Skip to main content

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဩဂုတ် ၅ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေ တာနဲ့ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ တတိယလှိုင်း ရောဂါဖြစ်ပွားမှုတွေနဲ့အတူ ကာကွယ်ဆေးထိုးနှံ ခြင်းဖြင့် ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးတွေက ဘယ်လိုရှိမလဲဆိုတာကို ပြောပြပေးပါဦး။

ဒေါက်တာခင်ခင်ကြီး။ ။ မြန်မာနိုင်ငံမှာဆိုရင် ယခုအချိန်အထိ ကာကွယ်ဆေးထိုးနှံပြီးတဲ့ လူဦးရေက တဖြည်း ဖြည်းနဲ့ များပြားလာနေပါတယ်။ စုစုပေါင်းကာကွယ် ဆေးထိုးနှံပြီးသူ ၁ ဒသမ ၈ သန်းကျော် ဖြစ်တဲ့ အတွက်ကြောင့် မိမိတို့ရည်မှန်းထားတဲ့ အသက် ၁၈ နှစ်နှင့်အထက်လူဦးရေရဲ့ ခြောက်ရာခိုင်နှုန်းကျော် ထိုးနှံပြီးပြီ ဆိုတာကို သတင်းကောင်းပါးလိုပါတယ်။

လက်ရှိကာကွယ်ဆေး ရောက်ရှိနေတာက သုံးသန်းဖြစ်ပါတယ်။ ဒီဩဂုတ်လအတွင်းမှာ ကာကွယ်ဆေး သုံးသန်း ထပ်မံရောက်ရှိမှာဖြစ်တဲ့အတွက် ကာကွယ်ဆေးခြောက်သန်းက ပြည်သူတွေ ကို ထိုးနှံပေးဖို့ အတွက် အဆင်သင့် အနေအထား ရောက်ရှိမှာဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကို ကုန်းကြောင်းနဲ့ လေကြောင်းတွေ ကနေတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီး မှာရှိတဲ့ ကာကွယ်ဆေးထိုးနှံပေးရမယ့် လူအုပ်စုတွေဆီကို ရောက်ရှိထိုးနှံနိုင်ဖို့အတွက် ပို့ဆောင် ပေးခဲ့တာကို ပြည်သူအများ သိရှိပြီးဖြစ်ပါတယ်။

ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေ

ယခုအချိန်တွင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ ကာကွယ်ဆေးတွေကို သက်ဆိုင်ရာ စုရပ်အလိုက် ရောဂါကူးစက်မှုမရှိအောင်နဲ့ လူစုလူဝေးမဖြစ်အောင် စနစ်တကျ ထိုးနှံပေးနိုင်ဖို့ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီတွေအနေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာ ကာကွယ်ဆေးထိုးနှံတာနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ အကျိုးကျေးဇူးတွေရှိသလဲ၊ ကာကွယ် ဆေးထိုးနှံပြီးရင် ရောဂါကူးစက်ခံရ ဦးမှာလား၊ ရောဂါကူးစက်ခံရရင်ဘယ်လောက်အထိ ဆိုးနိုင်သလဲ ဒါတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

တချို့တွေက ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ယခုထိုးနှံပေးနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ် ပြုရဲ့လား၊ ဒီဟာတွေက ခုနက ပြောသလို ကာကွယ်ဆေးတွေထိုးနှံတဲ့အခါမှာ ထိရောက်မှုက ဘယ်လိုမျိုးတွေ ရှိသလဲ ဒါတွေနဲ့ ပတ်သက်ပြီး သိချင်ကြပါတယ်။

ယခုထိုးနှံပေးနေတဲ့ Sinopharm & Sinovac ကာကွယ်ဆေးတွေက သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးကို ရောက်ရှိနေပြီး တချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြည်သူတွေကို စတင်ထိုးနှံပေးနေပြီလို့ သိရပါတယ်။ သြဂုတ် ၁ ရက်ကစတင်ပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ နေပြည်တော်တို့မှာ စတင်ထိုးနှံပေးနေပါပြီ။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အမြန်ဆုံး ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် ဆောင်ရွက်နေ ပါတယ်။

ဒီလိုကာကွယ်ဆေးတွေကို ထိုးနှံပေးတဲ့အခါမှာ ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်တဲ့ လူအုပ်စုတွေ ဦးစားပေးပါ တယ်။ နောက်တစ်ခုက ကျန်းမာရေး ဝန်ထမ်းတွေ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ အနေနဲ့ ရောဂါဖြစ်ပွားတဲ့ သူတွေကို ကုသမှုတွေပေးနေတဲ့အခါမှာ သူတို့ ကိုယ်တိုင်ကျန်းမာမှ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေကလည်း ဦးစားပေးဖြစ်ပါတယ်။ တချို့ ကိစ္စရပ်တွေမှာ ပုံမှန်အတိုင်း လုပ်ငန်း ဆောင်တာတွေ လည်ပတ်နိုင်ဖို့အတွက် အရေးပါတဲ့ နေရာမှာ တာဝန်ထမ်းဆောင်နေရတဲ့ ပို့ဆောင် ဆက်သွယ်ရေးတွေ၊ တခြားသော ဝန်ကြီးဌာနမှာ ရှိတဲ့ ဝန်ထမ်းတွေ ဒါတွေကိုလည်း ထိုးနှံပေးပါတယ်။

ဦးစားပေးရွေးချယ်ထား

နောက်တစ်ချက်က ရောဂါဖြစ်ပွားကူးစက်ရင် အစုလိုက် အပြုံလိုက် ကူးစက်နိုင်တဲ့ ဘိုးဘွား ရိပ်သာတို့၊ အကျဉ်းထောင်တို့ ဒီလိုနေရာတွေကို လည်း ရောဂါကူးစက်မှုကနေ အမြန်ဆုံးထိန်းချုပ် နိုင်ဖို့အတွက် ထိုးနှံပေး ပါတယ်။ ပြောချင်တာက  အခုကာကွယ်ဆေးထိုးပေးဖို့ ရွေးချယ်ထားတဲ့အုပ်စုတွေသည် ကာကွယ်ဆေးထိုးနှံ ထားရင် ရရှိမယ့် အကျိုးကျေးဇူးက အများဆုံး ရနိုင်မယ့်လူအုပ်စုတွေကို ပိုပြီးဦးစားပေးရွေးချယ်ထားတာ ဖြစ်ပါတယ်။

ဒီနေရာမှာ အသက် ၆၅ နှစ်နှင့်အထက်လို့ ပြောပေမယ့် ကာကွယ်ဆေးတွေ ထပ်ပြီးရရှိလာပြီဆိုရင် နောက်ထပ် အသက် ၆၀ အထက်၊ ၅၅ နှစ် အထက်၊ တဖြည်းဖြည်းနဲ့ အသက်အပိုင်းအခြားကို လျှော့ပြီး ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဒါကိုလည်း စိတ်မပူကြဖို့ ပြောလိုပါတယ်။ မိမိအလှည့်ကို  စောင့်ဖို့အတွက်က စိတ်ရှည်ရှည်နဲ့ စောင့်ဖို့လိုပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေးထိုးနှံတဲ့သူတွေက ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ။ ဒါနဲ့ ပတ်သက်ပြီး အမေရိကန်ရောဂါထိန်းချုပ်မှုနှင့် ကာကွယ်ရေး ဗဟိုဌာန (CDC) ကနေ ဇူလိုင် ၂၉ ရက်မှာ ထွက်ပေါ်လာတဲ့ သူတို့ရဲ့ သုတေသနတွေ့ရှိချက်တွေကို ပြည်သူတွေကို တင်ပြလိုပါတယ်။

ကာကွယ်ဆေးထိုးနှံသင့်

ဒီမှာဘာထူးခြားသလဲဆိုတော့ ကာကွယ်ဆေးထိုးထားတဲ့အခါ ကာကွယ်ဆေးမထိုးထားသူနဲ့ နှိုင်းယှဉ်ရင် ရောဂါဖြစ်ပွားမှု ရှစ်ဆ လျော့နည်းပါတယ်။ ဒါဆို ရောဂါဖြစ်ပွားမှုက လျော့တယ်၊ ဆေးရုံ တက်ရောက်ရမှု ကရော ဒါလည်း ၂၅ ဆ လျော့နည်းပါတယ်။ ကာကွယ်ဆေးထိုးထားသူ အနေနဲ့ ရောဂါကြောင့် သေဆုံးမှု ကလည်း ၂၅ ဆ လျော့နည်းတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးနှံသင့်တာကို တိတိကျကျ သိနိုင်ပြီဖြစ်ပါတယ်။

ဒီနေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကနေပြီး အသိအမှတ်ပြုတဲ့ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှု သည် ၇၀ နဲ့ ၉၀ ရာခိုင်နှုန်း ရှိပါတယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးတွေထဲမှာ ယခု ထိုးနှံပေးမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm & Sinovac ကာကွယ်ဆေးတို့ အပါအဝင် ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးတွေ ထိုးနှံထားရင် ရောဂါပြင်းထန်စွာ ခံစားရမှုတွေ၊ ဆေးရုံတက်ရောက်ရမှုနဲ့ သေဆုံးမှုကနေ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေက ၉၀ ရာခိုင်နှုန်းအထက် ကာကွယ် ပေးနိုင်တယ်လို့ ပြောထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး တချို့တွေက ၉၀ ရာခိုင်နှုန်း အထက် ကာကွယ်တယ်ဆိုတော့ ၁၀၀ ရာခိုင်နှုန်း မဟုတ်ဘူး လားလို့ မေးစရာရှိပါတယ်။ ဆေးပညာ မှာ ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်၊ ကုသပေးနိုင် တယ်ဆိုတာ မရှိပါဘူး။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတွေကို အဓိက ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက် အနေနဲ့ ကူးစက် ရောဂါတွေ ဖြစ်လာပါက ကူးစက် ရောဂါတွေကြောင့် ရောဂါပြင်းထန်စွာ ခံစားရမှုတွေ၊ သေဆုံးမှုတွေကနေ လျော့ကျနိုင်အောင် ရည်ရွယ် ထုတ်လုပ်တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေသည် မသေဆေး မဟုတ်ပါဘူး။

လူတစ်ယောက်အနေနဲ့ သူ့မှာ နဂိုတည်းက သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ ကင်ဆာနဲ့ ကိုယ်ခံအား ကျဆင်းနေတဲ့ရောဂါ စသဖြင့် ဒီလိုရောဂါအခံတွေရှိနေမယ်၊ အသက်ကလည်း ကြီးနေမယ်၊ အဝလွန်တာ ဒီလိုမျိုး ကိုဗစ်ရောဂါပိုဖြစ်စေတဲ့၊ ဆိုးစေတဲ့ အကြောင်းရင်းက ရှိနေမယ်ဆိုရင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံပေမယ့် သူတို့ အနေနဲ့ သေဆုံးမှု အနည်းငယ်ရှိနိုင်တာကို ကွဲကွဲပြားပြား သိစေချင်ပါတယ်။ ဒါဆိုရင် ရောဂါဖြစ်ပွား မှုကို ရှစ်ဆ လျော့စေတယ်၊ ဆေးရုံတက်ရောက်ရမှုနဲ့ သေဆုံးမှုကို ၂၅ ဆ လျော့စေတဲ့အတွက် ကာကွယ်ဆေး လုံးဝ (လုံးဝ) ထိုးသင့်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါက ကာကွယ်ဆေးထိုးနှံပြီး သူနဲ့ ကာကွယ်ဆေးမထိုးရသေးသူတို့ကို သိသာ ထင်ရှားအောင် ပြောပြခြင်းဖြစ်ပါတယ်။

သက်သေပြနေ

ကာကွယ်ဆေးမထိုးထားရင် ဘယ်လောက် တောင် အန္တရာယ်များနိုင်သလဲဆိုတာကို ဘယ်ဂျီယံနိုင်ငံက အသက် ၉၀ အမျိုးသမီး ဖြစ်စဉ်က သက်သေပြနေပါတယ်။ သူမဟာ ကာကွယ်ဆေးမထိုးထားတဲ့ အတွက်ကြောင့် မျိုးရိုး ဗီဇပြောင်းလဲထားတဲ့ “အယ်လ်ဖာ'နဲ့ 'ဘီတာ” ပိုး နှစ်မျိုးလုံးကို သူတစ်ယောက်ထဲမှာပဲ ကူးစက်ခံရ တယ်ဆိုတဲ့ ထင်ရှားတဲ့သက်သေရှိပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးထားဘူးဆိုရင် ဗီဇပြောင်း ကိုဗစ်ပိုးတွေက တစ်ကောင်သာမက နှစ်ကောင် တစ်ပြိုင်တည်း ဝင်ရောက်ကူးစက်ခံရနိုင်တယ်ဆိုတာကို သိစေချင်ပါတယ်။

အစီအစဉ်မှူး။ ။ ကာကွယ်ဆေး ထိုးထားပြီးသူတွေအနေနဲ့ ရောဂါပိုး ကူးစက်ခံရနိုင်မှု အခြေအနေ ရှိသလားဆိုတာကို ပြောကြားပေးပါဦး။

ဒေါက်တာခင်ခင်ကြီး။ ။ ဒါနဲ့ ပတ်သက်ပြီး ကာကွယ်ဆေးထိုးနှံပြီး သူထဲမှာလည်း ရောဂါပိုး ကူးစက်နိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ ဒါကို Breakthrough Infection လို့ ခေါ်ပါတယ်။ Breakthrough Infection ဆိုတာက ကိုဗစ်ရောဂါကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးထားတယ်။ ဒုတိယအကြိမ် ထိုးနှံပြီးလို့ နှစ်ပတ်ကျော်သွားပြီ။ နောက်ပိုင်းမှာ သူ့ကို ထပ်မံ စမ်းသပ်ကြည့်လိုက်လို့ ရောဂါပိုးတွေ့ ရှိတယ်။ ပိုးကူးစက်ခံရတယ် ဒါမျိုးတွေ ရှိနိုင်ပါတယ်။ ဒါမျိုးတွေကို အခုထက်ထိ သုတေသန ပြုနေဆဲဖြစ်ပါတယ်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးပြီး သူတွေမှာလည်း ရောဂါပိုးပြန်လည်ကူးစက်မှု အနည်းငယ်ဖြစ်နိုင်ခြေရှိတယ်လို့ ပြောထား ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လူတွေကဘာပြောလဲဆိုရင် “ကာကွယ်ဆေးထိုးထားလည်း ပြန်ဖြစ်တာပဲ၊ ဘာလုပ်မှာလဲ၊ ဘာလို့ထိုးထားမလဲ၊ အသားနာတာ ပဲရှိတယ်” ဒီလိုမျိုး ပြည်သူတွေ ကြားထဲမှာ ဝိဝါဒ ကွဲပြားစရာဖြစ်ပါတယ်။ သို့သော် ကာကွယ်ဆေး ထိုးထားခြင်းရဲ့ အလွန်ထင်ရှားတဲ့ ကောင်းကျိုးတွေ ရှိပါတယ်။

လက်ရှိ အမေရိကန်နိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၆၂ သန်းရှိပါတယ်။ ဒီလို ကာကွယ် ဆေးအမြောက် အမြား ထိုးနှံနိုင်တဲ့အတွက်ကြောင့် ရောဂါလက္ခဏာပြတဲ့ရောဂါပိုးတွေ့ရှိသူ တစ်ပတ် ကို ၃၅၀၀၀ သာရှိပါ တော့တယ်။ ဒါကိုကြည့်ရင် ကာကွယ်ဆေးထိုးပြီးသူ ၁၆၂ သန်းရှိတဲ့အတွက် ရောဂါဖြစ်ပွားသူနည်းတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါက ဘယ်လောက် ကောင်းကျိုးရှိတယ်ဆိုတာ သိနိုင်ပါတယ်။

ရာခိုင်နှုန်းအားဖြင့်နည်းပါး

ဒါဆိုရင် Breakthrough Infection တွေ မရှိဘူးလားဆိုတော့ ရှိနိုင်ပါတယ်။ သုတေသန တစ်ခုနဲ့တစ်ခု နည်းနည်းကွဲပြားပါတယ်။ အများစုသော သုတေသနက CDC သုည ဒသမ၂ရာခိုင်နှုန်း ပဲရှိတယ်လို့ ပြောပါတယ်။ တချို့ သုတေသနတွေကတော့ သုည ဒသမ ၀၅ ရှိတယ်ဆိုတော့ ပြောရရင် ရာခိုင်နှုန်းအားဖြင့် နည်းပါးတယ်။ သို့သော် အခုနောက်ပိုင်းမှာ ဒယ်လ်တာဗီဇပြောင်းပိုး ပေါ်ထွက် လာတာနဲ့အတူ Breakthrough Infection ခေါ်တဲ့ ကာကွယ်ဆေးထိုးပြီးတဲ့သူတွေမှာ ပိုးတွေ့ရှိ မှုကတော့ ပြန်လည်မြင့်လာတဲ့သဘော ရှိပါတယ်။

ဆေးထိုးထားပြီးနောက် ကူးစက်ခံရတယ်ဆိုတာကတော့ လူဦးရေပမာဏ အလွန်နည်းတယ်လို့ ပြောပါတယ်။ ဘယ်လိုမှာ ပိုပြီးတွေ့သလဲဆိုတော့ အသက်ကြီးတဲ့သူတွေ၊ ကိုယ်ခံအားကျနေတဲ့သူ တွေမှာ ပြန်ဖြစ်နိုင်နှုန်း သာမန်ထက်ပိုများနိုင်ပါတယ်။ သာမန်ပြည်သူလူထုမှာတော့ ဆေးထိုးပြီး ပြန်ဖြစ်တယ်ဆိုတာ အလွန်နည်းပါ တယ်။ ကာကွယ်ဆေးရဲ့ အကျိုးရှိမှု၊ ထိရောက်မှုက တကယ်ကို ကောင်းမွန်ပါတယ်လို့ ပြောထားပါ တယ်။ ကာကွယ်ဆေးထိုးပြီး ပြန်ဖြစ်တယ်ဆိုတာ အလွန်ရှားတယ်၊ ရာခိုင်နှုန်းနည်းတယ်ဆိုပြီး CDC က ပြောပါတယ်။

ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်မှုတွေ၊ ကာကွယ် ဆေးထိုးနှံနိုင်မှု၊ လွှမ်းခြုံနိုင်မှုတွေ များလာလေလေ Breakthrough ဖြစ်တာ နည်းလာလေလေ ဖြစ်ပါတယ်။ ဒီအပေါ်လည်း မူတည်နေပါတယ်။ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို ဘယ်အရာတွေက နှောင့်ယှက်ဖျက်ဆီးနေသလဲဆိုရင် ကူးစက်မှုတွေကို မြန်ဆန်စေတဲ့၊ ကမ္ဘာမှာ ဖြစ်ပွားမှုများစေတဲ့ ဒယ်လ်တာပဲ ဖြစ်ပါတယ်။ WHO ရဲ့ ဇူလိုင် ၂၇ ရက် ထုတ်ပြန်ချက်အရဆိုရင် ၁၃၂ နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာဆိုရင် ဇွန်လကုန်မှာ ၂၀ ရာခိုင်နှုန်းကျော်ကနေ ဇူလိုင်လကုန်မှာ ၈၀ ရာခိုင် နှုန်းကျော် ရှိမယ်လို့ တွက်ဆထားပေမယ့် တကယ် ဇူလိုင်လကုန်မှာ ဒယ်လ်တာရဲ့ ကူးစက်မှုက ၈၃ ရာခိုင်နှုန်းဖြစ်နေ ပြီဆိုတာ တွေ့ရှိရမှာဖြစ်ပါတယ်။ ယူကေမှာတော့ ဖြစ်ပွားမှုရဲ့ ၁၀၀ ရာခိုင်နှုန်းနီးနီး ကဒယ်လ်တာလို့ပြောရတဲ့ အနေအထားဖြစ်ပါတယ်။

၄၀ ရာခိုင်နှုန်းလျော့

ကာကွယ်ဆေးနဲ့ပတ်သက်ရင် ကာကွယ်ဆေး ထိုးနှံထားတဲ့လူတွေမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ဖြစ်နိုင် သလဲ၊ ထိုးနှံထားသူနဲ့ မထိုးရသေးသူ ဘယ်လိုကွာခြားသလဲဆိုရင် Viral load လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရဲ့ ပမာဏက ကာကွယ်ဆေးထိုးထားသူမှာ ၄၀ ရာခိုင်နှုန်းလျော့ပါတယ်။ ဒါဟာ နည်းနည်း နောနော ပမာဏမဟုတ်ပါဘူး။ တစ်မီလီလီတာမှာ အရင်တုန်းက ကာကွယ်ဆေးမထိုးထားသူက ၃ ဒသမ ၈ အထိပွားနိုင်ပေမယ့် ထိုးထားတဲ့ အတွက် ၂ ဒသမ ၃ ပဲပွားပါတော့တယ်။

ကူးစက်နိုင်တဲ့ ရက်ကိုကြည့်မယ်ဆိုရင်လည်း၊ ဆေးထိုးထားသူမှာ အလွန်တိုသွားပါတယ်။ ဆေးမထိုးထားတဲ့ သူမှာ ကူးစက်နိုင်တဲ့ရက်က ၈ ဒသမ ၉ ရက်အထိရှိနိုင်ပေမယ့် ဆေးထိုးထားတဲ့သူမှာ ၂ ဒသမ ၇ ရက်၊ သုံးရက်တောင်မရှိတော့ဘူးဆိုတော့ အတော့်ကို သိသာသွားတဲ့ အနေအထား ဖြစ်ပါတယ်။

ဆေးထိုးပြီးသားသူတွေမှာ ဖျားနာတဲ့သံသယ

လက္ခဏာဖြစ်ပေါ်မှုအနေနဲ့လည်း နည်းသွားပါတယ်။ ကာကွယ်ဆေးမထိုးထားတဲ့သူမှာ ၆၃ ရာခိုင်နှုန်း လောက်က ဖျားတဲ့လက္ခဏာပြပေမယ့် ကာကွယ်ဆေးထိုးထားရင်တော့ ၂၅ ရာခိုင်နှုန်းပဲ ဖျားနာတဲ့လက္ခဏာ ရှိတတ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရဲ့ ရောဂါလက္ခဏာတွေ ခံစားရတဲ့ အချိန်ကာလကလည်း တိုသွားပါတယ်။ ဆေးမထိုးထားတဲ့သူမှာ ရောဂါလက္ခဏာရဲ့ အချိန်ကာလကြာမှုက ၁၆ ဒသမ ၇ ရက် ကြာပေမယ့် ဆေးထိုး ထားသူမှာ ၁၀ ဒသမ ၃ ရက်ပဲကြာတဲ့အတွက် ရောဂါလက္ခဏာခံစားရချိန် တိုသွားပါတယ်။ ဒါတွေက ကျန်းမာရေးဝန်ထမ်းတွေမှာ လုပ်ဆောင် ထားတဲ့ သုတေသနတွေ့ရှိချက်ဖြစ်ပါတယ်။

ဒီတွေ့ရှိချက်အရဆိုရင် ဗိုင်းရပ်စ်ရဲ့ ပမာဏ ကလည်း ၄၀ ရာခိုင်နှုန်းလျော့ကျမယ်၊ တစ်နည်း အားဖြင့် သူရောက်ပြီဆိုတာနဲ့ ကိုယ်ခံအားက တိုက်ထုတ်တဲ့အတွက် ခန္ဓာကိုယ်မှာ ကြာကြာမနေ နိုင်ဘူးဆိုတော့ ရောဂါလက္ခဏာဖြစ်ပွားမှု၊ ဖျားနာနိုင်တဲ့အန္တရာယ်ကလည်း နည်းသွားမယ်၊ ရောဂါလက္ခဏာတွေ ခံစားရတဲ့ ကာလကလည်း တိုသွားမယ်ဆိုတာတွေကထူးခြားချက်ဖြစ်ပါတယ်။

ဘယ်လောက်အထိ ကာကွယ်ဆေးကရောဂါ ကူးစက်မှုကို ထိရောက်နိုင်သလဲဆိုရင် ကာကွယ် ဆေးအပြည့် ထိုးထားတဲ့သူမှာ ၉၁ ရာခိုင်နှုန်း ထိရောက်ပြီး ကာကွယ်ဆေးတစ်ကြိမ် ထိုးထားသူ၊ အပြည့်မထိုးရသေး သူတွေမှာ ၈၁ ရာခိုင်နှုန်း ထိရောက်ပါတယ်။ ဒီတွေ့ရှိချက်က ဒီဇင်ဘာ ၁၄ ရက်မှ ဧပြီ၁၀ရက်အတွင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ မှာ ပြုလုပ်ထားတဲ့ လေ့လာတွေ့ရှိချက်ဖြစ်ပါတယ်။

လျှော့မတွက်ကြပါနဲ့

လက်ရှိ WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေက “ဒယ်လ်တာ” အပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးဗီဇမျိုးကွဲတွေကို ကောင်းစွာ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကာကွယ် မှုအနေနဲ့ အနည်းငယ်လျော့ကျနိုင်ပေမယ့်ကောင်းစွာကာကွယ်နိုင်ပါတယ်။ ဒယ်လ်တာနဲ့ နဂိုမူလကိုဗစ်-၁၉ ရောဂါပိုးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကူးစက်မှုကဒယ်လ်တာက အလွန်လျင်မြန်ပါတယ်။ ဘယ်လောက်အထိ မြန်သလဲဆိုရင် အရင်က တကယ့် ကူးစက်မြန်တယ်ဆိုတဲ့ SARS , MERS ပိုးတွေ၊ အီဘိုလာ ရောဂါပိုးတွေ၊ သာမန်အအေးမိ နှာစေးစေတဲ့ပိုးတွေ၊ ရာသီတုပ်ကွေး Season Flu တွေ၊ ၁၉၁၈ ခုနှစ်မှာ ဖြစ်ပွားတဲ့ Spanish Flu တွေ၊ ကျောက်ရောဂါပိုးတွေထက်စာရင် ပိုပြီး ကူးစက်မြန် တယ်ဆိုတော့ ဒယ်လ်တာရဲ့ ကူးစက်မြန်မှုက ဒုက္ခပေး နိုင်စွမ်းများတယ်ဆိုတာ သိစေချင်ပါတယ်။ တချို့သော သူတွေက “ဒယ်လ်တာဗီဇပြောင်းပိုးရဲ့ အစွမ်းကို လျှော့တွက်ကြတာရှိပါတယ်။ လျှော့မတွက်ကြပါနဲ့။

နောက်တစ်ခုကရေကျောက်ရောဂါပိုးနဲ့ဆိုရင် သူ့ရဲ့ ကူးစက်နိုင်မှုက တန်းတူလောက်ရှိနေပါ တယ်။ ဝက်သက် ရောဂါပိုးကတော့ “ဒယ်လ်တာ” ထက်ပိုပြီး ကူးစက်မြန်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ပိုးကို ဖြစ်စေနိုင်တဲ့ SARS-Cov-2 ရဲ့ မျိုးနွယ်တွေက အများကြီးရှိသော်လည်း လူကို ကူးစက်စေနိုင်တဲ့ မျိုးနွယ်အနေနဲ့ ခုနစ်ခုပဲရှိပါတယ်။ အဆိုးဆုံးကတော့ သုံးခုရှိပါတယ်။

အဲဒါတွေကတော့ SARS၊ MERS နဲ့ အခု ကိုဗစ်-၁၉ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ က အဆိုးဆုံး ဖြစ်ပါတယ်။ ကျန်တဲ့ လူမှာဖြစ်တဲ့ လေးမျိုးကတော့ သာမန်အအေးမိ၊ ဖျားနာလောက်ဖြစ်ပြီး အကြီး အကျယ် ဒုက္ခမပေးနိုင်ပါဘူး။ ဒါဆိုရင် သူ့ရဲ့မျိုးနွယ်တွေကတော့ SARS တို့၊ MERS တို့ ဖြစ်တယ်ဆိုတာ ပြောလိုခြင်းဖြစ်ပြီး ပေါ့ဆလို့ မရဘူးဆိုတာကို သိစေချင်ပါတယ်။

ကိုဗစ်-၁၉ ကို စစ်ဆေးတဲ့အခါ RT PCR နည်းပညာမှာ CT value ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ဖြတ်ပြီး ပိုး ရှိတယ်၊ မရှိဘူးဆုံးဖြတ်တာ ဖြစ်ပါတယ်။ CT value နိမ့်လေလေ ပိုးကောင်ရေ များလေလေ ဖြစ်ပါတယ်။ CT value များလေလေ ပိုးကောင်ရေ နိမ့်လေလေဖြစ်ပါတယ်။ “ဒယ်လ်တာ” ပိုးမျိုးဗီဇမှာ CT value က အတော့်ကို နိမ့်ပါတယ်။

လေ့လာတွေ့ရှိချက် အိန္ဒိယမှာ ကာကွယ်ဆေးထိုးပြီးနောက် ပြန်ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းအချို့ကို ပြုလုပ် ထားတဲ့ သုတေသနအရ “ဒယ်လ်တာ”ကြောင့် ရောဂါကူးစက်ခံရတယ်ဆိုရင် CT value နိမ့်တယ် ဆိုတာကို တွေ့ရပါတယ်။ ဘယ်လောက်အထိ ကွာသလဲဆိုရင် ၂ ဒသမ ၅ နည်းပါတယ်။ “ဒယ်လ်တာ ကြောင့်ဆိုရင် CT value က ၁၆ ဒသမ ၅ ရှိပေမယ့် “ဒယ်လ်တာ မဟုတ်သူတွေမှာ CT value က ၁၉ ရှိတယ်ဆိုတာကို သိစေချင်ပါတယ်။

နောက်တစ်ခုက “ဒယ်လ်တာ”ပိုးကူးစက်ပြီဆိုရင် CT value နိမ့်ခြင်း၊ ပိုးကောင်ရေများခြင်းက ၁၈ ရက်ကြာ တယ်၊ နဂိုမူလပိုးဆိုရင် ၁၃ ရက်ကြာတယ် ဆိုတာကိုတွေ့ရပါတယ်။ ရောဂါပိုးကူးစက်ခံရတယ်၊ ပြန်ဖြစ်တယ် အဲဒါကို Reinfection လို့ခေါ်ပါတယ်။ Reinfection ကလည်း “ဒယ်လ်တာ ကြောင့်ဆိုရင် ၁ ဒသမ ၄၆ ဆ များပါတယ်။ လွယ်လွယ်ပြောရ မယ်ဆိုရင် တစ်ဆခွဲများပါတယ်။ Reinfection က ယခင်က ပိုးကူးစက်ခံရ သူက ပြန်ပြီး ကူးစက်ခံရ တာကိုဆိုလိုတာဖြစ်ပါတယ်။ဒါဟာခြောက်လကြာ ပြီးနောက် ပြုလုပ်တဲ့ လေ့လာ တွေ့ရှိချက်ဖြစ်ပါတယ်။ ပြောချင်တာက ခြောက်လအတွင်းဆိုရင် Reinfection လို့ခေါ်တဲ့ ရောဂါပိုးကူးစက်ခံ ရသူတွေမှာလည်း ပြန်ဖြစ်တာ များတယ်ဆိုတာကို သိစေချင် ပါတယ်။

နောက်တစ်ခုက ကာကွယ်ဆေးထိုးထားတဲ့သူ တွေမှာရော ဆေးမထိုးထားတဲ့သူတွေလို “ဒယ်လ်တာ ́မျိုးဗီဇပိုး ကူးစက်ခံရနိုင်သလားဆိုရင် ကူးစက်နိုင်ခြေရှိတယ်ဆိုတဲ့ သုတေသန တွေ့ရှိချက် တွေရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကူးစက်နိုင်မှုက အချိန်ကာလတိုတယ်၊ ကူးစက်နိုင်မှုကလည်း နည်းတယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်။ CDC ကလည်း ပြောထားတာရှိပါတယ်။ “ဒယ်လ်တာ” ပိုးကူးစက်ခံရသူတွေက နှာခေါင်းနဲ့ လည်ချောင်းမှာ ပိုးအရေအတွက် အများကြီးရှိတယ်။ “ဒယ်လ်တာ” ကူးစက်ခံရသူက အခြားသူထက် ပိုးကို အဆတစ်ထောင် ပိုပြီးသယ်ဆောင်နိုင်တယ်ဆိုတဲ့ အထောက်အထား၊ သုတေသနတွေလည်းရှိပါတယ်။

ထုတ်ပြန်ချက်အသစ်

ကာကွယ်ဆေးထိုးထားတဲ့အတွက်နှာခေါင်းနဲ့ လည်ချောင်းမှာ ရောဂါပိုးရောက်နေပြီဆိုပြီး ခန္ဓာကိုယ်က အချက်ပေးလိုက်တဲ့အခါ နှာခေါင်းနဲ့ လည်ချောင်းမှာရှိနေပြီးသား ကိုယ်ခံစွမ်းအား စစ်သည်တွေက ရောဂါပိုး တွေကို လာပြီးတိုက်ခိုက်ပါတယ်။ အစပိုင်း နှစ်ရက်လောက်မှာတော့ သူတို့အနေနဲ့ လုံလောက်အောင် တိုက်ခိုက်နိုင်စွမ်းမရှိဘူး။ သို့သော် နောက်ပိုင်းမှာ ခန္ဓာကိုယ်က ကိုယ်ခံ စွမ်းအားတွေက စုပေါင်းပြီး တိုက်တဲ့ အခါ အဆုတ်ကို ရောက်ရှိဒုက္ခပေးနိုင်တဲ့၊ ဝေဒနာခံစားရတဲ့ အထိဖြစ်နိုင်တဲ့အခြေအနေကို မရောက်တော့ဘဲ သာမန်နှာစေး၊ ချောင်းဆိုး၊ ဖျားတာလောက်နဲ့ပဲ ပြီးသွားပါတယ်။ အစောပိုင်းကာလ နှစ်ရက်မှာသူက သူများကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် CDC ရဲ့ လမ်းညွှန်ချက်အသစ်က ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးရင် တောင်မှ ရက်အနည်းငယ်သူများကို ကူးစက်နိုင်စွမ်းရှိတဲ့အတွက် လူအများနဲ့ တွေ့ဆုံတဲ့အခါ ပါးစပ်နှာခေါင်း စည်း (Mask) ကို ပြန်တပ်ဖို့ ထုတ်ပြန်ချက်အသစ်လည်း ရှိပါတယ်။

တချို့တွေကတော့ ပိုးကောင်ရေအနေနဲ့ ဒယ်လ်တာသည် ၁၀ ဆများတယ်လို့ ပြောကြတာ ရှိပါတယ်။ ဒယ်လ်တာမျိုးဗီဇက ရောဂါကို ပြင်းထန်ဆိုးရွားစွာ ဖြစ်စေနိုင်ပါတယ်။ ကနေဒါမှာ ပြုလုပ်တဲ့ သုတေသနအရ ဆိုရင် ဆေးရုံတက်ရောက် ရမှုက ၂ ဒသမ ၂ ဆများပါတယ်။ အထူးကြပ်မတ် ကုသဆောင်ထဲရောက်ရမှုက ၃ ဒသမ ၈၇ ဆ များပါတယ်။ ဒါဆိုရင် ဆေးရုံတက်ရောက်ရမှု နှစ်ဆကျော်၊ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲရောက်ရမှုက လေးဆနီးနီး များတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ သေဆုံးမှုက ၂ ဒသမ ၃၇ ဆိုတော့ နှစ်ဆခွဲလောက် သေဆုံးနိုင်ပါတယ်။ ဒါဆိုရင် ဒယ်လ်တာမျိုးဗီဇက လုံးဝပေါ့ဆလို့မရ ဘူးဆိုတဲ့အနေအထား ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနအရ ဆိုရင် သူက အောက်ဆီဂျင်လိုအပ်မှု၊ ICU ရောက်ရှိမှု၊ သေဆုံးမှု တွေကို ၄ ဒသမ ၉ ဆ၊ ငါးဆနီးနီး ပိုများ စေတယ်လို့ ပြောပါတယ်။ ဒယ်လ်တာမျိုးဗီဇက အဆုတ်ရောင် နမိုးနီးယားဖြစ်ပွားမှုကိုလည်း ၁ ဒသမ ၈၈ ဆ (နှစ်ဆနီးပါး) ပိုများတယ်လို့ အဓိပ္ပာယ်ရပါ တယ်။

စကော့တလန်မှာပြုလုပ်တဲ့ သုတေသနအရ ဆေးရုံတက်ရောက်ရမှုကို ၁ ဒသမ၈၅ ဆ (နှစ်ဆ နီးနီး) များတယ် ဆိုတာ တွေ့ရှိရပါတယ်။ ဒယ်လ်တာ မျိုးဗီဇသည် ကူးစက်မှုအနေနဲ့ ကာကွယ်ဆေး ထိုးထားသူမှာလည်း ကူးစက်မှု မြန်စေတယ်၊ ကာကွယ်ဆေးမထိုးထားသူမှာ ကူးစက်ခံရပြီဆိုရင် ရောဂါပြင်းထန်မှု၊ သေဆုံးမှုတွေ များနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကိုပြောလိုခြင်း ဖြစ်ပါတယ်။

ပြည်သူတွေကို သိစေချင်တာက ဒယ်လ်တာ မျိုးဗီဇသည် အလွန်ကူးစက်မြန်ပါတယ်။ Lancet မှာပြုလုပ်တဲ့ သုတေသနအရဆိုရင် လူငါးယောက် က ရှစ်ယောက် ကူးစက်နိုင်တယ်ဆိုတော့ သူ့ရဲ့ ကူးစက်နိုင်မှုသည် အလွန်မြန်ပါတယ်။ နဂိုမူရင်း ပိုးထက် နှစ်ဆကျော်ကူးစက်မှု မြန်ပါတယ်။ ဒါဆိုရင် ကူးစက်မှုကလည်း အလွန်မြန်တယ်၊ ပိုပြီးပြင်းထန်စွာ ဖြစ်စေနိုင်တယ်၊ ဆေးထိုးပြီးရင်တောင် Breakthrough Infection လို့ခေါ်တဲ့ ပြန်ပြီးရောဂါဖြစ်နိုင်စွမ်းကလည်း အနည်းငယ်ရှိတယ်ဆိုတော့ ပေါ့ဆလို့မရပါဘူး။

ကာကွယ်ဆေးထိုးနှံသင့် သို့သော် ကာကွယ်ဆေးတွေက ရောဂါ ပြင်းထန်စွာဖြစ်ပွားမှုက ၉၀ ရာခိုင်နှုန်း အထက် ကာကွယ်နိုင်တာဖြစ်တဲ့အတွက် ကာကွယ်ဆေး ထိုးနှံသင့်တယ်ဆိုတာကို သိစေချင်ပါတယ်။ Mask ပါးစပ်နှနှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ လူအုပ်စုရှောင်တာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေတာ၊ ချောင်းဆိုး နှာချေရင် အုပ်ဆိုးတာ၊ လေကောင်းလေသန့်ရတဲ့ နေရာတွေမှာနေတာ ဒါတွေက ကာကွယ်ဆေးနဲ့ အလားတူအရေးပါတယ် ဆိုတာကို ပြောကြားလိုပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးထားတယ်ဆိုပြီး ပေါ့ဆလို့မရပါ ဘူး။ သေချာတာကတော့ ဒီရောဂါကြောင့် သေဆုံးဖို့ ရာခိုင်နှုန်းနည်း သွားတာက အသေအချာပါပဲ။ သို့သော် နောက်ခံရောဂါရှိသူ၊ အသက်ကြီးသူတွေ မှာတော့ ဂရုစိုက်ရမယ့် အနေအထား ဖြစ်ပါတယ်။

ဒါကြောင့် ကာကွယ်ဆေးထိုးနှံဖို့ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြည်သူလူထုကို သိစေချင် ပါတယ်။ ကာကွယ်ဆေးထိုးနှံခွင့်ရသူတွေ အနေနဲ့ မိမိအတွက် ဆုလာဘ်ကြီးလို့ ယူဆပြီး အမြန်ဆုံး ထိုးနှံပါ။ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အလိုက် ကာကွယ်ဆေးထိုးနှံဖို့ အခွင့်အရေးရှိသူ တွေကို အကြောင်း ကြားပေးမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကူးစက်မှုမရှိစေဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နည်းလမ်းတွေအတိုင်း ထိုးနှံပေးမှာ ဖြစ်ပါတယ်။

ဆန္ဒတွေသိပ်မစောကြပါနဲ့။ တစ်မြို့နယ်ချင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကာကွယ်ဆေး ထိုးနှံခွင့်ရရှိ သူတွေ မကျန်ရအောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးက လက်ရှိမှာ သုံးသန်း ရှိပါတယ်။ လူသုံးသန်း ကိုထိုးနှံပေးမှာ ဖြစ်တဲ့အတွက် ထိုးနှံခွင့်မရမှာကို စိုးရိမ်စရာမလိုပါဘူး။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ အရေးပေါ် အသုံးပြုခွင့်ရတဲ့ ကာကွယ်ဆေးတွေကို ပြည်သူ လူထုကို ထိုးနှံပေးတာဖြစ်တဲ့ အတွက် စိတ်ချ ယုံကြည်စွာနဲ့ ထိုးနှံပါ။ ဒီလိုထိုးနှံခြင်းအားဖြင့် အသက်ကြီးတဲ့သူတွေ၊ ရောဂါနောက်ခံရှိနေသူ တွေကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်ပါ တယ်ဆိုတာ ပြည်သူလူထုကို သိစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ထက်လျှံ