သက်ကြီးများအထီးကျန်အိုပယ်မဖြစ်စေဖို့ နိုင်ငံသားတိုင်းစောင့်ရှောက်ဖို့
ကမ္ဘာနှင့်အဝှမ်း လူဦးရေအချိုးအစား ပြောင်းလဲ လာမှုနှင့်အတူ သက်ကြီးရွယ်အိုဘိုးဘွားများကို ထောက်ပံ့ကူညီမှုများပြုရန် ပိုမိုလိုအပ်လာသည်။ ၂၀၀၈ ခုနှစ်မှစ၍ အစားအစာ၊ လောင်စာ၊ တုပ်ကွေးနှင့် ငွေကြေးအကျပ်အတည်းများ တစ်ပြိုင်တည်း ဖြစ်ပွားမှုကြောင့် လူသန်းပေါင်းများစွာကို စီးပွား ရေးနှင့် လူမှုရေးအခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။ သဘာဝဘေးနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှု ဖြစ်စဉ်များက ရေနစ်သူ ဝါးကူထိုးသည့်နှယ် ဘေးဒုက္ခကျရောက်သူတို့ကို ပိုမိုနစ်မွန်းခဲ့သည်။ ဆင်းရဲနွမ်းပါးသူများ အသက်အိုးအိမ် ပျက်စီးဆုံးရှုံး စေပြီး ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ထိခိုက် ပျက်စီးစေခဲ့သည်။ ထိုပျက်စီးဆုံးရှုံးမှုများ၏ အကျိုး သက်ရောက်မှုများကလူမှုကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို စတင်ဆောင်ရွက်ကြရန် စေ့ဆော် ပေးခဲ့သည်။
လူမှုအကာအကွယ်စောင့်ရှောက်မှုစနစ်
လူမှုကာကွယ်စောင့်ရှောက်မှုဆိုသည့် စကား ရပ်သည် ကျယ်ပြန့်သကဲ့သို့ အပြည့်အဝအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုသည်မှာလည်း မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်သည်။ လူမှုကာကွယ်စောင့်ရှောက်မှုဆိုင်ရာ မဟာဗျူဟာ ဘောင်ကိုရေးဆွဲဆောင်ရွက်သည့်နေရာတွင် ကဏ္ဍစုံဖြစ်ရန် လိုအပ်သကဲ့သို့ အားလုံးပါဝင်ဆောင်ရွက် နိုင်ရန်လည်း အရေးကြီးပါသည်။ အမျိုးသားလူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် လည်း အံဝင်ခွင်ကျဖြစ်ရန် လိုအပ်သည်။ ကလေး သူငယ်များ၊ အားနည်းသူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများအတွက် လူမှု အကာအကွယ် စောင့်ရှောက်မှုစနစ်ကို ဖော်ထုတ် ရေးဆွဲရမည်ဖြစ်သည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းထုတ်ပြန်ချက်အရ မြန်မာ့လူဦးရေ ၅၁ ဒသမ ၄၈၆ သန်းအနက် အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုဦးရေမှာ ၂ ဒသမ ၈၉၇ သန်းဖြစ်သည်။ ယင်းအနက် သုည ဒသမ ၀၄ ရာခိုင် နှုန်းမှာ အသက်တစ်ရာကျော်ဘိုးဘွားများ ဖြစ်ကြ သည်။ကောက်ယူရရှိသော စာရင်းများအရ အသက် ၁ဝဝ နှစ် ၂၉၇ ဦး၊ အသက် ၁၀၁ နှစ် ၂၆၅ ဦး၊ အသက် ၁၀၂ နှစ် ၁၈ဝ ဦး၊ အသက် ၁၀၃ နှစ် ၉၉ ဦး၊ အသက် ၁၀၄ နှစ် ၇၅ ဦး၊ အသက် ၁၀၅ နှစ် ၆၃ ဦး၊ အသက် ၁၀၆ နှစ် ၆၈ ဦး စသည်ဖြင့် အသက် ၁၁၁ နှစ် ၁၁ ဦးရှိပြီး အသက် ၁၁၂ နှစ်နောက်ပိုင်းမှစ၍ ဆယ်ဂဏန်းမပြည့်တော့ဘဲ ခုဂဏန်းအရေအတွက် သာရှိကြောင်း တွေ့ရှိရသည်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ
ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး၏အစိုးရတိုင်းသည် ဆင်းရဲနွမ်းပါးသော လူတန်းစားနှင့် လူမှုစီးပွားဘဝ ရပ်တည်ရန်ခက်ခဲသောလူထုအား ပုံမှန်အခြေအနေ အတိုင်းရပ်တည်နိုင်အောင် ဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးရမည့်လုပ်ငန်းစဉ်များ ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထု တစ်ရပ်လုံးအား စီးပွားရေးအခြေခိုင်မာအောင် ဆောင်ရွက်ခြင်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဟူ၍ သဘောတရားရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဖော်ပြပါသဘောတရားနှစ်ရပ်စလုံးကို တစ်ပြိုင်တည်း ဆောင်ရွက်သည့်နည်းလမ်းမှာ ပိုမိုသင့်လျော်မည်ဟု ထင်မြင်ယူဆမိသည်။
သဘာဝဘေးအန္တရာယ်များသည် မိန်းကလေး များ၊ ယောက်ျားလေးများ၊ အမျိုးသမီးများနှင့် အမျိုး သားများ၏ ရှိရင်းဘဝရပ်တည်ရန် ခက်ခဲမှုများ၊ အန္တရာယ်ကျရောက်လွယ်ကူမှုများကို များပြားစေ သည်။ လူမှုကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက် ခြင်းသည် ဆင်းရဲနွမ်းပါးသည့်မိသားစုများ၏ လူမှု ရေးနှင့် စီးပွားရေးအခက်အခဲများ အဆင်ပြေချောမွေ့ စေရန်၊ ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ဦးတည်ဆောင်ရွက် ခြင်းဖြစ်သည်။ သဘာဝဘေးအန္တရာယ်လျော့ပါးရေး စီမံခန့်ခွဲမှုသည် သဘာဝဘေးအန္တရာယ်ကျရောက်မှုမှ လျော့နည်းစေရန် ဦးတည်ဆောင်ရွက်ခြင်းဖြစ်၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေး စီမံခန့် ခွဲမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးတို့ကို ဟန်ချက်ညီစွာ ဆက်စပ်ဆောင်ရွက်ခြင်းဖြင့် သာယာလှပသော လူ့ဘောင်ဘဝကို ဦးတည်လျှောက်လှမ်းနိုင်မည် ဖြစ်သည်။
ကမ္ဘာ့အဆင့် (၁) နေရာတွင် ရပ်တည်လျက်ရှိ
မြန်မာနိုင်ငံသည်လတ်တလော အခြေအနေအရ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေသော်လည်း ပေးကမ်းစွန့်ကြဲလှူဒါန်းမှုနှင့် သဒ္ဓါတရား ထက်သန်မှုစာရင်းတွင် ကမ္ဘာ့ထိပ်တန်း အမေရိကန် နိုင်ငံနှင့်တန်းတူ ကမ္ဘာ့အဆင့် (၁) နေရာတွင် ရပ်တည်လျက်ရှိကြောင်း မကြာမီက ထုတ်ပြန်လိုက် သည့် အညွှန်းကိန်းအစီရင်ခံစာအရ သိရသည်။ မြန်မာလူမျိုးတို့သည် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားကာ စေတနာ၊ သဒ္ဓါတရားလွန်စွာထက်သန် သောလူမျိုး ဖြစ်ကြောင်း ရှေးမဆွကာလကတည်းကပင် ကမ္ဘာက အသိအမှတ်ပြုပြီးဖြစ်သည်။
ဘဝနေထိုင်မှုများလည်း ပြောင်းလဲလာပြီး မိသားစုထဲတွင် အလုပ်လုပ်ကိုင်နိုင်သည့်အသက် အရွယ်အားလုံးနီးပါးသည် အပြင်ထွက်စီးပွားရှာလာ ကြရာ အိမ်တွင်တစ်ဦးတည်းကျန်ခဲ့သည့် ဘိုးဘွားများသည် အထီးကျန်ခံစားလာကြရသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရိပ်သာအခြေပြု နှင့် ရပ်ရွာအခြေပြု နှစ်ခုပေါင်းစပ်ကာ သက်ကြီး ရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့သည်။
အသက် ၇၀ နှင့်အထက် အဘွား ၂၀ နှင့် အဘိုး ၅၀ တို့အား လက်ခံစောင့်ရှောက်မှုပေးလျက်ရှိသည်။ ပြုစုစောင့်ရှောက်မှုအနေဖြင့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးနှင့် လူမှုရေးအရ စောင့်ရှောက်မှုပေးခြင်း၊ သက်ကြီးဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ အနားယူအပန်းဖြေနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊ ဘဝတစ်သက်တာ လေ့လာ စရာအစီအစဉ်များနှင့် အာဟာရကျွေးမွေးမှု အစီအစဉ်များ ပါဝင်သည်။ တစ်ပတ်လျှင် သုံးရက်ခန့် သက်ကြီးပညာပေးအစီအစဉ်အရ သက်ကြီးဘိုးဘွားများအချင်းချင်း အတွေ့အကြုံမျှဝေခြင်း၊ ကျန်းမာရေးဆိုင်ရာ ပညာပေးဟောပြောခြင်း၊ စကားနပန်းကဲ့သို့ စကားရည်လုခြင်းများကို ထည့်သွင်းကျင်းပပေးရာ ဘိုးဘွားများ တက်တက်ကြွကြွ ပါဝင်ကြသည်ဟုလည်း သိရသည်။ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ၏ အချိုးအစားသည် မြန်မာတစ်နိုင်ငံလုံးလူဦးရေစုစုပေါင်း ၏ ကိုးရာခိုင်နှုန်းဖြစ်နေပြီး ၂၀၅၀ ပြည့်နှစ်တွင် ၂၅ ရာခိုင်နှုန်း ဖြစ်လာလိမ့်မည်ဟုလည်း ခန့်မှန်း ထားသည်။
နိုင်ငံတော်အခမ်းအနားတစ်ခုအဖြစ် နှစ်စဉ်ကျင်းပ
နိုင်ငံတကာတွင် အသက် ၆၀ နှင့်အထက်ကို သက်ကြီးရွယ်အိုအဖြစ် အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုဆိုင်ရာဥပဒေတွင် လည်း အသက် ၆၀ နှင့်အထက်ကို သက်ကြီးရွယ်အို အဖြစ် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုအရေ အတွက်လေးသန်းခွဲခန့်ရှိကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန် ချက်များအရ သိရသည်။ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ်မှစတင်၍ နှစ်စဉ်အောက်တိုဘာလ ၁ ရက် နေ့ကို “အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့” သတ်မှတ်ပြီး နိုင်ငံတော်အခမ်းအနားတစ်ခု အဖြစ် နှစ်စဉ်ကျင်းပခဲ့သည်။
မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာအရ မိမိ တို့၏ အိုမင်းမစွမ်းတော့သည့် သက်ကြီးရွယ်အို မိဘများ၊ ဘိုးဘွားများကို မိမိတို့နှင့်အတူ ပြုစုစောင့်ရှောက်သည့်ဓလေ့များရှိသော်လည်း ယနေ့ ခေတ်တွင် စားဝတ်နေရေးအခြေအနေက မိမိ တစ်ကိုယ်ရေတစ်ကာယ ရပ်တည်ရန်အတွက်ကိုပင် ခက်ခဲလာသည့်အတွက် စွန့်ပစ်ခံသက်ကြီး ရွယ်အိုဘိုးဘွား များပြားလာနေခြင်းဖြစ်သည်။ အိုမင်းမစွမ်း သက်ကြီးရွယ်အိုဘိုးဘွားများနှင့် စွန့်ပစ်ခံဘိုးဘွားများအတွက် ဘိုးဘွားရိပ်သာ များနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ များတွင် နေထိုင်နေရသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရသည်။ အသက်ကြီးသူဦးရေအချိုး သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီသောကြောင့် မူဝါဒချမှတ်သူများအနေဖြင့် စီမံခန့်ခွဲနိုင်သော ဖြစ်စဉ်ဖြစ်အောင်၊ အများပြည်သူ လက်လှမ်းမီသော ဖြစ်စဉ်ဖြစ်အောင် နည်းဗျူဟာအမျိုးမျိုး ချမှတ်ဆောင်ရွက်ကြရမည် ဖြစ်သည်။
ဂျပန်၊ တောင်ကိုရီးယားနှင့် စင်ကာပူ အပါအဝင် အချမ်းသာဆုံးသောနိုင်ငံများသည် အမျိုး သမီးများအား အလုပ်လုပ်ကိုင်စေခြင်း၊ အလုပ်နှင့် ပတ်သက်၍စီစဉ်ရာတွင် အဆင်ပြေမှုကို ဦးစား ပေးခြင်းဖြင့် ကုန်ထုတ်လုပ်သားသက်တမ်းများကို ဆက်လက်ဆွဲဆန့်ခြင်း၊ လူငယ်လုပ်သား လူဝင်မှုကို တိုးမြှင့်ခြင်းတို့ဖြင့် အလုပ်သမားအင်အား ကျဆင်းလာမှုကို ဖြေရှင်းကျော်လွှားနိုင်သည်။
တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ် ကဲ့သို့သော အလျင်အမြန်ဖွံ့ဖြိုးလာနေသည့် ဝင်ငွေ အလယ်အလတ်နိုင်ငံများသည်လည်း သက်ကြီး ရွယ်အို များပြားလာမှုကို ရင်ဆိုင်နေရသည်။ အဆိုပါနိုင်ငံများအနေဖြင့် ကုန်ထုတ်လုပ်နိုင်စွမ်း တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားရန် အရေးကြီးသည်ဟု ယုံကြည်ပြီး ထိန်းသိမ်းထားနိုင် ရန်အတွက် ပင်စင်၊ လူမှုဖူလုံရေး၊ ကျန်းမာရေးနှင့် ကာလရှည်ပြုစုစောင့်ရှောက်မှု၊ အလုပ်သမား ဈေးကွက်မူဝါဒများအပိုင်းတွင် အခြေခံကျကျ ပြုပြင်ပြောင်းလဲခြင်းများ ဆောင်ရွက်ရန်လိုအပ် သည်။
ပင်စင်မူဝါဒ၊ ကျန်းမာရေးမူဝါဒ
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ပါပူဝါနယူးဂီနီ၊ ပစိဖိတ်ကျွန်းနိုင်ငံများနှင့် အရှေ့တီမောနိုင်ငံ အပါအဝင် အခြားနိုင်ငံများသည် အသက်အရွယ် ငယ်ရွယ်သူ များပြားနေသေးပြီး အသက် ၆၅ နှစ်နှင့် အထက်လူဦးရေမှာ ပျမ်းမျှလေးရာခိုင်နှုန်းသာ ရှိသေးသည်။ အဆိုပါနိုင်ငံများအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြင့်တက်အောင် ကုန်ထုတ်လုပ်နိုင်မှုကို မြှင့်တင်ပြီး လူငယ်များအလုပ်အကိုင်ခန့်ထားမှုကို အမြင့်ဆုံးမှတ်သို့ ရောက်အောင်လုပ်ဖို့ရာ ခြေလှမ်းများလှမ်းရန်ဖြစ်သည်။ ချမ်းသာသောနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာသင်ခန်းစာယူ နိုင်ပြီး လာမည့်ဆယ်စုနှစ်များတွင် ကြုံတွေ့ရမည့် အသက်ကြီးသူများ လျင်မြန်စွာများပြားလာမှုပြဿနာကို ဖြေရှင်းရာတွင် အခြေအနေကောင်းနိုင်စေရန်အတွက် တာရှည်ချမှတ်မည့် ပင်စင်မူဝါဒ၊ ကျန်းမာရေးမူဝါဒချမှတ်နိုင်ရေး စိတ်အေးရမည်ဖြစ်သည်။
အရှေ့အာရှနှင့် ပစိဖိတ်ဒေသသည် အသက် အရွယ်ကြီးရင့်သူများ အလျင်အမြန်တိုးပွားလာခြင်း ကို စီမံခန့်ခွဲရင်း တစ်ဖက်ကလည်း စီးပွားရေးတိုးတက် မှုအရှိန်အဟုန်ကိုထိန်းသိမ်းနိုင်မည်ဟု ယုံကြည်မိသည်။
ဖြူစင်သောစိတ်ထား ထားရှိခြင်း
ဘဝကို သက်သက်သာသာဖြတ်ကျော်သူ၊ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲဖြတ်ကျော်သူတို့သည် သုခ၊ ဒုက္ခ လောကဓံတရားကို သိနားလည်ကြပြီး ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံချင်း မတူညီနိုင်သော်လည်း သက်တူရွယ်ချင်း အိုသူနှင့် ပျိုသူဟူ၍ ကွာခြားနိုင်သည်။ ဖြူစင်သောစိတ်ထား ထားရှိခြင်းဖြင့် အိုသူသည် ပျိုသူဖြစ်နိုင်ကြောင်း၊ အိုမင်းခြင်းအယူအဆအမျိုးမျိုးရှိသည်။ ပူခြင်း၊ အေးခြင်း၊ စိုထိုင်းခြင်း၊ ခြောက်သွေ့ခြင်း၊ ဖုန်မှုန့်၊ ဆေးလိပ်ခိုး၊ မီးခိုး စသည့်အခိုးအငွေ့များ၊ နေရောင် ခြည်၊ ခရမ်းလွန်ရောင်ခြည်၊ အိတ်စရေးစသည့် ရောင်ခြည်များထိတွေ့ခြင်း၊ အဆိပ်အတောက်ဖြစ်စေသော သတ္တုဓာတ်များ၊ အရောင်ဆိုးဆေးများ၊ ဓာတုပစ္စည်းအမျိုးမျိုး၊ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးမွှားများကြောင့် အိုမင်းခြင်း၊ နေ့စဉ်စားသုံးနေသည့် အစားအစာများမှ အာဟာရဓာတ်များကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်း ထိခိုက်ပျက်စီးစေခြင်းကြောင့် အိုမင်းခြင်း၊ အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်း ဖောက်ပြန်ပြောင်းလဲမှုကြောင့် အိုမင်းခြင်း၊ သက်စောင့်ဓာတ်ပစ္စည်း ကုန်ခန်း လျော့နည်းသွားခြင်းကြောင့် အိုမင်းခြင်းဖြစ်သည်။
သက်ကြီးရွယ်အိုများအား ငွေကြေးစောင့်ရှောက်မှုများသာမက ကျန်းမာရေး၊ လူမှုရေး စသဖြင့် စိတ်ပိုင်းဆိုင်ရာများကိုလည်း ဝိုင်းဝန်းအားဖြည့်ပေးကြရမည်ဖြစ်သည်။ လူတိုင်းသည် မသေ၍ အသက်ရှည်ရှည်နေရမည်ဆိုပါက တစ်နေ့ အိုကြရဦးမည်ဖြစ်သည်။ အို၍ ပတ်ဝန်းကျင်အသိုင်း အဝိုင်းက ပယ်လိုက်ကြသည့် အိုပယ်များအဖြစ် အထီးကျန်ခံစားမှုများ မဖြစ်ပေါ်အောင် မိသားစု သာမက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက နွေးနွေး ထွေးထွေးဆက်ဆံကာ စောင့်ရှောက်ကြခြင်းဖြင့် လူသားတာဝန် ကျေပွန်ကြပါစို့ဟု ရေးသားလိုက်ရပါသည်။ ။
မေယု-မျိုးအောင် (MANA)