အဂတိကင်းစင် ငွေစာရင်းမင်းကြီး ဦးဘခင်
ယခုရက်ပိုင်းအတွင်း ပြီးခဲ့တဲ့ ငါးနှစ်တာ အစိုးရခေတ်ကာလအတွင်းက တာဝန်ရှိသူအချို့နဲ့ ဝန်ကလေး၊ ဝန်ကြီးအချို့ရဲ့ အဂတိလိုက်စားခဲ့မှုတွေအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ကော်မရှင်က အမှုဖွင့်အရေးယူမှုသတင်းတွေ ဆက်တိုက်နီးပါး မြင်ရကြားရချိန်မှာ စိတ်လက်မချမ်းမသာဖြစ်ရတယ်။ တစ်ခေတ်တစ်ခါက အဂတိကင်းစင်ငွေစာရင်းမင်းကြီး ဦးဘခင်အကြောင်းကို ဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့ ဓမ္မဒူတစာအုပ်မှာ လေ့လာဖတ်ရှုလိုက်ရတော့မှ စိတ်လက်အတော် ပေါ့ပါးသက်သာရာရခဲ့ကြောင်းပါဗျာ။
လယ်တီဆရာတော်ဘုရားကြီး၊ စွန်းလွန်း ဆရာတော်ဘုရားကြီး၊ ဆရာကြီး ဦးဘခင်တို့ရဲ့ အတ္ထုပ္ပတ္တိအချို့ကို အာနာပါနဝိပဿနာ ဘာဝနာအပေါ် ဝါသနာ ထုံတဲ့ အဖေ့ထံက ငယ်စဉ်က တည်းက ကြားနာဖူးပေမယ့် ဆရာကြီးဦးဘခင်ရဲ့ ယခုအဂတိတရားကင်းစင်တဲ့ သီလဂုဏ်၊ သမာဓိဂုဏ် အကြောင်းကိုတော့ ဂဃနဏမသိခဲ့ပေဘူး။
ဆရာကြီးဦးဘခင်ဟာ လွတ်လပ်စ မြန်မာနိုင်ငံရဲ့ ပထမဆုံးသောငွေစာရင်းမင်းကြီး၊ နိုင်ငံတော် ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ ဥက္ကဋ္ဌစတဲ့ တာဝန်ကြီးများ ကို ပူးတွဲထမ်းဆောင်ခဲ့သူဖြစ်ပါ ပေတယ်။
ထိုရာထူးကြီးများကို ထိုစဉ်က နိုင်ငံတော်ရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးများက ဆရာကြီးကို တစ်ချက်လွှတ်ဘာကြောင့် တာဝန်ပေးခဲ့ရသလဲဆိုရင် ဆရာကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်ကို အတွင်းကျကျ သိရှိလေးစားခဲ့ကြလို့ပဲဖြစ်ပါတယ်။
ဆရာကြီးရဲ့ တည်ကြည်ဖြောင့်မတ်မှု သီလဂုဏ်ဟာ ဆိတ်ကွယ်ရာအရပ် မရှိခဲ့ပါဘူး။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖြစ်ပါတယ်။ ဂျပန်ဘုရင့်တပ် မတော်ဟာ ရန်ကုန်မြို့ကို သိမ်းပိုက် ပြီးနောက် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့သို့ ဆက်လက် ချီတက်လာကြတယ်။ ဂျပန်လေ တပ်မတော်ကလည်း မန္တလေးတစ်မြို့လုံး မွမွကြေအောင် ဗုံးကြဲတိုက်ခိုက်နေတယ်။ ရန်ကုန် မန္တလေးမီးရထားလမ်းလည်း ပျက်နေပါပြီ။
မပျက်မစီးပကတိအတိုင်းရှိ
ထိုအချိန်မှာ ဆရာကြီးဦးဘခင်ဟာ မန္တလေးဘူတာကြီးမှာ ငွေစာရင်းကိုင်အရာရှိဖြစ်ပါတယ်။ မီးရထားဌာနက ရရှိသမျှဝင်ငွေအားလုံးကို ကိုင်တွယ်ထိန်း သိမ်းရပါတယ်။ တစ်နေ့မှာ မန္တလေး ဘူတာကြီးဗုံးချခြင်းခံရတယ်။ လေကြောင်းရန်ရှင်းတာနဲ့ ဆရာကြီးဟာ ဘာကိုမျှ ဂရုမစိုက်အား ဘဲတာဝန်ရှိရာ ဘူတာရုံဆီသို့သာ အသော့နှင်သွားခဲ့ပါတယ်။ အပျက်အစီးများကိုရှောင်တိမ်း ကျော်လွှားရင်း သူ့ရုံးခန်းကိုရောက်တော့ ငွေထည့်တဲ့ သံမီးခံသေတ္တာကြီးက မပျက်မစီး ပကတိအတိုင်းရှိနေတယ်။ အသင့်ပါလာတဲ့ သော့နဲ့ဖွင့်ပြီး အထဲမှငွေ များကို ထုတ်လိုက်တယ်။
ဆရာကြီးဘ၀တစ်သက်တာမှာ ပိုင်ဆိုင်ရန် အိပ်မက်ပင် မမက်ဝံ့အောင် ငွေပုံကြီးကရှေ့မှာ ဖွေးဖွေးလှုပ်နေတယ်။ ဆရာကြီးခင်မျာ ခဏမျှ တွေဝေသွားတယ်။ ခေတ်ကာလအရ ဗြိတိသျှ အာဏာပိုင်တွေလည်း ပြေးကြပြီ။ ဂျပန်တပ်တွေကလည်း ချီလာဆဲ။ထိုငွေများ ကိုဆရာကြီးယူ လိုက် မယ်ဆိုလျှင်လည်း ဘယ်သူမျှမသိနိုင်။ ထို့ပြင်တစ်ဝ ထိုအချိန်မှာလည်း ဆရာကြီးအနေနဲ့ အကြီးအကျယ် ငွေလိုနေတယ်။ သမီးငယ် အသည်းအသန်မကျန်း မမာဖြစ်နေလို့ ဆေးဝါးဓာတ် စာဖိုးကထွက်၊ အိမ်စရိတ်ကတက်နဲ့ သာမန်အခြေအနေမှာထက် ပိုမိုကျပ်တည်း နေရှာတယ်။
သို့သော်ငြားဆရာကြီးဟာ “အစိုးရဘယ်ရောက် ရောက်၊ ဒီငွေတွေကို ငါ့အထက်အရာရှိ လက်ရောက် အောင် လိုက်အပ်မယ်၊ ဒါငါ့တာဝန်ပဲ၊ ငါ့တာဝန်ကျေ စေရမယ်” ရယ်လို့ ဆရာကြီးဟာ မတရားရယူချင် စိတ် တစ်ချက်မျှမဖြစ်၊ နှောင့်နှေးဖင့်လေးမှုမရှိ ရဲဝံ့ ပြတ်သားမှု အပြည့်နဲ့ ခိုင်မာသော ဆုံးဖြတ်ချက်ကို ချလိုက်တယ်။ ဒီနောက်မှာ မေမြို့ကတစ်ဆင့် အိန္ဒိယကို လေကြောင်းခရီးနဲ့ ဆုတ်ခွာရန်စီစဉ်နေတဲ့ မီးရထားအရာရှိတွေထံ အချိန်မီအုပ်မိနိုင်ဖို့ဂျစ်ကား တစ်စီးငှားပြီး ငွေထုပ်ပိုက်ကာလိုက်သွားပါတယ်။
မေမြို့ရောက်တော့ ဆိုင်ရာအရာရှိကို ရှာဖွေပြီး ငွေအားလုံးကို စာရင်းဇယားနဲ့တကွ အတိအကျ လွှဲပြောင်းအပ်နှံလိုက်ပါတယ်။ သို့ကလို တာဝန်ကျေပွန်မှု အတွက် ဆရာကြီးဦးဘခင်တောင်းဆို မှုကတော့တစ်ခုပဲရှိပါသတဲ့။
စံပြအဖြစ်ကျင့်သုံး
“ကျွန်တော့်အတွက် ဒီလ လစာနဲ့ ဒီကိုလာတဲ့ ခရီးစရိတ်ကလေးများရနိုင်ပါသလား ခင်ဗျာ”တဲ့။
ထိုသို့သော အရာရာ၌ စောင့်စည်းမှု(ဝါ) သီလ ဂုဏ်ကြောင့်လည်း ဆရာကြီးဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိတဲ့အခါမှာ ဖော်ပြပါနိုင်ငံတော်ရဲ့ကြီးလေးသော တာဝန်ကြီးများကိုထမ်း ဆောင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါပေတယ်။ နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ ဥက္ကဋ္ဌရာထူး ဆိုရင် နိုင်ငံတော်အတွက် အဓိကဝင်ငွေရရှိတဲ့ဆန်စပါးစတဲ့ သီးနှံများကို ပြည်တွင်း ပြည်ပ ရောင်းဝယ်ရေးကိစ္စရပ်များမှာ စီမံခန့်ခွဲရန် အပြည့်အဝ အာဏာပိုင်သူဖြစ်ပါတယ်၊ သို့မို့ကြောင့် စပါးကုန်သည်၊ စက်ပိုင်တို့ထံက တံစိုးလက်ဆောင်တွေ ကြိုးကြိုးမြက်မြက်ရတတ်လေ့ရှိတယ်။ ဆရာကြီးကား အဂတိလိုက်စားမှုမရှိ၊ တည်ကြည်ဖြောင့်မတ်စွာ ဆောင်ရွက်မြဲဖြစ်တယ်။ ခေါင်းဆောင်ကောင်းပီသစွာ ကိုယ်ကျင့်သီလအရာ မှာ စံပြအဖြစ်ကျင့်သုံးနေထိုင်ခဲ့တယ်။
တစ်ခါက ဆရာကြီးရဲ့ မွေးနေ့တစ်ခုမှာ လက်အောက်အရာရှိတစ်ဦးက ဆရာကြီးကို အိမ်သို့ လာပြီး လုံချည်တစ်ထည် ကန်တော့ဖူးတယ်။ ဆရာကြီးမရှိ ခိုက်ဖြစ်၍ အိမ်မှာ ထားခဲ့တယ်။ နောက်တစ်နေ့မှာ ဆရာကြီးက ထိုလုံချည်ကိုရုံးသို့ ယူသွားပြီး ရုံးချိန်အပြီးမှာ အမှုထမ်းတွေကို အစည်း အဝေးခေါ်တယ်။ အကျိုးအကြောင်း ပြောပြပြီး လုံချည်ကန်တော့သူ အရာရှိကို အများရှေ့မှောက် မှာပဲဆူတော့တယ်။ လုံချည်ကိုလည်း ဝန်ထမ်းသက်သာချောင်ချိရေးရန်ပုံ ငွေသို့ လွှဲပြောင်းပေးလိုက်တယ်။
အဆိုပါဌာနမှာ ဆရာကြီး တာဝန်ယူထမ်း ဆောင်စက ထိုဌာနရဲ့အရသာကို သိထားသူအချို့က ကပျက်ယပျက်၊ ကပ်ဖဲ့တိုက်သူတိုက်၊ တာဝန်ပေးသူ နိုင်ငံခေါင်းဆောင်ကြီးကိုပင် ဆန္ဒပြသည် အထိတာစူသူစု၊ သို့တစေ ဆရာကြီးကား မသိကျိုးကျွံပြုကာ အမှုထမ်းများအား ရုံးနားချိန်မှာ ကမ္မဋ္ဌာန်း ထိုင်စေခြင်းဖြင့် အနိုင်ယူခဲ့ပါတယ်။ တစ်နေ့သောအခါ ကုန်သည်တစ်ယောက်ဟာ နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့သို့ ဂုန်နီအိတ်အမြောက် အမြားရောင်းချရန် တင်ဒါသွင်းခဲ့တယ်။ အဖွဲ့ထံသို့လည်း လုပ်ထုံးလုပ်နည်းအတိုင်း တင်ဒါပုံစံဖြင့် တင်ပြခြင်း ပြုခဲ့တယ်။ ဒါ့အပြင် သေချာပေါက်ရဖို့ရာအတွက် အဖွဲ့ဥက္ကဋ္ဌ ကိုချဉ်းကပ်တဲ့အနေနဲ့ဥက္ကဋ္ဌဖြစ် သူဆရာကြီးအိမ်သို့ လာဘ်ထိုးရန် ငွေထုပ်ပိုက်ပြီးရောက်လာတယ်။
အလှူငွေလက်မခံ
ငွေစကားစသည်နှင့် ဆရာကြီးသိသိသာသာ မျက်နှာပျက်လေပြီ။ စက်ဆုတ်ရွံရှာမှုတို့အထင်း သားပေါ်လွင်လာတယ်။ ရှစ်စပ်ကလည်သော ထိုကုန်သည်လည်း ငွေမှာဆရာကြီးအတွက် မဟုတ်ကြောင်း၊ ဆရာကြီးရဲ့ ကမ္မဋ္ဌာန်းဌာနသို့ လှူဒါန်းခြင်း ဖြစ်ကြောင်း စကားသံပြောင်း၍ ဆိုပြန်တယ်။ ဆရာကြီးက ယောဂီမဟုတ်သူများထံမှ ပဋိပတ္တိဌာနအတွက် အလှူငွေလက် မခံကြောင်းပြောပြပြီး ထိုသူကိုအိမ်ထဲမှမောင်းထုတ်လိုက်လေတယ်။
စင်စစ်ထိုနေ့မှာပဲ ထိုကုန်သည်ရဲ့ တင်ဒါကို ဘုတ်အဖွဲ့က လက်ခံပြီးဖြစ်ပါတယ်။ သူပေးသွင်း တဲ့ဈေးနှုန်းဟာ အနိမ့်ဆုံးဖြစ်လို့ ဘုတ်အဖွဲ့က စည်းမျဉ်းနဲ့အညီ လက်ခံခြင်းဖြစ်ပါတယ်။ သို့ပေမယ့် ထိုဆုံးဖြတ်ချက်ကိုထုတ်ဖော်ကြေညာခြင်း မပြုရသေးဘူး။ သို့ကလိုကြောင့် ထိုကုန် သည်ထိုးတဲ့လာဘ်ကို ဆရာကြီးအနေနဲ့ ဘာမျှလည်းအထူး တလည် လုပ်ပေးစရာမလို၊ အန္တရာယ်လည်းမရှိ၊ အစိုးရကိုလည်း မထိခိုက်ဘဲ မြန်မြန်ကြီးစားနိုင်ပါလျက်နဲ့ ဆရာကြီးဟာ အများစု မိုးခါးရေသောက်သလို မသောက်၊ နိုင်ငံ့တာဝန်ကို တာဝန်သိသိ၊ သစ္စာရှိရှိ စံနမူနာပြ ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ထိုဌာနလည်း ထိုအချိန်မှစ၍ သိသိသာသာ တိုးတက်လာခဲ့ကြောင်းပါ။
ဒါ့အပြင် ဆရာကြီးဟာ အစိုးရဌာနကြီးများမှာ ရာထူးကြီးလေးခုကို တစ်ပြိုင်တည်း တာဝန်ယူ ထမ်းဆောင်ခဲ့ပါသော်လည်း လစာကိုတော့ တစ်နေရာ စာသာယူခဲ့ပါတယ်။ မတရားရသော လာဘ်လာဘမှန်သမျှ လုံးဝရှောင်ခဲ့တယ်။ ဆရာကြီးအလုပ်မှ အငြိမ်းစားယူတဲ့အခါ အိုစာမင်းစာ အတွက် ငွေကလေး နှစ်သောင်းငါးထောင်မျှသာ လက်ထဲမှာ ရှိလေတယ်။ အမှုထမ်းကာလ တစ်လျှောက်လုံး အစိုးရကပေးတဲ့အိမ်မှာသာနေခဲ့တဲ့ အတွက် ကိုယ်ပိုင်အိမ်လည်း မရှိရှာဘူး။
အိမ်အပြီးသတ်ဖို့ ငွေတစ်သောင်းခန့်လို
ဆရာကြီးပင်စင်ယူလိုက်တဲ့အခါမှာ မိသားစုနေထိုင်ရန် အိမ်ဆောက်ဖို့စီမံရတယ်။ စုငွေကလေး နဲ့အိမ်ဖြစ်အောင်ဆောက်ပေးဖို့ အတွင်းနေတပည့် ရင်းဖြစ်သူ ဦးဂိုအင်ကာကို စီမံစေပါတယ်။ တကယ်တမ်း အိမ်ဆောက်တဲ့အခါ ဆရာကြီးရဲ့ စုငွေနဲ့ မလောက်ငှဘဲ အိမ်အပြီးသတ်ဖို့ ငွေတစ်သောင်းခန့် လိုနေတယ်။
တပည့်ရင်း ဦးဂိုအင်ကာအဖို့ ငွေတစ်သောင်းဆိုတာ ဘာမျှဝန်လေးစရာမဟုတ်တဲ့အတွက် ဆရာကြီးကို အလွယ်တကူပေးလှူ ကန်တော့ပေမယ့်လည်း ဆရာကြီးက လက်မခံပါဘူး။
“တပည့်ယောဂီတစ်ယောက်က လှူဒါန်းတာကို ဆရာကြီးကိုယ်ရေးကိုယ်တာကိစ္စအတွက် အသုံးမပြုပါရစေနဲ့။ ဓမ္မနဲ့စပ်တဲ့ အခြားသင့်တော်မယ့် နေရာတွေကိုသာ လှူပါကွာ” ရယ်လို့ ဆိုပါတယ်။
စိတ်ထဲကကြိတ်ပြီး ကြံထား
သို့ကြောင့်မို့ ဦးဂိုအင်ကာက “ချေးတာပါ”လို့ | တစ်ဖက်လှည့်ပြီး ပေးခဲ့ရပါတယ်။ ချေးတယ်ဆို
တော့ ဆရာကြီးက မငြင်းသာပါဘူး။ ဦးဂိုအင်ကာက တော့ “ချေးတယ်ပြောပေမယ့် ပြန်ဆပ် တော့မယူဘဲ နေလည်းပြီးတာပဲ”လို့ စိတ်ထဲကကြိတ်ပြီး ကြံထား ခဲ့ပါတယ်။
သို့သော် ...
လကုန်လို့ ပင်စင်လစာထုတ်ချိန်ရောက်တိုင်း ပင်စင်လစာချက်လက်မှတ်ကို တစ်ပြားတစ်ချပ် မကျန် ဆရာကြီးက ဦးဂိုအင်ကာကို ထိုးအပ်တော့
တယ်။ ဦးဂိုအင်ကာဟာ ဖခင်သဖွယ် လေးစားချစ်ခင်ရသော ဆရာအိုကြီးက သူ့မိသားစုအတွက် တစ်ခုတည်းသော ဝင်ငွေဖြစ်တဲ့ ပင်စင်လစာ ကလေးကို ထိုးအပ်ပြီး အကြွေးဆပ်တဲ့အခါမှာ မယူရက်ရှရှာဘူး။ ငွေတစ်သောင်းဆိုတာ ဦးဂိုအင်ကာ အတွက် မဖြစ်စလောက်ငွေဖြစ်ပေမယ့် ချစ်ကြောက်ရိုသေရတဲ့ ဆရာကြီးရဲ့ စကားကိုလည်းမဖယ်ရှားဝံ့ခဲ့ပါဘူး။ ဒီလိုနဲ့ ဆရာကြီးဟာ ပင်စင်လစာထုတ်တိုင်း ထိုးအပ်အကြွေးဆပ်ရင်း နောက်ဆုံးအကြွေး ငါးထောင်သာ ကျန်တော့ တဲ့ အခြေအနေကိုရောက်ခဲ့တယ်။
ထိုအတောအတွင်း ဦးဂိုအင်ကာရဲ့ အဒေါ်လည်း အဒေါ်၊ မွေးစားမိခင်လည်းဖြစ်၊ ဆရာကြီးထံမှာ နည်းခံ၍ နှစ်ရှည်လများ တရားအားထုတ်ဖူး သူလည်းဖြစ်သူ အမေကြီး သေအံ့မူးမူးအချိန်မှာ ဦးဂိုအင်ကာဟာ “အမေ့အတွက် ကျွန်တော်ကုသိုလ်ကောင်းမှုတွေ လုပ်မယ်၊ အမေလှူချင်တန်း ချင်တဲ့ နေရာတွေကိုသာ ပြောပါ”လို့ မေးမြန်းတဲ့အခါမှာ အခြားသင့်တော်ရာဆေးရုံများ၊ အလှူ ခံအဖွဲ့ အစည်းများအပြင် “အမေ ... ဆရာကြီးကို ငွေ ငါးထောင် လှူချင်တယ်”လို့ ဆိုပါတယ်။
အလှူရှင်ရဲ့ဆန္ဒကို ဆရာကြီးကြားရတဲ့အခါမှာ ဝမ်းမြောက်စွာ သာဓုခေါ်လေတယ်။ ကမ္မဋ္ဌာန်း ဌာနတစ်ခုလုံးက တွေ့သမျှ လူတွေကိုလည်း “ကြည့်စမ်းကွာ၊ သေပုံနေရာကျလိုက်တာ။သေခါ နီးအထိ သတိမလွတ်ဘူး၊ ဓမ္မကိုလည်း နှလုံးသွင်းရင်း သေသတဲ့၊ ဓမ္မအတွက် ငွေတွေ လှူသတဲ့၊ ငါ့ကိုခေါင်းတတ်ပြီးလှူ တာပါ။ ဒါပေမယ့် ဓမ္မကိုဦးတိုက်လှူတာမို့ ငါ့ကိုယ်ရေးကိုယ်တာ မသုံးပါဘူး။ အလှူရှင် ပိုပြီးလည်း အကျိုးများအောင် ဓမ္မနဲ့စပ်တဲ့နေရာတွေကိုသာ လှူမယ်ဟေ့”
ပြောရင်းဆိုရင်းမှာပဲ ဟိုဟိုသည်သည်ရှိ ဓမ္မနဲ့ ပတ်သက်တဲ့ကိစ္စများအတွက် ၎င်းငွေများအားလုံး ကို ခွဲဝေလှူဒါန်းတော့တယ်။
တပည့်ရင်း ဦးဂိုအင်ကာအဖို့ ဘာစကား တစ်ခွန်းမျှ ထပ်မံ၍မဆိုနိုင်ဘဲ ငိုင်၍သာ ကြည့်နေ ခဲ့ရကြောင်းပါ။ ဤသို့ဖြင့် လကုန်ရက်ရောက်တိုင်း ဆရာကြီးရဲ့ ပင်စင်ချက်လက်မှတ်ကို ဦးဂိုအင်ကာ လက်ခံခဲ့ရသည်မှာ နောက်ဆုံးငွေကျသည်အထိ ဖြစ်ကြောင်းပါ။
သို့ကလို အခွင့်အာဏာတွေလက်ကိုင်ရခဲ့ပြီး အဂတိလိုက်စားကာ မတရား ချမ်းသာနိုင်သော်လည်း သေသည်အထိသီလမပျက်၊ ဓမ္မကိုဖက်ကာ အနစ်နာခံသည့်ဗီဇသတ္တိ ထူးခြားသော နိုင်ငံ့သား ကောင်းဆရာကြီး ဦးဘခင်အကြောင်း ဖော်ပြပါ ဆောင်းပါးကို ဆရာကြီးရဲ့အတွင်းနေ တပည့်ရင်း ဒေါက်တာဂိုအင်ကာက ဆရာကြီးကွယ်လွန် သည့်နေ့ (၁၂) နှစ်မြောက် အထိမ်းအ မှတ်အဖြစ် ၁၉၈၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၌ အင်္ဂလိပ်ဘာသာဖြင့် ကိုယ်တိုင် ထုတ်ဝေခဲ့သော ဝိပဿနာဂျာနယ်မှာ “မမေ့ကောင်း သော ဖြစ်ရပ်များ” ခေါင်းစဉ်နဲ့ ရေးသားခဲ့ခြင်း ၊ ဖြစ်ပါတယ်။
ဒေါက်တာဂိုအင်ကာရဲ့ ဆောင်းပါးပါ အချက် အလက်များကို ဆရာဂါမဏိက “သူ့လို အရာရှိ” ခေါင်းစဉ်ဖြင့်ဘာသာပြန်ဆိုရေးသားခဲ့ဖြစ်ပါတယ်။ တကယ်တော့ “အာဏာသည်လူကိုပျက်စီး စေသည်။ အကြွင်းမဲ့အာဏာသည် အကြွင်းမဲ့ပျက်စီးစေသည်” ဆိုပေမယ့်လို့ ဆရာကြီး ဦးဘခင်တို့လို သီလ၊ ၊ သမာဓိ၊ ပညာဂုဏ်ရှိန်ကြီးမားသူများကိုတော့ အာဏာဟာ လူကိုပျက်စီး စေဖို့ ဖြားယောင်း သွေးဆောင်ခြင်းငှာ မစွမ်းနိုင်ဘူးရယ်လို့ပဲ ဆိုရမှာ ဖြစ်ကြောင်းပါဗျာ။ ။
စာချစ်သူ