Skip to main content

အိမ်မှာနေချင်တာပေါ့အဖေ

နေကမမြင့်သေး။ နံနက် ၈နာရီခန့် ရှိလောက်ပြီ။ နံနက်ငါးနာရီခွဲခန့်မှစပြီးတစ်တိုက်ဝင် တစ်တိုက်ထွက်ဖြင့် တိုက်ပေါင်း ၅၀ ကျော် ဖြတ်သန်းလာခဲ့ခြင်းကြောင့် မောလာ၍ တိုက်တစ်တိုက်၏ ဆင်ဝင်တိုင်နှင့် စက်ဘီးကို မှီရပ်ပြီး ခဏအမောဖြေနေမိသည်။ အမောပြေလျှင် “ပဲပြုတ်၊ အီကြာကွေး” ဟုအော်မည်။ ခဏစောင့်မည်။ ဒုတိယအကြိမ် “ပဲပြုတ်၊ အီကြာကွေး” ဟု ထပ်အော်မည်။ ခဏစောင့်မည်။ အော်လို့မှ တိုက်ခန်းများမှ ဝယ်ယူမည့် အသံမထွက်လာပါက ဘေးနားရှိ တိုက်သို့ ဆက်သွားမည်။ ထိုမှတစ်ဆင့် အခြားတိုက်များသို့ သွားရောက်ကာ တိုက်ခန်းနေဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများကြား အောင်အော်မည်။ ခဏစောင့်မည်။ အော်မည်။ ထို့နောက် တစ်လမ်းပြီး တစ်လမ်း၊ တစ်တိုက်ပြီးတစ်တိုက်။ ဒါကအေးချမ်း၏ နိစ္စဓူဝအလုပ်ဖြစ်သည်။

နာမည်ကတော့ အေးချမ်းလှသည်။ အေးချမ်း ဘဝကမအေးချမ်း။ ပညတ်သွားရာ ဓာတ်သက်ပါသည့် သဘောတရားက အေးချမ်းတို့ မိသားစုနှင့် ပြဒါးတစ်လမ်းသံတစ်လမ်း။ အေးချမ်းတို့ မိသားစုက မကွေးဇာတိဖြစ်သည်။ နေပြည်တော်တွင် အလုပ်အကိုင် ကောင်းသည်ဟုကြား၍ မကွေး မှနေပြည်တော်သို့မိသားစုအကုန်လုံးပြောင်းလာပြီး အဖေက ဆိုင်ကယ်ကယ်ရီ မောင်းသည်။ အမေက ဆောက်လုပ်ရေးလုပ်ငန်းထဲတွင် ပန်းရန်အကူလုပ် သည်။ အေးချမ်းအသက် ၁၀ နှစ်အရွယ် ငါးတန်း တက်နေချိန်တွင် အဖေယာဉ်တိုက်ခံရပြီး ဆုံးပါးခဲ့သည်။ အဖေဆုံးပါးချိန်တွင် အေးချမ်းအမေနှင့် အစ်မတစ်ယောက်၊ ညီမတစ်ယောက် ကျန်ခဲ့သည်။ ဆင်းရဲလှသော အေးချမ်းတို့ မိသားစုဘဝပိုင်ဆိုင်မှု ဆို၍ ဧကသုံးထောင် ဝန်ထမ်းတိုက်ခန်းအနီး တောထဲကတဲလေးတစ်လုံးသာ ရှိသည်။ အငယ်ဆုံး ညီမလေးက ငါးနှစ်ရှိပြီဖြစ်သော်လည်း ကျောင်းမထားရသေး။ အေးချမ်းအစ်မကတော့ ငါးတန်းပြီး ကတည်းက အိမ်အလုပ်ကိုကူရန် ကျောင်းထွက် လိုက်သည်။

အေးချမ်းအဖေရှိစဉ်က အဖေနှင့်အမေတို့၏  တစ်နေ့လုပ်ခလစာလေးဖြင့် မိသားစုချွေတာစွာ စားသောက်ကြရသည်။ ငွေပိုငွေလျှံမရှိ။ ပညာနည်းခဲ့သော အေးချမ်းအဖေနှင့်အမေက မိသားစုထဲတွင် သားယောက်ျားလေး တစ်ဦးသာပါလာသူ အေးချမ်းကို အားကိုးမျှော်လင့် သည် ထင်သည်။ ချို့တဲ့မှုကြားက ကျောင်းကို မဖြစ်မနေထားပေးသည်။ ပညာတတ်ဖြစ်စေချင်သည်ဟု အေးချမ်းအဖေမကြာခဏ ပြောတတ်သည်။ အစိုးရရုံး စိုက်သော နေပြည်တော် တွင်နေကြ၍ အေးချမ်းကို အနည်းဆုံး ဘွဲ့လေးတစ်ခုရပြီး ရုံးတစ်ရုံးတွင် ဝင်လုပ်စေချင်သည်။ သူ့လို တစ်နေ့လုပ်၊ တစ်နေ့စား အလျဉ်မမီလှသော  ဆိုင်ကယ်ကယ်ရီသမားဘဝကို မရောက်စေလိုသော ဆန္ဒဖြစ်မည်။ ။

အေးချမ်းဘဝ ပြောင်းလဲမှု

မမျှော်လင့်စွာ အေးချမ်းအဖေဆုံးသွားချိန်တွင် အေးချမ်းဘဝ ပြောင်းလဲမှု စခဲ့သည်။ အဖေ မရှိတော့သည့်နောက် အမေတစ်ဦးတည်း၏ ဝင်ငွေဖြင့် ကျန်မိသားစုလေးယောက်အတွက် အခက်အခဲ ဖြစ်လာသည်။ အေးချမ်းအဖေဆုံးပြီး သုံးလလောက်အထိ အမေအလုပ် ပိုမိုကြိုးစား လုပ်ကိုင်သော်လည်း နေ့စားအလုပ်သမား တစ်ဦး၏ လုပ်ခက ဖခင်ရှိစဉ် ကလို မည်သို့မျှ မထိန်းနိုင်ခဲ့။ သို့အတွက် အေးချမ်း နံနက် ကျောင်းမတက်မီ အီကြာကွေးကို ဈေးအနီး လက်ဖက်ရည်ဆိုင်ကယူ၍ ဝန်ထမ်းတိုက်များသို့ လိုက်လံရောင်းချမည်။ အစ်မက အဒေါ်ဖြစ်သူထံက ပဲပြုတ်ပြုတ်နည်းကို သင်ယူ၍ ပြုတ်ပေးမည်။ အီကြာကွေးဆိုင်နှင့် လည်း ကြိုတင်ညှိနှိုင်းထား၍ ဆိုင်ကတိုက်ခန်းများသို့ လှည့်လည်ရောင်းချရန် စက်ဘီးလည်း ထုတ်ပေးမည့်အစီအစဉ်ကို အမေနှင့် အစ်မတို့ကို တိုင်ပင်ကြည့်သည်။

ပထမတော့ အေးချမ်းအမေခွင့်မပြု။ တစ်ကြိမ်ပြောမရ။ နှစ်ကြိမ်ပြောသဘောမတူ။ နောက်ဆုံး ငါးကြိမ်မြောက်တွင် အေးချမ်းကို အမေအလျှော့ပေးခဲ့ရသည်။ သည်အလုပ်က အိပ်ရာတော့ စောစောထ  ရသည်။ မထလို့မဖြစ်။ ဧကတစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်၊ လေးထောင်ရှိဝန်ထမ်းတိုက်ခန်းများကို  တစ်လမ်းဝင် တစ်လမ်းထွက်၊ တစ်တိုက်ဝင် တစ်တိုက်ထွက် လိုက်၍ ရောင်းရသည်ဖြစ်၍ နံနက်ငါးနာရီအိပ်ရာထ မျက်နှာသစ်ပြီး အစ်မပြုတ်  ပေးထားသော ပဲပြုတ်ကို ပလတ်စတစ်အိတ်ထဲ ထည့်ကာ တစ်ထုပ်စီတစ်ထုပ်စီ ခြင်းတောင်းထဲ တွင်စုသည်။ ထို့နောက် စက်ဘီးစီးကာ လက်ဖက် ရည်ဆိုင်သို့သွားပြီး ပူပူနွေးနွေးကြော်ထားသော  အီကြာကွေးများကို ဆိုင်ရှင်မှရေတွက်ကာ ပဲပြုတ်ခြင်းထဲသို့ ထည့်ပေးသည်။ သည်လိုနှင့် ပဲပြုတ်နှင့် အီကြာကွေး လှည့်လည်ရောင်းချခြင်းလုပ်ငန်းကို ငါးနာရီမခွဲခင်ခန့်က စတင်သည်။ တစ်မနက်တာအတွက် တိုက်ပေါင်းငါးဆယ်ကျော် အခန်းပေါင်း နှစ်ရာဝန်းကျင်သို့ မနားတမ်း လှည့်ပတ်ရောင်းပြီး လက်ဖက်ရည်ဆိုင်သို့ ပြန်ဝင်ကာ အီကြာကွေး ရောင်းချရငွေကိုယူသွားသောအရေအတွက်အတိုင်း  အပ်နှံပြီးသည့် အခါ တစ်ခါတစ်ရံဆိုင်ရှင်က အီကြာကွေး ပေးလိုက်သည်လည်း ရှိသည်။ သည်လိုနှင့်  နံနက် ၈ နာရီခန့်တွင် အိမ်ပြန်ရောက်ပြီး အမောပြေ ရေတစ်ခွက်သောက်ကာ တဲအနီးရှိ လျှိုပိတ် ဆည်တွင် ရေချိုးသည်။ ထို့နောက် အစ်မပြင်ထားသော နံနက်စာထမင်းကြမ်းနှင့် ပဲပြုတ်ကို အလျင်စလိုစားပြီး ထမင်းချိုင့်ဆွဲကာ ကျောင်းအမီ စက်ဘီးနှင့်ပြေးရသည်။

 အေးချမ်း၏ဆန္ဒ

ခြောက်လခန့်ကြာတော့ လက်ဖက်ရည်ဆိုင် ပိုင်ရှင်က တရုတ်စက်ဘီးလေး တစ်စီးကို လစဉ်  ဆပ်စနစ်ဖြင့် ကရုဏာသက်စွာ စီစဉ်ပေးသည်။ သို့နှင့် အေးချမ်းတစ်ယောက် ကိုယ်ပိုင်စက် ဘီးဖြင့်  ပဲပြုတ်၊ အီကြာကွေးလိုက်လံရောင်းချ ရမှုတွင်ကျယ်လာသည်။ အေးချမ်း၏ ရိုးသားမှု၊ မိသားစုအပေါ် ပြုစုစောင့်ရှောက်မှုက ရောင်ပြန်ဟပ်သည်ဟု ထင်သည်။ ပိုမိုအားပေးဝယ်ယူမှုကြောင့် အပိုဝင်ငွေ လေးများ စုမိလာသည်။ သည်လိုနှင့် ကျောင်းဆင်း ချိန်ညနေပိုင်းတွင် ပြောင်းဖူးပြုတ်ကို ကိုယ်တိုင်ချက်ပြုတ်ပြီး ရောင်းချလျှင် မိသားစုအတွက် ပိုပြီး အဆင်ပြေမည်ကို တွေးမိ၍ အေးချမ်းက အမေနှင့်  အစ်မကို တိုင်ပင်သည်။ အမေက ပညာရေးထိခိုက် မည်စိုးသော်လည်း အေးချမ်း၏ ဆန္ဒကို တားလို့ မရမှန်းသိတော့ မတားတော့။ သို့နှင့်အေးချမ်းတစ်ယောက် နံနက်ပိုင်းတွင်  ပဲပြုတ်၊ အီကြာကွေး ညနေပိုင်း တွင် ပြောင်းဖူးပြုတ် လှည့်လည်ရောင်းချဖြစ်လာသည်။ ပြောင်းဖူးကိုတော့ အေးချမ်း ကျောင်းတက်ချိန် နေ့လယ်ပိုင်း အစ်မက မြို့မဈေးတွင် ဝယ်ယူပြီး ပြုတ်ထားသည်။  ညနေပိုင်း ကျောင်းဆင်းချိန်တွင် အေးချမ်း ပြောင်းဖူးပြုတ် ရောင်းရန် အသင့်ဖြစ်နေပြီ။

“တချို့တိုက်တွေက အလွန်ဆိုးတဲ့ခွေးတွေရှိတယ်။ စက်ဘီးသံကြားရင် ဝိုင်းဟောင် ဝိုင်းဆွဲ ကြတယ်။ ခွေးတွေဝိုင်းဆွဲလို့ စက်ဘီးနင်းပြေးရ တယ်။ တစ်ခါတလေ စက်ဘီးလဲပြီး ပဲပြုတ်၊  အီကြာကွေးတွေ ဆုံးရှုံးရတာတွေလည်း ရှိတယ်။ နောက်တော့ဒီခွေးတွေကို ထန်းလျက်ခဲ အသုံးပြုပြီး အပေါင်းအသင်းပြုရတယ်။ အခုဆို ကျွန်တော်လာရင် ဒီခွေးတွေ မဟောင်တော့ဘူး။ ဝိုင်းလည်း မဆွဲတော့ဘူး” ဟု ပြောပြသည်။

အလုပ်ပိုမိုလုပ်ဖို့ဆုံးဖြတ်

ယခု အေးချမ်းတစ်ယောက် ခုနစ်တန်းနှင့် အငယ်ဆုံးညီမလေးက သူငယ်တန်းတက်နေပြီ။  သည်နှစ်နွေရာသီကျောင်းများ ပိတ်ချိန်တွင် အေးချမ်းတစ်ယောက် အလုပ်ပိုမိုလုပ်ဖို့ ဆုံးဖြတ် ထားသည်။ အမေဖြစ်သူက နေပူမရှောင်၊ မိုးရွာ မရှောင် ပင်ပန်းခဲ့မှုကြောင့် မကြာခဏ ဖျားလာပြီး နာတာရှည်လို ဖြစ်လာသည်။ အမေအလုပ်မဆင်း နိုင်လျှင် လုပ်ခမရရှိသဖြင့် စားဝတ်နေရေး ပိုကျပ် တည်းလာသည်။ နောက်ဆုံး အေးချမ်းအမေ  အလုပ်က နားလိုက်ရ သည်။ သည်ကြားထဲ တောထဲနေသော တဲအိမ်လေးများ ဖျက်သိမ်းမည်သတင်းက ထွက်လာလို့ ဘယ်ပြေးရမှန်းမသိ။

ဒီအချိန် အေးချမ်းအဖေ့ကို ပိုသတိရသည်။ အဖေသာရှိလျှင် ဆိုသည့်အတွေးတွေက မ ခဏ ဝင်လာသည်။ လွန်ခဲ့သောနှစ်နှစ် အဖေမရှိစဉ်  ကတည်းက ကြံ့ကြံ့ခံရုန်းကန်ခဲ့သော အခြေအနေများနှင့် အမေနေမကောင်းချိန်တွင် ယခုလို တောထဲနေ၊ ကြုံရာကျပန်း အလုပ်လုပ် စားနေရသော အေးချမ်းတို့လို ဘဝတူမိသားစုတွေ နေထိုင်ရာ တဲအိမ်များ ဖျက်သိမ်းရမည့် အခြေအနေဖြစ်ပေါ်ပါက မည်သို့ဆောင်ရွက်ရမည်ကို မစဉ်းစားတတ်။ အဖေရှိစဉ်က သုံးခါလောက် ပြောင်းရွှေ့ရဖူးသည်။ အဖေရှိရင် အဖေဦးဆောင်ရာနောက်ကို လိုက်ဖို့ သာပင်။

ကံကောင်းသည်ဟု ဆိုရမည်။ တဲအိမ်လေးများ  ဖျက်သိမ်းရန် လတ်တလော မဖြစ်လာ သေး၍ မူလရည်မှန်းထားသည့် ကျောင်းပိတ်ချိန် နံနက် ပဲပြုတ်၊ အီကြာကွေး၊ ညပြောင်းဖူး ပြုတ်ဖြင့် ဝန်ထမ်းတိုက်ခန်းများသို့ လှည့်လည်ရောင်းချကာ လာမည့်ကျောင်းဖွင့်ရာသီ အတွက် လိုအပ်သော ကျောင်း  စရိတ်ရသမျှကို စုရမည်။

ယခုရက်ပိုင်းအတွင်း အေးချမ်း၏ရောင်းအား  သိပ်မကောင်း။ ယခင်က တစ်နေ့စာရင်း ချုပ်ချိန်တွင် တစ်ခါတစ်ရံ ငါးထောင်ကျပ်၊ တစ်ခါတစ်ရံ လေးထောင်ကျပ်အထိ ကျန်သည်။ တစ်နေ့ထက်တစ်နေ့ ဝယ်ယူစားသုံးသူ နည်းလာ၍ ရောင်းအား ကျဆင်းလာသည်။ အေးချမ်း၏ဖောက်သည်များက နှာခေါင်းစည်းတပ်ဖို့၊ လက်အိတ်စွပ်ဖို့ ပြောသည်။ ဘာလို့လဲဟု အေးချမ်းက ပြန်လည်မေးမိသည်။ ဝယ်ယူစားသုံးသူများက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ တစ်ကမ္ဘာလုံးနီးပါး ကူးစက်ပြန့်ပွားနေကြောင်း၊  ရောဂါကာကွယ်ရေး အတွက် နေအိမ်တွင် နေထိုင်ဖို့ ကြေညာထားကြောင်း ပြောပြသည်။ အီကြာကွေး တစ်ချောင်း ရောင်းရလျှင် ငါးဆယ်ကျပ်ရသော သူ့အတွက် နှာခေါင်းစည်းတစ်ခု ငါးရာကျပ်က လှောင်ရယ်နေသလို။ အေးချမ်းကတော့ ရောဂါ သယ်ယူပို့ဆောင်သူ မဖြစ်လိုသော်လည်း နှာခေါင်း စည်းဝယ်တပ်ဖို့လည်း မတတ်နိုင်။ လက်အိတ်ဝယ်ဖို့လည်း မစွန့်စားနိုင်။ စားဝတ်နေရေးနှင့် ကျန်းမာရေးအကြား မဝေခွဲနိုင်။ ။

သည်ရောဂါ မြန်မာပြည်ရောက်နေတာ အေးချမ်းမသိ။ အေးချမ်းသိသည်က လာမည့် ကျောင်းဖွင့်ချိန်တွင် ညီမလေးနှင့် သူ၏ ကျောင်းစရိတ်ကို အမေ၏စုဘူးထဲမှ ထုတ်မသုံးရရေး ဖြစ်သည်။ အေးချမ်းတို့လို တောထဲတွင် နေထိုင်နေသောသူများထဲသို့ ဒီကိုရိုနာဗိုင်းရပ်စ်ပိုးက ဘယ် က ဘယ်ပုံခုန်ပျံရောက်လာနိုင်မှာလဲဆိုတာ ဉာဏ်မမီ၍ တွေးမရ။ အိမ်ထဲမှာနေရလျှင် ကျောင်းစရိတ် စုဆောင်းနိုင်မည်မဟုတ်။ ။

တစ်ခုကောင်းသည်က အစိုးရရုံးစိုက်သောမြို့ဖြစ်၍ တစ်ဝက်အလုပ်ဆင်း တစ်ဝက်အိမ် အလုပ်လုပ် ကာလနှင့်တိုး၍ တချို့နေ့လယ်ဘက် မှာယူ သောအစားအစာ၊ ရေများကို ပို့ဆောင်ပေးခြင်းဖြင့်လည်း အပိုဝင်ငွေလေး ရလာသည်။ အိမ်အပြင် သို့ထွက်၍ စားစရာများထွက်ဝယ်မှု မရှိတော့သဖြင့် အေးချမ်း၏စက်ဘီးဖြင့် လှည့်လည်ရောင်းချသည့် လုပ်ငန်း၊ မှာယူသောပစ္စည်း အစားအစာများ ပို့ဆောင်ပေးသောလုပ်ငန်းမှာ ဝင်ငွေ အပိုလေးရ လာသည်။ တချို့ကတော့မုန့်ဖိုးလေးတွေ ပေးတတ် သည်။ ပေးပေး မပေးပေး၊ ရရမရရ အေးချမ်းကတော့ မငြီးမငြူ လုပ်ပေးသည်။

“ဒီအချိန် အိမ်မှာနေရမယ်လို့ ဆိုတဲ့အတိုင်း  အိမ်မှာနေရင် ကျွန်တော်တို့မိသားစု စားစရိတ်၊ ညီမလေးနဲ့ ကျွန်တော့်ကျောင်းစရိတ်ကို ဘယ်သူ ကထောက်ပံ့ပေးမှာလဲ”။ ကျောင်းဖွင့်ရင် ကျွန်တော် ခုနစ်တန်းတက်ရမှာ။ ညီမလေးက နှစ်တန်းတက်ရမှာ။ ကျွန်တော် ဒီရောဂါကို ကြောက်လို့ဆိုပြီး အိမ်မှာနေလို့မရဘူး။ အဖေရှိနေရင်တော့ အိမ်မှာနေမှာပေါ့” ဟုအေးချမ်း က ဆိုသည်။

နေလောင်ထားသော အသားအရေ၊ နွမ်းဖတ်သော အရောင်လွင် အင်္ကျီဝတ်ဆင်လျက် စက်ဘီး တစ်စီးဖြင့် အချိန်မှန်နီးပါး ကြားရတတ်သော “ပဲပြုတ်၊ အီကြာကွေး”၊ “ပြောင်းဖူးပြုတ်ပူပူလေး” အသံကတော့ တိုက်တစ်တိုက်နှင့် တစ်တိုက်ကြား လွှမ်းမိုးနေဦး မည်ဖြစ်သည်။

မြင့်ထွေး(ဟိုသည်/ခရီး)