Skip to main content

အသိကို သတိကပ် စဉ်းစားဆင်ခြင်သုံးသပ်နိုင်ကြစေ

ကျွန်တော်က မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ အငြိမ်းစားဝန်ထမ်း တစ်ဦး ဖြစ်သည်။ အငြိမ်းစားတို့ထုံးစံအတိုင်း အိမ်မှာ ဘုရား၊ တရားလေး လုပ်လိုက်၊ စာလေးဖတ်လိုက်၊ ဖေ့စ်ဘွတ် ကြည့်လိုက်နှင့် အချိန်ဖြုန်းနေရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုက လျော့ပါး သွားပြီဆိုသော်ငြား အကင်းမသေသေး၊ မိုးကလေးကလည်း သည်းသည်းရွာလိုက်၊ ဖွဲဖွဲကျလိုက် ဖြစ်နေသဖြင့် အပြင်သို့ လမ်းလျှောက်ပင်မထွက်ဖြစ်။

အနိဌာရုံဖြစ်ရပ်များ

တစ်ရက်က အားလပ်နေသဖြင့် ဖေ့စ်ဘွတ် ဖွင့်ကြည့်မိသည်။ အနိဋ္ဌာရုံဖြစ်ရပ်များ ပြွမ်းတီးလှ သည့် ဖေ့စ်ဘွတ်ကို မကြည့်ဖြစ်သည်မှာကြာပေပြီ။ ဆွေမျိုးသားချင်းမိတ်ဆွေများ၏ သာရေးနာရေးကိစ္စများ၊ ဗဟုသုတရဖွယ် သတင်းအချက်အလက် များကို သိချင်၍သာ ကြည့်မိခြင်းဖြစ်သည်။ " သို့သော်စကြည့်မိသည်နှင့် စိတ်မချမ်းမြေ့ဖွယ် သတင်းတစ်ပုဒ်ကို ဦးစွာ တွေ့လိုက်ရသည်။ ရေစကြို မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများ ရက်ရက်စက်စက် သတ်ဖြတ်ခံ လိုက်ရသည့်သတင်း။

ဘာ့ကြောင့် ဤသို့ဖြစ်ရသနည်း။ ဖြစ်စဉ်ကို စေ့ငုကြည့်မိသည်။ ရေစကြိုမြို့နယ်သည် မိမိ ဇာတိရွာနှင့် အလှမ်းမဝေး။ ယင်းမြို့နယ်၏ နယ်မြေဧရိယာသည် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် သာမက အရှေ့ဘက်ကမ်းအထိ ကျယ်ပြန့်သည်။ မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများသည် မြစ်အရှေ့ ဘက်ကမ်းရှိကျေးရွာများသို့ မီတာခကောက်ခံရန် သွားရောက် ကြသည်။

ချင်းတွင်းမြစ်ရေကြီးချိန်တွင် ကုန်းတစ်တန်၊ ရေတစ်တန် ခက်ခက်ခဲခဲ သွားရောက်ရခြင်း၊ ဖြစ်သည်။ မီတာခကောက်ပြီး မြို့နယ်ရုံးသို့အပြန် ရွှေလှန်ရွာနှင့် ဆင်ခြေရာရွာအကြားသို့ အရောက်တွင် PDF အဖွဲ့က ဓားဖြင့်ထိုးခုတ်၊ သေနတ်ဖြင့် ပစ်သတ်ကာ မီတာခ ကောက်ခံရရှိသည့် နိုင်ငံဘဏ္ဍာငွေများ၊ အသတ်ခံရသူများ၏ လက်ဝတ် လက်စားများနှင့် ဆိုင်ကယ်များကိုပါ ယူဆောင်သွား ကြသည်ဟုဆိုသည်။

PDF အဖွဲ့ဝင်များ၏လက်ချက်

မီတာခသွားရောက်ကောက်ခံသည့်အဖွဲ့မှ နေ့စားလိုင်းမင်း ကိုကျော်ကိုကိုထွန်း၊ နေ့စား မီတာဖတ် ကိုပြည့်စုံအောင်နှင့် မီတာဖတ် လက်ထောက်ကြီးကြပ် ကိုအောင်ဆန်းဝင်းတို့ သုံးဦးမှာ PDF အဖွဲ့ဝင်များ၏ လက်ချက်ကြောင့် ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ ရသည်။

၎င်းတို့သုံးဦးမှာ မည်သည့်ရန်ငြိုးရန်စမျှမရှိဘဲ မည်သူ့ကိုမျှ ရန်သတ္တရုပြုခြင်းမရှိဘဲ အကြောင်းမဲ့ ရန်ရှာ သတ်ဖြတ်ခံခဲ့ရခြင်းသာ ဖြစ်သည်။

သေဆုံးသွားသူများအကြောင်းကို နီးစပ်ရာသို့ လှမ်းမေးကြည့်မိသည်။ သူတို့ပြောကြားချက်အရ ကိုကျော်ကိုကိုထွန်းမှာ အသက် ၃၀ ခန့်ရှိပြီး ရေစကြိုမြို့ သုခဝတီရပ်ကွက်တွင် နေထိုင်သည်။ အိမ်ထောင်ကျသည်မှာ ကိုးလမျှသာရှိသေးပြီး မိခင်ကြီးမှာလည်း လေဖြတ်ရောဂါကြောင့် အိပ်ရာထဲလဲနေသည်မှာ ၁၅ နှစ်ခန့်ရှိပြီဟုဆိုသည်။ ယခု သူသေဆုံးသည့်အကြောင်းကို မိခင်ကြီးအား မပြောဝံ့ကြသေး။

အကြောင်းရင်း မသိသေးသော မိခင်ကြီးက တော့ သားတော်မောင်ပြန်အလာကို အိပ်ရာထက်မှ ပင် နေ့စဉ်စောင့်မျှော် နေရှာပေရော့မည်။

ထင်းတန်းရပ်ကွက်တွင် နေထိုင်သူ ကိုအောင်ဆန်းဝင်းတွင် ဇနီးနှင့် ကလေးတစ်ဦးရှိသည်။ ဇနီးဖြစ်သူမှာ ကိုယ်လေးလက်ဝန် ကြီးနှင့် ကျန်ခဲ့ရှာသည်ဟုဆိုသည်။ မွေးဖွားလာမည့် သူ့ရင်သွေးမှာ အဖေခေါ်စရာမရှိတော့ပြီ။

နေ့စားဝန်ထမ်းတစ်ဦးဖြစ်သူကိုပြည့်စုံအောင်မှာ ဆင်ကျောင်းသားဖြစ်သည်။ အသက် ၂၀  ကျော်ခါစ ဖျတ်လတ်တက်ကြွ၍ ဘာခိုင်းခိုင်း  သွက်သွက်လက်လက် လုပ်ကိုင်ပေးတတ်သူဖြစ် သည်။ သူအလုပ်ဝင်သည်မှာ နှစ်လခန့်သာရှိသေးသည်ဟု ပြောပြကြ သည်။ ငယ်ရွယ် တက်ကြွသော လူငယ်တစ်ဦး၏ဘဝသည် အဝိဇ္ဇာလွှမ်းသော လူ့ဘီလူးတို့၏ လက်ချက်ဖြင့် အရွယ်မတိုင်မီ  ပျက်သုဉ်းခဲ့ရလေပြီ။

မှီတင်းနေထိုင်ကြသူများဖြစ်

အဆိုပါဝန်ထမ်းသုံးဦးသည် ရေစကြိုမြို့နယ် အတွင်းတွင် မှီတင်းနေထိုင်ကြသူများဖြစ်ပြီး လျှပ်စစ်ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရင်း ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ရွာအကျိုးကို သယ်ပိုးနေကြ သူများဖြစ်သည်။ ၎င်းတို့အား အကြောင်းမဲ့သက်သက် ညှဉ်းဆဲသတ်ဖြတ် ကြခြင်းမှာ ယုံကြည်နိုင်ဖွယ်မရှိပေ။ ထိုမျှသာမက ၎င်းတို့နှင့်အတူမီတာခ ကောက်ခံရန် အတူသွားရောက် ခဲ့ကြသည့် ကျန်အဖွဲ့ ဝင်များ မှာလည်း အပြေးကောင်း၍သာ သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရသည်ဟု ဆိုကြ၏။

အဆိုပါ လျှပ်စစ်ဝန်ထမ်းများနည်းတူ ဆရာ ဆရာမများနှင့် ဝန်ထမ်းအချို့ သည်လည်း ဒေသခံ PDF များ၏မတရားနှိပ်စက် သတ်ဖြတ်ခြင်းခံနေရ သည့်သတင်းများကို မကြာခဏ ကြားသိ နေရသည်။

ပြည်သူကို တိုက်ရိုက်အကျိုးပြု

အမှန်တကယ်မူ လျှပ်စစ်ဝန်ထမ်း၊ စည်ပင် ဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း စသည့် ဝန်ထမ်းများသည် ပြည်သူကို တိုက်ရိုက် အကျိုးပြုနေသော ဝန်ထမ်းများဖြစ်သည်။ ပြည်သူနှင့် အနီးကပ်ထိတွေ့ဆက်ဆံရပြီး ပြည်သူ့လိုအပ်ချက်ကို နေ့ညမနား ဖြည့်ဆည်းပေး နေသူများသာ ဖြစ်သည်။

သူတို့တွင် ရန်သူမရှိသကဲ့သို့ မည်သူ့ကိုမျှလည်း ရန်မူနေခြင်း အလျဉ်းမရှိကြပေ။ ဝန်ထမ်းဘဝကရခဲ့သည့် အတွေ့အကြုံများ အရ လျှပ်စစ်နှင့်ပတ်သက်သည့် အချက်အလက်နှင့် အခြေအနေများကို အနည်းငယ်တင်ပြလိုပါသည်။

ကျွန်တော်တို့ငယ်ငယ်က ကျေးရွာများ သာမက မြို့ပြများတွင်ပါ လျှပ်စစ်ဓာတ်အား မရရှိ သေးပါ။ ရန်ကုန်၊ မန္တလေးနှင့် မြို့နယ်အချို့သာလျှင် လျှပ်စစ်ဓာတ်အားရရှိနိုင်သေးသည်။ ထိုသို့ရရှိသည် ဆိုသော်ငြားလည်း ၂၄ နာရီ အချိန်ပြည့်ရရှိခြင်း မဟုတ်သေး။ အချို့မြို့များတွင်မူ မီးစက်ကြီးများဖြင့် ညပိုင်းအချိန်သာ ဓာတ်အားပေးနိုင်ကြသည်။ အညာကျေးလက်တွင် ကြီးပြင်း ရသူ ကျွန်တော့်အဖို့မှာမူ ရေနံဆီမီးခွက်၊ မှန်အိမ်တို့ဖြင့်သာ စာကျက်ရင်း ဆယ်တန်းခေါ် တက္ကသိုလ်ဝင်တန်း အောင်ခဲ့ခြင်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ်ကျော် ကာလများမှစ၍ နိုင်ငံတစ်ဝန်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်း ခဲ့ရာမှ တစ်မြို့ကြီးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာ လျှပ်စစ်  ဓာတ်အားများ ဖြန့်ဖြူးပေးလာနိုင်ခြင်းဖြစ်သည်။  ထိုသို့အားထုတ်မှု၏ ရလဒ်ကြောင့် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း မကြာသေးမီက ကြေညာနိုင်ခဲ့သည်။

အဆင့်ဆင့် ချိတ်ဆက်လုပ်ဆောင်ရ

မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များ  အရောက် လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ကြဉ်းပေးရာတွင် ဓာတ်အားထုတ် လုပ်ရေး၊ ဓာတ်အား ပို့လွှတ်ရေးနှင့် ဓာတ်အား ဖြန့်ဖြူးရေး စသည့်လုပ်ငန်းများကို အဆင့်ဆင့် ချိတ်ဆက်လုပ်ဆောင်ရသည်။

ဓာတ်အားထုတ်လုပ်ရေး ဝန်ထမ်းများက တောကြိုအုံကြား တောင်ကြိုလျှိုကြားရှိ ရေအား ထုတ်လုပ်နိုင်သော ဒေသများ၊ ဆည်တာတမံကြီးများဆီသို့ ခက်ခဲပင်ပန်းစွာ သွားရောက်ပြီး ဓာတ်အား ထုတ်လုပ်နိုင်မှု ရှိ၊ မရှိနှင့် ထုတ်လုပ်နိုင်မည့် ဓာတ်အားပမာဏတို့ကို တိုင်းတာစမ်းသပ်ခြင်း၊ ဓာတ်အားပေးစက်တာဘိုင် တပ်ဆင်ခြင်း၊ ဓာတ်အားထုတ်လုပ်ခြင်း တို့ကို တစ်ဆင့်ပြီးတစ်ဆင့်  ဆောင်ရွက်ရသည်။ ထိုသို့လုပ်ဆောင်ရင်း ကြမ်းတမ်းသည့် ရေမြေရာသီဥတုကြောင့် မကျန်းမမာဖြစ်၊ ငှက်ဖျားရောဂါဖြစ်၍ သေဆုံးသွားကြရသူများလည်း ရှိသည်။ တောထဲမှာပင် လူမသိသူမသိ သပိတ်သွပ်ခဲ့ရသူများမှာ မနည်းလှပေ။

ဓာတ်အားလိုင်းသွယ်တန်းသည့် အဖွဲ့မှာလည်း ဓာတ်အားထုတ်လုပ်သည့်နေရာမှ ဓာတ်အား ထပ်ဆင့်ဖြန့်ဖြူးပေးမည့် ဓာတ်အားခွဲရုံကြီးများဆီသို့ ဓာတ်အားပို့လွှတ်နိုင်ရေးအတွက် တာဝါတိုင် ကြီးများတည်ဆောက်ကာ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ကျော်၍ မဟာ ဓာတ်အားလိုင်း (National Grid) အဖြစ် သွယ်တန်း ပေးရသည်။ ကုန်းလမ်း၊ ရေလမ်းမ ပေါက်သည့် တောင်ကုန်းတောင်ထွတ်များ၊ တောကြီးမျက်မည်းများတွင် တာဝါတိုင် တည်ဆောက်ရာ၌ တာဝါတိုင် တည်ဆောက်ရေးပစ္စည်းများ၊ မဟာဓာတ်အားလိုင်း ကြိုးကြီးများကို လူအားဖြင့်ပင် ခက်ခက်ခဲခဲ သယ်ယူတည်ဆောက်ရသည်။ ယင်းလုပ်ငန်းတွင် လည်း ပင်ပန်းကြမ်းတမ်းမှုကြောင့် အသက်စွန့်ခဲ့ ရသူ အများအပြားရှိခဲ့သည်။

တစ်ဆင့်ဖြန့်ဖြူးပေးရ

ဓာတ်အားခွဲရုံကြီးများကမူ မဟာဓာတ်အားလိုင်းမှ ရောက်ရှိလာသော ဓာတ်အားများကို  သက်ဆိုင်ရာမြို့နယ်နှင့် ဒေသရှိ ဓာတ်အားခွဲရုံများ သို့ တစ်ဆင့်ဖြန့်ဖြူးပေးရသည်။

မြို့နယ်၊ ဒေသဓာတ်အားခွဲရုံများက သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လျှပ်စစ်ဓာတ်အား  ရရှိအောင် တစ်အိမ်တက်ဆင်း ဓာတ်အားလိုင်းများ

သွယ်တန်းတပ်ဆင်ပေးရသည်။ ထိုသို့ အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့်သာ မြန်မာနိုင်ငံ တစ်ဝန်း၌ တစ်မြို့လေးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာ၊ တစ်အိမ်ပြီးတစ်အိမ်လျှပ်စစ်မီး ထိန်ထိန် လင်းခဲ့ရ ခြင်းဖြစ်သည်။ နေအိမ်တစ်အိမ်တွင် မီးသီးတစ်လုံးတော့ မဟုတ်ပေ။

ထိုသို့ ဓာတ်အားရရှိရေးဆောင်ရွက်ရာ၌ လျှပ်စစ်စွမ်းအားဌာနမှ အရာရှိကြီးများသာမက ကိုကျော်ကိုကိုထွန်း၊ ကိုပြည့်စုံအောင်နှင့် ကိုအောင်ဆန်းဝင်းတို့ကဲ့သို့ အောက်ခြေဝန်ထမ်း အဆင့်အထိပါသူ့တာ၊ ကိုယ့်တာ ကျေပွန်စွာထမ်းခဲ့ ကြသဖြင့်သာ ရပ်ရွာမီးလင်းရေးကိစ္စမှာ အလစ် အဟာမရှိ အချိတ်အဆက်မိ အဆင်ပြေချောမွေ့ ခဲ့ခြင်းဖြစ်သည်။

မနားမနေ မညည်းမညူ ဆောင်ရွက်ပေး

ထိုမျှသာမကသေး၊ လျှပ်စစ်ဓာတ်အားရရှိပြီး နောက်ဓာတ်အားပြတ်တောက်မှုမရှိရေး၊ ဓာတ်အားအသုံးပြုခ တစ်နည်းအားဖြင့် မီတာခပုံမှန်ရရှိရေးတို့ကိုလည်း အဆိုပါ အောက်ခြေဝန်ထမ်းများကပင် မနားမနေမညည်းမညူ ဆောင်ရွက်ပေးနေကြသည်။ နေအိမ် တစ်အိမ်၊ မိသားစုတစ်စု၊ ကျေးရွာတစ်ရွာ၊ ရပ်ကွက်တစ်ခုတွင် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားပြတ်တောက်လျှင် သူတို့ပင် သွားပြင်ပေးရ၏။ ဓာတ်အားလိုင်းများနှင့် သစ်ပင်များမလွတ်လျှင် ခုတ်ထွင်ရှင်းလင်းပေးရသည်မှာလည်း သူတို့ ပင်း၊ ဓာတ်အား ထုတ်လုပ်ခငွေများ ပြန်လည်ရရှိရန် အတွက်ရွာရိုးကိုးပေါက် အိမ်တိုင်ရာရောက် မီတာခ လိုက်လံကောက်ပေးသူ များမှာလည်း သူတို့ပင်ဖြစ်သည်။ ထိုသူတို့ကို မညှာမတာ သတ်ဖြတ်ခြင်းမှာ ကိုယ့်အကျိုးကို ဆောင်ကြဉ်းပေးနေသောလက်ကို ကိုယ်တိုင်ပြန်ပုတ်ချ ခြင်းသာဖြစ်၏။

လျှပ်စစ်ဓာတ်အားရရှိခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများ၏ လူနေမှုဘဝမြင့်မားလာ သည်မှာ ပြည်သူများကိုယ်တိုင် အသိပင်။ ဓာတ်အား မရခင်က ထင်း၊ မီးသွေး တို့ဖြင့် ထမင်းဟင်း ချက်ပြုတ်ရ၏။ ကြာတော့ ရပ်ရွာအနီးရှိ သစ်ပင်၊ သစ်တောများ ပြုန်းတီးပြီး ထင်းလည်းရှ၊ ဥတုလည်းဖောက်ပြန်လာ၏။ ယခု လျှပ်စစ်မီးဖြင့် ချက်ပြုတ်ရသောအခါ ထင်းမကုန်တော့၊ ထင်းခွေရ သက်သာလာ၏။ ယခင်က ကျပ်ခိုးမှိုင်းများ အလွန်စွဲကပ် လေ့ရှိသော ရေနံဆီမီးခွက်၊ မှန်အိမ် မီးမှိန်မှိန်ဖြင့်သာ စာကျက်ရသဖြင့် ကျပ်ခိုးမွှန်ကာ မကြာခဏ အိပ်ငိုက်တတ်၍ စာကောင်းကောင်း မကျက်နိုင်။ ယခုမူ လျှပ်စစ်မီးသီး၊ မီးချောင်းဖြင့် ထိန်ထိန်လင်းသည့် မီးရောင်အောက်တွင် စာကျက်ရ သဖြင့် ကျောင်းသားများ စာပိုကျက်နိုင်၊ ပိုကြိုးစာ လာနိုင်သည်မှာ လက်တွေ့။

စက်ရုံ၊ အလုပ်ရုံများသည်လည်း လျှပ်စစ်ဓာတ်အားဖြင့် လည်ပတ်လာရသည့်အတွက် ပမာဏများပြားလှသော စက်သုံးဆီဖိုး ကုန်ကျစရိတ်ကို ချွေတာနိုင်လာ၏။ အညာဒေသတွင် ယခင်က ကဲ့သို့ ရေတွင်းထဲမှရေကို လူအားဖြင့် ငင်ယူစရာ မလိုတော့၊ မော်တာဖြင့် စုပ်တင်နိုင်ကြပြီ။ လျှပ်စစ် ဓာတ်အားရရှိခြင်းကြောင့် ရရှိလာသည့်အကျိုးများကား စာဖွဲ့မကုန်နိုင်အောင်ပင်။

ယခု လျှပ်စစ်ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခဲ့သည့်နေရာအနီးဝန်းကျင်ရှိကျေးရွာများ တွင်ဓာတ်အားရရှိသည်မှာ မကြာလှသေး။ ဓာတ်အားရရှိခြင်း၊ မရရှိခြင်း၏အကျိုးကို သူတို့ကိုယ်တိုင် သိရှိ ခံစားဖူးခဲ့ပြီးဖြစ်သည်။

အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် ယင်းကျေးရွာများ၌ ဓာတ်အားပြတ်တောက်မှု ဖြစ်ခဲ့လျှင်  မည်သည့်ဝန်ထမ်းကမျှ အသက်ဆုံးရှုံးခံ၍ သွားရောက် ပြင်ဆင်ရဲလိမ့်မည် မဟုတ်ပေ။ ထိုအခါ ယခင် ဓာတ်အားမရသေးခင်ကာလကကဲ့သို့ ယင်းကျေးရွာများသာ လျှပ်စစ်မီးမရှိ မှောင်အတိဖြင့် စခန်းသွားရပေဦးမည်။

PDF အဖွဲ့များက ယင်းသို့ အရှည်ကိုမြော်တွေး နိုင်ခြင်းပင်မရှိတော့။

အချုပ်ဆိုရလျှင် အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် လျှပ်စစ်ဝန်ထမ်းများ  အပါအဝင် ဝန်ထမ်းများမှာ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ။ ဝါဒစွဲမရှိ၊ ကျရာတာဝန်ကိုထမ်း၍ ပြည်သူကို အနီးကပ် ကူညီပံ့ပိုးပေးနေသူများသာဖြစ်၏။ ဒေါသ၊ မောဟဖုံးလွှမ်းနေသော PDF များကသာ ငါနှင့်မတူ ငါ့ရန်သူ သဘောထား နေကြခြင်းသာ ဖြစ်သည်။

လူဆိုသည်မှာ လောဘများလာလျှင် အရှက် မဲ့လာတတ်၏၊ ဒေါသများလာလျှင် အသိမဲ့လာတတ် ၏၊ မောဟများလာလျှင် အမှန်တရားနှင့် ဝေးကွာလာတတ်၏။ အသိကို သတိကပ်နိုင်မှသာ ပညာရှိ မည်ပေ၏ဟု ဆရာတော်ကြီးတစ်ပါးက မိန့်ကြားခဲ့ဖူးသည်။

PDF များအပါအဝင် ၎င်းတို့ကို ထောက်ခံသူ များအားလုံး အသိကို သတိကပ်နိုင်ကြစေချင်သည်။ မိမိတို့၏ အဖျက်လုပ်ရပ်ကို စဉ်းစားဆင်ခြင်သုံးသပ် နိုင်ကြစေဟုသာ ဆန္ဒပြုလိုက်ပါသည်။ ။

လျှပ်စစ်ဝန်ထမ်းဟောင်းတစ်ဦး