ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ထိုအရာကိုသာ လက်ဆင့်ကမ်းပါ
အလတ်ကောင်တွေရဲ့ ထူးခြားချက်
ရှက်စရာကောင်းသည့် ကိုယ်ရေးကိုယ်တာ အကြောင်းရပ် ကိစ္စတစ်ခုကို ပြောပြပါရစေ။ ကျွန်တော်တို့ မိသားစုမှာ သမီးသုံးယောက်ပါဝင်ပြီး ပြဿနာတစ်ခုကရှိနေသည်။ လူတိုင်းသိရှိသလိုပင် အလတ်ကောင်များသည် ထူးထူးခြားခြား ဖြစ်နေတတ်ကြပြီး ပြဿနာဖြစ်အောင်ဖန်တီးသည့် ကလေးများလည်း ဖြစ်နေတတ်သည်။ ကျွန်တော်တို့၏ မိတ်ဆွေများနှင့် ဆွေမျိုးများအားလုံးက အလတ်ကောင်များသည် သူများနှင့်မတူကြောင်း ပြောပြထားကြသဖြင့် ပြဿနာဖြစ်တော့မည့် အကြောင်းကို ကျွန်တော်တို့ကြိုပြီး သိနေသည်။
ဤသို့ထူးခြားမှုဖြစ်ရခြင်းမှာ အကြီးဆုံးကလေးတစ်ယောက် ကဲ့သို့ လုံခြုံစိတ်ချရမှုနှင့် လွတ်လပ်မှုမျိုးကို မရရှိခြင်း၊ အငယ်ဆုံး ကလေးတစ်ယောက်ကဲ့သို့ ကြင်နာမှု၊ ဂရုစိုက်ခံရမှုမျိုးကို မရရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ယူဆတတ်ကြသည်။ တကယ်တော့ ခင်ဗျား ယုံကြည်နေသည်နှင့် ဆန့်ကျင်ပြီး ကလေးများက ပူးပေါင်းပါဝင်လိုကြပါသည်။ မိဘများက အလတ်ကောင်များသည် ထူးခြားသည်ဟု ထင်ကာ ထူးခြားစွာပါဝင်ဆောင်ရွက်စေခဲ့ခြင်းဖြင့်သာ ထူးခြားသည့် ပုဂ္ဂိုလ်များ ဖြစ်လာကြရသည်။ သို့သော်မည်သူကမျှ ထိုထူးခြားချက်မှာ အကောင်းလား၊ အဆိုးလားဆိုသည်ကို ထုတ်ဖော်ပြောဆိုလေ့မရှိကြ။ ကလေးများကို ဆက်ဆံပုံအပေါ်တွင် မူတည်ပြီးလျှင် ထူးထူးခြားခြား ကောင်းမွန်ခြင်း၊ ထူးထူးခြားခြားဆိုးခြင်းဖြစ်စေနိုင်သည်ကို မည်သူကမျှ မပြောဘဲရှိနေကြသည်။
ကျွန်တော်၏ သမီးအလတ်ကို သမားရိုးကျအတိုင်း ဆက်ဆံခဲ့သော်လည်း တစ်ခါမှတ်ချက် ပေးလိုက်လျှင် အကြိမ်ပေါင်းများစွာ ဝေဖန်ထားသည့် မှတ်ချက်မျိုးကို ပေးမိပုံရသည်။ “သမီးလတ် စူဇန်တို့၊ ဂျူလီတို့လို ဘာဖြစ်လို့မနေရတာလဲ၊ ဘာဖြစ်လို့ ခွဲခြားခွဲခြားနေရ တာလဲ၊ ဒီထက်ပိုပြီးတော့ ပျော်ပျော်မနေတတ်ရတာလဲ”ဟု ပြောမိလေ့ရှိသည်။ သူက ကျွန်တော်ညွှန်ပြသည့်အတိုင်းပင် တတ်နိုင် သလောက် လိုက်နာဆောင်ရွက်နေတာပဲဟု ပြန်ပြောလေ့ရှိသည်။ အစပိုင်းက သူ့အနေဖြင့် သူများထက်ပိုပြီး ထူးခြားနေခဲ့သည် မဟုတ်ပါ။ ကျွန်တော်တို့ကသာ သူမကိုထူးခြားအောင် လုပ်နေကြခြင်း ဖြစ်ပါသည်။ နောက်ဆုံး၌ မိသားစုအနေဖြင့် သမ္မာကျမ်းစာမှ “ကိုယ်စိုက်ပျိုးခဲ့တာ ကိုယ်သာကိုယ်ရိတ်သိမ်းရမည်” ဆိုသည့်သင်ကြား ပို့ချချက်ကို ကောင်းကောင်းနားလည် သဘောပေါက် သွားခဲ့သည်။ ဆိုးသောညွှန်ကြားချက်များကို စိုက်ပျိုးခဲ့ပါက ကောင်းသည့် ကလေး တစ်ယောက် ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်ခြင်း မရှိကြောင်း ကို သဘောပေါက်နားလည်လာသည်။ ပဲများ၊ အာလူးများကို စိုက်ပျိုးသလိုပင် ကလေးငယ်တစ်ယောက်ကိုလည်း စိုက်ပျိုး၍ ရကြောင်းကို နားလည်လာသည်။
ထိုသို့နားလည်လာသည့်အခါတွင် ကျွန်တော်တို့က နည်းလမ်း နှင့်ပတ်သက်၍ အပြောင်းအလဲများကို လုပ်ဆောင်လာရသည်။ ကျွန်တော်တို့၏အိမ်သို့ ဧည့်သည်တစ်ယောက် ရောက်လာသည့်အခါ ကျွန်တော်နှင့် ဇနီးသည်က ဆင်ဒီကိုတစ်မျိုး မိတ်ဆက်ပေးကြသည်။ “ဒါက သမီးလတ်ဆင်ဒီပေါ့။ သူကပျော်တတ်တော့ သူ့ကို လူတိုင်းက ချစ်ကြတယ်။ သူကတစ်ချိန်လုံး ရယ်နေပြုံးနေတတ်တာ”ဟု ပြောပြ သည်။ ထို့နောက် “ကဲ သမီးရယ်။ သမီးရဲ့ နာမည် ဒီလူကြီးတွေကို ပြောပြလိုက်ပါဦး”။ သူမက သွားနှစ်ချောင်းကျိုးနေသောအပြုံးဖြင့် “ကျွန်မက တက်ခဲမိုးလ်”ဟု ဖြေလိုက်သည်။ ဤနာမည်သည် မိန်းမလှ လေးတစ်ယောက်အတွက် မည်မျှကောင်းသောနာမည်ဖြစ်ပါ သနည်း။ ထို့နောက် ကျွန်တော်တို့က “ဒီကလေးက အမြဲတမ်း ပြုံးနေရယ်နေတဲ့ကလေးလေးပေါ့။ သူကအမြဲတမ်းလည်း ပျော်နေတတ်တယ်။ မိတ်ဆွေလည်း ဖြစ်လွယ်တယ်၊ ပေါင်းသင်းရလည်း ကောင်းတယ်၊ ဟုတ်တယ်မဟုတ်လားသမီး”ဟု ပြောလိုက်သည်။ ခင်ဗျား၏ ကလေးနှင့်ပတ်သက်၍ ဖြည့်စွမ်းပေး နိုင်သည့် အသုံးအဝင်ဆုံး အရေးကြီးဆုံး အရည်အချင်းတစ်ခုမှာ မိဘများ၏ သြဇာအာဏာကို လေးစားမှုရှိခြင်းနှင့် လိမ္မာယဉ်ကျေးမှုရှိခြင်းပင် ဖြစ်သည်။ သူတို့မှာ သူငယ်ချင်းတစ်ယောက်၊ မိတ်ဆွေတစ်ယောက်ရှိနေတာထက် လေးစားစရာ မိဘတစ်ယောက်ရှိနေသည်ဟု သိထားရခြင်းက သူတို့အနေဖြင့် ပို၍လုံခြုံမှုကိုရရှိစေသည်။
ဤလုပ်ထုံးလုပ်နည်းအတိုင်း တစ်လလောက်လုပ်ကြည့်သည့်အခါ မိဘများ၏ စိတ်နှလုံးကို သိမ်းကျုံးဆွဲငင်ယူနိုင်သည့် ပျော်ရွှင်စရာကောင်းသော အတွေ့အကြုံတစ်ခုကို ရရှိလာသည်။ တစ်ယောက်ယောက်က အိမ်လာလည်သည့်အခါတွင် ဆင်ဒီကို လှမ်းခေါ်လိုက်ပြီး “ဒါ လူတိုင်းကချစ်တဲ့ ကျွန်တော်တို့ရဲ့ သမီးလေး ဆင်ဒီပေါ့။ သမီးရေ သမီးနာမည်ကို ပြောပြပါဦး”ဟုပြောလိုက်လျှင် သူက ကျွန်တော့် ကုတ်အင်္ကျီလက်ကိုဆွဲပြီး “အဖေ၊ ကျွန်မ နာမည်ပြောင်းလိုက်ပြီ” ဟုပြောလိုက်သည်။ “ဟဲ့ ဘယ်လိုပြောင်းလိုက်တာလဲ” ဟု အံ့အားသင့်စွာဖြင့် မေးလိုက်သည့်အခါ သူက ခါတိုင်းထက် ပိုရယ်မောလိုက်ပြီးနောက် “ကျွန်မဟာ ပျော်ပျော်နေတတ်တဲ့ တက်ခဲမိုးလ်ပါ” ဟု ပြောလိုက်သည်။ အိမ်နီးချင်းများက ဆင်ဒီဘာဖြစ်သွားသည်ကို သိချင်ကြသည်။ ဆင်ဒီနှင့်ပတ်သက်၍ တစ်ခုခုဖြစ်သွားခဲ့တာ မှန်ပါသည်။ သို့သော် ကျွန်တော်တို့မှာ ပေးစရာရှိသည့် အကောင်းဆုံးအရာများနှင့် ထိုက်တန်သော သမီးငယ်တစ်ယောက်အဖြစ် မြင်လာသည့် အချိန်ကျမှ သာလျှင် ဤသို့ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ သူ့ကို မြင်ပုံမြင်နည်းပြောင်း လိုက်ပြီးလျှင် ပျော်ပျော်ရွှင်ရွှင်နေတတ်သည့် သူတစ်ယောက်အဖြစ် ဆက်ဆံကြည့်သည့်အခါတွင် ထိုကလေးငယ်မျိုး ဖြစ်လာခဲ့သည်။ ခင်ဗျားအနေဖြင့် မိမိမြင်တွေ့ရသည့်အတိုင်း လူအများကို ဆက်ဆံလေ့ရှိသဖြင့် အခြားသူများကို မှန်မှန်ကန်ကန် ရှုမြင်တတ်ရန်မှာ အလွန်ပင်အရေးကြီးပါသည်။ ကလေးမငယ်သုံးဦး နှစ်အတန်ကြာက ဂျော်ဂျီယာပြည်နယ်ရှိ ဂျော့တောင်း၌ ကျွန်တော်တို့ နေထိုင်ခဲ့သည်။ တစ်နေ့၌ အာမခံလုပ်ငန်းမှ အသိ မိတ်ဆွေတစ်ဦးက အိမ်လာလည်သည်။ သူ၏ သုံးနှစ်၊ ငါးနှစ်နှင့် ခုနစ်နှစ် အရွယ်ရှိ သမီးငယ်သုံးဦးကိုလည်း ခေါ်လာခဲ့သည်။ သူတို့ကို လှလှပပ ဝတ်ဆင်ပေးထားသဖြင့် ကြည့်ရသည်မှာ ကော်ပတ်အရုပ်လေးတွေ နှင့်ပင်တူနေသည်။ သူမိတ်ဆက်ပေးလာပုံကိုလည်း ကြည့်ပါဦး။ “ဒီတစ်ယောက်က ကောင်းကောင်းမစားတတ်တဲ့တစ်ယောက်၊ ဒီတစ်ယောက်ကတော့ သူ့အမေကို ဂရုမစိုက်တဲ့တစ်ယောက်၊ ဟောဒီတစ်ယောက်က တစ်ချိန်လုံးငိုနေတတ်တဲ့တစ်ယောက်”ဟု မိတ်ဆက်ပေးလိုက်သည်။
ထိုကလေးငယ်များအပေါ်တွင် ဖခင်ဖြစ်သူက မည်မျှချစ်ခင် မည်ဆိုသည်ကိုမူ မေးမြန်းစရာမလိုပါ။ ကလေးများနှင့် ဖက်လဲတကင်း နေထိုင်သည့်အခါများ၌သူ၏မျက်လုံးနှင့် မျက်နှာပေါ်၌ မေတ္တာရိပ်ကို တွေ့မြင်နေရသည်။ ကံဆိုးသည်မှာ သူက မျှော်လင့်တက်လှမ်းစရာ အခြေအနေတစ်ခုကို ဖန်တီးမပေးဘဲနှင့် နှိမ့်ချစရာအခြေအနေမျိုးကို သာလျှင် ပြုလုပ်ပေးနေသည်။ သူက ကလေးငယ်တို့ကို သူမြင်သည့် အတိုင်းပင် ဆက်ဆံခဲ့သည်။ တစ်ယောက်စီ၊ တစ်ယောက်စီအပေါ်တွင် အဆိုးအမြင်တွေကိုသာ ပေးနေသည်။ မစားတတ်သည့် ကလေးတစ် ယောက်၊ အမေစကား နားမထောင်သည့် ကလေးတစ်ယောက်နှင့် တစ်ချိန်လုံးငိုနေသည့် ကလေးတစ်ယောက်ဟု သူက ဖြစ်လာအောင် ဖန်တီးပေးနေသည်။ ဘာကြောင့် ထိုသို့ဖြစ်နေသည်ကိုမူ သူသိမည် မဟုတ်ပေ။ ကျွန်တော်တို့စိုက်ပျိုးခဲ့သည့် အရာကိုသာ ကျွန်တော်တို့ ရိတ်သိမ်းနေရခြင်းဖြစ်သည်။ အခြားသူများက လာပြီး ကျွန်တော်တို့ စိတ်ထဲ၌ရှိသော စိုက်ပျိုးထားသည့်အရာများကို ရိတ်သိမ်းနေရခြင်းမှာ မကောင်းဟုမြင်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ကလေးငယ်များ ပေါ်တွင် မှန်မှန်ကန်ကန် ရှုမြင်တတ်ရန် အတွက် ပိုအရေးကြီးပါသည်။ ကျွန်တော်တို့က သူတို့အပေါ် မြင်ပုံမြင်နည်းကို သူတို့စိတ်ထဲမှာ စွဲမြဲ နေအောင် စိုက်ပျိုးပေးနိုင်ရမည်။ ထိုသို့ စိုက်ပျိုးပေးလိုက်သည့် အရာမှသာလျှင် သူတို့ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
လင်ဒါအိုက်ဆက်၏မိသားစုများ၊ မိတ်ဆွေများနှင့် ဆရာများ ကသူ့ကို စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ချို့တဲ့သည့် လူပုလေးတစ်ယောက် အဖြစ် မြင်သကဲ့သို့ ဆက်ဆံခဲ့သည်။ တက္ကဆက်ပြည်နယ်ရှိ အီတလီ အထူးပညာသင်ကျောင်းမှ ဆရာမများက သူစာတတ်မြောက်လိမ့် မည်ဟုမထင်သဖြင့် များများသင်ပေးရန် မကြိုးစားဘဲ တစ်တန်းပြီး တစ်တန်းလွယ်လွယ်ကူကူဖြင့်သာ အအောင်ပေးလိုက် သည်။ ဤနည်း အားဖြင့် လေးပေခန့်အရပ်အမြင့်ရှိပြီး ပေါင်၈၀သာလေးသည့် ကလေးတစ်ယောက် သည် အထက်တန်းကျောင်းတွင် ပထမတန်း ကျောင်းသားအရွယ်လောက်သာရှိသည့်သူ ဖြစ်နေသည်။ ဤအခြေ အနေ၌ ဘဝအတွက် ရွေးချယ်စရာလမ်းနှစ်ခု ရှိသည်။ သိမ်သိမ် ငယ်ငယ်နေမလား သို့မဟုတ် မထင်မရှားနေမလား သူ၏ မိခင်က စက်မှုလုပ်ငန်းစုများတွင်ရှိရာ တက္ကဆက်ပြည်နယ်ပြန်လည်နာလန် ထူရေးကော်မရှင် ကာရိုးကလက်ကို ဆက်သွယ်ခဲ့သည်။ ထို ဆက်သွယ်မှု၏ရလဒ်အဖြစ် ကာရိုး ကလက်သို့ ရွှေ့ပြောင်းပြီး မိခင်၏ ညီမဖြစ်သူနှင့် အတူနေခဲ့ရသည်။ သုံးပတ်ကြာသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အကဲဖြတ်ရေးအစီအစဉ်တစ်ခုကို တက်ရောက်ရသည်။ အပင်တစ်မျိုးစီ၊ တစ်မျိုးစီကိုသူ၏စိတ်ထဲ၌ စိုက်ပျိုးပေးသည့် ညှိနှိုင်းပြုပြင်ရေး အစီအစဉ်တွင် နေရာချထားခဲ့သည်။ ရလဒ်အဖြစ် ထိုအစီအစဉ်၌ ထူးချွန်သူတစ်ယောက်ဖြစ်လာခဲ့ပြီး စက်မှုလုပ်ငန်းများ ဆိုင်ရာ စာချုပ်ဗဟိုဌာနသို့ပို့ဆောင်ခြင်းခံရသည်။ ယနေ့ဆိုလျှင် သူသည် တယ်လီဖုန်းသတင်းများကို လက်ခံရသည်။ အချိန်ဇယား များ ထိန်းသိမ်းသည်။ တစ်နေ့တာတိုးတက်မှုများကို လေ့လာစောင့် ကြည့်သည်။ ဤဆက်ဆံမှုအသစ်ကြောင့် သူ့ကိုယ်သူ ယုံကြည်မှု တိုးပွားလာသည်နှင့်အမျှ သူ၏ကိုယ်ရည်ကိုယ်သွေးများလည်းပြောင်းလဲလာခဲ့သည်။ အမေရိကန်နိုင်ငံရှိ လူပုလေးများအသင်းသို့ ဝင်ရောက်ပြီးနောက် အတွင်းရေးမှူးတစ်ယောက်လည်း ဖြစ်ချင် သည်။ သူ့ကို လူပုလေးဟုခေါ်သည့်အတွက် စိတ်ထိခိုက်ခြင်းမရှိဘဲ သူလုပ်နေသည့် အလုပ်ကိုလည်းကောင်း၊ သူကိုယ်တိုင်ကိုသော် လည်းကောင်း ကြိုက်နှစ်သက်ပြီး သူ၏ဘဝကိုလည်း မွေ့လျော် သည်။ လင်ဒါ၏ဇာတ်လမ်းမှာ ပျော်ပျော်ရွှင်ရွှင်ဖြင့် အဆုံးသတ်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ သို့သော် ခင်ဗျားအနေဖြင့် သူတို့ကို ညံ့သည်ဟု အကဲဖြတ်ဆက်ဆံခဲ့၍ အသေးအမွှားဖြစ်သွားခဲ့ရသည့် သူများ မည်မျှရှိကြောင်းကို ခင်ဗျားသိမည်မဟုတ်ပေ။
တက္ကသိုလ်၏ နောက်ပိုင်းအချိန်ကာလများတွင် ဟိတ်ကြီး ဟန်ကြီးနိုင်သည့်အချို့ ပါမောက္ခများက သူ့သင်တန်းသားများ၏ ရမှတ် ရာခိုင်နှုန်းသည် အမြဲတမ်းနိမ့်ကျနေပြီး မည်သူမျှ ထိပ်ဆုံးအမှတ်ကို မရရှိကြဟု ဂုဏ်ယူကြေညာလေ့ရှိသည်။ ထိုပါမောက္ခများအနေဖြင့် မိမိတို့၏ကျောင်းသားများအား ထိထိရောက်ရောက် သင်ကြားနိုင်စွမ်း မရှိသည်ကို ဖုံးကွယ်နေကြသည်။ ပညာရပ်အရ အဓိပ္ပာယ် မရှိသည့် ဟိတ်ကြီးဟန်ကြီးများကို မှားယွင်းလုပ်ဆောင်နေတတ်ကြသည်။ ကျွန်တော်၏ ကိုယ်ပိုင်အတွေးကို ပြောရလျှင် ကျောင်းသားများ ထိပ်ဆုံးအမှတ်ကို ရစေရန်အတွက်ဆိုလျှင် ပါမောက္ခတစ်ယောက် အနေဖြင့် ပို၍ကြိုးစားသင့်သည်။ သူသင်ကြားပေးသည့်စာကို ကျောင်း သားတိုင်းက တတ်မြောက်နေသည်ဟုပြောနိုင်ရန် ကြိုးစားသင့်သည်။ တစ်ခုပြောလိုသည်မှာ ကျွန်တော် ပြောသည့်စကားကို နားလည်မှု မလွဲပါနှင့်။ ကျောင်းသားများ အမှန်တကယ်ဖြစ်ပျက်နေသည်ကို ဂရုမစိုက်ဘဲ ကြွားဝါဖို့ပြောသည်မဟုတ်ပါ။ ထိုသို့ ဘာမျှအရည်အချင်း မရှိဘဲနှင့်ကြွားခြင်းသည် ပညာရပ်ဆိုင်ရာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတစ်ခုပင် ဖြစ်သည်။ ဆန်ဖရန်စစ္စကို၌ ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်အရ လူနည်းစုကျောင်းသားများအား သူတို့ဘယ် လောက်တော်ကြောင်းကို ပြောနေခဲ့သော်လည်း တကယ့်တကယ် ညံ့ဖျင်းနေသည့်အခါတွင် ဘယ်လိုဖြစ်သွားသည်ကို ပြသခဲ့သည်။ ဤဖြစ်ရပ်မှာ အရက်စက်ဆုံးသော ဆက်ဆံမှုမျိုးပင်ဖြစ်သည်။
ထို့ကြောင့် အဖြေကိုမည်သို့ ရှာမည်နည်း။ ထိုမျှ ရှုပ်ထွေးသော ပညာရပ်ဆိုင်ရာပြဿနာများအတွက် တစ်ခုတည်းသော အဖြေကို ပေးနိုင်စွမ်း ကျွန်တော့်မှာရှိမနေပါ။ ကျွန်တော်သိတာကိုသာ ပြော ပြပါမည်။ ကလေးငယ်များ စွမ်းဆောင်ရည်ရှိလာအောင်၊ ပို၍ စိတ်ရှည် သည်းခံတတ်၊ ကြင်နာတတ်လာအောင်၊ သူတို့နှင့် ရေရှည်ဆက်ဆံနိုင်အောင် သူတို့ကိုဝေဖန်တာထက် အပြုသဘော သုံးသပ်မှုများ ပြုလုပ် ခြင်းဖြင့်သာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ထင်ပါသည်။ သို့သော် သူတို့ မကောင်းဘဲနှင့် ကောင်းပါသည်ဟု ပြောဆိုခြင်းများ၊ လိမ်ညာခြင်း များကို မပြုလုပ်ပါနှင့်။ ယခုထက်ပို၍ ကောင်းအောင်လုပ်နိုင်ကြောင်းကိုသာ အားပေးစကားပြောပါ။ သူတို့၏ဆောင်ရွက်ပုံများသည် စံချိန် စံညွှန်းများနှင့် မကိုက်ညီကြောင်း ပြောပြပါ။ သူတို့ကိုယ်သူတို့ရှုမြင်ပုံ ပြောင်းသည့်အခါတွင် သူတို့၏ အစွမ်းအစများသည်လည်း ပြောင်းလဲ လာပါလိမ့်မည်။ ။
၂၇ နှစ်ခန့်လုပ်သက်ရှိ ပညာသင်ကြားမှုအတွေ့အကြုံအရ လူတစ်ယောက်စီ၊ တစ်ယောက်စီထံမှ အမြင့်မားဆုံးသော စွမ်းဆောင် မှုကိုရရှိရန်အတွက် ဤနည်းသည် အကောင်းဆုံးသော နည်းလမ်း ဖြစ်လိမ့်မည်ဟု ထင်ပါသည်။ တိုတိုပြောရလျှင် သူတို့ကို မျှော်လင့် စရာတစ်ခုခု ပေးထားပါ။ သူတို့လုပ်နိုင်သည်ဟု ယုံကြည်ပါစေ။ ထိုအခါ သူတို့ဆောင်ရွက်နိုင်ပါလိမ့်မည်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မောင်ညို (ဘောဂဗေဒ)၏ “ထိပ်ဆုံးမှာတွေ့ကြမယ်” စာအုပ်မှ “ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ထိုအရာကိုသာ လက်ဆင့်ကမ်းပါ” ဆောင်းပါးကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
စာတည်း
ခင်မောင်ညို(ဘောဂဗေဒ)