Skip to main content

ကိုဗစ်-၁၉ ရောဂါနဲ့ နောက်တစ်ဆင့်မြှင့်တင်ရတော့မယ့် တိုင်းရင်းဆေးအခန်းကဏ္ဍ

အခါတစ်ပါးတုန်းက ဆေးဆရာကြီး ဇီဝက ဖြစ်လာမယ့်မင်းသားငယ်တစ်ပါး ဟာတက္ကသိလာမှာ ဆေးပညာ သင်ယူနေတယ်တဲ့။ နောက်ဆုံးမှာ ဆရာကြီးက မင်းသားရဲ့ အရည်အချင်းကိုဆန်းစစ် ချင်တော့ တောထဲသွားပြီး ဆေးဖက် မဝင်တဲ့ အပင်ရှာလာခဲ့ဖို့ခိုင်းသတဲ့။

အဲဒါနဲ့ မင်းသားဟာ မနက်မိုးလင်း ကတည်းက တောထဲဝင်သွားပြီး ဆေးဖက်မဝင်တဲ့အပင်ကို လိုက်ရှာ လိုက်တာ ညနေစောင်းချိန်မှ ဆရာကြီး ဆီပြန်ရောက်လာတယ်တဲ့။ ဒါပေမယ့် သူ့လက်ထဲမှာတော့ မြက်ပင်တစ်ပင်တောင်မှ မပါလာခဲ့ဘူးတဲ့။ ဒါကြောင့် ဆရာကြီးက အကြောင်းရင်းကို စုံစမ်းမေးမြန်း ကြည့်လိုက်တဲ့အခါ လောကမှာ ဆေးဖက်မဝင်တဲ့အပင်ရယ်လို့ မရှိတဲ့အတွက် လက်ဗလာနဲ့ ပြန်လာရခြင်း ဖြစ်တဲ့အကြောင်း မင်းသားငယ်က ပြန်ပြောလိုက်တာပေါ့။

အဲဒီနောက်မှာတော့ ဆရာကြီးလည်း ဝမ်းသာအားရနဲ့ ဇီဝကကို ဆေးပညာအစုံအလင် တတ်မြောက်ပြီလို့ ဆိုပြီး သူ့တိုင်းပြည်ကို ပြန်လွှတ်လိုက် ပါတော့တယ်။ နောက်ပိုင်းမှာ ဇီဝက ဆိုတာ မြန်မာတွေနားထဲ စွဲထင်ကျန် နေဆဲဖြစ်ရတဲ့အထိကို သမိုင်းကြောင်းလှတဲ့ ဆေးဆရာကြီးတစ်ပါး ဖြစ်ခဲ့ပါတယ်။

ဇီဝကလိုမျိုး ဆေးဆရာကြီးတောင်မှ လောကမှာ ဆေးဖက်မဝင်တဲ့အပင်ကို မရှာနိုင်ဘူးဆိုတာ ဒီသမိုင်းက သက်သေခံနေပါတယ်။ ဒါဟာ တိုင်းရင်းဆေးဝါး ဖြစ်ပေါ်မှုရဲ့ အရေးပါပုံကို ပွင့်လင်း မြင်သာစွာ မြင်တွေ့နိုင်တဲ့ဥပမာပါပဲ။

တိုင်းရင်းဆေးဆိုတာ ဘာလဲ

တိုင်းရင်းဆေးဆိုတာက သစ်ဥ သစ်ဖုတွေ၊ အပင်တွေ၊ အရွက်တွေ စတာတွေကို ရောနှောပေါင်းစပ်ပြီး လိုအပ်သလို အသုံးပြုခြင်းအားဖြင့် ရောဂါဝေဒနာတွေကို သက်သာပျောက် ကင်းစေတာကြောင့် မိရိုးဖလာလက်ဆင့် ကမ်းလာတဲ့ ဆေးဝါးတွေဖြစ်ပါတယ်။

မြန်မာတွေမှာလည်း ကိုယ်ပိုင် တိုင်းရင်းဆေးတွေ၊ တိုင်းရင်းဆေး ကျမ်းတွေ များစွာရှိပါတယ်။ တိုင်းရင်း ဆေးဆရာကြီးတွေရဲ့ သုံးသပ်ချက်ကတော့ ဓာတ်ကြီးလေးပါးလို့ခေါ်တဲ့ မြေဓာတ်၊ ရေဓာတ်၊ လေဓာတ်၊ မီးဓာတ်တို့ မညီညွတ်ခြင်းကြောင့် အနာရောဂါတွေ ဖြစ်ရတာလို့ဆိုပါတယ်။ အဲဒီအခါမှာ တိုင်းရင်းဆေးဆရာကြီးတွေက အနာရောဂါနဲ့ ကိုက်ညီအောင် သင့်တင့်လျောက်ပတ်စွာ ဖော်စပ်ထားတဲ့ ဆေးဝါးတွေကို လူနာတွေကမှီဝဲစားသုံး လိုက်ခြင်းအားဖြင့် အနာရောဂါတွေ ပျောက်ကင်းသွားရတာပါ။

မြန်မာ့သမိုင်းမှာလည်း နန်းတွင်း သုံးဆေးဝါးတွေလို တကယ်ကို အစွမ်းထက်တဲ့ တိုင်းရင်းဆေး ကောင်းဝါးကောင်းတွေ အများကြီးပိုင်ဆိုင်ခဲ့ဖူးပါတယ်။ မြန်မာ့တိုင်းရင်းဆေးနဲ့ လူနာ ပေါင်းမြောက် မြားစွာရဲ့ အသက်တွေကို လည်း ကုသကယ်တင်ပေးနိုင်ခဲ့ပါတယ်။

အာရှနဲ့ အာဖရိကဒေသမှာ လူဦးရေ ၈၀ ရာခိုင်နှုန်းက သူတို့ရဲ့ မိရိုးဖလာ ဆေးဝါးဖြစ်တဲ့ တိုင်းရင်း ဆေးဝါးတွေ အပေါ်မှာသာ အဓိကမှီခိုအသုံးပြုနေတယ်လို့ ဝီကီပီးဒီးယားမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီတော့ တိုင်းရင်းဆေးဝါး ဆိုတာ နိုင်ငံတိုင်းလိုလိုမှာ ရှေးအစဉ်အဆက် ကတည်းက အသုံးပြုလာတဲ့ဆေးဝါးတွေ ဖြစ်ပြီး အခုအချိန်မှာတော့ အနောက် တိုင်းဆေးဝါးတွေ ဝင်ရောက်လာတဲ့ အခါ တိုင်းရင်းဆေးဝါးတွေရဲ့ အခန်းကဏ္ဍက မှေးမှိန်သယောင်ဖြစ်လာတာကို တွေ့ရပါတယ်။

အထူးသဖြင့်တော့ အခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလကြီးမှာ အနောက်တိုင်းဆေးဝါးတွေ အပေါ် မှီခိုနေရမှုကို လျှော့ချပြီး တိုင်းရင်းဆေးရဲ့ အခန်းကဏ္ဍကို ပြန်လည်ဖော်ထုတ် အဆင့်မြှင့် တင်သင့်ပါတယ်။

အနောက်တိုင်းဆေးဝါးဆိုတာ ဘာလဲ

အနောက်တိုင်းဆေးဝါးဆိုတာက တော့ရှင်းပါတယ်။ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ဆေးဝါးတွေကို ဆိုလိုတာပါ။သူတို့အနေနဲ့ အဲဒီဆေးဝါးတွေကို ဘယ်ကနေထုတ်တာလဲဆိုရင် အရင်းစစ်တော့ အမြစ်မြေက ဆိုသလို အပင် တွေကနေပဲ အဓိကရယူကြတာပါ။

ဒါပေမယ့် သူတို့ရဲ့အားသာချက် တစ်ခုက ဓာတ်ခွဲခန်းတွေအသုံးပြုပြီး အသေးစိတ်ပိုင်းခြားစိတ်ဖြာ တီထွင် ထုတ်လုပ်တယ်လို့ ဆိုကြတဲ့အတွက် သူတို့ရဲ့ ဆေးဝါးတွေအပေါ်မှာ လူတွေရဲ့ ယုံကြည်မှုက ပိုလာတာဖြစ်ပါတယ်။

ဓာတ်ခွဲခန်းကနေ ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဆုံးဆေးဝါးက ဘာဆေး ဖြစ်မယ်လို့ထင်ပါသလဲ။ မော်ဖင်းလို့ ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးပါ။ အဲဒီမော်ဖင်းကို ဘယ်အပင်ကနေ ထုတ်လုပ် တာလဲလို့ ဆက်ပြီးမေးလိုက် ပါရစေ။ တော်တော်များများကတော့ သိကြမှာပါ။ သူ့ကို ဘိန်းပင်က ထုတ်လုပ်တယ်ဆိုတာကိုလေ။

ဟုတ်ပါတယ်။ မော်ဖင်းဟာ အင်မတန်မှအစွမ်းထက်တဲ့ အကိုက် အခဲပျောက်ဆေးကြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ထုတ်လုပ်ဖို့အတွက် အဓိကပါဝင်ပစ္စည်းတွေကို ဘိန်းပင်ကနေ ရယူရတာပါ။ ။

ဘိန်းဆိုတာ အသုံးမတတ်တဲ့လူသား တွေအတွက်တော့ ဘဝကိုလူညွန့်တုံးအောင် ဖျက်ဆီးနိုင်စွမ်း ရှိပေမယ့် အသုံးတည့်အောင် ဖန်တီးနိုင်တဲ့အခါမှာတော့ ဆေးစွမ်းကောင်းတစ်လက်ကို ထွက်ပေါ် လာစေပါတယ်။

ဒါဟာ လောကမှာ ဆေးဖက်မဝင်တဲ့ အပင်မရှိဘူးလို့ဆိုထားတဲ့ ဆေးဆရာ ကြီး ဇီဝကရဲ့ စကားက မှန်ကန်ကြောင်း သက်သေပြချက်တစ်ခုလိုပါပဲ။

တိုင်းရင်းဆေးနဲ့ အနောက်တိုင်းဆေးဝါး ကွာခြားချက်တိုင်းရင်းဆေးနဲ့ အနောက်တိုင်း ဆေးဝါးက ဘာတွေကွာခြားလဲဆိုရင် တိုင်းရင်းဆေးက အထက်မှာဆိုခဲ့တဲ့ အတိုင်း သစ်မြစ်၊ သစ်ဥ၊ သစ်ဖု၊ အပင်ရဲ့ ပဉ္စငါးပါးစတာတွေကို သက်ဆိုင်ရာ ရောဂါတွေအတွက် အချိုးကျပေါင်းစပ်ပြီး ထုတ်လုပ်ထားတာပါ။

ဆေးကိုသောက်တဲ့အခါမှာကျတော့ ဆေးရဲ့ မူလအာနိသင်ပျက်ပြယ်မသွားစေအောင် သူ့ရဲ့မူလအနံ့ အရသာ အတိုင်းပဲ သောက်သုံးရတဲ့အတွက် ပါဝင်ပစ္စည်းအပေါ် မူတည်ပြီး အရသာခံစားရစေပါတယ်။ အနောက်တိုင်းဆေးဝါးကကျတော့ ဓာတ်ခွဲခန်းမှာ လက်တွေ့စမ်းသပ်တယ်။ နည်းပညာပိုင်းဆိုင်ရာမှာ တိုးတက်မှု ရှိတဲ့အတွက် လက်တွေ့စမ်းသပ်မှုအပိုင်းနဲ့ လိုအပ်တဲ့ ပါဝင်ပစ္စည်းပမာဏကို အတိ အကျ ထုတ်ယူရောစပ်နိုင်စွမ်းရှိတယ်။

ဒါ့အပြင် ကလေးငယ်တွေနဲ့ ဆေးသောက်ရတဲ့သူတွေမှာ ဆေးအဝင်မဆိုး အောင်လို့အနံ့အရသာ လေးပါ အပိုဆောင်း ထပ်ထည့်လိုက်တဲ့အခါကျတော့ အနောက်တိုင်းဆေးက သောက်လို့ပိုအဆင်ပြေ တယ်ဆိုပြီး ဖြစ်လာတာပါ။

တကယ်တမ်း ဘာကွာခြားလဲ ဆိုတော့ ဆေးအာနိသင်က ထူးထူး ခြားခြားကြီး မကွာခြားပါဘူး။ လူနာ အနေနဲ့ သောက်ချင်စိတ်ဖြစ်လာအောင် ဖန်တီးမှုပဲ ကွာခြားပါတယ်။ ဒါကတော့ ကျွန်တော့်အမြင်ပါ။  တစ်နည်းပြောရရင် အနောက်တိုင်း ဆေးဝါးများသည်လည်း သူတို့အတွက်တော့ တိုင်းရင်းဆေးဝါးပဲ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ ကုသရမယ့်ဆေးဝါး ကိုဗစ်-၁၉ ရောဂါအကြောင်းကတော့ တော်တော်များများ သိပြီးဖြစ်လို့ အကျယ်တဝင့် မပြောလိုတော့ပါဘူး။ ဒါပေမယ့် သူ့အတွက် ကုသရမယ့်ဆေး အကြောင်းကတော့ အကျယ်တဝင့် ပြောရပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ ဒီနေ့ဒီအချိန်အထိ ကိုဗစ်-၁၉ ရောဂါကို အရှင်းပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးဝါးမရှိသေးပါဘူး။ သက်ဆိုင်ရာနိုင်ငံအသီးသီးက ဟိုဆေးကောင်းနိုးနိုး၊ ဒီဆေးကောင်း နိုးနိုးနဲ့သာ လူနာတွေကိုကုသမှုတွေ ပေးနေရတာပါ။

အထူးသဖြင့်တော့ အရောင်ကျဆေးတွေကို အဓိကထားပြီး အသုံးပြုကြတာ များပါတယ်။ ဥပမာအားဖြင့် ရမ်ဒက် ဆီဗီယာလိုဆေးမျိုးပေါ့။ အဲဒီက အနောက်တိုင်းဆေးပါ။ ဒီကနေ့လို အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းမိုးလွန်းတဲ့ကမ္ဘာကြီးမှာ တိုင်းရင်းဆေးဝါးတွေထက် အနောက်တိုင်း ဆေးတွေကိုပဲ လူသိများတာဆန်းတော့ မဆန်းပါဘူး။

ဒါဆိုရင် တိုင်းရင်းဆေးတွေကကော ကိုဗစ်-၁၉ ရောဂါကို ကုသဖို့အတွက် မစွမ်းဆောင်နိုင်ဘူးလားလို့ မေးစရာရှိပါတယ်။ အဖြေကတော့ စွမ်းဆောင်နိုင် တယ်လို့ပဲပြောပါရစေ။ ဒီအတွက် သက်သေပြရမယ် ဆိုရင်တော့ ကိုယ်တွေရဲ့ မြန်မာနိုင်ငံနဲ့အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံတွေထဲကမှ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကို ဥပမာပေးပြီး တင်ပြသွားပါမယ်။

ထိုင်းနိုင်ငံရဲ့ တိုင်းရင်းဆေး

ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါစီမံ ခန့်ခွဲမှုဌာနက ဖာတလိုင်ဂျုံ (ဆေးခါးကြီး) လို့ခေါ်တဲ့ တိုင်းရင်းဆေးဝါး နဲ့ ကိုဗစ်-၁၉ ရောဂါကုသနိုင်မှု သုတေသနကို ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်မှာ ထုတ်ပြန်ထားတာရှိပါတယ်။

သူတို့ရဲ့ သုတေသနမှာတော့ ဆေးခါးကြီးက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကို မကာကွယ်နိုင်ပေမယ့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရောဂါပိုးတွေကိုတော့ ထပ်ပြီးမပြန့် ပွားအောင် ကူညီနိုင်တယ်ဆိုတာကို တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အမ်ပွန် ဘန်ဂျာပွန်ပီတက်က ပြောပါတယ်။

လက်တွေ့ စမ်းသပ်မှုတွေကိုတော့ စမွတ်ပရာကန်၊ ချောင်ဘူရီနဲ့ ဘန်ဂလာမန်း တို့မှာရှိတဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသမှုခံယူနေရတဲ့ ကိုဗစ်-၁၉ လူနာတွေနဲ့ လုပ်ဆောင်ခဲ့တာပါ။ အဲဒီ လူနာတွေဟာ ဆေးခါးကြီးရဲ့ အာနိသင်ကို ချက်ချင်းတုံ့ပြန်မှုရှိပြီး သုံးရက် အတွင်းမှာပဲ ရောဂါဖြစ်ပွားမှု ကနေ လျင်မြန်စွာ သက်သာလာတယ်လို့ဆိုပါ တယ်။ ဒါ့အပြင် ဆေးရဲ့ ဘေးထွက် ဆိုးကျိုး ရှိ၊ မရှိ လေ့လာဆန်းစစ်ချက်အရ လူနာရဲ့ အသည်းတို့၊ ကျောက်ကပ်တို့ကို ထိခိုက်မှုမရှိဘူး ဆိုတာလည်း တွေ့ရပါတယ်။

နောက်ထပ်အနီးစပ်ဆုံးသုတေသန ထုတ်ပြန်ချက်တစ်ခုကို တင်ပြပါဦးမယ်။ အဲဒါကတော့ အခုနှစ် ဇွန်လကမှ ထုတ်ပြန်ထားတဲ့ဟာပါ။ သုတေသနကို ထုတ်ပြန်တာက ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန ဖြစ်ပါတယ်။

သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ထိုင်းနိုင်ငံ တိုင်းရင်းဆေးဝါးဌာနက လုပ်တဲ့ သုတေသနတွေထဲမှာ ဆေးခါး ကြီးက ကိုဗစ်-၁၉ရောဂါကို ကုသရာမှာ ထိရောက်မှုအရှိဆုံးလို့ ထပ်လောင်း အတည်ပြု ထားပါတယ်။

ဒါ့အပြင် မဟီဒေါတက္ကသိုလ်နဲ့ သက်ရှိသတ္တဝါနဲ့အပင်များကို လေ့လာမှုဌာနတို့ရဲ့ ပူးတွဲသုတေသန မှာတော့ တိုင်းရင်းဆေး ၁၂၂ မျိုးထဲကမှ ခြောက်မျိုးက ကိုဗစ်-၁၉ ရောဂါကုသမှုအတွက် အခြေခံအဖြစ် အသုံးပြုနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ အဲဒီနောက်မျိုးထဲကမှ ဆိပ်ဖူးပင်အမြစ်ဟာ ကိုဗစ်-၁၉ ရောဂါပိုးကို နှိမ်နင်းရာမှာ အထိရောက် ဆုံးဖြစ်တယ်ဆိုတာကိုလည်း တွေ့ထားပါတယ်။

ဆေးရဲ့ အာနိသင်ထိရောက်မှုရှိစေဖို့ ကျန်းမာတဲ့ ကလာပ်စည်းတွေကို အန္တရာယ်မဖြစ်စေအောင် သင့်လျော်တဲ့ ဆေးပမာဏအနည်းငယ်လောက် သုံးစွဲ ပေးရင်ကို ရပါပြီလို့ဆိုပါတယ်။

အခုနောက်ဆုံး တွေ့ရသလောက်ကတော့ အဝင်ဆိုးပါတယ်ဆိုတဲ့ ဆေးခါးကြီးတို့လို တိုင်းရင်းဆေးတွေကို သမားရိုးကျ ဆေးမှုန့်ပုံစံနဲ့မဟုတ်ဘဲ ဆေးတောင့်ပုံစံနဲ့ ထုတ်လုပ်လာတာ ဖြစ်တဲ့အတွက် အဝင်လည်း ထင်သလောက်ဆိုးစေမှာမဟုတ်သလို ဆေးပမာဏတိကျတဲ့အတွက်လည်း ထိရောက်မှုက ပိုမိုကောင်းမွန်မယ်လို့ သုံးသပ်ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ထက်မြတ်