လူငယ်ထုဟာ နိုင်ငံရေးသမားများရဲ့ ခေတ်အဆက်ဆက် အသုံးချခံသက်သက်လား
လူငယ်များကို ကျွန်တော်ချစ်ပါသည်။ ဘယ်ခေတ်မဆို လူငယ်ဟူက ရိုးသားသည်။ ဖြူစင်သည်။ ပွင့်လင်းသည်။ ပေါ့ပါးသည်။ စူးစမ်းသည်။ တက်ကြွသည်။ စွန့်စားလိုသည်။ အပေါင်းအသင်း မင်သည်။ ဤသည်က လူငယ်တို့၏ ပင်ကိုဗီဇ။ ကျွန်တော်တို့ ခေတ်တုန်းကလည်း သည်လိုပင်။ ဘောင်းဘီရှည်ပွပွ၊ အင်္ကျီလက်ရှည်ပွပွကြီးများ ဝတ်မည်။ စိတ်ကူးတည့်ရာ ကိုးရိုးကားရား ဝတ်ချင်တာဝတ်မည်။ “မိုက်တယ်”၊ “ခိုက်တယ်” စသဖြင့် ခေတ်အလိုက် ဗန်းစကားများ ပြောချင်ပြောမည်။ ၁၀ နှစ်မှ အသက် ၂၀ အတွင်းအရွယ်ကိုက မြူးထူးပျော်ပါးသည့် အရွယ်မို့။
ကျွန်တော်လူငယ်ဘဝက ဒေါက်တာမောင်မောင်၏ “သားမောင်စစ်သည်သို့” စာအုပ်ကို ဖတ်ခဲ့သည်။ လူငယ်များနှင့် ပတ်သက်၍ ဒေါက်တာမောင်မောင်၏ သဘောထားအမြင်ကို သိခဲ့ရသည်။ “ယနေ့ခေတ် လူငယ်များသည် ကျွန်တော်တို့ သူတို့အရွယ်ကထက်ပင် ထက်မြက်သွက်လက် ပွင့်လင်းရဲရင့်ကြသည်ထင်သည်။ ကျွန်တော်တို့ တုန်းကထက် အကြားအမြင်များသည်။ လွတ်လပ်သော နိုင်ငံသားများအဖြစ် မွေးဖွားခဲ့ရခြင်း၏ ဂုဏ်သတ္တိက လည်း နယ်နယ်ရရမဟုတ်။ ထို့ကြောင့် သူတို့၏ စိတ်ဓာတ်၊ စေတနာသည်လည်း သူတို့အရွယ် တုန်းက ကျွန်တော်တို့၏ စိတ်ဓာတ်၊ စေတနာတို့ထက် မညံ့နိုင်၊ “ဒီခေတ်လူငယ်တွေ ပြောမရ ဆိုမရ၊ သူတို့ရှေ့ရေး၊ နိုင်ငံရှေ့ရေးကို မတွေးဝံ့ပါပြီ” ဆိုသော ကျွန်တော်တို့လို ဖခင်အရွယ်၊ အဘိုးအရွယ် များသည် ကျွန်တော်တို့ငယ်စဉ်က ကျွန်တော်တို့၏ ဖခင်၊ အဘိုးများ ကလည်း ကျွန်တော်တို့နှင့်ပတ်သက်၍ ဒီအတိုင်းပင် ပြောဆိုခဲ့ကြသည်ကို အမှတ်ရသင့်သည်။
လူငယ်များ ဆံရှည်ထားထား၊ ဆန်းပြားသော ဝတ်စားဆင်ယင်မှုကို ပြုပြု၊ ထူးခြားသော စကားဝေါဟာရများကို ပြောပြော၊ သန္ဓေဗီဇ ညံ့ကြသည်မဟုတ်။ အရေးကြုံလာလျှင် နိုင်ငံအတွက်၊ တိုင်းရင်းသား များအတွက် ထွက်၍တာဝန်ယူကြလိမ့်မည်။ အရေးကြီးလျှင် သွေးနီး လိမ့်မည် ယုံကြည်သည်”ဟု ရေးသားထားသည်။ ထိုစဉ်က လူငယ်တစ်ဦးမျှသာ ရှိသေးသော ကျွန်တော် အတော့်ကိုအသည်းခိုက်သွား သည်။ ယနေ့တိုင် မမေ့နိုင်ခဲ့။
ဒေါက်တာမောင်မောင်၏ထိုသို့သော အတွေးအမြင်တို့ကြောင့်လည်း ကျွန်တော့် လူငယ်ဘဝတွင် အကောင်းအဆိုးကို ဉာဏ်မီသမျှလေး ခွဲခြားတတ်လာသည်။ ဆင်ခြင်တုံတရားအချို့ရခဲ့သည်။
နိုင်ငံရေးသမားများ၏ ထောင်ချောက်
အထူးသဖြင့် ခေတ်အဆက်ဆက် လူငယ်ထုကို နိုင်ငံရေးအာဏာ လိုဘအလို့ငှာ အသုံးချရန် ညွှတ်ကွင်းဆင်တတ်သော နိုင်ငံရေးသမားများ၏ ထောင်ချောက်ကို ရှောင်ရှားနိုင်ခဲ့သည်။
သို့တစေ ကျွန်တော်တို့ ရှေ့မျိုးဆက်က လူငယ်အချို့နှင့် ကျွန်တော်တို့နှင့် ခေတ်ပြိုင်မျိုးဆက် လူငယ်အချို့တို့မှာမူ သူတို့၏ နိုင်ငံချစ်သော၊ စူးစမ်းလိုသော၊ စွန့်စားလိုသော၊ တက်ကြွသော လူငယ်ဘဝ သန္ဓေဗီဇတို့ကို နိုင်ငံရေးသမားများက အသုံးချ၍ တော်လှန်ရေး လမ်းကြောင်းပေါ် သို့ ဆွဲတင်မှုကို ခံခဲ့ကြရရှာသည်။ အချို့ကား ဘဝတင်မက အသက်ပါ ပျက်စီးဆုံးရှုံးသွားခဲ့ ရရှာသည်။ ။
ခေတ်များသာ ပြောင်းသွားခဲ့လေသည်။ နိုင်ငံရေးသမားအမည်ခံ လူပေါ်လူဇော်တို့၏ အသုံးချခံသက်သက် လူငယ်တို့၏ လားရာကား မပြောင်းလဲခဲ့ချေ။မာ့က်စ်လီနင်ဝါဒနှင့် အနုပဋိလောမရုပ်ဝါဒတို့အပေါ် နှစ်သက်ယုံကြည်ပြီး တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီထံ တောခို သွားခဲ့သော တက္ကသိုလ်ကျောင်းသားတို့၏ ရင်နင့်ဖွယ် အတွေ့အကြုံများက သမိုင်းသက်သေ ပြုလျက်ရှိသည်။
၁၉၆၈ ခုနှစ် ဩဂုတ်လ ၃၁ ရက်
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစခန်း၏ အချုပ်ခန်းအတွင်း၌ ရန်ကုန်တက္ကသိုလ် ကျောင်းသား တပ်ဦး ခေါင်းဆောင်များဖြစ်ကြသည့် ရဲဘော်ဘသန်း၊ ရဲဘော်ထွန်းကျော်(ခ) မောင်စိုးဝင်း (လူထုဦးလှဒေါ်အမာသား)၊ ရဲဘော် ဘိုးသာ ရဲဘော်တင်ဟန်နှင့် ရဲဘော်ခင်ဝင်းတို့ ငါးဦးသည် ထိပ်တုံးနှင့် ခတ်ထားခြင်းကို ခံနေရ၏။ လက်နှင့် ခါးတို့ကို လည်း နိုင်လွန်ကြိုးများနှင့် ချည်နှောင်ထားသည်။ ။
အချုပ်ခန်းရှေ့တွင် တပ်နီလူငယ်များနှင့် တပ်နီအမျိုးသမီးများသည် ကြွေးကြော်သံများကို အော်ဟစ်၍ အဆက်မပြတ်ကြွေးကြော် နေကြသည်။ “ထွန်းငြိမ်းရဲ့ ကြံရာကြံဖက်ဂိုဏ်းသား တွေကို (သတ်ပစ်)။ ထွန်းကျော်ရဲ့ ကျောင်းသားတပ်ဦးဝါဒကို (ချေမှုန်းပစ်)။” တော်လှန်သော တပ်နီလူငယ်အချို့ကတော့ အချုပ်ခန်းကို ခဲနှင့် ပစ်နေကြသည်။
ဗဟိုစခန်း၏ အချုပ်ခန်းအတွင်း၌ ရဲဘော်ဘသန်း၊ ရဲဘော်ဘိုးသာနှင့် ရဲဘော်ခင်ဝင်းတို့သည် တမှိုင်မှိုင်ဖြစ်နေကြ၏။ တုန်တုန်ချည့်ချည့် ဖြစ်နေကြ၏။ ထမင်းမစား ဟင်းမစားပင်နေကြ တော့၏။ အိပ်၍လည်း မပျော်နိုင်ကြတော့ပေ။ မိမိတို့၏ နောက်ဆုံးနေ့ကိုသာ ရင်တမမနှင့် စောင့်မျှော်၍ နေကြလေသည်။ ရဲဘော်ထွန်းကျော်မှာမူ မိမိကိုယ်ကို ပိုင်းဖြတ်ပြီးဟန်တူ၏။ တမှိုင်မှိုင်ဖြစ်၍မနေချေ။ အချုပ်ခန်းရှေ့၌ ကြွေးကြော်တောင်းဆိုသူများကို စူးစူးစိုက်စိုက်ပင် ကြည့်၍နေလေသည်။ ။
စွပ်စွဲချက်ပေါင်းများစွာပါဝင်
သူတို့အပေါ် ပြည်သူ့တော်လှန်ရေးတရားခုံရုံး သဘာပတိအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တို့၏ စွပ်စွဲချက်နှင့် စွဲဆိုချက်များက များလှပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့တပ်မတော် အတွင်း၌ အကြီးဆုံးဂိုဏ်းခွဲရေးလုပ်သော ထွန်းငြိမ်း၊ ထွန်းရှိန် ဂိုဏ်းသားများ အဖြစ် စွဲဆိုချက်၊ ဥက္ကဋ္ဌ သခင်သန်းထွန်းအမှူးပြုသော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ကို လက်နက်ကိုင် ပုန်ကန်ခြားနားပြီး စင်ပြိုင်ဗဟိုထူထောင်ရာတွင် ထွန်းငြိမ်း၊ ထွန်းရှိန်ဂိုဏ်း၏ မိုက်ဖော် ဆိုးဖက်များအဖြစ် စွဲဆိုချက်စသဖြင့် စွပ်စွဲချက်ပေါင်းများစွာ ပါဝင်လေသည်။ တက္ကသိုလ် ကျောင်းသားများခမျာ သေဒဏ်မှတစ်ပါး အခြား မရှိတော့။
၁၉၆၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းမှာတော့ တပ်နီလူငယ်များနှင့် တပ်နီ အမျိုးသမီးတို့က သူတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ကြပါတော့သည်။ မသတ်မီ မျက်နှာများကို တံတွေးများနှင့် ထွေးကြ၊ အော်ကြဟစ်ကြ၊ ရိုက်ကြနှက်ကြဖြင့် သူတို့သည် လုပ်သမျှ ပြုသမျှကို မလှုပ်မယှက်ပင် ခံနေကြရလေသည်။ မျက်လုံးအစုံတို့မှ မျက်ရည်များမှာမူ စီးကျ၍နေလေသည်။ ။
ထို့နောက် သူတို့ကိုကြိုတင်တူးထားသော ကျမ်းများဆီသို့ ချည်တုပ်ထားသော ကြိုးစများနှင့်ဆွဲ၍ အတင်းဆွဲခေါ်သွားကြသည်။ ရဲဘော်မညွန့်ညွန့် ခေါင်းဆောင်သော အမျိုးသမီးများကလည်း ဝါးရင်းတုတ်များကို မြှောက်၍ မြှောက်၍ ကြွေးကြော်သံများ အော်ဟစ်လျက် နောက်မှကပ်လျက် လိုက်ပါသွားကြသည်။ ။
ပထမဆုံး ရဲဘော်ဘသန်း ဦးခေါင်းကို ဝါးရင်းတုတ်နှင့် တအားလွှဲ၍ရိုက်ကြ၊ ဓားမြှောင်နှင့် ထိုးကြ၊ လှီးကြဖြတ်ကြပြီးနောက် မညွန့်ညွန့်တို့သည် နှလုံးသွေးနှင့် ခြေဆေးကာ “အောင်ပြီ -အောင်ပြီ” ဟု ကြွေးကြော်နေကြလေသည်။
ရဲဘော်ထွန်းကျော်(ခ)မောင်စိုးဝင်းသည် ကျင်းအနီးသို့ ရောက်သောအခါ မတ်တတ်ရပ်နေရာမှ ပဆစ်တုပ်လျက် ထိုင်ချလိုက်၏။ “ဘယ်လိုသတ်ချင်သလဲ၊ ခေါင်းမော့ရမလား၊ ငုံပေးရမလား” ဟု မေးလိုက်ပြီး လည်တိုင်ကိုမော့၍ ပေးလိုက်သည်။ ။
“အောင်မယ်လူပါးဝလိုက်တာ၊ တို့သတ်ချင်သလိုသတ်မှာပေါ့”ဟု ရဲဘော် မခင်ဝင်းသည် ပြောပြောဆိုဆိုပင် လက်တွင်အသင့် ကိုင်ဆောင်ထားသော ဝါးရင်းတုတ်နှင့် ရဲဘော်ထွန်းကျော် ၏ လည်မျိုကို တအားလွှဲ၍ ရိုက်ချလိုက်သည်။ ။
ရဲဘော်ဘိုးသာ(ခ) မောင်ကျော်ခင်ကမူ ရင်ကိုကော့လျက် မျက်နှာကိုတင်းပြီးလျှင် “နင်တို့ ငါ့ကို ဘာနဲ့သတ်မလဲ၊ သေနတ်နဲ့ သတ်မလား၊ ဓားနဲ့သတ်မလား၊ တုတ်နဲ့သတ်မလား၊ ကြိုက်တာနဲ့ သတ်ကြဟေ့” ဟူ၍ အသံပြတ်ပြတ်ဖြင့် အော်ပြောလိုက်၏။
ရဲဘော်ခင်ဝင်းကမူ သခင်သန်းထွန်းအား စိမ်းစိမ်းဝါးဝါးကြည့်လျက်“ဪ-ဥက္ကဋ္ဌကြီး ဆိုတာ ဒါလားခင်ဗျားသမိုင်းကိုတော့ ဆက်ပြီး လေ့လာကြဦးပေါ့ဗျာ”ဟု ပြောလိုက်၏။ “ဟေ့ကောင် မပြောနဲ့ မပြော နဲ့” ဟုဆိုကာ ရဲဘော်သက်သည် ရဲဘော်ခင်ဝင်း၏ ပါးစပ်အား အတင်းလိုက်၍ ပိတ်ခိုင်းလိုက်သည်။
ကျင်းအနီးသို့ ရောက်သောအခါတွင် ရဲဘော်ခင်ဝင်းအား တွန်းလှဲလိုက်ကြပြီး ခြေထောက်မှ ဦးခေါင်း၊ ဦးခေါင်းမှခြေထောက် စသည်ဖြင့် ငါးဖယ်တေသကဲ့သို့ ရိုက်သတ်ကြလေသည်။ လည်ချောင်းအား ဓားမြှောင်နှင့် ထိုးစိုက်ကြသည်။ ထွက်၍လာသော လည်ချောင်းသွေး များဖြင့် ခြေဆေးကြပြန်သည်။ ။
သခင်သန်းထွန်း၏ မျက်နှာတွင် အတိုင်းမသိသောပီတိ၊ ဖော်မပြနိုင်သော ဝမ်းသာမှု၊ အကြည်နူး ဆုံးသော ခံစားချက်တို့ကို စုစည်းဖော်ပြလျက် အထူးပင်ပေါ်လွင်၍ နေလေသည်။ တပ်နီ အမျိုးသမီးများ၏ “ဥက္ကဋ္ဌကြီး သခင်သန်းထွန်း သက်တော်ရာကျော်ရှည်ပါစေ၊ အောင်ပြီ၊ အောင်ပြီ၊ တို့အောင်ပြီ"ဟူသည့် ကြွေးကြော်သံကား တောအနှံ့တောင်အနှံ့ပင် ပဲ့တင်ထပ်၍ နေလေတော့သည်။
ရှေ့တန်းကထွက်ပေါ်
“ဒီမိုကရေစီရရှိရေး - တို့အရေး၊ တို့အရေး” ဟူသည့် ကြွေးကြော်သံများနှင့်အတူ ပေါ်ပေါက် လာသည့် ၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင်လည်း ခေတ်ပြိုင်မျိုးဆက် လူငယ်များသည် ရှေ့တန်းကထွက်ပေါ် လာကြပြန်သည်။
နိုင်ငံရေးသမား လက်ဟောင်းလက်သစ်တို့ကတော့ ဒီမိုကရေစီ ရရှိရေးထက် ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကို ပို၍မျှော်လင့်တောင့်တနေကြသည်။ တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက် သည့်အခါတွင်မူ သူတို့သည် ပါတီထောင်နိုင်ရေး၊ မှတ်ပုံတင်နိုင်ရေး၊ ရွေးကောက်ပွဲဝင်နိုင်ရေးတို့ဖြင့် အလုပ်များနေကြပြန်ပါသည်။ လှုပ်ရှားတက်ကြွသူ လူငယ် အချို့ကတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ သေ့ဘောဘိုး၊ မာနယ်ပလော၊ ပါဂျောင်စသည့် နယ်စပ်စခန်းများတွင် ဘဝဆက်လက်ရှင်သန်ရေးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်လျက်။ ။
၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)
နိုင်ငံတော်၏ ထိုနေ့ထူးနေ့မြတ်အခါသမယဝယ် ABSDF(NB) အဖွဲ့တည်ရှိရာ ကချင်ပြည်နယ် ပါဂျောင်ဒေသ အာဆံကုန်းတွင် မန္တလေးဗကသ ဗဟိုကော်မတီဥက္ကဋ္ဌ ထွန်းအောင်ကျော်၊ မန္တလေး၊ ယူဂျီတာဝန်ခံဟောင်း၊ ဗဟိုကော်မတီဝင်၊ နိုင်ငံရေးသင်တန်းမှူး ချိုကြီး(ခ) ဖရက်ဒီ အောင်သန်း၊ မခင်ချိုဦး (ရန်ကုန်၊ကမာရွတ်) အပါအဝင်တောခိုကျောင်းသား ၁၅ ဦးကို လုပ်ဖော် ကိုင်ဖက်အချင်းချင်းက သွေးအေးအေးနှင့် အစုလိုက်အပြုံလိုက် ဓားနှင့်ခုတ်သတ်ခဲ့သည့် ဖြစ်ရပ်က ဖုံးမရဖိမရ ပေါ်ပေါက်လာပြန်ပါသည်။
တောခိုကျောင်းသားများကို စွဲဆိုချက်ကတော့ န၀တ စစ်အစိုးရက ABSDF(NB)ထဲတွင် ကြိုတင်မြှုပ်နှံထားသော စစ်ထောက်လှမ်းရေးများဟူသည့် စွပ်စွဲချက်ပင်ဖြစ်လေသည်။
ဇာတ်ခေါင်းကွဲခဲ့ရ
ထိုသို့သော ထောက်လှမ်းရေးဟူသည့် စွပ်စွဲချက်ကြောင့်ပင် ABSDF(NB)အဖွဲ့ တည်ရှိရာ ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် လုပ်ဖော်ကိုင်ဖက်ချင်း နည်းလမ်းပေါင်းစုံနှင့် နှိပ်စက် ညှဉ်းပန်းခံ ခဲ့ရသူများ၊ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသူများ အများအပြားရှိခဲ့သည်။ အချို့လူငယ်ကျောင်းသားများမှာ ပေါက်ပြားဖြင့် ခုတ်သတ်ခံရသည်။ အချို့က နံချပ်ကူဖြင့် မသေမချင်း ရိုက်အသတ်ခံရသည်။ အချို့ကား ဓားနှင့်ခုတ်သတ်ဖြတ်ခြင်း ခံခဲ့ကြရရှာသည်။ စုစုပေါင်း အဖမ်းခံရသူ ၁၀၆ ယောက်အနက် အသက်ရှင်သူ ၇၁ ယောက်၊ သေဆုံးသူ ၃၅ ယောက်ရှိခဲ့သည်။ နောက်ဆုံးတွင် မိမိသဘောဖြင့် အိမ်ပြန်သွားသူ၊ အခြားအဖွဲ့ထံ ခိုလှုံသွားသူ၊ တရုတ်နယ်စပ်တွင် ခိုကပ်လုပ်ကိုင်စားနေသူ၊ ဒုက္ခသည်စခန်းများမှတစ်ဆင့် နိုင်ငံရပ်ခြား သို့ရောက်ရှိသွားသူများဖြင့် ဇာတ်ခေါင်းကွဲခဲ့ရလေသည်။
နိုင်ငံရေးသမားများ၏ မရိုးသားမှု၊ မဲမသမာမှုတို့ကြောင့် နောက် ဆက်တွဲ ပေါ်ပေါက်လာခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ် နောက်ပိုင်းတွင်လည်း အာဏာရ ပါတီနိုင်ငံရေးသမားများသည် ဖြူစင်ရိုးသားသော၊ တက်ကြွသော၊ စွန့်စားလိုသော လူငယ်ထုကို ၎င်းတို့၏ နိုင်ငံရေးလိုဘ အာဏာရရှိရေးအတွက် အသုံးချလာကြပြန်ပါသည်။ ။
နွေဦးတော်လှန်ရေးနှင့် ဂျီဇက်များ၊ ကဗျာဆန်ဆန် အားမာန်ပါသော စကားလုံးများကား ကျွန်တော်တို့လူငယ်ဘဝက ခေတ်ပြိုင် လူငယ်များကို ဆွဲဆောင်ခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သို့နှယ် လူငယ်ထုကို ညှို့ယူဖမ်းစား နိုင်ခဲ့ပါသည်။ ဦးခေါင်းတွင် ဖိုက်ဘာဦးထုပ်၊ လက်ထဲ၌ဒိုင်းကာနှင့် လူငယ်စတိုင် တီရှပ်၊ ဂျာကင်၊ ဘောင်းဘီ တွဲဖက်ညီစွာ ဝတ်စားဆင်ယင် ထားသော ဂျီဇက်ကလေးများသည် ဟောင်ကောင် ဆန္ဒပြလှုပ်ရှားမှု ဖြစ်စဉ်ကဲ့သို့ပင် ကမ္ဘာကျော်သွားခဲ့သည်။
သို့ရာတွင် လူငယ်ထုအတွင်း၌ အဝတ်အစားများ၊ ကြွေးကြော်သံ များသာ ပြောင်းလဲသွားပါမည်။ မပြောင်းလဲသည့် အတွင်းသားက ပါးနပ်သော၊ ကောက်ကျစ်သော နောက်ကွယ်က နိုင်ငံရေးသမားအမည်ခံ ကိုယ်ကျိုးရှာအာဏာရူးများ၏ လူငယ်ထုအပေါ် အသုံးချမှု။ သူတို့သည် မင်းသားကြီးမလုပ်ရ ပတ်မကြီးထိုးဖောက်၊ မစားရသည့် အမဲသဲနှင့် ပက်သည့်အလား လူငယ်အချို့ကို အကြမ်းဖက်သမားများအဖြစ် တဖြည်းဖြည်း ပုံဖော် သွတ်သွင်းလာခဲ့ကြသည်။
ပြီးခဲ့သည့် လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း လွှတ်တော်ထဲ၌ လက်ညှိုးထောင် ခေါင်းညိတ်၊ မလုပ်၊ မရှုပ်၊ မပြုတ်ထိုင်နေခဲ့ကြသည့် အာဏာရပါတီ လွှတ်တော်ကိုယ်စားလှယ်အများစုသည် အာဏာ လက်မဲ့ဘဝတွင်မူ ခြေသွက်လက်သွက်ဖြင့် အကြမ်းဖက်မှုများကို ကျည်ကွယ် မျက်ကွယ်ရာ လွတ်မြောက်နယ်မြေများမှ ကြိုးကိုင်စီမံကြ လေတော့သည်။ လူငယ်အချို့ကို တိုင်းရင်းသားလက်နက်ကိုင် နယ်မြေအချို့သို့စေလွှတ်၍ ဖောက်ခွဲရေးနည်းသင်တန်းများသို့ တက် ရောက်စေခဲ့သည်။ သင်တန်းပြီးလျှင် မြို့ကြီးများတွင် အကြမ်းဖက် ဖောက်ခွဲရန် ညွှန်ကြားသည်။ အမြင်မတူသူများကို လုပ်ကြံသတ်ဖြတ် စေခြင်းမှအစ အကြမ်းဖက်မှုမျိုးစုံကို စေခိုင်းလေသည်။
ခေတ်အဆက်ဆက် အသုံးချခံ
ဤသို့ဖြင့် စွန့်စားလိုစိတ်၊ စူးစမ်းလိုစိတ် လူငယ်ဗီဇရှိကြသူ လူငယ်အချို့သည် သူတို့ကိုယ်၌ မသိလိုက်မသိဘာသာ အကြမ်းဖက် သမားများဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြသည်။ အချို့က တိုင်းရင်းသား လက်နက်ကိုင်စခန်းအချို့တွင် ပင်ပန်းကြီးစွာ ရုန်းကန်ရလျက်၊ အချို့ကား အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် တရားဥပဒေအရ အရေးယူမှုကို ခံယူကြရပြီး လူငယ်ဘဝ ပျောက်ဆုံးလျက်၊ အနာဂတ်မဲ့လျက်။ အချို့က သေဆုံးခဲ့ကြရသည်အထိ ပေးဆပ်ခဲ့ကြရသည်။ သူတို့ကို စေခိုင်းသူ၊ လှုံ့ဆော်သူ နောက်ကွယ်မှ ဆရာကြီးအများစုကမူ အန်ကယ်ဆမ်တို့ နေရပ်တွင် မိသားစုလိုက် ဘဝသစ်ကို အခြေချ တည်ဆောက်လျက်။ လူငယ်ထုဟာ ခေတ်အဆက်ဆက် အသုံးချခံ သက်သက်လေလား။
“သူတို့မွေးဖွားလာသော မြန်မာနိုင်ငံသည် ကမ္ဘာ့မိသားစုဝင် အဖြစ် တင့်တယ်လျက်ရှိပြီ။ ကမ္ဘာသည်လည်း အဝေးကွာကြီး မဟုတ်တော့။ အိမ်ပေါက်ဝမှာ ရှိနေသည်။ ထို့ကြောင့် ယခုခေတ်လူငယ်များ အမြင်ကျယ်သည်။ အတုယူလွယ်သည်။ အကောင်းအတုယူတတ်သလို အဆိုးကိုလည်း ယူတတ်သည်။ တစ်နေ့တွင် အကောင်းအဆိုး ခွဲခြားသိမြင်၍ သူတို့ဆင်ခြင် ကြလိမ့်မည်။ ကျွန်တော်တို့က သူတို့အတွက် ဆုံးဖြတ်ပေးရန် မလွယ်ချေ” ဟူသော ဒေါက်တာမောင်မောင်၏ “သားမောင်စစ်သည်သို့” စာအုပ်ပါ အတွေးအမြင်များအတိုင်း ကျွန်တော်တို့အဘိုးကြီးများက သူတို့အတွက် ဆုံးဖြတ်ပေးရန် မလွယ်ချေ။ တစ်နေ့တွင် အကောင်းအဆိုးခွဲခြားသိမြင်၍သူတို့ဆင်ခြင်ကြလိမ့် မည်ဟု မျှော်လင့်ရင်းဖြင့် .....။
စာချစ်သူ