Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခြောက်လတာ ခရီးမှတ်တိုင်

(ယမန်နေ့မှ အဆက်)

ပြည်သူလူထုအကြား ပြန်ကြားဆက်ဆံ

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ အသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်သည့် သတင်းထုတ် ပြန်ချက်ကိုလည်း ထပ်လောင်းသတိပေး ဖော်ပြလျက်ရှိပြီး ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုပြုလုပ်သူ၊ နက်ရှိုင်းစွာ ကာယကံမြောက်ဆောင်ရွက်သူ များမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ် ပညာရှင်၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား နိုင်ငံတော်မှ အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ကို ထပ်လောင်းသတိပေးလျက်လည်း ရှိပါသည်။

သတင်းစာ ရှင်းလင်းပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ၇၂၀၂၁ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင်လ ၁၂ရက်နံနက်က ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ တစ်လတာဖြတ်သန်းမှု အခြေအနေ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အစီအမံများ၊ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ဖမ်းဆီးရမိသည့် ကွင်းဆက်တရားခံများ၏ထွက်ဆို ချက်များ၊ ရွေးကောက်ပွဲကော်မရှင်မှ နောက်ဆုံး ဖော်ထုတ်တွေ့ရှိရသည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ထံသို့ မီဒီယာများက ဆက်သွယ် မေးမြန်းချက်များကိုလည်း ဇူလိုင်လအတွင်း တယ်လီဖုန်းဖြင့် စဉ်ဆက်မပြတ် ပြန်လည်ဖြေကြားခဲ့ပြီး အများပြည်သူများအတွက် သတင်းမှန် ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

လူမှုစီးပွားဘဝများတိုးတက်စေရေး

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ အဋ္ဌမအစည်းအဝေးကို ဇူလိုင်လ ၁၃ ရက်က ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်း မြေရှိ မဟာပါသဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသက သာရဏီယဩဝါဒကထာကို မြွက်ကြားတော်မူပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များကို ဝေဖန်ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်းကိုလည်း သိရှိခွင့်ရခဲ့ပါသည်။

(၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်က ကျင်းပခဲ့ပြီး အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ ပန်းခွေချ၍ အလေးပြုကြပြီး နှစ်မိနစ်ခန့်ငြိမ်သက်စွာ မေတ္တာပို့သအမျှပေးဝေခြင်း၊ နိုင်ငံတော်အလံကို တိုင်တစ်ဝက်လျှော့ချလွှင့်ထူခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့ဝင် များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ဘင် ခရာအဖွဲ့က အလေးပြုခရာမှုတ်၍လည်းကောင်း အလေးပြုကြပြီး မိသားစုဝင်များနှင့် ဌာနအသီးသီးမှ တာဝန်ရှိသူများက လွမ်းသူ့ပန်းခွေချခြင်း အစီ အစဉ်များကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ထို့အတူ အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ဝန်ကြီးများရုံး၌ နိုင်ငံတော်အလံအား တိုင်တစ်ဝက်သို့ လျှော့ချလွှင့်ထူခြင်း၊ အာဇာနည် ခေါင်းဆောင်ကြီးများအားရည်စူးကုသိုလ်ပြုခြင်းတို့ ကိုလည်း ပြုလုပ်ခဲ့ကြသည်ကို မြင်တွေ့ရသည်။

လာအိုနိုင်ငံသို့ ရောက်ရှိနေပြီး အခက်အခဲကြုံ တွေ့နေရသည့် မြန်မာအလုပ်သမား ၄၀၀ ကျော်ကို နေရပ်ပြန်နိုင်ရေးအတွက် မြန်မာ - လာအို နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဇူလိုင်လ ၃၀ ရက်နှင့် ဩဂုတ်လ ၁ ရက်တို့တွင် နှစ်သုတ်ခွဲ၍ ပြန်လည်ခေါ်ယူရန် ညှိနှိုင်းခဲ့ခြင်းကို ဇူလိုင်လ ၂၈ ရက်က ပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့

(၉၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ၃ရက်က ကျင်းပခဲ့ပြီး အသင်းသားပြည်သူ ၄ ဒသမ ၂သန်းဖြင့် ဖွဲ့စည်းထားသည့် သမဝါယမ အသင်းပေါင်း ၄၀၀၀၀ ခန့်၏ ကုန်ထုတ်၊ ကုန်သွယ်။ ဝန်ဆောင်မှုလုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက်လာစေရန် ကြံဆအကောင် အထည်ဖော်ကြရန် ရည်ရွယ်ထားသည်ကိုလည်း သိရှိခွင့်ရခဲ့သည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် နိုင်ငံတော်အတွက် အရေးပါသည့် လုပ်ငန်းဖြစ်ပြီး သက်ဆိုင် သည့် သုတေသနလုပ်ငန်းများ၊ နည်းပညာလွှဲပြောင်း ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို အစဉ်တစိုက် တိုးတက်ဖွံ့ဖြိုးရန် လိုအပ်ကြောင်း ဇူလိုင်လ ၆ ရက်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ရှိ သုတေသန နှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ ရောက်ရှိစဉ်ပြော ကြားခဲ့သည်။ ဓာတ်ခွဲစမ်းသပ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများ၊ နိုင်ငံခြားသွင်းကုန်၊ ပို့ကုန်နှင့် စက်မှု လုပ်ငန်းသုံး ဓာတုဗေဒကုန်ကြမ်းများကို ရည်ညွှန်း ဓာတ်ခွဲခန်းအနေဖြင့် ခေတ်မီဓာတ်ခွဲစမ်းသပ်ပေး ခြင်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းကို မြင်တွေ့ရပါသည်။

ဆိုင်ကယ်များ တရားဝင်မှတ်ပုံတင်

မှတ်ပုံတင်မဲ့ ဆိုင်ကယ်များအား One Stop Services စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်ခြင်းကို ဇူလိုင်လ ၇ ရက်မှစတင်၍ ရုံးဖွင့်ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ပေး ခဲ့ခြင်းသည်လည်း မှတ်ပုံတင်မဲ့ (၀စ်သောက်) ဆိုင်ကယ်များအတွက် အခွင့်အလမ်းတစ်ရပ်ပင် ဖြစ်ပါသည်။ ဆိုင်ကယ်အသုံးပြု၍ ပြစ်မှုကျူးလွန်ခြင်းများ လျော့ပါးစေမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ကဏ္ဍ မြှင့်တင်နိုင်မည်ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် နေရပ်စွန့်ခွာလာသူ တိုင်းရင်းသားများ၊ ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်လျက်ရှိသည်ကိုလည်း မြင်တွေ့ရသည်။

စက်မှုကဏ္ဍ၌ ပြည်တွင်းအလုပ်အကိုင်နေရာ ၈၀၀ ကျော်ခန့်အပ်နိုင်မည့် အမေရိကန်ဒေါ်လာ ငါးသန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို ဇူလိုင်လ ၇ ရက်က ခွင့်ပြုပေးခဲ့သည်ကို မြင်တွေ့ရ သည်။ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ် လုပ်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ယင်းအပြင် အထွေထွေကုမ္ပဏီ ၁၄ ခုတို့၏ တင်ပြချက်များကို လည်း ဆွေးနွေးဆုံးဖြတ်ပေးခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရှိရပါသည်။

မြန်မာ့အာမခံလုပ်ငန်း၏ အာမခံအမျိုးမျိုးကို အွန်လိုင်းမှတစ်ဆင့် မိုဘိုင်းငွေပေးချေမှုမှတစ်ဆင့် ဆောင်ရွက်နိုင်ခြင်းကို ဇူလိုင်လ ၈ ရက်တွင် စတင်နိုင်ခဲ့သည်ကိုလည်း သိရှိရပါသည်။ စက်မှုလုပ်ငန်း များ ပြန်လည်ထူထောင်နိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးခြင်းကို စက်မှုဝန်ကြီးဌာန၌ ဇူလိုင်လ ၉ ရက်က ကျင်းပခဲ့ပြီး ရပ်ဆိုင်းထားသော နိုင်ငံပိုင် စက်ရုံများ လည်ပတ်နိုင်ရေးအတွက် ပြုပြင်ပြောင်း လဲသင့်သည့်နည်းလမ်းများဖော်ထုတ်ခဲ့ကြကြောင်း သိရှိရပါသည်။ ထို့ပြင် ပြည်တွင်းအခွန်များဦးစီး ဌာနမှလည်း ကုန်သွယ်လုပ်ငန်းခွန် သုံးလတစ်ကြိမ် ကြေညာလွှာနှင့် အထူးကုန်စည်ခွန် သုံးလပတ် ကြေညာလွှာများအား အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာထားခဲ့သည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် ပုံမှန်ခရီး သွားလာခြင်းမှ New Normal ပုံစံဖြင့် ခရီးသွားလာမှု ထွန်းကားလာစေရေးအပါအဝင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၅ရက်က ကျင်းပခဲ့ရာ အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ၊ လုပ်ငန်းလိုင်စင် ချထားပေးမှုစသည့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်ကိုလည်း မြင်တွေ့ရသည်။

အရည်အသွေးမြင့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးမှုကို ဇူလိုင်လ ၈ ရက်တွင် ကျင်းပခဲ့ပြီး စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရေးနှင့် နည်းပညာရပ်များအပေါ် စဉ်ဆက်မပြတ်လေ့လာသိရှိနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေသည်ကိုလည်း သိရှိရပါသည်။

ကိုဗစ် - ၁၉ ၏ တတိယလှိုင်းကို ကြံ့ကြံ့ခံ ဖြတ်ကျော်နေရသည့် ကာလအတွင်း အများပြည်သူများ သယ်ယူပို့ဆောင်ရေးလုပ်ငန်း အဆင်ပြေစေရေးအတွက် ကျန်းမာရေးစည်းကမ်းချက်များနှင့် အညီ မြန်မာ့မီးရထား ခရီးစဉ်များကိုလည်းကောင်း၊ လေယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ်ခရီးစဉ်များကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြေးဆွဲပေးလျက်ရှိကြောင်းကိုလည်း ဇူလိုင်လ ၃၀ ရက်ထုတ် ကြေးမုံသတင်းစာတွင်ပါရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရှိရပါသည်။ ပြည်သူများအတွက် ထောက်ပံ့ကူညီမိုးရာသီကာလဖြစ်သည့် အားလျော်စွာ ရေကြီး ရေလျှံမှုများ တွေ့ကြုံခံစားနေရသည့် ပြည်သူများ အတွက်ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးလျက်ရှိပြီး အကူအညီများလိုအပ်ပါက ဒေသအလိုက်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးများသို့ ဖြစ်စေ၊ အရေးပေါ် ဖုန်းနံပါတ်များဖြစ်စေ အကူအညီတောင်းခံနိုင်ပြီဖြစ်ကြောင်း ဇူလိုင်လ ၂၇ ရက်က ကျင်းပသည့် ရေကြီးရေလျှံမှုများအတွက် ထောက်ပံ့ကူညီဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးပွဲမှ သိရှိရပါသည်။

တစ်လတာဖြတ်သန်းမှုများအတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြည်သူအတွက် အကျိုးပြု ဆောင်ရွက်ချက်များစွာ ကျန်ရှိနေဦးမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံအတွက် အားလုံးမျှော်မှန်းသည့် လွတ်လပ်၍ တရားမျှတသည့် ဒီမိုကရေစီလမ်းကြောင်း မတိမ်းစောင်းရစေရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသည် တာဝန်ယူပြီးချိန်မှ စတင်၍ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို မြင့်မားစေရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းတို့ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

ကနောင်