တိုးတက်လိုသူများ
လူဟူသမျှမှာ သဘာဝနှစ်မျိုးစီရှိ၏။ တစ်မျိုးကတိုးစေ၊ တက်စေသော သဘာဝဖြစ်၍ ကျန်တစ်မျိုးကား မတိုးမတက်ရအောင် ချုပ်ချယ်သောသဘာဝ တည်း။
ထိုသဘာဝနှစ်မျိုးအနက် လေ့ကျင့်ရာ သဘာဝသည် လူ၏စိတ်နှင့် လူ၏ကိုယ်ကို လွှမ်းမိုး စေလျက် နောက်ဆုံး၌ အဘယ်ကဲ့သို့သောသူဖြစ်ရ မည်ကို စီမံပြဋ္ဌာန်းလေသည်။ ထိုသဘာဝ နှစ်မျိုးသည် လူ၏သန္တာန်၌ စစ်ပြိုင်၍နေ၏။ သူကနိုင်မည်၊ ငါကနိုင်မည်ဟု အားဆင် လျက်နေ၏။ သို့သော်လည်း လူကိုယ်တိုင် က အားပေးမှသာ အနိုင်ရနိုင်လေရာ လူသည် အဘယ်သဘာဝကို အားပေးလေ့ရှိပါသနည်းဟု လောကကြီးတစ်ခုလုံးမှာ ကြည့်လျှင် အများအား ဖြင့် လူသာမန်တို့သည် အသက်နှင့်သဘာဝကို အားပေးကြသူများဖြစ်ကြောင်း တွေ့ရှိနိုင်လေ သည်။ အကြောင်းမူကား ထိုသဘာဝနှစ်မျိုးကို အတက်၊ အသက်ဟု ခေါ်ဆိုနိုင်လေသည်။
တစ်သက်လုံးပြေးလျက်၊ တက်လျက်နေသော လူဖျင်း၊ လူနှေး၊ လူပေါ့။ လူအေး တစ်ယောက်သည် ရုတ်တရက်ချက်ချင်း အကြောင်းတစ်ခုခုကြောင့် အသိတရားရပြီးလျှင် မိမိကိုယ်မိမိ ပြောင်းလဲကာ အတက်သမားဖြစ်အောင် လုပ်နိုင်လေသည်။ ထိုအခါ ရှေးအခါက မလုပ်ဖူး၊ မကြုံဖူးသေးသောအရာ များကို လုပ်ကိုင်ကြံစည်ကာ အံ့ဖွယ်ဖြစ်လောက်အောင် အောင်မြင်တိုးတက်လာနိုင်လေသည်။
စာဖတ်သူသည် ဤကဲ့သို့သော လူမျိုးဖြစ်လို ကယခုပင် တစ်ထိုင်တည်းမှာ ပြုပြင်ပြောင်းလဲနိုင်
လေသည်။ အကြောင်းမူကား မည်သူ့မှာမဆို ပြုပြင်ပြောင်းလဲနိုင်သော သတ္တိရှိလေသည်။ ထိုသတ္တိသည် လူတိုင်းမှာရှိ၏။ ထိုသတ္တိမရှိက လူမဟုတ်။ အဟိတ်တိရစ္ဆာန်မျိုးတွင် အပါအဝင် ဖြစ်လေသည်။
အဟိတ်တိရစ္ဆာန်များမှာ မွေးစကတည်းက မပြောင်းမလဲနိုင်အောင် အသေလုပ်၍ထားသော စက်ရုပ်လိုဖြစ်၍လာကြရာ ဟင်းစားကြက်သည် ကြက်ကောင်းမဖြစ်နိုင်။ ကြက်ကောင်း သည်လည်း ဟင်းစားကြက်မဖြစ်နိုင်ပေ။ ရထားခြင်းသည် အဘယ်အခါမှ ဒုန်းမြင်းအဖြစ်သို့ မရောက်။ ဒုန်းမြင်းသည် ရထားမြင်းအဖြစ်သို့ မဆင်းသက်နိုင်ပေ။ လူမှာမူကား ထိုကဲ့သို့မဟုတ်။ ပြောင်းလဲနိုင်သောလွတ်လပ်ခြင်းသဘောကို မည်သူမဆို ရရှိလေသည်။
လူကောင်းသည် တစ်နည်းနည်းဖြင့် ဖောက်ပြန်ပြောင်းလဲကာ လူဆိုးဖြစ်နိုင်၏။ လူဆိုးသည် အကြောင်းတစ်ခုခုကြောင့် သံဝေဂရပြီး ရုတ်တရက်ချက်ချင်း လူကောင်းဖြစ်နိုင်လေသည်။ အသင်သည် ထိုကဲ့သို့သောလူမျိုးဖြစ်နိုင်လေသည်။
အသင်သည် အဘယ်မျှပင်ညံ့ဖျင်း၍ လူအောက်ကျခဲ့သူဖြစ်သော်လည်း အိပ်ပျော်ရာမှ နိုးသူအလား လူဟောင်းပျောက်၍ လူသစ်ဖြစ်နိုင်၏။ အသင်၏အတွင်းသဏ္ဌာန်၌ အနှစ်သာရ အမြူတေရှိ၏။ မသုံးဘဲထားသောကြောင့်သာ ငုပ်၍နေလေသည်။ ဤစကားကိုမယုံလျှင် ပြုပြင် ၍ကြည့်။ တစ်နာရီပြုပြင်ရလျှင် တစ်ရက်ပြုပြင်၍ ရ၏။ တစ်ရက်ပြုပြင်၍ရလျှင် တစ်လပြုပြင် ၍ရ၏။ တစ်လပြုပြင်၍ရလျှင် တစ်နှစ်ပြုပြင်၍ရ၏။ တစ်နှစ်ပြုပြင်၍ရလျှင် အဘယ်အတွက် တစ်သက် လုံးပြုပြင်၍ မရအပ်ပါသနည်း။ သို့ဖြစ်လေရာ အသင့်ကိုယ်ကို နေ့စဉ်နေ့တိုင်း “ထပါ၊ ကြွပါ မအငှာကလေးရယ်က” ဟူသောတေးတို့ဖြင့် နှိုးဆွကာ ကလိပေးရန် လိုလေ သည်။ ။
မထမကြွသမျှ အသင်သည် ယောက်ျားမဟုတ်။ ယောက်ျားမှသာ ထနိုင်ကြွနိုင်၏။ မထနိုင်မကြွနိုင် လျှင် ယောက်ျားမဟုတ်။ မအငှာနတ် ကညာကလေးသာ ဖြစ်ရရှာပေလိမ့်မည်။
လောက၌ မတ်မတ်မားမားထောင်နိုင်သူ မဟုတ်သမျှ လူပြား၊ လူပျောက်၊ လူငညှောက်မျိုး သာဖြစ်ဖို့ရှိလေသည်။ ရှက်ဖွယ်မကောင်းပေလော။
အသင်အားလည်း လဲလျောင်းကာ မြေမှာ ပြားကပ်၍ နေရာမှဆွဲ၍ထူနိုင်သောသူသည် အသင် | ပင်ဖြစ်၏။ အခြားဂြိုဟ်၊ အခြားနတ်လာ၍မထူ။ အသင်ကိုယ်တိုင် အားယူ၍ထမှ ကြွနိုင်လေသည်။ ကျွန်ုပ်တို့၏ အတွင်းသဏ္ဌာန်၌ နတ်နှင့်တူသော သဘာဝနှင့် တိရစ္ဆာန်၊ ပြိတ္တာနှင့်တူသော သဘာဝ နှစ်မျိုးရှိရာ အကျွန်ုပ်တို့ အခွင့်ပေးရာသဘာဝတို့သည် ကျွန်ုပ်တို့ကို အစိုးရမြဲဖြစ်လေသည်။ နတ်ကို အခွင့် ပေးမလား၊ ပြိတ္တာကို အခွင့်ပေးမလားဟု မိမိကိုယ်ကို နေ့စဉ်မေးကြပါကုန်။
အသင်မလုပ်ချင်သောအရာကို မည်သူကမျှ အတင်းလုပ်ရမည်ဟု အဓမ္မမပြုနိုင်ပေ။ အသင် လုပ်ချင်ရာကို လုပ်နိုင်၏။ မျိုးရိုးဇာတိဟူသောစကားရှိ၏။ “သည်ပုတ်ထဲကသည်ပဲ” ဟူသော စကားသည် မပြောင်းမလဲနိုင်သော ပရမတ္ထ သဘောတရားမဟုတ်ကြောင်း ရာဇဝင်၌ ထင်ပေါ်ကျော်ကြားသူများ၏ မျိုးရိုးကို ထောက်ချင့် ၍ သိရပေ၏။
အလွန်ကြီးကျယ်သောမျိုးရိုးသည် “ချောင်းရိုး မြောင်းရိုး” ပမာတိမ်ကောနိုင်သလို သိမ်ငယ်သော မျိုးရိုးသည်လည်း မြေပြင်မှ တောင်ပို့ပေါက်သလို ထွက်ပေါ်နိုင်လေသည်။ စိန်ကျောက်ရတနာတို့သည် စိန်ကျောက်ရတနာမှမထွက်၊ မြေမှထွက်သကဲ့သို့ တည်း။
အသင်၏မျိုးရိုးသည် အဘယ်မျှပင်သိမ်ငယ် စေကာမူ သင်ကြီးကျယ်နိုင်၏။ အသင်၏ဇာတိမှာ ဗေဒင်ဆရာက အဘယ်မျှပင် အောက်တန်းချ၍ ဟောစေကာမူ ဥစ်, ကသစ်မရ၊ နိစ်, ပြတွေ အဘယ်မျှ ပင် ဖိစီးစေကာမူ အားငယ်စရာမရှိ။ အသင်၏စိတ်သာ ပဓာနဖြစ်လေသည်။
များစွာသောသူတို့မှာ ဗေဒင်ကိုမေးကြပြီးနောက် ဗေဒင်ဆရာ၏ ဟောကိန်းနှင့်ညီအောင် ကျင့်တတ်ကြလေသည်။ ဗေဒင်က အညံ့စားဟု ဟောခြင်းကြောင့် မိမိကိုယ်ကို အညံ့စား ဖြစ်အောင် လုပ်တတ်ကြလေသည်။
အလေ့အကျင့်သည်လည်း ထို့အတူဖြစ်၏။ အဘယ်မျှပင်ဆိုးသောအလေ့အကျင့် ဖြစ်စေကာမူ ကိုယ်ခန္ဓာ၌ ငြိတွယ်သောရောဂါကဲ့သို့ စိတ်တည်း ဟူသောဆေးဖြင့် ပပျောက်အောင် ကုသနိုင်လေသည်။
ထိုဆေးသည်ကား အခြားမဟုတ်ပေ။ “ငါဟဲ... ယောက်ျား” (I will) ခေါ်သော ဆေးဖြစ်လေသည်။
သို့ဖြစ်လေရာ ငါ...ငါ...ငါ ဟူ၍ ဆင်ခြင်ကာ ငါလုပ်မယ်၊ ငါဖြစ်နိုင်တယ်၊ ငါ့မှာ ဘာမဆိုဖြစ်အောင် လုပ်နိုင်သော အစွမ်းသတ္တိရှိတယ်ဟူ၍ အိပ်ရာ ဝင်သည့်အခါတိုင်း ပုတီးအလုံး အစိတ်သုံးဆယ်ခန့် စိတ်မပါ့မလွင့်ဘဲ စူးစိုက်ဆင်ခြင်နိုင်သောအလေ့ကို ပြုရမည်။ ထိုကဲ့သို့ စူးစိုက်နိုင်သောသတ္တိကို ရရှိသောအခါ၌ အသင်၏စိတ်အားတန်ခိုးသည် အလိုလို တိုးတက်၍ လာပါလိမ့်မည်။ နံနက်တိုင်း၊ ညတိုင်း စိတ်မပါ့မလွင့်ဘဲ ရွတ်ဆိုနိုင်ခြင်းသည် ပေါ့သောအလုပ်၊ လွယ်သောအလုပ်မဟုတ်ပေ။ ထိုအလုပ်ကို မှန်မှန်လုပ်နိုင်ခြင်းပင်လျှင် သတ္တိတန်ခိုး ဖြစ်လေသည်။ မလွယ်သော်လည်း မဖြစ်နိုင်သောအလုပ် မဟုတ်။ အသင်၏ စိတ်သာ ပဓာနဖြစ်လေသည်။
စိတ်ထဲ၌ မဖြစ်နိုင်ဘူး၊ ခက်သည်ဟူသော အတွေးအထင်မျိုးကို အဘယ်အခါမျှ ပေါ်ပေါက်ရန် အခွင့်မပေးအပ်ပေ။ လွယ်သည်။ ငါလုပ်လျှင် ဘာမဆို ဖြစ်တာပဲဟူသောစိတ်ကို အမြဲဆောင်၍ ထားက အလိုလိုသတ္တိတုံးကြီး ဖြစ်၍လာနိုင်လေသည်။ လူသည်တွေးကြံသလိုဖြစ်၏။ ဤစကားသည် မလွဲနိုင်သော စကားဖြစ်၏။ အတွေးပျော့လျှင် သတ္တိတန်ခိုး ပျော့၏။ အတွေးမာလျှင် သတ္တိတန်ခိုးတိုးတက်ရလေ သည်။
Opportunity Knocks at our door လမ်းအခွင့်သည် ကျွန်ုပ်တို့၏ အခန်းတံခါးကို လာ၍ခေါက် ၏” ဟူသောစကားသည် မဟုတ်မမှန်ပေ။ လမ်းအခွင့်သည် ရေစီးသလို၊ ငှက်ပျံသလို သွားလျက် နေကြရာ လူသည်ပွင့်လင်းသော ဉာဏ်မျက်စိမြင်လျှင် မိအောင်ဖမ်းမည်ဟူသော နိုးကြားသော စိတ်၊ စုံလင်သော လက်နက်ကိရိယာများနှင့် စောင့်၍ဖမ်းရ၏။ လိုက်၍သော်လည်းကောင်း ရှာရလေသည်။
လက်နက်ဆိုသည်မှာ အခြားမဟုတ်။ ဆိုင်ရာ အတတ်ပညာမျိုးကို တတ်ခြင်း၊ နည်းလမ်းစနစ်ကို နားလည်ခြင်းဖြစ်လေသည်။ အင်ဂျင်နီယာအတတ်ကို ကုန်စင်အောင်တတ်၍ထားမှသာ အင်ဂျင်နီယာ နှင့်ဆိုင်သော လမ်းအခွင့်တို့ကို ဖြစ်နိုင်၏။ အရောင်းအဝယ်အတတ်ကို ကုန်စင်အောင်တတ်မှသာ ရောင်းဖို့ရန် လမ်းအခွင့်များကို မြင်လွယ်၏။ ကန်ထရိုက် အလုပ်နှင့် ဆိုင်သမျှ အကုန်အစင်တတ်မှသာ ကန်ထရိုက်အလုပ်ဖြင့် ကြီးပွားနိုင်သော လမ်းအခွင့်တို့ကို တွေ့မြင်နိုင်လေသည်။
ယခုခေတ်သည် အပြိုင်များသောခေတ် ဖြစ်လေရာ အမြင်မြန်သူ၊ အဖမ်းမြန်သူများ ပိုမို၍ ကြီးပွား၏။ ဖင့်နှေးသူ စိတ်ကူးခိုက်မှာ လျင်မြန်သူလုပ်၍ပြီး၏။ လုပ်၍ပြီးသူက အောင်မြင်ခြင်း ကို ရှေးဦးစွာရ၍ ပိုမိုတိုးတက်မြဲဖြစ်လေသည်။
“အကြံကောင်းတစ်ချက်” ဟူသော စကားမဟုတ်ပေ။ အကြံမှာ အလုပ်မြန်ဖို့ လိုလေသည်။ ယခုခေတ်သည် ခေတ်မြန်ဖြစ်လေသည်။ အလုပ်တစ်ခုခုလုပ်လျှင် ထိုအလုပ်နှင့် ပတ်သက်၍ မိစရာ၊ မှတ်စရာနည်းလမ်းရှိသမျှတို့ကို သင်ကြားမှတ်သားရှာကြံရ၏။ သို့မရှာမကြံက အသိပိုသူတွေ စား၍ကြွင်းကျန်မှသာ စားရပေလိမ့် မည်။
ဤစာကို အသင်ဖတ်ရုံမျှနှင့် ကြီးပွားမည် မဟုတ်ပေ။ ဖတ်ပြီးစဉ်းစားပါ။ စဉ်းစားပြီးလုပ်ပါ။ သို့မှသာကြီးပွားနိုင်၏။
ဘာကိုလုပ်ရမလဲဟု မေးသောစိတ်ကို စာရေးသူသိ၏။ စဉ်းစားကြည့်လျှင် ဘာကိုလုပ်ရမလဲ ဟူသောအချက်ပေါ်၍လာလိမ့်မည်။ ဘာကိုလုပ်ရ မလဲဟူသော အသိကို အသင်မရက အခြားသူ တစ်ဦးဦး ရလိမ့်မည်။ ရဲရင့်သောစိတ်သည် လမ်းအခွင့်ကို သိလွယ်၊ မြင်လွယ်၊ တွေ့လွယ်လေ သည်။
“ဒီအလုပ် ငါနဲ့ အကျိုးမပေးဘူး၊ ငါ ဒီအလုပ်ကို ကောင်းကောင်းတတ်တယ်။ ဗေဒင်က အင်္ဂါနံ အလုပ်ကို လုပ်ရမယ်ဟောတယ်” ဟူသောအစွဲမျိုးကို ဖြုတ်ကြရမည်။ ထိုအစွဲမျိုးသည် မြန်မာလူမျိုးတစ်ရာလျှင် ရှစ်ဆယ်ခန့်ကို ခရီးမပေါက်အောင် ထူးခတ်၍ထား၏။ အလုပ်သည် ဂြိုဟ်၊ နက္ခတ်နှင့် မဆိုင်၊ ဝါသနာနှင့်ဆိုင်လေသည်။
လမ်းအခွင့်သည် နေရာအရပ်တိုင်းမှာရှိ၏။ ရှေးဦးပထမ ဆန္ဒ၊ ထို့နောက် အလုပ်၊ ဤကား ကြီးပွားအောင်မြင်ခြင်း၏ အုတ်မြစ်အခြေ ပေတည်း။ မည်သူမဆို အတတ်နှစ်မျိုး၊ သုံးမျိုးကို ကျင်လည်စွာတတ်နိုင်၏။ ဟိုကွေ့မှာဟိုဘက်၊ ဤကွေ့မှာ ဤဘက်ရောက်ရာမှ မိမိဉာဏ်၊ မိမိ၏လက်ကို အသုံးပြုနိုင်သူဖြစ်ရမည်။ အချို့က အတတ်များလျှင် ဆင်းရဲတတ်သည်ဟု ပြောကြ ၏။ ယခုခေတ်မှာ အလုပ်ရလွယ်၏။ ရသော အလုပ်ကို စွဲမြဲစွာလုပ်ဖို့သာလိုလေသည်။ အတတ် ပညာတို့သည် တစ်မျိုးနှင့်တစ်မျိုး တစ်နည်းနည်းအားဖြင့် ဆက်သွယ်၍နေရာ တစ်မျိုးကို လုပ်ရာ၌ အခြားတစ်မျိုး၏ အကူအညီကို ရသောသူမှာ မရသောသူထက် ကြီးပွားဖို့လမ်းများ လေသည်။
မော်တော်ကားပြင်တတ်သူမှာ လျှပ်စစ်အတတ်ကိုတတ်လျှင် အကူအညီကို ပိုမို၍ရနိုင်၏။ ပန်းပဲအတတ်ကိုတတ်လျှင် အခြားမတတ်သူများထက် အသုံးဝင်နိုင်လေသည်။ အတတ်များ ရမည်။ အလုပ်တစ်ခုခုမှာ မြဲရမည်။ အတတ်များ၍ ပျက်စီးသူများမှာ မာနထောင်လွှား စကားမခံ။ ငါ့မှာအတောင်ပံစုံသည်ဟု ပုန်ကန်တတ်သူများသာ ပြောင်းလဲရင်းငတ်တတ် လေသည်။
မိမိလုပ်သောအလုပ်၌ သိစရာရှိသမျှ၊ တတ်စရာရှိသမျှကို အကုန် တတ်အောင် ကြိုးစားလျက် ငါအဘယ်လောက်မျှနည်းစွာလုပ်မည် -ဟူသောစိတ်ကိုမထား။ ငါအဘယ်လောက် များနိုင်သမျှ များစွာ လုပ်ရပါ့မလဲဟူ၍ အချက်အလက်ကို မျက်စိရှင်ရှင်နှင့်ကြည့်သော သူမှာ အကြီးအကဲအဖြစ်ကို ရောက်နိုင်လေသည်။
ယခု နီးကပ်၍လာသောခေတ်သည် အတတ်ပညာခေတ်ကြီးဖြစ်၏။ အတတ်ပညာ၌ တစ်ပါးသူ၏အကျိုးကို အခစားအဖြစ်နှင့် ဆောင်ရွက်နိုင်မှသာ ကိုယ်ပိုင်သခင်အဖြစ်ကို ရောက်ကြရပေလိမ့်မည်။ သို့ဖြစ်လေရာ ကြီးပွားလိုသူမှန်က ခေတ်ကာလဆိုင်ရာ အတတ်တို့ကို သင်ကြားရာ၏။ သို့သင်ကြားရာ၌ မိမိအထူးတတ် မြောက်သော အတတ်နှင့်နီးစပ်သည့် အဆွယ်အမြှောင် အတတ်နှစ်မျိုး၊ သုံးမျိုးကို အကူအညီရအောင် သင်ရလေသည်။ ။
လူမျိုး၏ကြီးပွားခြင်းသည် အတတ်ပညာ၌တည်၏။ ကမ္ဘာကြီးတစ်ဝန်းလုံးမှာ ငွေကြေးကျပ် သည့်အခါ ဂျပန်လူမျိုးများ၌ မကျပ်သည်မှာ အတတ်ပညာ၏ အစွမ်းကြောင့်ဖြစ်လေသည်။ ။
လောက၌ ကြီးပွား၍နေသူဟူသမျှသည် ဉာဏ်ကြီးသူများမဟုတ်။ တစ်ခုခုကို စူးစိုက်စွဲမြဲစွာ လုပ်သဖြင့် ထိုအလုပ်များနှင့် ပတ်သက်သမျှကို ကျွမ်းကျင်နားလည်၍ နေသောသူများ ဖြစ်ကြ လေသည်။ ။
သို့သော်လည်း ကြီးပွားအောင်မြင်သည့်သူမှာ အောင်မြင်ဖို့ အချက်အလက်တွေကို အမြဲရှုကြည့် မျှော်လင့်ထင်မြင်လေ့ရှိ၏။ ပျက်မည့်သူမှာ အပျက်ကိုသာထင်မြင်လျက် နေရာမကျပါဘူး၊ မဖြစ်ပါဘူး။ ဘယ်သူတွေလုပ်သွားတာ လိမ့်သွားပါပကော။ ဘယ်အငှားဖြင့် မွဲသွားတာပဲ ဟူသောစကားမျိုးကို ပြောတတ်လေသည်။ သွက်သွက်လက်လက် ထက်ထက်မြက်မြက်နှင့် ပါးရည်နပ်ရည်ရှိလျက် လူသာမည အနိမ့်စားဖြစ်၍နေသူတွေ များစွာရှိကြသည်မှာ ထိုအပျက်စိတ်မျိုးတွေကြောင့် ဖြစ်ကြလေသည်။
သို့ဖြစ်လေရာ မည်သူမဆိုလစဉ်လတိုင်း မိမိကိုယ်ကို စစ်ဆေးလျက် ငါအရင်လကထက် ယခုလ ဘာများတိုးသလဲဟု မိမိကိုယ်ကို ဆင်ခြင်ကာ မတိုးလျှင် အဘယ်အတွက်ဟူသော အကြောင်းရင်းကို ရှာဖွေပြီး မိမိကိုယ်ကို “ထပါ။ ကြွပါ။ မအငှာကလေးရဲ့ ” ဟူသော တေးဖြင့် မအငှာအပျော့စားအဖြစ်မှ ကိုအငှာအမောက်စားဖြစ်လျက် ပြောင်အောင်တောက်အောင် ကြိုးစားအပ်လှပေသည်။ အကြောင်းမူကား ကစရာ၊ ပြစရာ အလုပ်တွေ တစ်နေ့တခြား များ၍လာသော ခေတ်ကြီးဖြစ်ပေသောကြောင့်တည်း။ ။
ပီမိုးနင်း