ပညာရေးဖြင့် လူ့စွမ်းအားပျိုးထောင်ပေးသော မြတ်ဆရာ
အောက်တိုဘာလ ၅ ရက်နေ့တွင် “ကမ္ဘာ့ဆရာများ နေ့” ကျရောက်တော့မည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ဆရာများနေ့ကို နိုင်ငံတော် အဆင့်သတ်မှတ်ကာ ကျင်းပလျက်ရှိသည်။ မြန်မာ နိုင်ငံအတွင်း မြို့ပြဒေသရော ကျေးလက်ဒေသပါမကျန် ပညာဖွံ့ဖြိုးတိုးတက်အောင် စီမံကိန်း၊ စီမံချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြရာတွင် “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသောဆောင်ပုဒ် ကိုခံယူလျက် ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်သည်။ ပညာရည်ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူ အဖြစ်သို့ ဆရာ / ဆရာမများ သင်ကြားလေ့ကျင့်ပုံသွင်းလောင်းရာတွင် အသိစိတ်ဓာတ်ဖြင့် စည်းကမ်းကောင်းမွန်ကြသည့် လူရည်မွန်များ အဖြစ်သို့လည်း လေ့ကျင့်သွန်သင်လမ်းပြပေးရန် လိုအပ်ပြီး “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဟူသောအစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန် မြတ်ဆရာများ၏ တာဝန်သာဖြစ်သည်။
နည်းမျိုးအစုံစုံဖြင့် ဂုဏ်ပြု
ကမ္ဘာ့ဆရာများနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ များဖြစ်သည့် UNICEF, UNDP Education International တို့နှင့်ပူးပေါင်း၍ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ကျင်းပလျက်ရှိရာ ပညာရေးနှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊ ဆရာများအား သင်တန်းပေးခြင်း၊ ဆရာအသစ်များ စုဆောင်းအလုပ်ခန့်ခြင်း၊ ဆရာ များ၏ ထူးချွန်စွာစွမ်းဆောင်ခဲ့မှုများကို လူထု ဆက်သွယ်ရေးနည်းပညာများဖြင့် ဂုဏ်ပြု၍ ဖေဖော်ထုတ်ပြသခြင်း၊ ဂုဏ်ပြုမိန့်ခွန်း ပြောကြားခြင်း၊ တပည့်များ၏ပညာရေး အတွက်ဘဝများကိုရင်းနှီး မြှုပ်နှံကြိုးစားဆောင်ရွက် ပေးခဲ့ကြသော ဆရာများကို ဂုဏ်ပြုခြင်း၊ တပည့်များက ဆရာများထံကျေးဇူးတင်လွှာ များပေးပို့ခြင်း၊ ဂါရဝလက်ဆောင် များပေးပို့ခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပခြင်း၊ ဂုဏ်ပြု သီချင်းများ သီဆိုခြင်း၊ ကပွဲများ ပြုလုပ်ခြင်း စသည်ဖြင့် ကျင်းပပုံနည်းမျိုးအစုံစုံဖြင့် ဂုဏ်ပြု ကျင်းပကြသည်။
ဆရာ ဆရာမများအနေဖြင့် ကလေးများ လူချွန်လူကောင်းဖြစ်ရန် အရေးကြီးသောအခန်း ကဏ္ဍမှ ပါဝင်နေရာ ဆရာ၊ ဆရာမတိုင်းသည် သင်ကြားရေးရော အုပ်ချုပ်ရေးပါပူးတွဲတာဝန် ထမ်းဆောင်နေကြရသူများဖြစ်သည်။ ဆရာဟူသည် မိဘများနှင့် ကင်းကွာ၍မရပေ။ ကျောင်း နှင့် ရပ်ရွာဟူသည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့ အပြန်အလှန်အကျိုးပြုနေကြရသည်။
ကျောင်းတွင်း မိဘဆရာအသင်း၊ ကျောင်းအကျိုး တော်ဆောင်အဖွဲ့များ ဖွဲ့စည်း၍ လူထုအတွက် ပညာရေးလိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ကြရသည်။ ဆရာ၊ ဆရာမသည် တပည့်တို့အား မြင့်မားအောင်၊ ကြီးကျယ်အောင်၊ အမှန်တရား မြတ်နိုးအောင် ဖန်တီးနိုင်စွမ်းရှိသည်။ ဆရာသည် တပည့်တို့အား ကုသိုလ်ကောင်းမှု၌တည်အောင် ပြုစုဆုံးမနိုင်သောကြောင့် ဘုရားနှင့်တစ်ဂိုဏ်း တည်းထားခြင်းဖြစ်ပါသည်။
ဆရာ ဆရာမများသည် သီလ၊ သမာဓိ၊ ပညာနှင့်ပြီးပြည့်စုံသော ချစ်ဖွယ်၊ လေးစားဖွယ်ကောင်း ၍ ချီးမွမ်းထိုက်ပေသည်။ လမ်းလွဲလိုက်သူကို လမ်းမှန်ရောက်အောင် ဆုံးမနိုင်သူဖြစ်၍ မသိ နားမလည်သည်ကိုသိနားလည်အောင် ဆောင်ကြဉ်းပေးနိုင်သည်။ နက်နဲသောသဘော တရားကို သင်ကြားပေးနိုင်၊ ဟောပြောနိုင်သူဖြစ်၍ အကျိုးမဲ့ သောလုပ်ငန်းကို မညွှန်ပြမတိုက်တွန်းသူ ဖြစ်သောကြောင့် မြတ်ဆရာအဖြစ် အမည်ခံယူထိုက်ပေသည်။
ဘုန်းတော်ကြီးကျောင်းပညာရေး
မြန်မာ့ပညာရေးတွင် ဘုန်းတော်ကြီးကျောင်း ပညာရေးသည် လက်ဦးအစ အဓိကအရေးပါ ခဲ့သည်။ “မြန်မာ့အမျိုးသား ပညာရေးအစဘုန်းတော်ကြီးကျောင်း ပညာရေးက”ဟု ပြောစမှတ်ထားခဲ့သည်။ ယနေ့တိုင်အောင်လည်း ဘုန်းတော်ကြီးကျောင်း ပညာရေးတည်ရှိမြဲ ဖြစ်သည်။ တပည့်တို့၏ အကျိုး စီးပွားကို ရှေးရှုဦးတည်သော ရဟန်းကျင့်ဝတ်၊ လူကျင့်ဝတ်များ၊ စည်းကမ်းချက်များ၊ မင်္ဂလာတရားတော်များစသဖြင့် လောကီ၊ လောကုတ္တရာနှစ်ဖြာ အကျိုးရှိစေမည့်သင်ခန်းစာများကို ဆရာတော်၊ သံဃာတော်များက သင်ကြားပို့ချဆုံး မပေးခဲ့သောကြောင့် ဆရာတော်၊ သံဃာတော်များသည်လည်း မြတ်ဆရာများပင်ဖြစ်ပါသည်။ မိခင်၊ ဖခင်တို့လည်း ကျေးဇူးရှင် “လက်ဦးဆရာ” များဖြစ်ကြပါ၏။ မိမိရင်သွေးကို ပြုစု၊ ယုယ၊ သင်ပြ၊ ဆုံးမခဲ့ကြသည်။ စားဝတ်နေရေးငွေရှာပေးရုံသာမကကျွေးမွေး၊ သုတ်သင်၊ သွန်သင်ညွှန်ပြဆုံးမခဲ့ကြသည်။ မိဘနှစ်ပါးတို့သည်လည်း လက်ဦးဆရာ၊ မြတ်ဆရာ များပင်ဖြစ် သည်။ သားငယ် သမီးငယ်များကျောင်းနေအရွယ်ရောက်လာသောအခါ အသိပညာ၊ အတတ် ပညာသင်ကြားပေးကာ ဆုံးမပဲ့ပြင်သွန်သင် လမ်းညွှန်ပေးကြသော မြတ်ဆရာတို့ထံ အပ်နှံကြ ရသည်။ မြတ်ဆရာတို့သည် တပည့်ငယ်တို့အား ရင်ဝယ်သားပမာ မိဘနှင့်မခြား အကြင်နာတရားအပြည့်ဖြင့် သင်ကြားပြသပေးကြရပါသည်။
အတည်ပြုပြဋ္ဌာန်း
၁၉၆၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ဖြစ်သည်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အစိုးရအဖွဲ့များ၊ လူမှုရေးဆိုင်ရာအဖွဲ့၊ အသင်းအဖွဲ့များ တက်ရောက်ရောက်ကြသည့် အထူးညီလာခံကြီး (A Special Intergovernmental Conference) ၌ အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့ချုပ် (ILO) နှင့် ကုလသမဂ္ဂ၊ ပညာ
ရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့ပူးပေါင်းရေးဆွဲပြုစု၍ ရရှိလာသည့်ဆရာများ၏ အဆင့်အတန်းနှင့် ဆက်စပ်သည့် ထောက်ခံအကြံပြုချက် (Joint UNESCO ILO Recommendation Concerning The Status of Teachers) စာတမ်းကိုတင်ပြခဲ့ကြသည်။ အဆိုပါ အထူးညီလာခံကြီးတွင် ဆရာများ၏ အဆင့်အတန်းဆိုင်ရာထောက်ခံချက်ကို အညီအညွတ် လက်မှတ်ရေးထိုးကာ အတည်ပြုပြဋ္ဌာန်းပေးခဲ့ကြပါသည်။
မြတ်ဆရာတို့သည် ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ရသ၊ သက်မွေးမှုပညာဟူသော ဘက်စုံပညာကို တပည့်တို့အား သင်ပေးကြရပါသည်။ ၂၁ ရာစုသည် ပညာခေတ်ဖြစ်သည်။ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသော သတင်းခေတ်ဟုလည်း ခေါ်ကြသည်။ ဆက်သွယ်ရေးမြန်လွန်း သဖြင့်ကမ္ဘာကြီးကို ရွာကြီးဟုခေါ်နေကြပေပြီ။ ယခုခေတ် ဆရာတို့က ခေတ်တပည့်တို့အား ခေတ်မီအသိပညာ၊ သိပ္ပံ၊ နည်းပညာ၊ အတတ်ပညာအမျိုးမျိုးကို အချိန်နှင့်တစ်ပြေးညီ သင်ကြားလေ့ကျင့်ပေးကြရသည်။
လူ့စွမ်းအားအရင်းအမြစ် ပေါ်ထွက်လာအောင် လေ့ကျင့်သင်ကြား
မြန်မာနိုင်ငံမှ မြတ်ဆရာများသည် နယ်ချဲ့ လက်အောက် ကိုလိုနီခေတ်၌ နိုင်ငံလွတ်လပ်ရေး အတွက် အမျိုးသားကျောင်းများ ထူထောင်ကာအဘက်ဘက်မှ ပါဝင်လှုပ်ရှားခဲ့ကြသည်။ လွတ်လပ်ရေးရပြီးသောအခါ၌လည်း တိုင်းပြည်ပြန်လည်ထူထောင် ရေးအတွက် အားတက်သရော အနစ်နာအပင်ပန်းခံပြီး တပည့်များ နား၊ မျက်စိပွင့်လာအောင် လုပ်ဆောင်ခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်ရာ၌ လူ့စွမ်းအားအရင်းအမြစ် ပေါ်ထွက်လာ အောင်လေ့ကျင့်သင်ကြားပေး နေကြပါသည်။
အခြေခံပညာကဏ္ဍတွင် ဆရာအတတ်သင် ပညာသင်ကြားရေးအတွက် ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်အောက်တွင် ပညာ ရေးကောလိပ်ပေါင်း ၂၀ ကို ဖွင့်လှစ်ကာ ဆရာ အတတ်သင်ပညာကို လေ့ကျင့်ပျိုးထောင် သင်ကြားပေးလျက်ရှိသည်။ ဆရာများ၏အရည် အသွေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့် ဇီးပင်ကြီးဝန်ထမ်း တက္ကသိုလ်တို့တွင် ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့် လှစ်ပေးလျက် ရှိသည်။ ဘာသာရပ်ဆိုင်ရာ သင်ကြားမှုသင်တန်း၊ အုပ်ချုပ်ရေးဆိုင်ရာသင်တန်း စသဖြင့်အရည်သွေး တိုးမြှင့်ခြင်းဆိုင်ရာ သင်တန်းအမျိုးမျိုးကို ဖွင့်လှစ်ပေးလျက်ရှိသည်။ ဆရာအတတ်သင် ပညာပြုစုပျိုးထောင်ရေး စီမံကိန်းကြီးသည်အားရ ဖွယ်ရာအခြေအနေ၌ အဆင့်မြင့်ပညာအဆင့်တွင် ရန်ကုန်ပညာရေးကောလိပ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တို့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီးဖြစ်ပါသည်။
ဆရာဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်း ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မွန်မြတ်သောအသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ရွေးချယ်ဆောင်ရွက်နေသူ များဖြစ်သည်။ မြတ်ဆရာများသည် နှိုင်းကာချိန်ဆပဲ့ပြင်တတ်သောပုဂ္ဂိုလ်၊ တပည့်တို့အား ချမ်းမြေ့သည့် အရိပ်အာဝါသပေးနိုင်ကြသည့် ပုဂ္ဂိုလ်၊ ပစ္စုပ္ပန် သံသရာနှစ်ဖြာသောအကျိုးကို ညွှန်ပြဆုံးမနိုင်သောပုဂ္ဂိုလ်ဟု ရှေးပညာရှင်တို့က အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ “ရှေးရှုမေတ္တာ၊ ကရုဏာဖြင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က ဆုံးမတတ်သူဆရာ ဟူလော့”ဟုမာဃဒေဝလင်္ကာမှာ ဆရာအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ပညာရှိတို့ တင်စား၍ ဆရာ့ဝတ္တရား၊ ဆရာ့ဂုဏ်ရည်၊ ဆရာ့တန်းဖိုးတို့ကို ဖော်ညွှန်းထားသည့် ကဗျာ၊ လင်္ကာ၊ စကားပုံ၊ ဆုံးမစာ စာပေများစွာရှိခဲ့သည်။ ဆရာကောင်းမှတပည့်ကောင်း၊ ဆရာကောင်းတပည့် ပန်းကောင်းပန်စသဖြင့်၊ ဆရာ့ဂုဏ် ဆရာ့ကျေးဇူး၊ ဆရာ့တန်ဖိုးကို ပြောဆိုရေးသား ကြပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုတ်တရက် ရပ်တန့်လိုက်ရသည့် မြောက်မြားစွာသော ပညာရေးလုပ်ငန်းအစီအစဉ်များကြောင့် ကမ္ဘာတစ်ဝန်းတွင် သက်ငယ် သက်ကြီးပညာသင် ယူနေကြသူများ၊ ပညာရေးလုပ်ငန်းများ၊ ပညာရေးစနစ်များသင်ကြားပေး သူများအားလုံးအပေါ် ထိခိုက်မှုများစွာ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ခေတ်အဆက်ဆက် နိမ့်ပါး - ခဲ့ရသည့်ပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆၂၀၂၁ အရ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေးလုပ်ငန်းစဉ် (၁၂) ရပ်ကို ချမှတ်ကာ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နေဆဲအချိန်တွင် ရင်ဆိုင်တွေ့ကြုံရခြင်းဖြစ်သည်။
ပညာရေးကဏ္ဍမှ ပြုစုပျိုးထောင်
နိုင်ငံတော်ကရည်မှန်းထားသော အနာဂတ် မြန်မာ့လူဘောင်ကို တည်ထောင်ကြမည့် အရည်အသွေးပြည့်ဝနေမည့် လူ့စွမ်းအားအရင်းအမြစ်များကို ပညာရေးကဏ္ဍမှ ပြုစုပျိုးထောင်မွေး ထုတ်ပေးလျက်ရှိရာ ဆရာ့လုပ်ငန်းများမှာ တပည့်များ အား စာပေရသ၊ သက်မွေးမှုပညာရပ်များ၊ ကျွမ်းကျင် တတ်မြောက်စေရန်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ယှဉ်တွဲဖော်ဆောင် ပေးမည့် ဘက်စုံပညာထူးချွန်ထက်မြက်ရေးအတွက် ဆရာ၊ ဆရာမများက အလေးထားဆောင် ရွက်နေကြပြီဖြစ်သည်။ နေ့စဉ်လူငယ်များနှင့် ထိတွေ့နေကြသော ဆရာများသာမက မိဘအုပ်ထိန်းသူများကပါ သင့်တော်သောလမ်းညွှန်မှုကိုပေးကာ ကူညီတိုက်တွန်းကြရမည် ဖြစ်ပါသည်။ ။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ပညာရေး အတွက် ရင်းနှီးမြှုပ်နှံမှုများကို ငွေသန်းပေါင်းထောင်ချီ၍ ခွင့်ပြုလျက် ရင်းနှီးမြှုပ်နှံမှုများသည် နောင်အနာဂတ်၏ တိုင်းပြည်တိုးတက်ရေးအတွက် လူသားအရင်းအနှီးမြှုပ်နှံမှုပင် ဖြစ်ပေသည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသောစကားအရ ယနေ့မျိုးဆက်သစ်လူငယ်များ နောင်တစ်ခေတ် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြ မည့်သူများပင်ဖြစ်သည်။ အနာဂတ်ခေါင်းဆောင်လောင်း မျိုးဆက်သစ်များကို ပညာသင်ကြား ပြုစုပျိုးထောင် ပေးရမည့်သူများမှာ အာစရိယဆရာများပင် ဖြစ်သည်။ ဆရာနှင့် ပညာရေးမှာ ဒွန်တွဲလျက် ရှိသည်နှင့်အညီ ဆရာများသည် ဘဝဗိသုကာများပင် ဖြစ်ပါသည်။
ရှေ့ဆောင်လမ်းပြပေး
မြန်မာမှုနယ်ပယ်၌ အနန္တောအနန္တငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး လောကကို ပညာဖြင့် အလှဆင်ကာ သောကကိုကရုဏာဖြင့်ဖြေဖျောက် ပြီး အများအကျိုးကို ကိုယ့်ကျိုးစွန့်၍ ဆောင်ရွက် တတ်သူများပြပါဆိုလျှင် ဆရာ၊ ဆရာမများကို ပြရမည်ဖြစ်သည်။ ဆရာဟူသည်တပည့်များအား ရှေ့ဆောင်လမ်းပြပေးနေသည့် မီးရှူးတန်ဆောင် မေတ္တာစေတနာ ရှင်ကြီးဖြစ်သည်။ ဆရာသမားများ ၏အရိပ်သည်ကား တပည့်တည်းဟူသော မျိုးစေ့ပင်တို့ကို အစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက်မှုကို ပေးနိုင်စွမ်းလေသည်။ ဆရာများ၏ ဂုဏ်ကျေးဇူးကို ရေးပြ၍ပင် ကုန်မည်မဟုတ်ပါ။ “အာစရိယ ဂုဏာအနန္တာ”ဟုနေ့စဉ်ရှိခိုး၍ ဖွင့်ဟထုတ်ဖော် ချီးကျူးဖော်ထုတ်ရင်း အောက်တိုဘာလ ၅ ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ မှသည် မြန်မာ့ဆရာများအပါအဝင် ကမ္ဘာ့ဆရာများအားလုံးကို ဂုဏ်ယူလေးစားတန်ဖိုးထားပါကြောင်းရေးသားလိုက်ရပါသည်။ ။
မေယု-မျိုးအောင် (MANA)