Skip to main content

သိပ္ပံစာပေဖန်တီးရှင် သို့မဟုတ် ဆေးလိပ်ဆန့်ကျင်ရေးသမား ဆရာကြီး သိပ္ပံမှူးတင်

 

ယမန်နေ့မှအဆက်

 

၁၉၇၇ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း ဂျူဗလီခန်းမတွင် စာပေဗိမာန်က “သုတစာပေစာတမ်းဖတ်ပွဲ” ကို ငါးရက် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သုတ စာပေစာတမ်းဖတ်ပွဲတွင် ဆရာကြီး အပါအဝင် စာရေးဆရာ၊ စာပေပညာရှင် ၁၁ ဦးတို့က သုတစာပေဆိုင်ရာ စာတမ်း ၁၁ စောင်ကို တင်သွင်းဖတ်ကြားခဲ့ပါသည်။ သုတစာပေသည် လောက အကြောင်း၊ လူ့အကြောင်းနှင့် ပတ်သက်၍ ဗဟုသုတပေးမှုကို အဓိကထားပြီး တင်ပြရသည့် စာပေမျိုး ဖြစ်သည်ဟု လက်ခံထားသည့် ဆရာကြီးက “သုတ စာပေ (သိပ္ပံ) အရေးအသား” စာတမ်းကို တင်သွင်း ဖတ်ကြားခဲ့ပါသည်။ သိပ္ပံပညာနှင့် ပတ်သက်၍ နှံ့စပ်ခဲ့သည့် ဆရာကြီးပင်ဖြစ်သည်။

 

ကျွန်မ၏ လုပ်ငန်းခွင်ဘဝ စတည်ရာ

 

ကျွန်မသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စာပေဗိမာန်၌ အလုပ် စတင် ဝင်ရောက်ခဲ့ပြီး စာတည်းဌာန သုတပဒေသာစာစောင်၌ တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ စာပေနယ်နှင့် ရင်းနှီး ကျွမ်းဝင်မှု မရှိခဲ့သည့်၊ ဆောင်းပါး မည်သို့ရေးရမည်ကို နားမလည် မသိခဲ့သည့် ကျွန်မ လစဉ်ထုတ်ဝေသည့် သုတ ပဒေသာစာစောင်၏ ဆောင်းပါးများနှင့် စတင်ထိတွေ့ခဲ့ရပါတော့သည်။ သုတပဒေသာ စာစောင်တွင် ရေးသားခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများနှင့် လုပ်ငန်းခွင်၌ ဆုံတွေ့ ရင်းနှီးခဲ့သော စီနီယာ အယ်ဒီတာ အစ်ကိုကြီး၊ အစ်မ ကြီးများက ကျွန်မ၏ စာပေလက်ဦး ဆရာများပင် ဖြစ်ပါသည်။ သုတပဒေသာ စာစောင်တွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ တက်ကျမ်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါးစသည့် ကဏ္ဍအလိုက် ထည့်သွင်းဖော်ပြခဲ့သည့် ဆောင်းပါးအားလုံးကို ဖတ်ရှုခဲ့ရသောကြောင့် စာရေးဆရာကြီးများအမည်နှင့် ရေးတတ်သည့် အကြောင်းအရာများကို တွဲ၍မှတ်မိနေခဲ့ပါသည်။

 

ထိုစဉ်က သုတပဒေသာစာစောင်တွင် သိပ္ပံနှင့်နည်းပညာအကြောင်းကိုသာ လတိုင်းနီးပါး တစ်ဦးတည်းလိုလို ရေးသားသည့် ဆရာကြီး သိပ္ပံမှူးတင်ကို လူမမြင်ဖူးသော်ငြား သတိထားမိခဲ့ပါသည်။ ကျွန်မမိဘများသည် ကျေးလက်ဒေသတွင်နေထိုင်သည့် တောင်သူများ ဖြစ်သောကြောင့် စာအုပ်စာပေနှင့် အလှမ်းဝေးသော်လည်း လေလှိုင်းထဲမှ အသိပညာ ဗဟုသုတများပေးသည့် ရေဒီယို အသံလွှင့်အစီအစဉ်များကို မအားလပ်သည့်ကြားမှ နားထောင်ခဲ့ကြသည်။ ကျွန်မတို့ကိုလည်း ပုံပြင်၊ ဟဒယ ရွှင်သွေး၊ ကွက်စိပ်၊သိပ္ပံပညာ သိကောင်းစရာနှင့် ဗုဒ္ဓဝင်ဇာတ်တော်များကို နားထောင်စေခဲ့ပါသည်။ လုပ်ငန်းခွင်တွင် ဆရာကြီးရေးသားသည့် စာပေများနှင့် ရင်းနှီးခဲ့ရသည့်အပြင် ငယ်စဉ်ကတည်းက လေလှိုင်းထဲမှ ဆရာကြီး၏ ဟော ပြောချက်များကိုပါ နားရည်ဝခဲ့သည့် ကျွန်မ ဆရာကြီးအကြောင်း ဆောင်းပါး ရေးသားခွင့်ရသည့်အခါ ဆရာကြီးနှင့် ရေစက်ပါခဲ့သည့် ကိုယ့်ကိုယ်ကိုယ် ဝမ်းသာဂုဏ်ယူမဆုံးပင် ဖြစ်မိပါသည်။

 

ကလေးများအတွက် ဒိုင်နိုဆော

၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် ကျင်းပသော (၃၁) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၁၀၆) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကြီးက ကလေးများ၏ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းအနှစ် ၂၀ မြောက်သို့ ရောက်ရှိလာသည့် အထိမ်းအမှတ်အဖြစ် ၁၉၇၉ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ ကလေးများနှစ်အဖြစ် သတ်မှတ်ခဲ့ပါသည်။ လူသားတစ်ရပ်လုံး က ကလေးများအား မိမိပေးနိုင်သည့် အကောင်းဆုံးကိုပေးအပ်ရန် တာဝန်ရှိသည်” ဟူသော ဆောင်ပုဒ်အတိုင်း ကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရမည်ဟု ဆရာကြီးက စိတ်ကူးရည်သန်ခဲ့ပါသည်။

 

ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပျော်ရွှင်သော ကလေးဘဝ ရရှိရေးနှင့် ကလေးများ သိပ္ပံဘာသာရပ် ကိုရှာဖွေစူးစမ်း လေ့လာလိုစိတ်ပွားများ လာစေရေးစသည့် ရည်ရွယ်ချက်ကောင်းများအပြင် ၁၉၇၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ကလေးများနှစ်ကိုပါ ဂုဏ်ပြုသောအားဖြင့် ကလေးသိပ္ပံစာအုပ် “ဒိုင်နိုဆော” ကို ရေးသားခဲ့ပါသည်။ How And why သိပ္ပံစာစဉ်ကို ဘာသာပြန်ဆို ခြင်း ဖြစ်သည်။ ကလေးများအတွက် အမြော်အမြင်ကြီးစွာ အထင်ကရ ရေးသားခဲ့သည့် ဆရာကြီး၏ အဆိုပါ စာအုပ်ကို စာပေဗိမာန်က ၁၉၇၉ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။

 

လွန်ခဲ့သည့် နှစ်သန်း ၁၅၀၀ မှ စတင်ပေါ်ထွန်းကာ ကမ္ဘာကြီးပေါ်တွင် နှစ်သန်း ၁၂၀ ကျော်မျှ ကြီးစိုးသွားကြသည့် သွေးအေးသတ္တဝါ ရှေးဟောင်း ဒိုင်နိုဆောကြီးများအကြောင်း သုတေ သနပြုမှုများမှာ ယနေ့တိုင် ဆောင်ရွက်နေဆဲပင်ဖြစ်သည်။ ထုံးကျောက်ခေတ်နှင့် မြေဖြူခေတ်တို့မှ ပေါ်ထွန်းခဲ့သော ဒိုင်နိုဆောများကို အစပြုကာ သိပ္ပံပညာရှင်များက လက်တင်ဘာသာ၊ ဂရိဘာသာတို့ဖြင့် အမည်မှည့်ခေါ်ခဲ့ကြသည်ဟု ဆရာကြီး၏စာအုပ်တွင် သိရှိမှတ်သားရပါသည်။ ဒိုင်နိုဆောမျိုးနွယ် တစ်မျိုးစီ၏ မတူကွဲပြားသည့် အသွင်သဏ္ဌာန်၊ လှုပ်ရှားသွားလာပုံ၊ စရိုက် လက္ခဏာ၊ စားသောက်သည့် အလေ့ အထများကို ပြည့်စုံအောင် ရေးသားထားသည့်အပြင် အတွင်းစာမျက်နှာ များတွင် သရုပ်ဖော် ပန်းချီလက်ရာများဖြင့် ပုံဖော်ထားသည်မှာ ကလေးများအဖို့ မဆိုထားဘိ အသက်အရွယ် ကြီးရင့်နေသည့် ကျွန်မပင်လျှင် စိတ်ဝင်တစား လေ့လာကြည့်ရှုမိခဲ့ရပါသည်။ ဗဟုသုတ တိုးပွားစေသည့် ဆရာကြီး၏လက်ရာ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

 

လေ့လာစူးစမ်းချင်သူများအတွက် အနန္တစကြဝဠာ

 

လွန်ခဲ့သည့် နှစ် ၆၀၀ ခန့်က သိပ္ပံ ပညာရှင်နှစ်ဦးက သိပ္ပံပစ္စည်း၊ သင်္ချာ ပညာတို့ဖြင့် တွက်ချက်လေ့လာပြီးနေကိုသာ ကမ္ဘာကလှည့်နေသည်ဟု ကြေညာခဲ့သည်။ တစ်ဦးမှာ ထိုအကြောင်း ရေးသားထားသော စာအုပ် ရှိသော်လည်း မထုတ်ဝံ့ဘဲ ကွယ်လွန်ခါနီးတွင်မှ ထိုစာအုပ်ကို ရင်ဘတ်ပေါ် တင်ပေးခဲ့ကြသည်။ နောက်တစ်ဦးမှာ အကျယ်ချုပ်ချခံခဲ့ရာမှ အကျယ်ချုပ်၌ပင် ကွယ်လွန်ခဲ့သည်။ စကြဝဠာအတွင်း၌ အခြားသက်ရှိများရှိသည်ဟု ပြောရဲသူ ကိုမူ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြ သည်ဟု အများပြည်သူ ကလေးသူငယ်များ ဗဟုသုတရရှိစေရန် အလို့ငှာ ၂၀၁၁ ခုနှစ် စက်တင်ဘာ လတွင် ဆရာကြီး ရေးသားပြုစုခဲ့သည့် အနန္တစကြဝဠာ အာကာသအချက်အလက် ၁၀၀၀” စာအုပ်၏ စကားချီးတွင် ရေးသားဖော်ပြ ထားသည်ကို သိရှိမှတ်သားခဲ့ရပါသည်။ ယခုအခါတွင် အစွမ်းထက်သော မှန်ပြောင်းများ၊ ကမ္ဘာပတ်မှန်ပြောင်းများ၊ ဂြိုဟ်တုတင် မှန်ပြောင်းများ၊ အခြား အာရုံခံယူနိုင်သော ကိရိယာများ၊ ခေတ်မီ ကွန်ပျူတာများနှင့် အစွမ်းထက်သည့် သင်္ချာပညာများကြောင့် ယူနီဗာစ်ခေါ် ယနေ့လူများရှိနေသည့် တစ်ခုတည်းသော စကြဝဠအကြောင်းကို ထင်ထင်ရှားရှား သိကြရပြီ ဖြစ်ပါသည်။

 

ဆရာကြီး၏ ကြိုးစားအားထုတ်မှု မှတ်တိုင်တစ်ခုဖြစ်သည့် အဆိုပါ အနန္တ စကြဝဠာစာအုပ်သည် ယူနီဗာစ် စကြဝဠဠာအတွင်းရှိကြယ်စုများ၊ ကြယ်များနှင့် နက္ခတ်တာရာများအကြောင်းကို ဓာတ်ပုံ များနှင့်တကွ ဆရာကြီးက အသေးစိတ် ရေးသားပြုစုခဲ့သောကြောင့် အပြော ကျယ်လှသည့် စကြဝဠာကို လေ့လာလို သူများအတွက် အထောက်အကူပြုသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

 

အာကာသဆိုင်ရာ စာပေများကို ပြောင်မြောက်စွာ ရေးသားနိုင်ခြင်းကြောင့် အမေရိကန်နိုင်ငံ ကမ္ဘာဂြိုဟ်များ လေ့လာရေးအဖွဲ့ (INTER PLANETARY SOCIETY) ၏ အသိအမှတ်ပြုခြင်းခံရပြီး ထိုအဖွဲ့တွင် အသင်းသားတစ်ဦးလည်း ဖြစ်ပါသည်။

ဆရာကြီး အားကျခဲ့သူတစ်ဦး ဆရာကြီးသည် အနာဂတ်တွင် ကျရာအခန်းကဏ္ဍများ၌ နိုင်ငံ့တာဝန် များကို ပခုံးလွှဲပြောင်း တာဝန်ယူဆောင်ရွက်ကြမည့် မျိုးဆက်သစ်လူငယ်လေးများကို ငယ်စဉ် ကလေးဘဝမှစ၍ ကိုယ်ရော စိတ်ပါ ကျန်းမာကြံ့ခိုင်စေချင်သည်။ ဉာဏ်ရည် မြင့်တက်စေချင်သည်။ သန်မာထွားကျိုင်းသည့်သူများ ဖြစ်စေချင်သည်။ သို့အတွက်ကြောင့် အာဟာရ ပြည့်ဝသည့် အစားအစာများစားခြင်းက ထိုသို့သောလူများ ဖြစ်လာစေရေးတွင် အမိက အရေးပါကြောင်း ဗဟုသုတရစေ ရန်အလို့ငှာ တင်မောင် (မိုးကုတ်) ကလောင်အမည်ဖြင့် သိပ္ပံမဂ္ဂဇင်းတွင် ဆောင်းပါးများ ပင်တိုင်ရေးသားခဲ့သူ ဖြစ်သည်။

ဆရာကြီး၏ ဆောင်းပါးများစွာထဲမှ သိပ္ပံမဂ္ဂဇင်း၏ ဒုတိယနှစ်ပတ်လည် အထူးထုတ်ဖြစ်သော ၂၀၀၂ ခုနှစ် စက်တင်ဘာလ အမှတ် (၂၆) တွင် ရေးသားခဲ့သည့် ‘ထိုနေ့ဆီသို့' ဆောင်းပါးမှာ ဆရာကြီးဦးတင်လှိုင် (လယ်တွင်းသား စောချစ်) ကို အမှတ်တရ ဖြစ်စေခဲ့ပါသည်။ ဆောင်းပါးအစတွင် ဆရာကြီးက ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို ကြည့်နေစဉ် ကမ္ဘာ့တိုင်းပြည်အသီးသီးမှ ထောင်ထောင် မောင်းမောင်းနှင့် ယောကျ်ကြီးများကို မြင်တိုင်း၊ အာရှတိုင်းသား လူထွားကြီးများကို မြင်တိုင်း ဆရာကြီးလယ်တွင်းသား စောချစ်ကို အထူးသတိရမိပါသည်” ဟု ရေးသားထားသည်။

 

ဟောပြောပွဲတစ်ခုတွင် ဆရာကြီး လယ်တွင်းသား စောချစ်က “သူ့အရပ်ခြောက်ပေ တစ်လက်မ ရှိကြောင်း၊ ငယ်စဉ်က အဘွားရွာတွင် အိမ်နီးချင်း နို့ကုလားပေးသည့် နွားနို့ကို သောက်ခဲ့ သောကြောင့် ယခုလို အရပ်ထွက်ရကြောင်း၊ အခြားညီအစ်ကိုများက နို့မသောက်ရ၍ အရပ်မထွက်ခြင်း” ပြောပြခဲ့သည်ကို သတိတရ ထည့်သွင်း ရေးသားထားသည်။

ထို့ပြင် ကလေးဘဝမှစ၍ အာဟာရ ချို့တဲ့ပါက အရပ်အမောင်း သေးငယ်သွားကာ ဉာဏ်ရည်ကျတတ်သည်ကို လေ့လာသိရှိခဲ့သည့် ဆရာကြီးက 'ဆရာ လယ်တွင်းသား စောချစ်ကဲ့သို့ ခြောက် ပေမြင့် မြန်မာကြီးများ ဖြစ်လာစေရန်၊ မြန်မာတို့ဉာဏ်ရည်မြင့်မားလာစေရန်၊ ပြည့်ဝသော အာဟာရများ စားရန် ကျွန်တော် ရေးသားဟောပြောခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ” ဟု ဆရာ လယ်တွင်းသား စောချစ်ကို ဂုဏ်ယူ အားကျစွာ ရေးသားထားခဲ့ပါသည်။

 

သိပ္ပံထွန်းကား ပြည်ကြီးပွား

 

သုတစာပေသည် လူတစ်ယောက် အတွက် နေ့စဉ်ထိတွေ့နေသင့်သည့် မရှိမဖြစ်စာပေဟု ယူဆထားသည့် ဆရာကြီးက သိပ္ပံပညာရှင်မဟုတ်သော ဖျတ်လတ်ချက်ချာ တတ်သိလိမ္မာသည့် လူငယ်လူရွယ် စာဖတ်ပရိသတ်များအတွက် ရည်ရွယ်၍ ၁၉၈၀ ပြည့်နှစ် အောက်တိုဘာလတွင် သိပ္ပံထွန်းကား ပြည်ကြီးပွား’ ဆောင်ပုဒ်နှင့်အတူ သိပ္ပံ မဂ္ဂဇင်းကို စတင်တည်ထောင် ထုတ်ဝေ ခဲ့ပါသည်။ ။

 

ထုတ်ဝေသူအဖြစ်၊ စာတည်းမှူး ချုပ်အဖြစ်၊ ပင်တိုင်စာရေးဆရအဖြစ်နှင့် သိပ္ပံမဂ္ဂဇင်းကို အစကတည်းက အရှိန် အဟုန် ကောင်းကောင်းဖြင့် ချီတက် နိုင်ရန် ကာတွန်းနှင့် သိပ္ပံရုပ်ပြဇာတ်လမ်း အပါအဝင် သိပ္ပံဘာသာရပ် ကဏ္ဍအစုံ ဆောင်းပါးများ ထည့်သွင်းကာ အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ 'စီးကရက်ကြောင့် သွေးကြောကျဉ်းသွားသည်၊ သွေးကြောကျဉ်း၍ နှလုံးရောဂါနှင့် သွေးတိုးရောဂါများ ဖြစ်တတ်သည်'၊ “အရက်သောက်လျှင် ဦးနှောက်ပျက် တတ်သည်”၊ “မူးယစ်ဆေးရှောင် အိုတောင် မဆင်းရဲ' စသည့် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲ၍ ဖြစ်တတ်သော လက္ခဏာများကို ဆောင်ပုဒ်နှင့်တကွ တစ်ကွက်ကာတွန်းဖြင့် သရုပ်ဖော် ထည့်သွင်းခဲ့သည်ကလည်း ဆေးလိပ် ဆန့်ကျင်ရေးသမားကြီး ဦးစီးသည့် သိပ္ပံ မဂ္ဂဇင်း၏ထူးခြားချက်ဟု ဆိုရမည်ဖြစ်သည်။

 

ဆရာကြီးသည် သိပ္ပံစာပေ၊ ဝတ္ထု၊ ဘာသာပြန်ဝတ္ထု၊ ကလေးသူငယ် ဆောင်းပါး၊ ကျန်းမာရေးနှင့် ဆေးပညာ ဆောင်းပါး၊ စက်မှုဆောင်းပါး၊ စိုက်ပျိုး မွေးမြူရေးဆောင်းပါး၊ ဘာသာရေး၊ လူမှုရေး၊ ပထဝီနှင့် ခရီးသွားမှတ်တမ်း ပညာပေးဆောင်းပါး၊ မူးယစ်ဆေး၊ စိတ်ပညာ၊ သိပ္ပံပညာ၊ အာကာသ၊ ရုပ်ရှင် နှင့် ရုပ်မြင်သံကြား၊ လေယာဉ်ပျံများ ဆောက်လုပ်ရေး၊ သဘာဝဘေး အန္တရာယ်၊ နိုင်ငံတကာ သတင်းလွှာ၊ သိပ္ပံရေးရာ အဖြေလွှာများနှင့် တွေ့ဆုံ မေးမြန်းခန်း စသည်ဖြင့်ဆောင်းပါးပေါင်း ၂၀၀၀ ကျော် ရေးသားခဲ့ပါသည်။ ဘဝ ခရီးတစ်လျှောက် သုတစာပေ ပညာပေးဆောင်းပါးများ၊ သိပ္ပံစာအုပ်များကို ရေးသားခဲ့သည့် စာပေသမ္ဘာရင့်မှုအပြင် လူထုအကျိုးပြု ဟောပြောပွဲများကို မဆုတ်မနစ် ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၀၄ ခုနှစ်တွင် သုတစွယ်စုံ တစ်သက်တာ စာပေဆုကို ဆရာကြီးက ပထမဆုံး ရရှိခဲ့ပါသည်။ ။

 

သိပ္ပံမဂ္ဂဇင်းတွင်သာမက သုတ ပဒေသာစာစောင်၊ သပြေ၊ စန္ဒာ၊ သိပ္ပံ၊ မြဝတီ၊ ငွေတာရီ၊ လုံမလေး၊ မဟေသီနှင့် ကြီးပွားရေး စသောမဂ္ဂဇင်းများတွင် ငွေခဲ၊ တင်မောင်၊ သိပ္ပံမှူးတင်၊ မှူးတင်၊ ကျော်ကိုကို၊ စိုက်ပျိုးမောင်၊ ဇွဲမောင် မောင်၊ တင်မောင်(မိုးကုတ်)၊ ဦးတင်၊ တင်မောင်(ရန်ကုန်)၊ လေးမောင်မောင် (မိုးကုတ်)၊ ဗိုလ်မှူးသိပ္ပံ၊ အာကာမှူး၊ အေးငြိမ်း၊ အေးငြိမ်း(မိုးကုတ်)၊ အေးမြကျော်၊ အဏ္ဏဝါအေး၊ ထူးနိုင် ကလောင် များဖြင့်လည်း ဆောင်းပါးပေါင်းများစွာကို ရေးသားခဲ့ပါသည်။ ။

 

သိပ္ပံမဂ္ဂဇင်းတွင် သိပ္ပံတိုးတက်မှုများကို တစ်လထက်တစ်လတစ်ကြောင်း တစ်မျက်နှာပင်ဖြစ်စေ အကျိုးရှိစွာ အသုံးချလိုသည့် စိတ်ဇောဖြင့် ကြိုးစားခဲ့သောကြောင့် ဆရာကြီး၏ သိပ္ပံမဂ္ဂဇင်း သည် (၂၆) နှစ်ကြာအောင် စာပေခရီး တစ်လျှောက်တွင် ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပါသည်။

 

ဆရာကြီး၏ စာပေမှတ်တိုင်

 

ဆရာကြီးသည် ဟောပြောပွဲပေါင်း များစွာ၊ ဆောင်းပါးပေါင်း မြောက်မြားစွာ ရေးသားခဲ့သည့်ကြားမှပင် ယနေ့သိပ္ပံ (၁၉၆၇)၊ ယနေ့သိပ္ပံ-၁ (၁၉၆၉)၊ ယနေ့ သိပ္ပံ-၂ (၁၉၇၁)၊ သိပ္ပံအကြောင်း သိကောင်းစရာ (၁၉၇၄)၊ ယနေ့သိပ္ပံပေါင်းချုပ် (၁၉၇၅)၊ ယနေ့သိပ္ပံ-၃ (၁၉၇၅)၊ ယနေ့သိပ္ပံ-၄ (၁၉၇၅)၊ ယနေ့ သိပ္ပံ-၅ (၁၉၇၆)၊ နေနှင့် လူသား (၁၉၇၆)၊ စက်ရုံလုပ်လူသား (၁၉၇၉)၊ ဒိုင်နိုဆော (၁၉၇၉)၊ သိပ္ပံပဒေသာနှင့် တယ်လီဖုန်း ရာပြည့် (၁၉၇၉)၊ အမြော်အမြင်ရှိသူများ ၏ကျင့်စဉ်၊ အနန္တစကြဝဠာ အာကာသ အချက်အလက် ၁၀၀၀ (၂၀၁၁)၊ ကိုယ်ခံ စွမ်းအားနှင့် ကမ္ဘာ့လူတုပ်ကွေးရောဂါ၊ ဆောင်းပါးပေါင်းချုပ်၊ ကျန်းမာရေးနှင့် ဆေးပညာ စသည့် လုံးချင်းစာအုပ်များကို ရေးသားပြုစုခဲ့ပါသည်။ စာအုပ်အရေအတွက် နည်းပါးသည်ဟု ထင်ရသော်လည်း ဆရာကြီး၏ သိပ္ပံပညာနှင့် ပတ်သက်သည့် ဝါရင့်အတွေ့ အကြုံ၊ မဆုတ်မနစ် လေ့လာကြိုးစားအားထုတ်မှုများက သူမတူအောင် ထူးခြား ပြောင်မြောက်ခဲ့ပါသည်။

 

ဆေးလိပ်သောက်သူမှ ဆန့်ကျင်သူသို့

 

ဆရာကြီးသည်အသက်ငယ်စဉ်မှစ၍ နှစ်ပေါင်း ၂၀ မျှ ဆေးလိပ်သောက်ခဲ့သူဖြစ်သောကြောင့် ဆေးလိပ်စွဲသွားရန် မည်မျှလွယ်ကူသည်ကိုလည်း သိရှိခဲ့ပါသည်။ Reader's Digest စာစောင်တွင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များအကြောင်း ရေးသားထားသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိသည့်နောက် ဆေးလိပ်ဖြတ်ခဲ့သည်ဟု သိရပါသည်။ ဆရာကြီးက မြန်မာလူငယ်အများစုသည် ဖခင်၏ ဆေးပေါ့လိပ်ကို မီးညှိပေးရင်း ဆေးလိပ် စတင် သောက်တတ်သွားကြသည်။ ဆေးလိပ်သောက်ခြင်းကကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း လူအများက သိကြသော်လည်း မည်မျှအထိ ထိခိုက်တတ်သည်ကို ပြည့်ပြည့်စုံစုံသိသူ အနည်းငယ်သာ ရှိသည်ဟု ၁၉၇၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေသော ယနေ့ သိပ္ပံပေါင်းချုပ်၏ “ဆေးလိပ်ဖြတ်လိုက် ပြီလော” ဆောင်းပါးတွင် ထည့်သွင်း ရေးသားထားခဲ့ပါသည်။ ။

 

စာရေးဆရာဖြစ်ပြီးနောက်ဆေးလိပ် သောက်သုံးမှုဆန့်ကျင်ရေး ဆောင်းပါးများရေး၍ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်ကြိုးပမ်းခဲ့သည်။ “ကျွန်တော့်ရဲ့ ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ အရမ်းကို မတ်စောက်တဲ့ တောင်ကုန်းကို တိုက်ခိုက်ရသလို ခက်ခဲမယ်ဆိုတာ ကြိုသိခဲ့ပါတယ်” ဟု တပ်မတော် အငြိမ်းစား ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်သည့် ဆရာကြီးက တိုက်ပွဲအတွေ့အကြုံနှင့် နှိုင်းယှဉ်၍ ထိုကဲ့သို့ တင်စားပြောဆိုခဲ့ပါသည်။

 

သိပ္ပံစာပေသည် အမြဲတစေပင် အသစ်အဆန်းများကို ဗဟုသုတပေးနေ သည့်အပြင် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက် ရေးတွင် အဓိကအားထားရသည့် ပညာ ရပ်ကြီးဖြစ်သည်ဟု ယုံကြည်သူ ဆရာကြီးကို ဆေးတက္ကသိုလ်မှ ဆရာဝန်ကြီး ဦးအောင်သန်းက လူသေထံမှ ထုတ်ထားသည့် ဖန်အိုးကြီးနှင့် ဆေးရည်စိမ်ထားသော အဆုတ်နှစ်ခုကို ပေးခဲ့သည်။ ဆေးလိပ်သောက်လွန်း၍ ကင်ဆာဖြစ်ပြီး သေသွားသူ၏ အတွင်းသားများ မည်းနေသည့် အဆုတ်နှင့် ဆေးလိပ်လုံးဝ မသောက်သူ၏ အဆုတ်ဖြစ်သည်။

 

ဆရာကြီးက ကျောင်းပေါင်းစုံ၊ ရုံးပေါင်းစုံ၊ မြို့ပေါင်းစုံတွင်ပြုလုပ်သည့် ဆေးလိပ်ဆန့်ကျင်ရေး ဟောပြောပွဲများသို့ အဆိုပါ အဆုတ်ထည့်ထားသော ဖန်အိုးကြီးနှစ်လုံးကို ယူသွားပြီး နှိုင်းယှဉ် ပြခဲ့သောကြောင့် လူများ ရာနှင့်ချီ၍ ဆေးလိပ်ပြတ်ခဲ့သည့်အပြင် ဆေးလိပ် သောက်သူများက ဆေးလိပ်ဘူးများ၊ ဆေးတံများကို ဆေးလိပ်ဖြတ်လိုက်သည့် အထိမ်းအမှတ်အနေဖြင့် ဆရာကြီးကို ပေးခဲ့ကြသည်ဟု သိရပါသည်။ ဆေးလိပ်သောက်သူများသည် ကွယ်လွန်ခါနီးတွင် ဆိုးရွားသည့်ရောဂါကို ခံစားရပြီး အသေဆိုးသောကြောင့် ဟောပြောပွဲစစချင်း “ဆေးလိပ်သောက်သူများ သေချင်းဆိုး” ဟု အမြဲပြောလေ့ရှိခဲ့သည်။ ဗဟုသုတ များပြီး အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် အဟော အပြော ကောင်းမှုများကြောင့် ပွဲဆူစေ သကဲ့သို့ ဆေးလိပ်ဆန့်ကျင်ရေးသမား ကြီးဂုဏ်အင်နှင့် သိပ္ပံမှူးတင် ကလောင် အမည်မှာ လူသိများခဲ့သည်။

 

ဆေးလိပ်ဆောင်းပါးများ၊ ဆေးလိပ်နှင့် ပတ်သက်သည့် ဟောပြောချက်များ၊ ဆောင်ရွက်ချက်များကို တင်ပြနိုင်မှုကြောင့် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကပေးသော သို့မဟုတ် ကျန်းမာရေး ဆေးသိပ္ပံစာပေ ဆု”ကို ဆရာကြီးက ရရှိခဲ့ပါသည်။ ဆရာကြီးသည် ၁၉၉၅ ခုနှစ်တွင် ဇင်းမယ်၌ ကျင်းပသော ဆေးလိပ်တိုက် ဖျက်ရေးအစည်းအဝေးသို့ လည်းကောင်း၊ ဂျပန်နိုင်ငံ ကိုဘေမြို့တွင် ကျင်းပသော ကမ္ဘာ့အမျိုးသမီးများ ဆေးလိပ်တိုက်ဖျက်ရေး ညီလာခံတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ယာယီ အကြံပေးပုဂ္ဂိုလ်အဖြစ် လည်းကောင်း တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် ဉာဏ်ကြီးရှင် Panellist ၁၀ ဦး၌ တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသော "Who's Who in the World” ၏ (၁၅) ကြိမ်မြောက်ပုံနှိပ်ခြင်းတွင် ကမ္ဘာကျော် ထင်ရှားသူများစာရင်း၌ မြန်မာနိုင်ငံအနေဖြင့် ထည့်သွင်းဖော်ပြခြင်းခံရသူဖြစ်သည်။ ဆရာကြီး သိပ္ပံမှူးတင်သည် မြန်မာ့စာပေ လောကတွင် သာမကနိုင်ငံအတွက် ဂုဏ်ယူရသော တစ်ခေတ်မှာ တစ်ယောက်ဟု ဆိုရမည့် အထင်ကရ ပုဂ္ဂိုလ်ကြီးပင် ဖြစ်ပါသည်။

 

၂၀၀၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ထုတ် သတင်းစာ တစ်စောင်တွင် “ကမ္ဘာ့အမျိုးသမီးများ ဆေးလိပ်တိုက်ဖျက်ရေးညီလာခံ” ၌ ပြောဆိုခဲ့သည့် “နီကိုတင်းကို အယ်ဒေါလ်ဖင်း အစားထိုးသင့်၊ မသင့်” အကြံပြုချက်များကို ဆောင်းခံရသည်။ ယင်းအကြံပြုချက်အတိုင်း ကမ္ဘာ့သိပ္ပံပညာရှင်များက လက်ခံမှု ပြုခဲ့ကြသည်။ တစ်ထောင့်တစ်နေရာကနေ တိုင်းပြည်အတွက် ကိုယ်ကျိုးမဖက်သည့် ဆရာကြီး၏ ရွက်ဆောင်ကြိုးပမ်းခဲ့မှုများမှာ လေးစားဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။ ဆရာကြီး၏ ရင်တွင်းမှ ပဲ့တင်သံများ ၂၀၁၂ ခုနှစ်အတွက်အမျိုးသားစာပေ တစ်သက်တာဆုရရှိခဲ့သည့် ဆရာကြီးက “ဘဝကို မြှုပ်နှံလာခဲ့တာပါ။ ရေးလာတဲ့ စာပေအပေါ်မှာ အခုလိုတစ်သက်တာ စာပေဆုရခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ အရင်တုန်းက အဖွဲ့ တစ်ဖွဲ့၊ ဝန်ကြီးဌာန တစ်ခုကပေးတာ။ အခုတစ်တိုင်းပြည်လုံးက စာရေးဆရာတွေရဲ့ ဆန္ဒနဲ့ ပေးတာဆိုတော့ ပိုပြီးချိုမြိန်တာပေါ့၊ အခုလို အသက်အရွယ်မှာတော့ ပိုကျေနပ်သေးတယ်။ သိပ္ပံနဲ့ နည်းပညာအကြောင်း ရေးတဲ့သူက နည်းတယ်။ ကျွန်တော်တို့ အခုရေးလာတာ ၂၆ နှစ်ရှိပါပြီ။ အခုလို တိုင်းပြည်ကို ကျေးဇူးဆပ်ရတာလည်း ကျေနပ်ပါတယ်။

 

စာပေမှာ ရသစာပေ၊ ကဗျာ၊ ဝတ္ထု ဒါတွေဟာ လူတွေရဲ့ စိတ်အာဟာရအနေနဲ့ လိုအပ်ပါတယ်။ ဒါပေမယ့် အိုင်တီ ခေတ်ကြီးမှာ သိပ္ပံနဲ့ နည်းပညာကိုလည်း သိဖို့လိုပါတယ်။ သူများတိုင်းပြည်တွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀-၄၀ လောက် ကတည်းက ကျောင်းမှာ သိပ္ပံနဲ့နည်း ပညာ မသင်ခဲ့ရတဲ့သူတွေကို အစိုးရက ပံ့ပိုးပြီး သိပ္ပံမဂ္ဂဇင်း၊ ဂျာနယ်တွေ ထုတ်ပေးတယ်။ ထိတွေ့မှုရှိအောင် လုပ်ပေးတယ်။ အတုယူဖို့ကောင်းတယ်။ စာပေ မှာ သိပ္ပံနဲ့ နည်းပညာ မသင်ဖူးတဲ့လူတွေအတွက် လုပ်ရမယ်။ အဲဒါတွေ လိုသေးတယ်” ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၏ တွေ့ဆုံမေးမြန်းခန်းတွင် ဆရာကြီးက ဖြစ်ချင်သည့်ဆန္ဒကို ဤကဲ့သို့ ပြောကြားခဲ့ပါသည်။

 

နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေး အဆင့်မြင့်တိုးတက်ရေးအတွက် ဘဝ တစ်သက်တာလုံး ပါဝင်ထမ်းဆောင်ခဲ့ပြီး “လူ့ခန္ဓာကိုယ်ထဲမှာရှိသမျှ ပစ္စည်းတွေထဲ ရောဂါရောက်တာဟာ ဆေးလိပ်သောက်ခြင်း တစ်မျိုးသာဖြစ်တယ်” ဟု ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ အထိမ်းအမှတ် လှုပ်ရှားမှုဟောပြောပွဲများတွင် ပြောကြားခဲ့သည့် ဆေးလိပ်ဆန့်ကျင်ရေးသမား ဆရာကြီး သိပ္ပံမှူးတင်သည် အမှတ် (၄၅-L)၊ ၇ မိုင်ခွဲ၊ တေးနုယဉ်လမ်းသွယ်၊ ပြည်လမ်း (၇) ရပ်ကွက်၊ မရမ်း ကုန်းမြို့နယ်တွင် သားသမီးမြေးတို့၏ ကြင်နာယုယမှုများဖြင့် နေထိုင်ခဲ့ရာမှ ၂၀၁၅ ခုနှစ် ဧပြီလ ၉ရက်တွင် ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါသည်။ ဆရာကြီး ကွယ်လွန်သွားသော်ငြားလည်း ဆရာ ကြီး၏ စာပေလက်ရာများနှင့် သိပ္ပံပညာ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး အကြောင်း၊ ဆေးလိပ်နှင့် မူးယစ်ဆေး အကြောင်း ဟောပြောချက်များကယနေ့ ထိတိုင် ပျံ့လွင့်နေဆဲ၊ အမှတ်ရနေဆဲပင် ဖြစ်ပါသည်။ ။

 

“ဆေးလိပ် သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်” စာတန်းနှင့်အတူ ဆေးလိပ်ဆန့်ကျင်ရေးသမားကြီး သိပ္ပံမှူးတင်ကို လွမ်းဆွတ်တသ အမှတ်ရနေကြမည်ဟုလည်း ထင်မိပါသည်။

 

ရည်ညွှန်းကိုးကား  -

၁။ ဆရာကြီး၏ သားအငယ်ဆုံး ဦးတင်မောင်ထူး၏ ပြောကြားချက်များ။

၂။ နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း (တတိယတွဲ)။

၃။ ဆရာကြီး သိပ္ပံမှူးတင် ရေးသားခဲ့သည့် စာအုပ်များ။

၄။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် နေ့ထုတ် ကြေးမုံသတင်းစာ။

၅။ ၁၉၈၀ ပြည့်နှစ် မြန်မာ့စွယ်စုံ ကျမ်းနှစ်ချုပ်။

၆။ သုတစာပေစာတမ်းဖတ်ပွဲ (ဒုတိယတွဲ)။

 

သဉ္ဇာနွယ်(စာပေဗိမာန်)