Skip to main content

ဝါခေါင်လ စာရေးတံမဲပွဲတော်နှင့် မေတ္တာအခါတော်နေ့

 
ဝါခေါင်လသည် မြန်မာ့ဆယ့်နှစ်လရာသီတွင် ပဉ္စမမြောက်လဖြစ်ပါသည်။ ဝါခေါင်လတွင် အထက်အာကာ ကောင်းကင်ယံ၌ မိုးသားမိုးတိမ်တို့သည် ညိုမှောင်အုံ့ဆိုင်းနေကာ မိုးဖြိုင်ဖြိုင် ရွာသောလဖြစ်၍ ဝသန်ကာလ မိုးရာသီကို အပြည့်အဝခံစားရသည့်လလည်း ဖြစ်ပါသည်။
 
“ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဟူသည့် စကား နှင့်အညီ ဝါခေါင်လသည် မိုးကောင်းစွာ ရွာသွန်း သောကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ရေများပြည့်လျှံကာ ရေတိုးနေပါသည်။ ဝါခေါင်လသည် သပြေသီးချိန်၊ ထန်းသီးကြွေချိန်ဖြစ်၍ “သပြေကာသီး၊ ရေကကြီးသနဲ့၊ ထန်းသီးကကြွေ၊ မိုးကရွေ”ဟု ရှေးစာဆိုတို့က စပ်ဆိုထားခဲ့ကြသည်။ မိုးလယ်လဖြစ်၍ တောင်သူဦးကြီးတို့သည် ကောက်စိုက်ချိန်ဖြစ်ပြီး လယ်ကွင်းပြင်တွင် စိမ်းလန်းသော ကောက်ပင်များဖြင့် မြန်မာ့မြေတွင် မြကမ္မလာခင်း သကဲ့သို့ ရှုတိုင်းယဉ်နေပါသည်။ မြန်မာတို့၏ ဆယ့်နှစ်လရ(သီပွဲတော်တွင် ဘာသာရေးနှင့် ဆက်စပ်နေသည့် စာရေးတံလှူပွဲကို ကျင်းပခဲ့ ကြသည်။
 
ဝါခေါင်လတွင် စာရေးတံလှူပွဲ ကျင်းပကြသည်ကို ရည်ရွယ်၍
“ရတုဝါခေါင် တိမ်တောင်ပတ်ယှက်သည့်
ရက်အခါ မြတ်စွာထွတ်ထား၊
ရွှေစကားတွင်၊ ပွဲများခြိမ့်စံ၊
စာရေးတံဟု၊ စီမံခင်းကျင်း” ဟူ၍ စာဆိုတော် ဦးယာက လူးတားစပ်ဆိုထားခဲ့၏။
 
ဝါခေါင်လ၏ အဓိပ္ပာယ်
 
ဝါခေါင်လကို ပုဂံခေတ်ကျောက်စာများတွင် နံကာလဟု ခေါ်ဆိုကြသည်။ ဝေါဟာရလီနတ္ထဒီပနီ ကျမ်းတွင် ဝါခေါင်လကို ပါဠိဘာသာဖြင့် နိက္ခမနိယ ဟုခေါ်သည်။ နိက္ခမနိယ၏ အဓိပ္ပာယ်မှာ နေမင်းသည် အတွင်းခရီးမှ အပြင်ခရီးသို့ ထွက်သွားသောလဟု ဆိုသည်။ နိက္ခမနိယသဒ္ဒါ ရွေ့လျားသောအခါ မြန်မာနံကာဟူသော ဝေါဟာရ ဖြစ်လာသည်ဟူ၍ နံကာပုဒ်၏ ရင်းမြစ်နှင့် အဓိပ္ပာယ်တွင် ပြဆိုထား သည်။ ဝါခေါင်ဆိုသော ဝေါဟာရတွင် “ဝ” သည် ရဟန်းတော်များ ဝါဆိုဝါကပ်ခြင်းဖြစ်၍ “ခေါင်” သည် အလယ်ဗဟိုဖြစ်၏။ သို့ဖြစ်၍ ဝါခေါင်ဟူသည် ဝါတွင်း သုံးလ၏ အလယ်ဗဟိုဖြစ်သည် ဟူ၍လည်း ဖွင့်ဆိုကြသည်။
 
ဝါခေါင်လ၏ ရာသီပန်း
 
ဝါခေါင်လ၏ ရာသီပန်းမှာ ခတ္တာပန်းဖြစ်သည်။ ထို့ကြောင့် “ဝါခေါင်ရေဖွေး ခတ္တာမွှေး” ဟူ၍ ဆိုရိုးစကားပြုခဲ့ကြသည်။ စပယ်၊ ကြက်ရုံး၊ ဂမုန်း၊ ဇွန်၊ သရဖီပန်းများကလည်း ရောင်စုံ အလှများဖြင့် ဖူးပွင့်၍ အလှအားပြိုင်နေကြသည်။ လေပြေအသွေး ပန်းရနံ့တို့ သင်းပျံ့ကြိုင်လှိုင်နေပါသည်။
 
အထက်အညာဒေသတွင် ဝါခေါင်လ၌ ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင်တို့ ပွင့်တတ် ကြပုံ၊ မိုးမရွာဘဲ ရှိတတ်ပုံ၊ ရွာပြန်လျှင်လည်း မိုးသည်းလေ့မရှိပုံတို့ကို မုံရွေးဆရာတော်က “ဆယ့် နှစ်လရာသီ မိုးဘွဲ့” တွင် -
“ဝါခေါင်တစ်ကြောင်း
ထနောင်းကြောင်ကျစ်
ဆူးရစ်ပွင့်ကာ မိုးမရွာ
ရွာပါသော်လည်း၊ မိုး မသည်း ”
ဟု မိုးစိပ်စိပ်လေးရွာသည့် ဝါခေါင်လတွင် လယ်သမားများ ထွန်ယက်ခြင်းလုပ်ငန်း ပြီးဆုံးကာ ထွန်တုံးသိမ်းချိန် ဖြစ်၍ ဝါခေါင်မိုးစိပ်၊ထွန်တုံး ပိတ်ဟု ဆိုရိုးစကားပြုခဲ့ကြသည်။
ဝါခေါင်လ၏ ပွဲတော်အချို့
မြန်မာနိုင်ငံ၌ ဝါခေါင်လတွင် တောင်ပြုံးညီနောင် နတ်ပွဲနှင့် ရတနာ့ဂူနတ်ပွဲများကို နတ်ကိုး ကွယ်သူများက ဆင်ယင်ကျင်းပခဲ့ကြ သည်။ ထိုနတ်ပွဲနှင့်အတူ လှေသဘင်ပွဲများလည်း ပြုလုပ် ကြသည်။ မန္တလေးတောင်ပြုံးအရပ်၌ အလွန်စည်ကားစွာ ကျင်းပမြဲဖြစ်သည်ကို အင်းဝမြို့ဘွဲ့ ဆယ့်နှစ်လရာသီလူးတားတွင် -
ညီနောင်နတ်ကို၊ရည်ညွတ်သောင်သဲ၊
ထက်စမြဲနှင့်၊ လှေပွဲများစွာ၊
မြစ်ဧရာဝယ်၊ ကြော်ငြာ သံကျူး၊
ပြိုင်ကြမြူးသည်။ ဟူ၍ စပ်ဆိုထားလေသည်။
 
ဝါခေါင်လနှင့် စာရေးတံပွဲ
 
စာရေးတံမဲ၊ စာရေးတံဆွမ်း၊ စာရေးတံအလှူ ဟူသော ဝေါဟာရသည် ဝါခေါင်လနှင့် ခွဲခြားမရသော ဝိသေသများ ဖြစ်ပေသည်။ ဘုရားရှင် သက်တော် ထင်ရှားရှိစဉ်ရာ ဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တပည့်ဒါယကာ၊ ဒါယိကာမများက မိမိတို့သည် သံဃာတော်များအား ကျောင်းတော်တွင် ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ တစ်ချိန်တည်း ဆက်ကပ်ရန် အခက်အခဲရှိနေကြောင်း လျှောက်ထားရာ ဘုရားရှင်က သစ်သားဖြင့် ပြုလုပ်သော တုတ်တံများပေါ်၌ဖြစ်စေ၊ ဝါးခြမ်းပြား၊ နှီးပေါ်၌ဖြစ်စေ၊ ထန်းရွက်ပေရွက်ပေါ်၌ဖြစ်စေ၊ သံဃာတော်များ၏ ဘွဲ့အမည်များကို မဲတံများပြုလုပ်ကာ လှူဒါန်းမည့် ပုဂ္ဂိုလ်အား ရွေးချယ်မဲနှိုက်စေပါသည်။
ထိုသို့မဲနှိုက်ယူပြီး အမည်ပါသော သံဃာတော်များကို အိမ်သို့ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်း ကြခြင်းဖြစ်သည်။ ယခုခေတ်၌မူ ဝါခေါင်လတွင် သီးသန့်ပြုလုပ်သော စာရေးတံပွဲတော်ကို ကျင်းပခြင်းဓလေ့ မရှိပါ။ ဒေသအလိုက်သတ်မှတ်သော ရာသီတွင်သာ ကျင်းပကြပြီး အများအားဖြင့် ကျေးရွာဘုရားပွဲများတွင် ပြုလုပ်လေ့ရှိကြသည်။ အရပ်ဒေသတစ်ခုနှင့် တစ်ခု ကျင်းပသော ရက်လများ မတူညီကြပါ။
 
မေတ္တာအခါတော်နေ့
 
ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့” ဟု သတ်မှတ်ထားပါသည်။ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ်အခါက ရဟန်းငါးရာတို့သည် ဝါခေါင်လတွင် ဘုရားရှင်ထံမှ ပဋ္ဌာန်းတရားနာယူခဲ့ကြပြီး တရားအားထုတ်နိုင်ရန် သာဝတ္ထိပြည်မှ တစ်ယူဇနာ ဝေးသောအိမ်ခြေတစ်ထောင်ရှိရွာကို ရောက်လာကြသည်။ ရဟန်းတော်များသည် သစ်ပင်တစ်ပင်စီ၏ ခြေရင်းတွင် ကမ္မဋ္ဌာန်းတရား အားထုတ်ကြရာ မြင့်မြတ်သည့် ရဟန်းတော်များ၏ သီလအစွမ်းကြောင့် ရုက္ခစိုးများသည် သစ်ပင်ပေါ်တွင် မနေနိုင် ကြတော့ဘဲ အောက်သို့ဆင်းပြီး ခက်ခဲဆင်းရဲစွာ နေထိုင်ခဲ့ကြရသည်။ ရက်အနည်းငယ်သာထင်၍ သည်းခံခဲ့ကြသော်လည်း ရက်အတန်ကြာလာသောအခါ သည်းမခံ နိုင်သဖြင့် ကြောက်မက်ဖွယ် အဆင်း၊ အသံ၊ အနံ့တို့ဖြင့် အမျိုးမျိုးခြောက်လှန့်ကြရာ ရဟန်းတော်များကောင်းစွာ တရားအားမထုတ်နိုင်၍ မြတ်စွာဘုရားထံ အကြောင်းစုံ လျှောက်ထားကြသည်။
 
ဝါခေါင်လပြည့်နေ့တွင် မြတ်စွာဘုရားသည် ရဟန်းတော်များကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ချစ်ခင်စေတတ်သော “မေတ္တသုတ်” တရားတော်ကို ဟောကြားနာယူစေသည်။ ရဟန်းတော် များအတွက် သင့်လျော်ရာအရပ်ကိုကြည့်တော်မူရာ အခြားနေရာအား မြင်တော်မမူသဖြင့် ယခင်တရားအားထုတ်ရာ အရပ်ဒေသသို့သာ ပြန်လည်သွားရောက်၍ “မေတ္တသုတ်” ကိုရွတ်ပွား စေပါသည်။ “မေတ္တသုတ်”တရားတော်၏ တန်ခိုးတော်ကြောင့် ရုက္ခစိုးနတ်တို့ မနှောင့်ယှက်ကြ သည့်အပြင် ရဟန်းတော်များကို ချစ်ခင်မြတ်နိုး တန်ဖိုးထားလာပြီး တံမြက်လှည်း ခြင်း၊ ဆွမ်းသပိတ်ဆေးခြင်း၊ ရေကြည်ဆက်ကပ်ခြင်းများ ပြုလုပ်ပေးကာ ဘေးရန်မရှိအောင် စောင့်ရှောက် ပေးကြသည်။
 
ရဟန်းတော်များမှာလည်း ကောင်းမွန်စွာ တရားအားထုတ်နိုင်ပြီး ဝါမကျွတ်ခင်မှာပင် ရဟန်း များအားလုံး အာသဝေါကုန်ခန်းကာ ရဟန္တာများ ဖြစ်သွားကြသည်။ မြတ်စွာဘုရားရှင်သည် ဝါခေါင် လပြည့်နေ့တွင် ရဟန်းငါးရာကို အကြောင်းပြုကာ “မေတ္တသုတ်” ဟောကြား တော်မူသောကြောင့် ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့” ဟု သတ်မှတ်ခေါ်ဆိုကြ သည်။
 
ယနေ့ခေတ်တွင် စာရေးတံမဲချ၍ ဆွမ်းလှူသည့် ဓလေ့မှာ မှေးမှိန်လျက် ပျောက်ကွယ်လုနီးပါး ဖြစ်သော်လည်း မြန်မာနိုင်ငံအောက်ပိုင်းဒေသ မွန်ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အချို့တို့တွင် စာရေးတံအလှူပွဲကို ယနေ့ထက်တိုင် ကျင်းပနေဆဲ ဖြစ်သည်။ စာရေးတံမဲ ပွဲတော်သည် စည်းလုံးညီညွတ် ၊ မှု၊ စည်းစနစ်ကျနမှု၊ သဒ္ဓါတရားထက်သန်မှုတို့ဖြင့် ညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်းသဒ္ဓါကြည်ဖြူ လှူဒါန်းကာ ကြည်နူးဝမ်းမြောက်ကြရသော အလှူဒါနမျိုး ဖြစ်သည့်အလျောက် ကွယ်ပျောက်သွားမည့်အဖြစ်သို့ မရောက်ရအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကာ ဘာသာရေးနှင့်ယှဉ်သည့် ယဉ်ကျေးမှုတစ်ရပ်အဖြစ် မြှင့်တင်ရန် လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော် ရေးသားတင်ပြ လိုက်ရပါသည်။ ။
 
လွန်းပိုးအိမ်