ကိုယ်ချင်းစာတရားအခြေခံသောလူ့အဖွဲ့အစည်း
ကိုယ်ချင်းစာတရားဆိုတဲ့ အသုံးအနှုန်းဟာ လူတိုင်းနဲ့ရင်းနှီးတဲ့ စကားအသုံးအနှုန်း ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာစိတ်ကို ဘယ်လောက်အထိ နားလည်လက်ခံသလဲ၊ ကျင့်သုံးကြသလဲ ဆိုတာကတော့ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ကြပါဘူး။
ဗြဟ္မစိုရ်တရားလေးပါး
ကိုယ်ချင်းစာတရားရဲ့ အရင်းခံဟာ မေတ္တာ တရားဖြစ်ပါတယ်။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခဏာ ဖြစ်တဲ့ ဗြမ္မာစိုရ်တရား လေးပါးမှာ မေတ္တာတရားဟာ ထိပ်ဆုံးမှာရှိနေပါတယ်။ ကိုယ်ချင်းစာစိတ်ကို မိမိအလိုဆန္ဒနှင့် နှိုင်းယှဉ် ထောက်ထားစာ နာမှုလို့ ဆိုပါတယ်။ သူတစ်ဖက်သားကို မိမိကောင်းစားသလို ကောင်းစားစေ ချင်တဲ့ ဆန္ဒ၊ မိမိဒုက္ခ မရောက်ချင်သလို အခြားသူတွေကို ဒုက္ခမရောက်စေချင်တဲ့ စေတနာတွေဟာ ကိုယ်ချင်းစာစိတ်တွေပဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်ဟာ သူတော်ကောင်းစိတ်ထားလည်း ဖြစ်ပါတယ်။ မေတ္တာတရားတို့၊ ကိုယ်ချင်းစာနာစိတ်တို့နဲ့ ဆန့်ကျင်ဘက်ကတော့ အတ္တစိတ်၊ လောဘစိတ် တွေပဲဖြစ်ပါတယ်။ အတ္တကြီးလွန်းတဲ့သူတွေ၊ လောဘများတဲ့သူတွေမှာ ကိုယ်ချင်းစာစိတ်မရှိတာ ဒါမှမဟုတ် နည်းပါးတာကို တွေ့ရပါတယ်။ အတ္တကြီးသူတွေဟာ မိမိလိုဘတစ်ခုတည်းရဖို့ စိတ်ရှိကြတာမို့ အခြားသူတွေရဲ့ အကျိုးစီပွားထိခိုက်တာ၊ သေကျေပျက်ဆီးတာ၊ ဘဝထိခိုက် နစ်နာတာတွေကို ဂရုစိုက်လေ့မရှိတတ်ကြပါဘူး။ ဒါကြောင့် အတ္တတွေ၊ လောဘတွေပိုကြီးလာလေ ကိုယ်ချင်းစာစိတ် နည်းပါးလာလေ ဖြစ်ပါတယ်။ တစ်ဘက်မှာ အတ္တတွေကြီးလာပြီး တစ်ဖက်မှာ ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာတရားခေါင်းပါးလာတာနဲ့အမျှ အေးချမ်းမှု၊ ငြိမ်းချမ်းမှု၊ တရား မျှတမှုတွေရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ မလွယ်ကူပါဘူး။ တစ်ဦးနဲ့တစ်ဦးအကြား ချစ်ခြင်းမေတ္တာ အစား အမုန်းတရားတွေဝန်းရံနေတဲ့ ပတ်ဝန်းကျင်ပဲ ဖြစ်လာမှာပါ။
နှလုံးသားကလာတဲ့ စိတ်နေစိတ်ထား
ဒါကြောင့် ကိုယ်ချင်းစာစိတ်ဟာ ယဉ်ကျေးတဲ့လူ့အသိုက်အဝန်း၊ မေတ္တာတရားထွန်းကားတဲ့ ပတ်ဝန်းကျင်မှာပဲ တွေ့ရပါတယ်။ ကိုယ်ချင်းစာစိတ်ဟာ ဦးနှောက်ထက် နှလုံသားကလာတဲ့ စိတ်နေ စိတ်ထားတစ်ခုပါ။ စိတ်ရဲ့အရည်အသွေးတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီစိတ် အရည်အသွေးဟာ ဗီဇအရပါလာကြသလို ပြုစုပျိုးထောင်လို့လဲ ရနိုင်ပါတယ်။ ကိုယ်မကြိုက်တဲ့ အလုပ်တစ်ခု၊ အပြော အဆိုတစ်ခု၊ အပြုအမူတစ်ခုကို အခြားသူတွေအပေါ် မပြုလုပ်မိအောင်၊ မပြောဆိုမိအောင် ကျင့်ကြံ နေထိုင်ခြင်းဟာ ကိုယ်ချင်းစာစိတ်ပြုစုပျိုးထောင်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်များတဲ့သူတွေဟာ လူလူချင်းသာမကပါဘူး၊ တိရိစ္ဆာန်တွေအပေါ်ကအစ ကိုယ်ချင်းစာ စိတ်မွေးကြ စောင့်ထိန်း ကြပါတယ်။ဒီတော့ ယဉ်ကျေးတဲ့ လူ့အသိုက်အဝန်း၊ အေးချမ်းတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့ဆိုရင် ကိုယ်ချင်းစာ စိတ်လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာဖြစ်စေ၊ လူမှုဆက်ဆံရေးမှာဖြစ်စေ၊ ကိုယ်ရည် ကိုယ်သွေး တည်ဆောက်ရာမှာဖြစ်စေ ကိုယ်ချင်းစာစိတ်ဟာ အရေးပါတဲ့အရည်အသွေးတစ်ခု ဖြစ်ပါတယ်။
နှစ်လမ်းရှိတဲ့ စိတ်သဘောထား
ကိုယ်ချင်းစာစိတ်ဟာ တစ်ဖက်တည်းကြည့်တဲ့ အမြင်၊ တစ်ဖက်တည်းထားတဲ့ စိတ်ထား၊ တစ်ဖက်တည်းထားတဲ့ ဆန္ဒမဟုတ်ပါဘူး၊ သူ့ဖက် ကိုယ့်ဖက် ဆိုတဲ့ နှစ်လမ်းသွားရှိတဲ့ စိတ်သဘော ထားပဲ ဖြစ်ပါတယ်။ လူကို လူလိုမြင်တဲ့စိတ်၊ လူကိုလူလို တန်ဖိုးထားတဲ့စိတ် လည်းဖြစ်ပါတယ်။ သူသာ ငါဆိုရင်၊ ငါသာ သူဆိုရင်ဆိုတဲ့ မျှတတဲ့တွေးခေါ်စဉ်းစားပေးနိုင်မှုအပေါ် အခြေခံထားလို့ မေတ္တာစိတ်၊ ဂရုဏာစိတ်၊ သနားကြင်နာစိတ် စတဲ့ သူတော်ကောင်းစိတ် သဘောတွေ ကိန်အောင်း နေပါတယ်။ ကိုယ်ချင်းစာစိတ်ရှိတဲ့သူဟာ အခြားသူတွေအပေါ် ကိုယ်စိတ်နှလုံး ၃ ပါးစလုံး စောင့်ထိန်းတတ်ကြပါတယ်။ ငါဒီလိုပြောလိုက်ရင် သူနစ်နာမှာပါလား၊ သူသိက္ခာကျသွားနိုင်ပါလား၊ ငါဒီလိုလုပ်လိုက်ရင် သူထိခိုက်နာကျင်သွားနိုင်ပါလား၊ သူ့ဘဝ သူ့မိသား ပျက်ဆီးသွားနိုင်ပါလား ဆိုတဲ့ ကိုယ်ချင်းစာတဲ့ အကြံအစည်၊ အပြောအဆို၊ အပြုအမူ တွေကို ကိုယ်တိုင်ကထိန်းသိမ်းကြပါတယ်။
အတ္တကြီးသူတွေများနေရင်
လူတိုင်းမှာ အတ္တကိုယ်စီရှိကြပါတယ်။ လူတိုင်းကိုယ်စီအတ္တရှိကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အတ္တအနည်းအများတော့ ကွာခြားကြပါတယ်။ အတ္တနည်းတဲ့သူရှိမယ်၊ အတ္တများ တဲ့သူ တွေရှိမယ်၊ မျှတတဲ့သူတွေ ရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာတရားနည်းပါးပြီး ငါဆိုတဲ့ အတ္တကြီးတဲ့သူတွေ များနေမယ်ဆိုရင် မျှတတဲ့လူ့ပတ်ဝန်ကျင်၊ အေးချမ်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်မလာ နိုင်ပါဘူး။ ဒါကြောင့်လည်း မြတ်စွာဘုရားက ကိုယ်ချင်းစာတရား (၇) ပါး ဟောကြား ခဲ့ပါတယ်။ ဒီနေ့ခေတ်လိုဆိုရင် ကိုယ်ချင်းစာတရားဟာ EQ လို့ဆိုတဲ့ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်ရဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။
စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်
လူတစ်ယောက်အနေနဲ့ သူ့ရဲ့ဘဝမှာ ထိပ်ဆုံးအထိအောင်မြင်တိုင်း၊ အရာရာ ပြည့်စုံတိုင်း the smartest people လို့ မဆိုနိုင်ပါဘူး။ သူတော်ကောင်းစိတ်၊ ကိုယ်ပိုင်အသိတရား၊ လူမှုရေးအသိ တရား၊ လူမှုဆက်ဆံရေး စတဲ့ အရည်အသွေးတွေပါ ပြည့်စုံမှ smart people ဖြစ်ပါလိမ့်မယ်။ ဒီနေ့ခေတ်မှာဆိုရင် လုပ်ငန်းခွင်တွေမှာ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုတွေသာမကတော့ဘဲ EQ ကိုပါအလေးထားလာကြပါတယ်။ စိတ်ခံစားမှုဆိုင်ရာအသိဉာဏ်ဟာ တစ်ဦးချင်းစွမ်းဆောင်ရည်၊ အဖွဲ့အစည်းရဲ့စွမ်းဆောင်ရည်စတဲ့ လုပ်ငန်းခွင်ဆိုင်ရာ ရလဒ်ကောင်းတွေရရှိဖို့အတွက် များစွာ အရေး ပါလှပါတယ်။ ဒါ့အပြင် လူတွေရဲ့အပြုအမူတွေ၊ စီမံခန့်ခွဲမှုပုံစံတွေ၊ စိတ်သဘောထားတွေ၊ အချင်းချင်း ဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှုတွေကို နားလည်သုံးသပ်နိုင်တဲ့ နည်းလမ်းအသစ် တွေကို ရရှိစေ ပါတယ်။
တစ်ဖက်မှာ ပြန်ကြည့်ရင် လုပ်ငန်းခွင်တွေမှာဖြစ်ဖြစ်၊ လူ့အသိုက်အဝန်းမှာဖြစ်ဖြစ် ကိုယ်ချင်း စာတရားလို စိတ်အရည်အသွေးတွေ နိမ့်ကျလာတာကြောင့် လုပ်ငန်းအရည်အသွေး၊ တစ်ဦးချင်း အရည်အသွေး၊ အဖွဲ့အစည်းအရည်အသွေးတွေ ကျဆင်းလာတာတွေ့ရပါတယ်။ လူ့အသိုက်အဝန်းမှာ ဆိုရင်လည်း ပဋိပက္ခတွေ၊ မငြိမ်းချမ်းမှုတွေ ကြုံတွေ့နေရပါတယ်။ ကိုယ်ချင်းစာတရားမရှိဘဲ ငါ့ဘို့ တစ်ဘို့တည်း စဉ်းစားလုပ်ကိုင် နေသမျှ မျှတမှုဆိုတာမရှိနိုင်ဘဲ ပဋိပက္ခတွေသာ တိုးပွားလာလိမ့်မယ်။
ဆရာကြီး ဒေါက်တာ အောင်ထွန်းသက် ရေးသားထားတဲ့ ကျွန်တော်နဲ့ မန်နေဂျာ ဆောင်းပါး ထဲက အချက်တစ်ချက်ကို ဖော်ပြလိုပါတယ်။ စီမံခန့်ခွဲမှုကို တာဝန်ယူထားသူတွေ လက်ကိုင်ထား သင့်တဲ့ အခြေခံမူ (၅) ချက်ထဲက စတုတ္ထအချက်မှာ မိမိနဲ့အတူ အလုပ်လုပ်တဲ့သူတွေအားလုံး သဘောတူ လက်ခံမယ့် တန်ဖိုးထားမှုတွေ၊ စံတွေကို သတ်မှတ်ဖို့ လိုအပ်တယ်။ အမှန်တရားကို မြတ်နိုးမှု၊ မိမိအကြောင်း မိမိသိအောင် ဆန်းစစ်မှု၊ ကရုဏာတရားမြင့်မားမှုတို့ကို မိမိနဲ့အတူ အလုပ်လုပ်နေကျတဲ့သူတိုင်း လက်ခံသဘောတူဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ကို မဝေဖန်မီ ကိုယ်ချင်းစာတရား ရှေ့ထားပြီး ပြုမူဆောင်ရွက်သင့်ပါတယ်။ အောင်မြင်မှုကို ပြောတဲ့နေရာမှာ နေရာတိုင်းမှာ အနိုင်ယူခြင်းမဟုတ်ကြောင်း သိဖို့လိုတယ် လို့ဖော်ပြထားပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ်ချင်းစာ တရား ဘယ်လောက်လိုအပ်တယ်ဆိုတာ ချင့်ချိန်နိုင်ပါတယ်။
သူ့အသက်ကို၊ ချစ်ပါလေ
လုပ်ငန်းခွင်လိုပါပဲ လူအသိုက်အဝန်းဆိုတာ လူအချင်းချင်း နေထိုင်ကြ၊ ပေါင်းသင်းဆက်ဆံ ကြတာပါ။ တစ်ဦးတစ်ယောက်ထဲ နေထိုင်လုပ်ကိုင်နေကြတာမဟုတ်ပါဘူး။ အများနဲ့ နေထိုင်လုပ် ကိုင် ကြရတာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အကျိုး၊ အများအကျိုးကောင်းဖို့ဆိုရင် ကိုယ်ချင်း စာတရား လက်ကိုင်ထားကြရမှာပါ။ သျှင်မဟာရဋ္ဌသာရရေးသားတဲ့ လက်သစ်တောင် တာ ဆုံးမစာထဲမှာ ကိုယ်နှင့်လည်းစာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို၊ ချစ်ပါလေ ဆိုပြီး လူအချင်းချင်းမပြောနဲ့ သတ္တဝါကိုတောင် ကိုယ်ချင်းစာတရားထားဖို့ ဆိုထားပါတယ်။ ဒါမှလည်း လောကကိုစောင့်ရှောက်တဲ့ လောကပါလတရား ထွန်းကားလာမှာပါ။
အထူးသဖြင့် လိုအပ်ချက်တွေများပြားလာတဲ့ ဒီနေ့လိုခေတ်ကြီးမှာ ရုပ်ဝတ္ထုပစ္စည်း လိုအပ် ချက်တွေ ရရှိဖို့ နည်းမျိုးစုံနဲ့ အပြိုင်အဆိုင်ကြိုးပမ်း အားထုတ်လာကြပါတယ်။ ကြိုးပမ်းအား ထုတ်ရာမှာလည်း တရားတဲ့နည်းလမ်း၊ မတရားတဲ့နည်းလမ်း အမျိုးမျိုးသုံးကြပါတယ်။ တရားတဲ့နည်းလမ်းနဲ့ ကြိုးစားတာဟာ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်ကို ဆိုးကျိုးမဖြစ်စေပေမယ့် ကိုယ်ချင်းစာတရားကင်းပြီး မတရားနည်းလမ်းနဲ့ ကြိုးပမ်းအားထုတ် တာတွေကြောင့် ကိုယ်ကိုယ် တိုင် အတွက်ရော ပတ်ဝန်းကျင် အတွက်ပါ ဆိုးကျိုးတွေဖြစ်စေပါတယ်။ ကိုယ်ချင်းစာနာစိတ်တွေ ကင်းလာတာနဲ့အမျှ ဘယ်သူ သေသေငတေမာပြီးရော စိတ်ထားတွေ လွှမ်းမိုးလာပါတယ်။ ငါချမ်းသာရင် ပြီးရော၊ ငါလိုချင်တာ ရပြီးရော၊ ငါဖြစ်ချင်တာ ဖြစ်ရင်ပြီးရောဆိုတဲ့ စိတ်ဟာ စိတ်အရည်အသွေးနိမ့်ကျတာ၊ EQ နိမ့်ကျတာ ကို ဖော်ပြနေခြင်းပါပဲ။ အဲဒါရဲ့နောက်ဆက်တွဲ အကျိုးဆက်ကတော့ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ အဖွဲ့အစည်းမှာဖြစ်စေ၊ လူ့အသိုက်အဝန်းမှာဖြစ်စေ ကိုယ်ရည်ကိုယ်သွေးတွေ၊ စွမ်းဆောင်ရည်တွေ၊ တရားမျှတမှုတွေ ကင်းမဲ့လာခြင်းပဲ ဖြစ်ပါတယ်။
ဒီတော့ မျှတတဲ့လူ့အသိုက်အဝန်း၊ လူ့တန်ဖိုးမြင့်တဲ့ အသိုက်အဝန်းဖြစ်ဖို့ဆိုရင် ကိုယ်ချင်းစာ တရားအခြေခံတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်ကြရမှာပါ။ ကိုယ်စီကိုယ်စီက smart people တွေဖြစ်မှ၊ ကိုယ်ရည်ကိုယ်သွေးမြင့်မှလည်း နှလုံးရည်နဲ့ လောကကို အလှဆင်နိုင်မှာ ဖြစ်ပါတယ်။
သိန်းထွန်း (IR)