ဟန့်တားမှု၊ အဆီးအတားတွေ ကို မြင်အောင်ကြည့်ပါဗျာ။ သိအောင်လေ့လာပြီး ရှောင်နိုင်ပါစေ။ သင့်ရဲ့အမှားဝန်ထုပ်ဝန်ပိုးကြီးတွေကိုပြည်သူတွေ ဒုက္ခဆင်းရဲပင်လယ်ဝေအောင် မဖိစီးမိပါစေနဲ့။

၁။ အတ္တကြီးနေခြင်း၊

၂။ ဆုံးရှုံးရမှာကို ကြောက်ရွံ့ခြင်း၊

၃။ ရည်မှန်းချက်ပန်းတိုင် (ကောင်းကောင်း) မရှိခြင်း၊

၄။ လက်တွေ့ကျတဲ့ စီမံချက်မရှိခြင်း၊ (ခိုင်းတာလုပ်နေရင်ရေစုန်မျောမယ်)

၅။ အပြောင်းအလဲများခြင်း၊

၆။ အချိန် (နေ့ရွှေ့ ညရွှေ့နဲ့) ဆွဲခြင်း၊

၇။ မိသားစုကိစ္စကိုပဲ အာရုံများခြင်း၊

၈။ ငွေရေးကြေးရေး အာမခံချက်မရှိခြင်း၊

၉။ တစ်ခုခုကို အာရုံမစိုက်ဘဲ ထွေပြားခြင်း၊

၁၀။ တစ်ဦးတည်း ထင်ရာလုပ်ခြင်း၊

၁၁။ ခေါင်းမာခြင်း၊

၁၂။ အဝတ်အစားလျှပ်ပေါ်လော်လည်ခြင်း၊

၁၃။ လေ့လာသင်ယူမှု နည်းခြင်း၊

၁၄။ မာန်မာနလွန်ကဲခြင်း၊ ဘဝင်မြင့်ခြင်း၊

၁၅။ ဦးစားပေးအဆင့် မှန်ကန်စွာ မသတ်မှတ်နိုင်ခြင်း စတာတွေပါ။

ဆက်စဉ်းစားပါ။ ဒါတွေက ရှောင်ရမယ့်၊ မအောင်မြင်စေခဲ့တဲ့ သမိုင်းသင်ခန်းစာတွေပါ။

အောင်မြင်မှုက ခြေထောက်လေးချောင်း ထောက်ထားသလို အဓိကလေးချက် ဟန်ချက်ညီညီ မိမိဆီမှာ ရှိနေရမယ်။ ပြည့်စုံရပါမယ်။

၁။ ဆန္ဒာဓိပတိ = နေ့နေ့ညည စိတ်အားထက်သန်ပြီး ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မယ်ဆိုတာမျိုး ဆန္ဒပြင်းပြနေရမယ်။

၂။ ဝီရိယာဓိပတိ = အရိုးကျေကျေ အရေခန်းခန်း သေတစ်နေ့မွေးတစ်နေ့ပဲကွာ လဲသေသွားစမ်း ပါစေ၊ မနားမနေ အဆက်မပြတ် ကြိုးစားအားထုတ်မယ်ဆိုတဲ့ ဇွဲလုံ့လ။

၃။ စိတ္တာဓိပတိ = ငါဟာကောင်းမှု ကောင်းကျိုးပြုဖို့ဖြစ်တယ်။ ကုသိုလ်စိတ်နဲ့ အရင်းတည်တယ်။ မှန်ကန်တယ်။ မျှတတယ်။ တရားတယ်။ သဒ္ဓါ၊ သီလ စတဲ့အကျင့်မှန်တရား တွေပါလို့ မုချအောင်မြင် ရမယ်ဆိုတဲ့ ထက်သန်တဲ့စိတ်။

၄။ ဝီမံသာဓိပတိ = ကိုယ်သိရ၊ တတ်ရမယ့် လုပ်ငန်းဆိုင်ရာမှာ ကောင်းစွာ နှံ့စပ်ကျွမ်းကျင်တဲ့ သုတအတွေ့ အဖြူရော၊ မုတအတွေ့အကြုံပါ ပြည့်စုံမှုရှိရမယ်။ တကယ်တတ်ကျွမ်းပါစေ။

ဒီလေးချက်နဲ့ ပြည့်စုံသူဟူသမျှဟာ ခရစ်တော်မပေါ်မီကာလမှာလည်း အောင်မြင်ခဲ့တာပဲ။ ယခုလည်းအောင်မြင်နေကြတာပဲ။ နောင်လည်း အောင်မြင်မှာပဲ။ သေချာမလွဲ။ ဒီလေးချက် မပါဘဲ တုကျိုးတော့ကျိုးနဲ့ပဲ လေထဲကနွေဦးတော်လှန်ရေးအမည်ခံ လုပ်ဆောင်သမျှ၊ သပိတ်စုံ လည်းကျရှုံးခဲ့ပြီးပြီ။ သူပုန်ထတာလည်း အရိုးတောင်လိုပုံပြီး အကုန်ကျဆုံးရမှာပါ။

ခါးသီးတဲ့ အမှန်တရားဟာ လူကို ကျန်းမာစေချင်လို့ပါ။ ။

တင်မောင်စိုး (မန်းမြေ)