Skip to main content

ယနေ့ကမ္ဘာ့အင်အားကြီး နိုင်ငံအများနည်းတူ ကျင့်သုံးလျက်ရှိသော မြန်မာ့သမဝါယမလုပ်ငန်းစု

 

သမဝါယမလုပ်ငန်းသည် တစ်ဦး၊ တစ်စု၊ တစ်ဖွဲ့၏ အတ္တအကျိုးအတွက် ဦးတည်ဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်းမျိုးမဟုတ်ပေ။ အများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းလျက် မူဘောင်အတွင်းမှ ဆောင်ရွက်ရသော လူမှုစီးပွားရေးလုပ်ငန်း အမျိုးအစားဖြစ်၍ နိုင်ငံတော်အစီအစဉ်ဖြင့် ဝန်ကြီးဌာန ဖွဲ့စည်းလျက် ပံ့ပိုးကူညီလမ်းညွှန်မှု ပေးနေခြင်းဖြစ်သည်။ ၁၉၀၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ပြည်သူများ၏ ဆင်းရဲဒုက္ခမှ ကယ်တင်ရန် သမဝါယမပေါ်ပေါက်လာခြင်းဖြစ်ရာ ယခုဆိုလျှင် နှစ်ပေါင်း ၁၁၆ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

မူဘောင်အတွင်းမှသာဆောင်ရွက်

သမဝါယမအသင်းများသည် တွေ့မြင်သမျှသော စီးပွားရေးလုပ်ငန်းများကို အထိန်းအကွပ်မဲ့ အမြတ်ရရှိရေးအတွက် ဆောင်ရွက်ခွင့်မရှိပေ။ အသင်းစတင် ဖွဲ့စည်းစဉ်ကပင် ရေးဆွဲအတည်ပြုထားသော “အသင်းစည်းကမ်း” စာအုပ်ပါ စီးပွားရေးလုပ်ငန်း အမျိုးအစားမူဘောင် အတွင်းမှသာ ဆောင်ရွက်ခွင့်ရှိပါသည်။ အသင်းနယ်နိမိတ်မှ အများပြည်သူတို့၏ လူမှု- စီးပွားရေးအကျိုးကို ရှေ့ဆောင်ရွက်ရသော စီးပွားရေးလုပ်ငန်းမျိုးဖြစ်၍ အတည်ပြုပြဋ္ဌာန်း ထားပြီးဖြစ်သည့် “ အသင်းစည်းကမ်း” ပါ ကုန်ထုတ်၊ ကုန်သွယ်ဝန်ဆောင်လုပ်ငန်း အမျိုးအစားကိုသာ ဆောင်ရွက်ရခြင်းဖြစ်သည်။

သမဝါယမလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် - ဥပဒေကို နိုင်ငံတော်မှ အတည်ပြု ပြဋ္ဌာန်းပေးခြင်း၊ နည်းဥပဒေကို ဝန်ကြီးဌာနမှ ပြဋ္ဌာန်းပေးခြင်း၊ အသင်းတစ်သင်း၏ “အသင်းစည်းကမ်း”အား သမဝါယမဦးစီးဌာနမှ အတည်ပြု ပြီးမှသာ သမဝါယမလုပ်ငန်းများကို စတင်ဆောင်ရွက်ခွင့် ရှိမည်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံရှိ သမဝါယမအသင်းများ သည် ယခင် ၁၉၇၀ပြည့်နှစ် သမဝါယမအသင်းဥပဒေကို ပယ်ဖျက်ပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမမူနှင့် ညီညွတ်စွာ ရေးဆွဲထားသော ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေ၊ ၂၀၁၃ ခုနှစ် သမဝါယမနည်းဥပဒေများနှင့်အညီ အသင်းအမျိုးအစားအလိုက် မိမိတို့၏ အသင်းနယ်နိမိတ်အတွင်းမှ ပြည်သူများ၏ လူမှုအကျိုးစီးပွားအတွက် ဆောင်ရွက်နေကြသော အသင်းများသာဖြစ်ကြသည်။  

လွဲမှားစွာ သိမြင်နေကြ

ပြည်သူအချို့မှာ သမဝါယမလုပ်ငန်းများအပေါ် ယနေ့တိုင် အမြင်မရှင်းလင်းနိုင်ကြဘဲ အဆိုးမြင်ဝါဒဖြင့် ဝေဖန်မှု ပြုနေကြခြင်းမှာ ယခင်သမဝါယမ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက် သမဝါယမများ)နှင့် ယနေ့ သမဝါယမ (အပြည်ပြည်ဆိုင်ရာ သမဝါယမမူများနှင့်အညီ ဆောင်ရွက်နေသော သမဝါယမများ) ၏မူဝါဒနှင့် လုပ်ငန်းစဉ်များ အတူတူပင်ဖြစ်သည်ဟု လွဲမှားစွာ သိမြင်နေကြခြင်းကြောင့်ဖြစ်ပါသည်။ အလျဉ်းသင့်၍ ယခင်သမဝါယမနှင့် ယနေ့ သမဝါယမများ၏ ဦးတည်ရည်ရွယ်ချက်ကို အကျဉ်းတင်ပြရပါက ယခင်သမဝါယမများသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမူဝါဒနှင့်အညီ “ကုန်သွယ်ရေးဖြင့် မတရား စီးပွားရှာစားသော ကြားလူကို သမဝါယမစီးပွားရေး နည်းလမ်းဖြင့် ဖယ်ရှားပြီး သာယာဝပြောသော နိုင်ငံတော်တည်ဆောက်ရန်” ယနေ့ သမဝါယမအသင်းများ၏ ဦးတည်ချက်မှာ “ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုလျော့ကျရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ရင်းမှ နိုင်ငံတော်ဖွံ့ဖြိုးမှုအား သမဝါယမစီးပွားရေးနည်းလမ်းဖြင့် တစ်ဖက်တစ်လမ်းမှကူညီရန်” များ ဖြစ်နေကြ၍ ဦးတည်ချက်နှစ်ရပ်တို့ မတူညီကြပါ။

 

အင်အားအပြည့် ကူညီလျက်ရှိ

ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ သမဝါယမအသင်းများသည် နိုင်ငံနှင့် ပြည်သူများ၏ လူမှုဘ၀ဆိုင်ရာ လိုအပ်ချက်များကို သမဝါယမနည်းလမ်းများဖြင့် တစ်ဖက်တစ်လမ်းမှ အင်အားအပြည့် ကူညီ လျက်ရှိနေကြပြီ ဖြစ်ပါသည်။ဆင်းရဲနွမ်းပါးနိုင်ငံများ၌သာ သမဝါယမလုပ်ငန်းများ ရှိနေကြသည်မဟုတ်ပါ။ အင်အားကြီးနိုင်ငံများ ဖြစ်သော အိန္ဒိယနိုင်ငံတွင် သမဝါယမအသင်းပေါင်း ခြောက်သိန်းကျော်ရှိပြီး တရုတ်နိုင်ငံတွင် ငါးသိန်းကျော် ၊ အမေရိကန်နိုင်ငံ၏ ပြည်သူ ၄၀ ရာခိုင်နှုန်းမှာ သမဝါယမအသင်းသားများ ဖြစ်နေကြပြီး၊ ဂျပန်နိုင်ငံ၏ ငါးကုန်ထုတ်လုပ်ငန်းနှင့် လယ်ယာလုပ်ငန်း၏ ရာနှုန်းပြည့်နီးပါးမှာ သမဝါယမများ၏ လက်ထဲတွင်ရှိနေကြသည်ကို ကမ္ဘာ့ကုလသမဂ္ဂနှင့် ICA (ခေါ်) အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်တို့ထံမှတစ်ဆင့် သိရှိရသည်။ ကမ္ဘာ့သမဝါယမ စတင်ပေါ်ပေါက်လာသော အင်္ဂလန်နိုင်ငံနှင့် ဂျာမနီ၊ ပြင်သစ်တို့တွင် နိုင်ငံတကာအဆင့်မြင့် သမဝါယမဘဏ်ကြီးများ တည်ရှိနေပြီး နိုင်ငံနှင့်ပြည်သူတို့၏အကျိုးကို သယ်ပိုးနေကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း သမဝါယမအသင်းများ၏ အခြေခံစွမ်းအားဖြင့် တည်ဆောက်ထားသော CBPCL ဘဏ် (ခေါ်) သမဝါယမဘဏ်ကြီးတစ်ဘဏ် နိုင်ငံတော်အဆင့်မီရှိနေပြီး မြန်မာနိုင်ငံမှ သမဝါယမအသင်းများအတွက် ပံ့ပိုးကူညီ ပေးလျက်ရှိပြီးဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြည်သူနှင့်နိုင်ငံတို့အား သမဝါယမနည်းလမ်းအရ အကျိုးပြုနေကြသည့် သမဝါယမ အသင်းများ ဖွံ့ဖြိုးမှုရှိနေစေရန် နိုင်ငံတော်အစိုးရများက အင်အားအလျောက် ပံ့ပိုးကူညီမှုများ ရှိနေကြပါသည်။ ၂၀၁၈ ခုနှစ် အာရှဒေသ သမဝါယမဖွံ့ဖြိုးမှု(ဆွေးနွေးပွဲ)ကို တရုတ်နိုင်ငံ စီချွန်ပြည်နယ် ချန်ဒူးမြို့၌ ကျင်းပစဉ် စာရေးသူနှင့် ကိုယ်စားလှယ်တစ်ဦးတို့ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်းစီမံမှုမှလွဲ၍ ကုန်ကျစရိတ်များအားလုံးကို ပြည်နယ်အစိုးရက ကျခံပေးခဲ့ပြီး မြို့တော်ဝန်ကိုယ်တိုင် ဂုဏ်ပြုစကားလာရောက် ချီးမြှင့်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် တရုတ်နိုင်ငံရှိ သမဝါယမလုပ်ငန်းများအပေါ် အလေးထား အားပေးမှုရှိနေသည့် ပြယုဂ်တစ်ခုအဖြစ် ခံယူမိပါသည်။

လေးထားအားပေး

 မြန်မာနိုင်ငံတွင် သမဝါယမလုပ်ငန်းများကို အလေးထားအားပေးမှုပြုနိုင်ရန် နိုင်ငံ့ခေါင်းဆောင်၏ လမ်းညွှန်မှုဖြင့် သမဝါယမဝန်ကြီးဌာနအား ပြန်လည်ဖော်ဆောင်ပေးသည်ကို တွေ့မြင်ရပါ၍ သမဝါယမလောကသားများမှ ဝမ်းမြောက်ပီတိနှင့်အတူ ကျေးဇူးတင်ရှိကြပါသည်။ နိုင်ငံတော် မိန့်ခွန်းများတွင်လည်း သမဝါယမစကားရပ်ကို မကြာခဏထည့်သွင်းလျက် အလေးထားဖော်ပြမှုရှိသည်ကို တွေ့မြင့်ရပါ၍ သမဝါယမဝန်ကြီးဌာနမရှိဘဲ ငါးနှစ်တာခရီးကို လျှောက်လှမ်းခဲ့ရသော မြန်မာနိုင်ငံ သမဝါယမအင်အားစုများအတွက် အထူးအားရစရာပင် ဖြစ်ပါသည်။ သမဝါယမဦးစီးဌာနများနှင့် သမဝါယမအသင်းများတွင် ကျရာတာဝန်များကို အသင်းသားနှင့် ပြည်သူများအတွက် အကျိုးဖော်ဆောင်နေကြသော သမဝါယမလောသားအားလုံးက ပူပူနွေးနွေး သမဝါယမ ဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုနှင့်အတူ ပြည်သူနှင့်နိုင်ငံ့အကျိုးကို တိုးမြှင့်ဖော်ဆောင်ရန် စိတ်အားထက်သန်လျက် ရှိပါကြောင်း ရေးသားလိုက်ရပါသည်။ ။

လှထွန်း (သမဝါယမ )