ပညာရေးတိုးတက်မှုမှ တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးသို့ ……
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့သည့် အထိမ်းအမှတ်အဖြစ်တိုင်းပြည်ကိုတိုက်ရိုက် မိန့်ခွန်းပြောကြား ခဲ့သည်။ ထိုသို့ပြောကြားရာတွင် ပညာရေးနှင့် ပတ်သက်ပြီး “၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ငါးနှစ်နဲ့ အထက် ၈ ဒသမ၁ ရာခိုင်နှုန်း ခန့်ဟာ ကျောင်းမနေ ဖူးတာကို တွေ့ရပါတယ်။ ဒါ့အပြင် အသက် ၂၅ နှစ် နဲ့အထက် အရွယ် ရောက်ပြီးသူများထဲမှ အလယ်တန်းအဆင့်နဲ့ အလယ်တန်းအဆင့်အောက် ပညာသင်ကြားခဲ့ ရသူပေါင်း ၁၈ ဒသမ၂ သန်း ရှိပါတယ်။ နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
အသက် ငါးနှစ်နဲ့အထက် ကျောင်းမနေဖူးသူ သုံးသိန်းခြောက်သောင်းကျော်
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာ နိုင်ငံတွင် အသက် ငါးနှစ်မှ ကိုးနှစ်အတွင်းရှိ ကလေး ဦးရေမှာ ၄ ဒသမ ၄ သန်းကျော်ရှိပြီး မြို့ပြတွင် ကလေးတစ်သန်းကျော်နေထိုင်၍ ကျေးလက် ဒေသများတွင် ၃ ဒသမ ၄ သန်းကျော် နေထိုင်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် အသက်ငါးနှစ်အထက် ကျောင်းမနေဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဆိုရာ ကျောင်းမနေဖူးသူ သုံးသိန်းခြောက်သောင်းကျော်ရှိသည်။ ကျောင်းမနေဖူးသူများသည် စာဖတ် နိုင်စွမ်းအားနည်းမည် ဖြစ်သဖြင့် ဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်ရ မည့်အပြင် လူ့အဖွဲ့ အစည်းကို အကျိုးပြုဖို့ထက် ဆိုးကျိုးပေးဖို့ကများသည်။
ကျွန်တော်တို့နိုင်ငံတွင် ကျောင်းမနေဖူးသူ ပပျောက်အောင် ဆောင်ရွက်ရမည်။ မူလတန်းကို မသင်မနေရလည်း ပြဋ္ဌာန်းပြီးဖြစ်သည့်အပြင် အစိုးရမူလတန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းများလည်း ရွာတိုင်းလိုလိုရှိနေပြီ ဖြစ်သည့်အတွက် ကျောင်းမနေဖူးသူ မရှိအောင် ဆောင်ရွက်ရန်ခက်ခဲမည်မဟုတ်ပါ။ ကလေးကို မူလတန်းကျောင်းပို့ရန် ခက်ခဲနေ သည့် အိမ်ထောင်စု များကိုစိစစ်ပြီး လိုအပ်သည့် အကူအညီများ ပေးရ မည်။ ဥပမာ ကျောင်းသို့ ကလေးကိုလွှတ်ရန် မုဆိုးမမိသားစုများ၊ အလွန်ဆင်းရဲနွမ်းပါးသည့် မိသားစုများကို ထောက်ပံ့ကြေးများ ပေးသင့်သည်။ သေသေချာချာ စိစစ်ရန်တော့လိုမည်။ မိဘ၊ ဆရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များ ပူးပေါင်းဆောင်ရွက်လျှင် ကလေးသူငယ်တိုင်းကို အရွယ်ရောက်လျှင် ကျောင်းသို့ပို့နိုင်ပါ မည်။ သို့မှသာ ကျောင်းမနေဖူးသည့် ကလေးဦးရေ သုံးသိန်းကျော်မှ အနည်းဆုံးသို့ လျှော့ချနိုင်ပါမည်။
အလယ်တန်းအဆင့်သာရှိသည့် လူဦးရေ ၁၈ ဒသမ ၂ သန်း
“အသက် ၂၅ နှစ် နဲ့အထက် အရွယ်ရောက်ပြီး သူများထဲမှ အလယ်တန်းအဆင့်နဲ့ အလယ်တန်း အဆင့်အောက် ပညာသင်ကြားခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်းရှိပါတယ်။ နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်ဖြစ်ပါတယ် ” ဟု မိန့်ခွန်းတွင် ပြောကြားခဲ့ရာ ဤအချက်သည် စိုးရိမ်ဖွယ်ရာ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အလယ်တန်းအဆင့် ဟု ဆိုလိုက်လျှင် လေးတန်းမှ ရှစ်တန်းအထိဖြစ် သည်။ လေးတန်းသာ ပညာသင်ကြားခဲ့သူ၏ ဆင်ခြင် တုံတရား၊ စဉ်းစားတွေးခေါ်နိုင်စွမ်းအား၊ အခြေခံ ပညာတို့သည် အားနည်းမည်ဖြစ်သဖြင့် လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်စွမ်းအား နည်းမည်။ လေးတန်းအောင်သူကလည်း ပညာအရည်အချင်းကို အလယ်တန်းဟုရေးမည်ဖြစ်ပြီး ငါးတန်းအောင် သူကလည်း ပညာအရည်အချင်းကို အလယ်တန်း ဟု ရေးပါမည်။ အလယ်တန်း ပညာအဆင့်သာရှိသူသည် ၁၈ ဒသမ ၂ သန်းကျော်ရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၃၃ ရာခိုင်နှုန်း ရှိနေသည်။ စိုးရိမ်စရာကောင်းသောအချက်ဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ က မိန့်ခွန်းတွင် အမြော်အမြင်ရှိစွာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မည်သည့် အတွက် ကြောင့် အလယ်တန်း အဆင့်နှင့် ကျောင်းထွက်ရသည်ကို ဆန်းစစ်ပြီး အဖြေရှာရမည်ဖြစ်သည်။
ဆန်းစစ်ချက်
၁။ ကလေးတစ်ဦးသည်ပုံမှန်အားဖြင့် အသက် ၁၁ နှစ်တွင် ငါးတန်း ရောက်ပါသည်။ အသက် ၁၂ နှစ်တွင် ခြောက်တန်း၊ အသက် ၁၃ နှစ်တွင် ခုနှစ်တန်း၊ အသက် ၁၄ နှစ်တွင် ရှစ်တန်း ရောက်မည်။ စစ်တမ်းများအရ မြန်မာနိုင်ငံရှိ ကလေးအလုပ်သမား အများစုသည် အသက် ၁၁ နှစ်မှ ၁၄ နှစ် အတွင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁ ဒသမ ၁ သန်းခန့် ရှိသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖတ်ရ သည်။ မြန်မာနိုင်ငံရှိ အသက် ၁၁ နှစ်မှ ၁၄ နှစ် ကလေးဦးရေသည် ၃ ဒသမ ၇ သန်း ကျော်ရှိသည်။ မြန်မာနိုင်ငံရှိ ကလေး အလုပ်သမားသည် မြန်မာနိုင်ငံ လူဦးရေ၏ ၂၉ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်သည်။ အလယ်တန်းအဆင့်သာ ပညာတတ်သူသည် မြန်မာနိုင်ငံတွင် ၁၈ ဒသမ ၂ သန်း ရှိနေခြင်း၏ အဓိကအချက်သည် အလယ်တန်း ကျောင်းတက်ရမည့် အချိန်တွင် ကျောင်းသား ကျောင်းသူများ အလုပ်ခွင်ထဲ ရောက်နေခြင်းကြောင့်ဖြစ်သည်။ ကလေးသူငယ်များကို အလုပ်ခွင်များမှ ခြွင်းချက်မရှိ ဖယ်ထုတ် ပြီး ကျောင်းသို့ပြန်ပို့ရမည်။
၂။ မူလတန်းကျောင်းများသည် ရွာအနီးအနားတွင်ရှိသော်လည်း အလယ်တန်းသို့ ရောက်သော အခါ တချို့ကျောင်းသား ကျောင်းသူများသည် ရွာမှ အလယ်တန်း ကျောင်းရှိရာမြို့များသို့ သွားရောက် ကျောင်းတက်ရသည်။ နေ့စဉ် ခရီးဝေးစွာ သွားလာရခြင်း၊ လမ်းပန်းအဆက်အသွယ် ခက်ခဲခြင်းတို့ကြောင့် အလယ်တန်းကိုကျောင်းဆက်မတက်ဘဲ ကျောင်းထွက် ကြသည်။ အလယ်တန်းကျောင်းများတွင် ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်များ ထားပေးခြင်းဖြင့် ဤကဲ့သို့ အခက်အခဲကို ဖြေရှင်းနိုင်သည်။ ဘော်ဒါနေခွင့်ကိုတော့ စိစစ်၍ လက်ခံရမည် ဖြစ်သည်။ ရှစ်တန်းအောင်မြင်သည့် ကျောင်းသားကို အတုလုပ်ရန် ခက်ခဲသော အောင်လက်မှတ် ထုတ်ပေးသင့်သည်။ လုပ်ငန်းခွင်များက အလယ်တန်း အောင်လက်မှတ်ကို အနိမ့်ဆုံး ပညာ အရည်အချင်းဖြင့် သတ်မှတ်ပြီး အလုပ်ခေါ်ယူခြင်း၊ တပ်မတော်ကလည်း စစ်သည်များ စုဆောင်းရာတွင် ပညာအရည် အချင်း သတ်မှတ်ချက်ကို အနည်းဆုံး ရှစ်တန်းအောင်ဟု သတ်မှတ်ခြင်း၊ ယာဉ်မောင်းလိုင်စင် ထုတ်ပေးရာတွင် ပညာအရည်အချင်းကို ရှစ်တန်းအောင်ရ မည်ဟု သတ်မှတ်ခြင်း စသည်တို့ကို လုပ်ဆောင်လျှင် ရှစ်တန်းမအောင်လျှင် ဘာမှလုပ်မရသည့် အခြေအနေ၊ ရှစ်တန်း မအောင်လျှင် ဘာမှလုပ်မရဆိုသည့် အသိဝင်လာပြီး ရှစ်တန်း အောင်သည်အထိ ကျောင်းတက်မည့်သူ များလာမည်။ အနာဂတ်တွင် စစ်သည်တစ်ဦးသည် ဒစ်ဂျစ်တယ်နည်းပညာများကို ကျွမ်းကျင် ရန် လိုအပ်လာမည်။ ယခုကစပြီး စစ်သည် တစ်ဦး၏ အနိမ့်ဆုံးအရည်အချင်းကို ရှစ်တန်းအောင် သတ်မှတ်ခြင်းဖြင့် ၂၁ ရာစု ခေတ်မီတပ်မတော်ကို တည်ဆောက်ရာတွင် များစွာအထောက်အကူပြုပါမည်။ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ပေါ်ရှိ ယာဉ်တိုက်မှုများကို လေ့လာရာ ယာဉ်တိုက်မှုဖြစ်သည့် ယာဉ်မောင်းများ၏ ၃၈ ရာခိုင်နှုန်း သည် အလယ်တန်းပညာ အဆင့်သာရှိသည်။ အလယ်တန်းပညာ အဆင့်သာရှိသည့် ယာဉ်မောင်း၏ ဆင်ခြင်တုံတရား၊ အရေးကြုံလာသည့်အခါ ဆုံးဖြတ် နိုင်စွမ်းတို့ အားနည်းခြင်း ကြောင့် ယာဉ်တိုက် မှုများဖြစ်ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပညာရေးနှင့်ပတ်သက်ပြီး “နိုင်ငံရဲ့ ပညာရေး မြှင့်တင်ရေး၊ ပြည်သူလူထုရဲ့ ပညာရေးမြှင့်တင်ရေးကို ကျွန်တော်တို့ ကြိုးကြိုးစားစား လုပ်ကိုင်ရမှာ ဖြစ်ကြောင်းပြနေပါတယ်။ ဒါကြောင့် ပညာရေးနှင့် ပတ်သက်ပြီး အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမိုကရေစီကို ခိုင်မာစေဖို့၊ တိုင်းပြည်တိုးတက်ဖို့ ဆိုရင် ပညာတတ် များစွာရှိဖို့လိုပါတယ်။ သိပ္ပံပညာရှင်၊ နည်းပညာ ပညာရှင်၊ ဥပဒေပညာရှင်၊ စီးပွားရေးပညာရှင်များ၊ ဆေးပညာရှင်များ မွေးထုတ်ပေးရပါမယ်။ ဒါကြောင့် အဆင့်မြင့် ပညာရေးကို လက်တွေ့ကျကျ အားပေး ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။ အထက်ပါအချက်များကို ကြည့်လျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ပညာရေးကို မည်မျှအလေးထားကြောင်း သိနိုင်သည်။
အမေရိကန်နိုင်ငံ၏ ၃၂ ယောက်မြောက် သမ္မတကြီး ဖရင်ကလင် ဒီ ရူစဗက် (Franklin D. Roosevelt) က “ဒီမိုကရေစီကို အမှန်တကယ် ကာကွယ်စောင့်ရှောက်နိုင်တာ ပညာရေးပဲ ရှိတယ်” ဟု ဆိုခဲ့သည်။ တောင်အာဖရိကနိုင်ငံ၏ သမ္မတဖြစ်ခဲ့သူ၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်ဆင် မင်ဒဲလား (Nelson Mandela) ကလည်း “ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ ခွန်အား အကြီးဆုံး လက်နက်က ပညာရေးပါ” ဟုဆိုသည်။ ကျွန်တော် တို့နိုင်ငံ၏ နိုင်ငံသူ၊ နိုင်ငံသားများ ပညာတတ် များဖြစ်လာအောင် ကြိုးစားကြရမည်။ ပညာတတ်သည့် လူ့အဖွဲ့အစည်းကသာလျှင် တိုင်းပြည်ကို စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး တိုးတက်အောင် စွမ်းဆောင်နိုင်မည်။ ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်။ ကျောင်း မနေဖူးသူမရှိအောင် သက်ဆိုင်သူအားလုံး ဝိုင်းဝန်း လုပ်ဆောင်ရမည်။ ကျောင်းသား ကျောင်းသူ အားလုံး ရှစ်တန်းအထိ ပညာသင်ကြားနိုင်အောင် သက်ဆိုင်သူများက ဘက်ပေါင်းစုံမှ အားထုတ်ရမည်။ ပညာရေးမှာ ရင်းနှီးမြှုပ်နှံလျှင် နိုင်ငံ အတွက် အကျိုးအမြတ် အများဆုံးဖြစ်သည်ကို ပညာရှင်များက ကိန်းဂဏန်းများဖြင့် သက်သေ ပြပြီးဖြစ်သည်။ ပညာရေးမှာ ရင်းနှီးမြှုပ်နှံခြင်း၊ ပညာရေး တိုးတက်အောင် လက်တွေ့ကျကျ အားပေး ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ပါသည်။ ။
ကျော်ကျော်လှိုင်(SMART)