လမ်းပန်းဆက်သွယ်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်နေသည့် မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်
(ယမန်နေ့မှအဆက်)
တိုက်ကြီးတို-ချောင်းသုံးခွ -အဖျောက်လမ်း (၀/၀-၁၅/၅) မိုင် ကို ၁၉၉၆ ခုနှစ်တွင် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်လမ်းအဖြစ် ရွှေ့ပြောင်းလက်ခံခဲ့ပြီး ယင်းလမ်းသည် ရန်ကုန်-ပြည်လမ်း (၅၅/၂) မိုင်မှ ဝဲဘက်သို့ခွဲထွက်သွား၍ လမ်းအရှည် မှာ (၀/၀) မိုင် ဥတိုရွာမှတစ်ဆင့် လှိုင်မြစ်ကို ဖြတ်ကျော်ကာ (၁၅/၅) မိုင် အဖျောက်မြို့ (ဧရာဝတီ မြစ်ကမ်း) တွင် ဆုံးသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ညွှန်ကြားရေးမှူး(မြို့ပြ) လမ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးက (၁၄/၄) မိုင်မှ (၁၅/၅) မိုင်အထိ ၁ မိုင် ၁ ဖာလုံအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သော လမ်းဖြစ်သည်။
ပြည်သူ့ဆောက်လုပ်ရေးပိုင် လမ်းအဖြစ် ရွှေ့ပြောင်းလက်ခံခဲ့စဉ်က ၂ ပေအကျယ် မြေသားလမ်း၊ ဂဝံလမ်း၊ ကျောက်လမ်းများအဖြစ် တည်ရှိ ခဲ့ရာ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ မိုင် (၀/၀) မှ (၈/၃) အထိ ၈ မိုင် ၃ ဖာလုံအား ၁၈ ပေ အကျယ် ကတ္တရာလမ်း၊ (၈/၆) မိုင် မှ (၁၀/၆) မိုင် အထိ ၂ မိုင် အား ၁၈ ပေ အကျယ် ကွန်ကရစ်လမ်း၊ (၁၂/၀) မိုင်မှ (၁၂/၇) မိုင်အထိ ၇ ဖာလုံအား ၁၆ ပေ အကျယ် ကွန်ကရစ်လမ်း၊ (၁၂/၇) မိုင် မှ (၁၄/၀) မိုင်အထိ ၁ မိုင် ၁ ဖာလုံအား ၁၈ ပေ အကျယ်ကတ္တရာလမ်းများ အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သောလမ်း ဖြစ်သည်။
ကျောက်စီနံရံများ တည်ဆောက်
မိုးရာသီကာလ မိုးရွာသွန်း၍ ရေကြီးရေလျှံ ဖြစ်ပေါ်မှုများကြောင့် လမ်းပေါ်သို့ ရေကျော်ခဲ့သော အပိုင်းများတွင်လည်း အရှည်ပေ ၂၀ တံတားများ တည်ဆောက်ခြင်း၊ ကျောက်စီမြေကာနံရံများ တည်ဆောက်ခြင်း တံတားချဉ်းကပ်လမ်းများတွင်လည်း ရေတိုက်စားမှုများမှ ကာကွယ်ရန် ကျောက်စီမြေကာနံရံများ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျန်ရှိသော (၈/၃) မိုင် မှ (၈/၆) မိုင်အထိ ၃ ဖာလုံ အား ၁၂ ပေအကျယ် ကတ္တရာလမ်းမှ ၁၈ ပေ ( အကျယ် ကတ္တရာလမ်းသို့ လည်းကောင်း၊ (၁၀/၆) မိုင်မှ (၁၂/၀) မိုင်အထိ ၁ မိုင် ၂ ဖာလုံ အား ၁၂ ပေ အကျယ် ကတ္တရာလမ်းမှ ၁၈ ပေ အကျယ် ကတ္တရာလမ်းသို့ လည်းကောင်း၊ (၁၂/၀) မိုင်မှ (၁၂/၇) မိုင် အထိ ၇ ဖာလုံ အား ၁၆ ပေ အကျယ် ကွန်ကရစ် လမ်းမှ ၁၈ ပေအကျယ် ကွန်ကရစ် လမ်းအဖြစ် လည်းကောင်း၊ (၁၄/၀) မိုင်မှ (၁၄/၄) မိုင်အထိ ၄ ဖာလုံအား ၁၂ ပေအကျယ် ကတ္တရာလမ်းမှ ၁၈ ပေ အကျယ် ကတ္တရာ လမ်းသို့လည်းကောင်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လျာထား လျက်ရှိသည်။
ဆောင်ရွက်ပြီးစီး
လျာထားလုပ်ငန်းများ ဆောင်ရွက်ပြီးပါက (၀/၀) မိုင် မှ (၁၄/၄) မိုင် အထိသည် မူလ ၁၂ ပေ အကျယ်မှ ၁၈ ပေ အကျယ်လမ်းအဖြစ် ပြောင်းလဲ သွားမည်ဖြစ်ပြီး တိုက်ကြီး-ဥတို-ချောင်းသုံးခွအဖျောက်လမ်းတွင် နေ့စဉ် ဖြတ်သန်းသွားလာ လျက်ရှိသော ယာဉ်စီးရေမှာ ၁၀၀၀ ခန့်ရှိပြီး အဖျောက်မြို့မှ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်း ထွက်ကုန်ပစ္စည်းတင်ပို့ ရောင်းချမှု များ၊ ကုန်ပစ္စည်း တင်သွင်းမှုများ လွယ်ကူမြန်ဆန်လာမည်ဖြစ်သည်။ ခရီးသည်တင်ယာဉ်များ အချိန်တိုအတွင်း လွယ်ကူ စွာသွားလာနိုင်ပြီး ယာဉ်မတော်တဆမှုများလည်း ပိုမိုလျော့နည်း သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း B.O.T စနစ်ဖြင့် Oriental Highway Co., Ltd က ရန်ကုန်-ပုသိမ်လမ်းမိုင်တိုင်အမှတ်(၅/၄)မှ (၁၇/၄) အထိ ၁၂ မိုင်ကို တာဝန်ယူဆောင်ရွက် လျက်ရှိရာ မိုင်တိုင်အမှတ်(၅/၄)မှ (၇/၄)အထိ ၂ မိုင်ကို ၄၆ ပေအကျယ်၊ မိုင်တိုင်အမှတ်(၇/၄)မှ (၁၇/၄)အထိ ၁၀ မိုင်ကို ၃၆ ပေအကျယ် ကွန်ကရစ်လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းနှင့် တံတား ၁၀ စင်း တိုးချဲ့ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလပိုင်းတွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလပိုင်းတွင် ဆောင်ရွက်ပြီးစီး ခဲ့သည်။
ဖြတ်သန်းသွားလာလျက်ရှိ
Max Highway Co.,Ltd ကလည်း ရန်ကုန်ပြည်လမ်း ၄၈ မိုင် ၃ ဖာလုံ၊ ရန်ကုန်-မန္တလေး ခြောက်လမ်းသွား လမ်းမကြီး ၁၅ မိုင် ၄ ဖာလုံ၊ အမှတ်(၂)လမ်းမကြီး ၂၃ မိုင်၊ အမှတ်(၃) လမ်းမကြီး ၉ မိုင် ၂ ဖာလုံ ၊ အမှတ်(၄) လမ်းမကြီး ၆ မိုင် ၄ ဖာလုံ၊ ဒဂုံ-သီလဝါလမ်း ၁၃ မိုင် ၅ ဖာလုံ၊ သန်လျင် ကျောက်တန်းလမ်း ၈ မိုင် ၂ ဖာလုံ၊ ထောက်ကြန့် မြို့ရှောင်လမ်း ၁ မိုင် ၇ ဖာလုံ စုစုပေါင်း ၁၂၆ မိုင် ၃ ဖာလုံကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်-ပြည်အဝေးပြေး လမ်းမကြီးတွင် မှော်ဘီ မြို့နယ်အပိုင်း၌ ယာဉ်စီးရေ ၁၂၆၈၉ စီးနှင့် တိုက်ကြီးမြို့နယ်အပိုင်း၌ ၅၆၃၅ စီးမှာ နေ့စဉ် ဖြတ်သန်းလျက်ရှိသည်။ ထို့ကြောင့် ၄၈ ပေအကျယ် ကွန်ကရစ်လမ်း တိုးချဲ့၍ AC ခင်းခြင်းလုပ်ငန်းကို (၂၂/၃) မိုင် မှ (၅၂/၂) မိုင် အထိ ၂၉ မိုင် ၇ ဖာလုံကို ၂၀၁၉ ခုနှစ်တွင် ပြီးစီးခဲ့၍ ဖွင့်ပွဲပြုလုပ်ခဲ့ပြီး (၅၂/၂) မိုင်မှ (၇၀/၆) မိုင်အထိ၁၈ မိုင် ၄ ဖာလုံကို ကွန်ကရစ် လမ်းတိုးချဲ့ခြင်းနှင့် တံတား ၁၇ စင်းတိုးချဲ့ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ တံတားများ၏ အဝင်/ အထွက် ၂ဖာလုံခန့်သာ တိုးချဲ့ရန်ကျန်ရှိနေ သည်။ ရန်ကုန် - မန္တလေး ခြောက်လမ်းသွား လမ်းမကြီးမှာ နေ့စဉ်ယာဉ်စီးရေ ၁၁၀၀၀ ကျော် ဖြတ်သန်း သွားလာလျက် ရှိပြီး ၇၂ ပေအကျယ် AC လမ်းပြုပြင်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
လမ်းတိုးချဲ့အဆင့်မြှင့်တင်
အမှတ်(၂) လမ်းမကြီးတွင် နေ့စဉ်ယာဉ်စီးရေ ၅၀၀၀ ကျော် ဖြတ်သန်းသွားလာလျက်ရှိသဖြင့် မူလ ၂၂ ပေအကျယ်မှ ၄၈ ပေအကျယ်သို့ တိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိရာ လမ်းတိုးချဲ့ခြင်း ၁၃ မိုင် ၁ ဖာလုံ ပြီးစီး၍ တံတားတိုးချဲ့ခြင်း ကိုးစင်း အနက် လေးစင်းပြီးစီးပြီ ဖြစ်သည်။ အမှတ်(၃) လမ်းမကြီးကို ၄၈ ပေအကျယ် AC လမ်းအဖြစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တွင် ပြီးစီးခဲ့သော်လည်း နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိသည့် ယာဉ်စီးရေမှာ ၉၀၀၀ ကျော် ရှိသဖြင့် ၇၂ ပေအကျယ် ခြောက် လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။ ထို့အပြင် အမှတ်(၄) လမ်းမကြီးမှာ နေ့စဉ်ဖြတ်သန်းသွားလာသည့် ယာဉ်စီးရေ ၄၀၀၀ ကျော်ကျော်ရှိသဖြင့် ၂၂ ပေ အကျယ် မှ ၄၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် တိုးချဲ့ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးပြီဖြစ်၍ AC လမ်းခင်းရန် ဆက်လက် ဆောင်ရွက်လျက် ရှိသည်။ ဒဂုံသီလဝါလမ်းတွင် နေ့စဉ် ဖြတ်သန်းသွားလာသည့် ယာဉ်စီးရေ ၆၀၀၀ ကျော်ရှိသဖြင့် ၄၈ ပေအကျယ် ကွန်ကရစ်လမ်း တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက် လျက်ရှိရာ(၀/၀-၆၀) မိုင်အထိ ၆ မိုင်နှင့် တံတား သုံးစင်းတိုးချဲ့ခြင်းလုပ်ငန်းပြီးစီး၍ (၆/၀-၁၀၀) မိုင်အပိုင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ သန်လျင်-ကျောက်တန်းလမ်းတွင် နေ့စဉ်ဖြတ်သန်း သွားလာသည့် ယာဉ် ၃၀၀ ကျော်ကျော်သာရှိပြီး မူလပေ ၂၀ အကျယ် ကတ္တရာလမ်းကို တစ်ဖက် သုံးပေစီ တိုးချဲ့ခဲ့သဖြင့် ပျမ်းမျှ ၂၆ ပေ အကျယ်ရှိသည်။ ကျောက်တန်းမြို့တွင်းပိုင်းတွင် ၁ မိုင် ၆ ဖာလုံကို ၃၆ ပေအကျယ်အထိ တိုးချဲ့အဆင့်မြှင့်တင်ခဲ့သည်ဟု သိရသည်။
တံတားများကဏ္ဍတွင် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး၌ ပေ ၁၈၀ အထက် တံတားကြီး ၄၄ စင်း၊ ပေ ၁၈၀ အောက် တံတား ၁၂၅၁ စင်းအထိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တည်ဆောက်ပေးထားသည်ဟု သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက ဆောက်လုပ်ပေးထားသော ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တံတားများအနက်မှ ရန်ကုန် မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ တံတားကြီးများဖြစ်သည့် တံတားကြီးအစင်း ၂၀ ကို မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ၏ခွင့်ပြုချက်ဖြင့် ယခုအခါ လွှဲပြောင်းပေးထားသည်ဟု သိရသည်။
အချုပ်အားဖြင့် တင်ပြရလျှင် စီးပွားရေး မြို့တော် ရန်ကုန်မြို့ကို ပိုင်ဆိုင်ထားသော ရန်ကုန် တိုင်းဒေသကြီးသည် ကုန်းလမ်း (ကားလမ်း)၊ ရေလမ်း၊ လေကြောင်းလိုင်းများ ဝင်ထွက် သွားလာမှုနှင့် ပြည့်စုံနေသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဟူသော ဝိသေသကို အစဉ်ထာဝရပိုင်ဆိုင် ရပ်တည်နေမည်ဖြစ်သည်ဟု ကျွန်တော်ဆိုချင်ပါသည်။ ။
ချမ်းမြေ့မောင်