Skip to main content

ဆေးလိပ်သောက်သုံးမှုနှင့် ကိုဗစ်-၁၉ အန္တရာယ်

 

ဆေးရွက်ပင်ရာဇ၀င်

ဆေးရွက်ကို တောင်အမေရိကတိုက်တွင် ဘီစီ ၆၀၀၀ ခန့်က စတင်စိုက်ပျိုးပြီး၊ ဆေးရွက်အသုံးပြုခြင်းကို ဘီစီ ၅၀၀၀ ခန့်တွင် စသုံးလာကြသည်။ ဥရောပတိုက်တွင် ခရစ္စတိုဖာကိုလံဘတ်စ်က တောင်အမေရိကတိုက် နှင့် ဆေးရွက်ပင်တို့ကို အေဒီ ၁၅ ရာစုတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဦးစွာပထမ ဆေးရွက်ပင်စိုက်ပျိုးခြင်းကို အေဒီ ၁၅၃၁ တွင် စတင်စိုက်ပျိုးခဲ့သည်။ ကမ္ဘာပေါ် တွင် ပထမဦးဆုံး ဆေးလိပ်သောက်သူမှာ ပြင်သစ်နိုင်ငံသား Jean Nicot ဖြစ်ပြီး၊ ထိုကာလမှာ အေဒီ ၁၅၆၀ ခုနှစ်ဖြစ်ကြောင်း သိရသည်။ သူ့အမည်ကို အစွဲပြု၍ ဆေးလိပ်ငွေ့ထဲတွင် လူကိုစွဲလန်းစေတတ်သော Adict (ခေါ်) ပါ၀င်ဓာတ်ပစ္စည်းတစ်မျိုးကို “Nicotine” ဟု အမည်ပေးခဲ့ကြသည်။

ဆေးလိပ်၏ဆိုးကျိုးများ

ဆေးလိပ်ငွေ့ထဲတွင် ဆေးလိပ်ကိုစွဲလမ်းစေနိုင်သော Nicotine အပြင် အခြားဓာတ်ပစ္စည်း ၇၀၀၀ ခန့်ပါရှိသည်။ ထိုပါ၀င်ဓာတ်ပစ္စည်းအချို့က အသက်ရှုလမ်းကြောင်း (လေပြွန် ချောင်းများ)၊ Cilia (ခေါ်) အသက်ရှုလမ်းကြောင်းတစ်လျှောက် မလိုလားအပ်သည်များကို ရှင်းလင်းဖယ်ရှားပေးသည့် အ မွေးအမှင်များ၊ Alveoli (ခေါ်) လေကို ခေတ္တသိုလှောင်ပေးသည့် လေအိတ် ငယ်လေးများ၊ အဆုတ်ထဲရှိ Macrophage သွေးဥများကို ပျက်စီးစေခြင်း၊ ၄င်းတို့ ၏လုပ်ငန်းကို ဟန့်တားနှောက်ယှက်ခြင်းတို့ကြောင့် အဆုတ်တွင်းရောဂါပိုး၀င်ခြင်း၊ တီဘီ ရောဂါအပါအ၀င် ပန်းနာရင်ကျပ်ဖြစ်စေခြင်း၊ နာတာရှည် လေပြွန် ချောင်း ရောင်ခြင်း၊ အဆုတ်လေအိတ်လေးများ ပျက်စီးပြီး အဆုတ်ပွဖောင်းလာခြင်းကြောင့် နာတာရှည် အသက်ရှုလမ်းကြောင်း ပိတ်/ကျဉ်း ရောဂါ ဖြစ်ခြင်း နှင့် (၆၉)မျိုးသော ဓာတ်ပစ္စည်းများကြောင့် အဆုတ်ကင်ဆာအပါအ၀င် ကင်ဆာရောဂါများဖြစ်ခြင်း စသည့်ဆိုးကျိုးတွေ ပေးနိုင်သည်။

အီးစီးကရက်၏ ဘေးထွက်ဆိုးကျိုးများ

ဆေးလိပ်ဖြတ်ချင်သူများ၊ ဆေးရွက်ကြီးနှင့်ဖန်တီးထားသော ဆေးလိပ်မသောက်ချင်သူများကို ရည်ရွယ်ကာ အီးစီးကရက် (E-cigarette) သည် ၂၀၀၀ ပြည့်နှစ်၀န်းကျင်ကစ၍ စျေးကွက်အတွင်း နေရာယူခဲ့သည်။ ၄င်းစီးကရက်ကို တခြားနိုင်ငံများတွင် Vaporizer ဟုလူသိများသည်။ ဘက်ထရီအား ကိုသုံးပြီး နီကိုတင်း၊ အမွှေးရနံ့နှင့် ပါ၀င်ဆေးရည်တွေကို အငွေ့(ဆေးလိပ်မီး ခိုး)အဖြစ် ရှုရှိုက်ခြင်းဖြစ်သည်။ ဦးနှောက်အတွင်း စွဲလမ်းမှုဟော်မုန်း Dopamine ကို အီးစီးကရက်က ထုတ်လွှတ်ပေးပြီး စွဲလမ်းသော ခံစားမှုဖြစ်စေသည်။ ထို့ကြောင့် ဆေးလိပ်ကဲ့သို့ပင် စွဲလမ်းဟော်မုန်း ထုတ်လုပ်မှုတူညီပြီး၊ အီးစီးကရက်သုံးခြင်းကြောင့် ခေါင်းကိုက်၊ အော့အန်၊ မူးဝေ၊ စိတ်ဏနာမငြိမ်ဖြစ်စေခြင်း၊ မျက်လုံး နှင့် အသက်ရှုလမ်းကြောင်း အားနည်းစေခြင်း၊ နှလုံး နှင့် သရက်ရွက်တို့ကို ထိခိုက်ခြင်းများအပြင် ကင်ဆာရောဂါတွေလည်း ဖြစ်စေနိုင်သည်။ အီးစီးကရက်ထဲရှိ Lithium-ion အသေးစားဘက်ထရီကို ဗို့အား အချိန်ကြာကြာသွင်းမိခြင်း နှင့် ဆေးလိပ်ထဲ အပူများများသောက်မိခြင်းတွေကြောင့်လည်း ပေါက်ကွဲမှုဖြစ်စေသည်။

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့

ဆေးလိပ်ကို စွဲလမ်းစွာသောက်ခြင်းက ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ကြောင်း၊ ဆယ်ကျော်သက် နှင့် သက်လတ် ပိုင်းအရွယ်ကတည်းမှစ၍ ဆေးလိပ်သောက်သုံးသူများသည် ဆေးလိပ်(လုံး၀) မသောက်သူထက် အသက် ၂၄ နှစ် ပိုတိုနိုင်ကြောင်း၊ ဆေးလိပ်ငွေ့သည် ကာဗွန်မိုနောက်ဆိုက်ဖြစ်ပြီး ၄င်းဟာ အဆိပ်ငွေ့ဖြစ်ကြောင်း၊ ကမ္ဘာတစ်၀န်းတွင် ဆေးလိပ်ကြောင့် သေဆုံးသူဦးရေသည် တစ်နှစ်လျှင် လေးသန်းကျော်ခန့်ရှိကြောင်း၊ ထိုနှုန်းအတိုင်း သက္ကရာဇ် ၂၀၂၀ ပြည့်တွင် ဆေးလိပ်သောက်သုံးမှုကြောင့် တစ်နှစ် လူ ၁၀ သန်းခန့် သေဆုံးကြမည်ဖြစ်ကြောင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှုရှိုက်ခြင်း က လည်း ဆေးလိပ်ကိုယ်တိုင် သောက်သကဲ့သို့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း စသည့်ဆိုးကျိုးများကြောင့် ကျန်းမာရေးသုတေသီများ က မကြာခဏဆိုသလို အသိပညာပေးနှိုးဆော်လျှက်ရှိသည်။ ယနေ့ကမ္ဘာတွင် ခြောက်စက္ကန့်တိုင်းမှာ လူတစ်ဦးနှုန်း ဆေးလိပ်၊ ဆေးရွက်ကြီး ထွက်ပစ္စည်း များကြောင့် သေဆုံးနေကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံများက ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုလျော့ကျရန် အခွန်တိုးမြှင့်ခြင်း နှင့် အတူ အသိပညာပေးလုပ်ငန်းများကိုလည်း မီဒီယာဘက်ပေါင်းစုံဖြင့် နှိုးဆော်မှုများပြုလုပ်နေကြသည်။ ထို့ပြင် ဆေးလိပ်၏ဆိုးပြစ်များကို သိမြင်လာကြပြီး ဆေးလိပ်တိုက်ဖျက်ရေးလုပ်ငန်းကို တစ်စထက်တစ်စ ဆောင်ရွက်လာရာ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ နှစ်စဉ် မေလ ၃၁ ရက်နေ့ကို “ကမ္ဘာ့ဆေးလိပ် မသောက်ရနေ့ (No Tobacco Day)” အဖြစ်သတ်မှတ် ထားသည်။ ၂၀၂၁ ခှနှစ် အတွက် ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ဆေးလိပ်ဖြတ်ဖို့ ကတိက၀တ်ပြုကြစို့(Commit to Quit)” ဖြစ်သည်။

ဆေးလိပ် နှင့် တီဘီ

ကမ္ဘာ့တီဘီရောဂါဖြစ်သူများ၏ ၄၅ - ၈၅ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်သူများဖြစ်ပြီး၊ ဆေးလိပ်သောက်သူများသည် မသောက်သူများထက် တီဘီရောဂါ ဖြစ်နိုင်ခြေအလားအလာ ၂.၆ ဆ မြင့်မားခြင်း၊ ဆေးလိပ်ကြောင့် လူများတွင် တီဘီကူးစက်မှု၊ ရောဂါဖြစ်ပွားမှု၊ ရောဂါ ပြင်းထန်မှုနှင့် သေဆုံး မှုမြင့်မားခြင်းတို့ ရင်ဆိုင်နေကြရသည်။

ဆေးလိပ်ငွေ့ရှုမိခြင်း

ဆေးလိပ်ကိုယ်တိုင် မသောက်သော်လည်း ဆေးလိပ်ငွေ့ရှုမိသူကို second hand smoke (second smoker) ဟု ခေါ်သည်။ အိမ်သာ(Toilet) ထဲ တွင်လည်းကောင်း၊ အိမ်ခန်းအတွင်း မှာသော်လည်းကောင်း ဆေးလိပ်သောက်သူတစ်ဦးရှိနေပါက ဆေးလိပ်ငွေ့သည် လေထဲတွင် ငါးနာရီခန့်ကြာသည်အ ထိ ပျံ့လွင့်နေတတ်သည်။ ထိုအငွေ့ကို ကျန်မိသားစုများက second smoker အဖြစ် ရှုရှိုက်ကြရသည်။ လေ့လာမှုမှတ်တမ်းများအရ ယနေ့ကမ္ဘာတွင် တစ် နှစ်လျှင် လူဦးရေ ခြောက်သန်းခန့် ဆေးလိပ်သောက်ခြင်းကြောင့် early death စောစီးစွာသေဆုံးနေရပြီး၊ ဆေးလိပ်မသောက်သော်လည်း တစ်ဆင့်ခံ ဆေး လိပ်ငွေ့ရှုမိသူ second smoker မှာ ၁၀ ရာခိုင်နှုန်း (လူဦးရေ ခြောက်သိန်း)ခန့် သေဆုံးနေကြရသည်။ ထိုနှုန်းအတိုင်း ဆက်ဖြစ်နေပါက ၂၁ ရာစုနှစ်အ တွင်း ဆေးလိပ်ကြောင့် လူသန်းတစ်ထောင် သေဆုံးမည်ဟု WHO က ခန့်မှန်းထားသည်။

ကိုယ်၀န်ဆောင်မိခင် နှင့် ဆေးလိပ်အန္တရာယ်

ကိုယ်၀န်ဆောင်မိခင်များ ကိုယ်တိုင်ဆေးလိပ်သောက်၍ဖြစ်စေ၊ ကိုယ်၀န်ဆောင်စဉ် second smoker အဖြစ် Nicotine ဓာတ်ကို မကြာခဏ ရှုရှိုက်မိ၍ဖြစ်စေ မိခင်ရော သန္ဓေသားပါ အောက်ပါဆိုးကျိုးများကို ခံစားရနိုင်သည်။ ကိုယ်၀န်ပျက်ကျခြင်း (သို့မဟုတ်) သန္ဓေသားဘ၀ကပင် သေဆုံးခြင်း၊ လမစေ့ဘဲမွေးဖွားခြင်း၊ မွေးစကလေး ပေါင်ချိန်မပြည့်ခြင်း၊ သန္ဓေသားဘ၀ကတည်းက အဆုတ်ကြီးထွားမှုနှင့် အဆုတ်၏လုပ်ငန်းများ နှေးကွေးကျဆင်း ခြင်း၊ မီးတွင်းကာလ ကလေးတွင် အဆုတ်ပိုး၀င်ရောက်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ရုတ်တရက် ကလေးသေဆုံးမှုရောဂါစု (Sudden Infant Death Syndrome – SIDS) နှင့် ကလေးသူငယ် ဘ၀မှာ အဆုတ်ရောင်ခြင်း၊ ပန်းနာရင်ကျပ်ကဲ့သို့ ရောဂါမကြာခဏဖြစ်ခြင်း၊ မီးတွင်းကလေးသေဆုံးနှုန်းမှာ ဆေး လိပ်မသောက်သော မိခင်ထက် ၁၅ ရာခိုင်နှုန်းများနေခြင်း၊ လူသားဖြစ်လာပြီးနောက် ကလေးဘ၀၊ လူငယ်၊ လူကြီးဘ၀မှစ၍ လူ့သက်တမ်းမှာလည်း ဆေး လိပ် လုံး၀ မသောက်သူ မိခင်မှမွေးဖွားလာသော သူများထက် အသက် ၁၀ - ၁၈ နှစ်ပိုတို ခြင်း စသည့် ဆိုးကျိုးများစွာကို ရင်ဆိုင်ရနိုင်သည်။

နီကိုတင်းဓာတ်ဟာ လူကို စွဲလမ်းစေတတ်သော ဂုဏ်သတ္တိရှိပြီး စိတ်ကိုပါပြောင်းလဲစေ တတ်သည်။ လေ့လာမှုမှတ်တမ်းများအရ နီကိုတင်းစွဲလမ်း မှုဟာ အရက်ကို စွဲလမ်းမှုထက် ၆ ဆ မှ ၈ ဆအထိ ပိုကြောင်း သိရသည်။ ဒါကြောင့်လည်း နီကိုတင်းကို သုံးစွဲမိသွားသူများမှာ ၉၅ ရာ ခိုင်နှုန်းမှ ၁၀၀ ရာခိုင် နှုန်းအထိ ဖြစ်သွားကြသည်။ ဆေးလိပ်သောက်ခြင်းကြောင့် ခုခံအားကျအရေပြားရောဂါ၊ မျက်စိအတွင်းတိမ်စွဲရောဂါ၊ မျက်၀န်းတဝိုက် အရေပြားတွန့်ခြင်း၊ မျက်စိနီခြင်း၊ နှုတ် ခမ်းမဲခြင်း၊ သွားဝါခြင်း၊ ဆံပင်ကျွတ်ခြင်း၊ လက်ညှိုး နဲ့လက်ခလယ် အရောင်ပြောင်းသွားခြင်း၊ အကြားအာရုံချို့တဲ့ရောဂါ၊ သွားပိုးစား သွားပုပ်ရောဂါနှင့် ခံတွင်းရနံ့ဆိုးရွားခြင်း၊ အဆုတ် လေအိတ်များတွင် လေခိုပြီး အဆုပ်ပွ အဆုတ်ပျက်ရောဂါ၊ အသက်ရှုမဝြခင်း၊ အရိုးပွ အရိုးပါးရောဂါ နှင့် အရိုးကျိုးလွယ်ခြင်း၊ လေကြောင်းပိတ်ဆို့သော အဆုတ်ရောဂါ၊ သွေးကြောများကျုံ့၍ ကျဉ်းလာခြင်း၊ နှလုံးသွေးကြောရောဂါများ နှင့် နှလုံးခုန်မမှန်ခြင်း၊ သွေးကြောငယ်များ ကျဉ်းသွားကာ ခြေပုတ်လက်ပုတ်ရောဂါ၊ သွေးတိုး ရောဂါ၊ အစာအိမ်မှ အစာခြေရည်အက်စစ် အထွက်များလားခြင်း၊ အမျိုးသားများ သုက်ရည် မအောင်တော့ဘဲ သားသမီးမရနိုင်ခြင်း၊ အိမ်ထောင်ရေးသုခ အပြည့်အ၀မခံစားနိုင်ခြင်း၊ DNA ပျက်စီးစေခြင်း၊ အမျိုးသမီးများ သားအိမ်ခေါင်း ကင်ဆာနှင့် သားလျှောသားပျက်ခြင်း၊ လမစေ့ပေါင်ချိန်မပြည့်သော ကလေးမွေးဖွားခြင်း၊ ကလေး အသေမွေးခြင်းများ ဖြစ်စေနိုင်သည်။ ထို့ပြင် ဆေးလိပ်ထဲ တွင် Carcinogen ဟုခေါ်သည့် ကင်ဆာဖြစ်စေတတ်သော ဓါတ်ပေါင်း ၄၃ မျိုး ပါဝင်နေခြင်းကြောင့် မေးရိုး၊ အဆုတ်၊ နှာခေါင်း၊ လည်ချောင်း၊ လေပြွန်၊ အသံအိုး၊ ခံတွင်း၊ အစာမြိုပြွန်၊ အူ၊ ရင်သား၊ ကျောက်ကပ်၊ ပန်ကရိယ၊ ဆီးအိတ် စသည့် ကင်ဆာများအပြင် အချို့သူတွေမှာ သွေးကင်ဆာ ဖြစ်လာစေ နိုင်သည်။ ထိုမျှမက ဆေးလိပ်သောက်သူ၏ ရုပ်ရည်သည် ဆေးလိပ် လုံး၀ မသောက်သူနှင့် နှိုင်းယှဉ်ပါက ပို၍အိုစာသွားကာ၊ အသားအရေ ညစ်ထေး ပြီး၊ အရေပြား ဇရာကြိုရောဂါဖြစ်သည့် အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ပေါ်လာစေနိုင်သည်။

လူတချို့က ဆေးလိပ်၏ဆိုးပြစ်များကိုသိနားလည်လာ၍ ဆေးလိပ်ဖြတ်ချင်သော်လည်း၊ စိတ် ဆန္ဒပြင်းပြခြင်းကို ချိုးနှိမ်ရန် လွန်စွာခဲယဉ်းနေသဖြင့် အချို့သူတွေမှာ ခဏတာမျှသာ ဆေးလိပ်ပြတ်ကြပြီး၊ အချို့ကလည်း လုံး၀ ဖြတ်မရ ဖြစ်နေကြသည်။ မည်သူမျှ မွေးကတည်းက ဆေးလိပ် မသောက် တတ် ကြပေ။ အဓိကအချက်မှာ ချိုးနှိမ်ရန် ခက်ခဲသောစိတ်ကို မိမိစိတ်ဖြင့် သာအနိုင်ယူရမည်ဖြစ်၍ စိတ်ဓာတ်စစ်ဆင်ရေးကိုသုံးကာ အောက်ပါနည်းလမ်း အသွယ် သွယ်တို့ဖြင့် ကြိုးစားကြည့်စေလိုပါသည်။

အချိန်ဆွဲပါ

ဆေးလိပ်သောက်ချင်စိတ် ဖြစ်လာသည့်အခါ၊ သောက်ချင်စိတ်ကိုချိုးနှိမ်ပြီး ၁၀ မိနစ်လောက် အောင့်ထားပါ။ ထို ၁၀ မိနစ်အတွင်း အာရုံပြောင်းသွားအောင် တစ်ခုခုကို စိတ်နှစ်ထားပါ။ ၁၀ မိနစ်ပြည်သည့်အခါ “သြော် ငါနေနိုင်သားဘဲ” ဆိုပြီး၊ စိတ်ကိုလျော့၍ ဆေးလိပ် မသောက်ပါနှင့်။ နောက်ထပ် ၁၀ မိနစ် အချိန်ထပ်ဆွဲပါ။

နောက်ထပ်တစ်လိပ်ထဲပါကွာ မလုပ်မိပါစေနဲ့

ဆေးလိပ်သောက်သည့်ပမာဏကို တဖြည်း ဖြည်းချင်းလျော့ပါ။ တစ်လိပ် သောက်ပြီးသောအခါ၊ “နောက်ထပ် တစ်လိပ်ထဲပါကွာ” ဆိုပြီး မိမိကိုယ်ကို အလိုမလိုက်ပါနှင့်။ ဆေးလိပ်သောက်ဖော် သောက်ဖက် မိတ်ဆွေများက သင့်ကို ဆေးလိပ် ကမ်းလာခဲ့ပါလျှင်လည်း အားနာရှက်ရွံ့ခြင်းဖြစ်မနေဘဲ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေပြီဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြပါ။

ကိုယ်လက်လှုပ်ရှားမှု တခုခုထလုပ်လိုက်ပါဦး

ဆေးလိပ်သောက်ချိန်မှာ မသောက်ရ၍ စိတ်ထဲ တစ်ခုခုလိုနေသလို ခံစားရလေ့ရှိသည်။ ထိုအခါ ငြိမ်ထိုင်မနေဘဲ ခေတ္တခဏ ၁၅ မိနစ်လောက် လမ်းထလျှောက်ပါ။ (သို့မဟုတ်) အလုပ်တစ် ခုခု ရှာလုပ်နေပါ။

လေ့ကျင့်ခန်းယူပါ

အသက်ပြင်းပြင်းရှုခြင်း၊ ကြွက်သားလေ့ကျင့်ခန်း၊ ယောဂ၊ အိပ်မွေ့ချခြင်း၊ အနှိပ်ခံခြင်း စသည်တို့က ဆေးလိပ် သောက်ချင် သောစိတ်ကို ပြေပျောက်သွားအောင် တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်သည်။

ဆေးလိပ်ဖြတ်ခြင်း၏ ကျန်းမာရေးကောင်းကျိုးကို အမြဲသတိရနေပေးပါ

သင် ဆေးလိပ်သောက် တတ်အောင် မည်သူကမျှ သင်ပေးခြင်းမဟုတ်ပါ။ မိမိသာလျှင်ဆရာ၊ မိမိသာလျှင်တပည့်ပါ။ နှစ်ရှည်လများ ဆေးလိပ်စွဲနေခဲ့ပြီဖြစ်၍၊ ဆေးလိပ် ဖြတ်နေစဉ် စဦးပိုင်း ကာလေများမှာ ကသိကအောင့်၊ စိတ်အလိုမကျ ဖြစ်နေတတ်သည်။ သို့သော် ဆေးလိပ်သောက်ခြင်းကြောင့် ကျမ္မာရေးဆိုးကျိုးများ၊ ငွေကို မီးရှို့နေခြင်း၊ မိမိပတ်၀န်းကျင် လေထု ညစ်ညမ်း၍ တစ်ဆင့်ခံ ဆေးလိပ်ရနံ့ရှုရှိုက်နေသူများအတွက် ပရဟိတစိတ် စသည့် ကောင်းကျိုးအထွေထွေကို စဉ်းစားသုံးသပ်ပါ။

ဘ၀တူချင်းမိတ်ဖွဲ့ပါ

မိမိကဲ့သို့ပင် ဆေးလိပ်ဖြတ်သူများနှင့် မိတ်ဆွေဖွဲ့၍၊ သူတို့ရော ဘယ်လိုကြိုးစားနေသည်ကို နည်းနာယူပါ။ မိမိ၏ကြိုးစားမှုကို လည်း ထပ်ဆင့့်မျှဝေပေးပါ။ ဆေးလိပ် လုံး၀ ပြတ်သွားပြီးသူများ၏ နည်းစံနစ်များကို မေးမြန်း စူးစမ်းဖို့၀န်မလေးပါနှင့်။ ထိုသူများ၏ အတွေ့အကြုံများသည် သင့်အတွက် များစွာ အထောက်အကူဖြစ်စေနိုင်သည်။

နီကိုတင်းဓာတ် အစားထိုးမှီဝဲပါ

လ္ဘက်ခြောက်ခပ်ထားသော ရေနွေးပူပူ၊ ပူရှိန်းဓာတ်ပါသော ပီကေ (သို့မဟုတ်) သကြားလုံးများ၊ ပူရှိန်းငုံဆေးပြား တို့က ဆေးလိပ်သောက်ချင်စိတ်ကို ချိုးနှိမ်ကာ၊ ခံတွင်းချဉ်ခြင်းမှလည်း သက်သာစေသည်။ နီကိုတင်းအစားထိုး ရှုဆေးတောင့်သုံးပါ။ ဆေးလိပ် ဖြတ်ခြင်းကို အထောက်အကူပြုသည့် bupropion (Zyban) နှင့် varenicline (Chantix) စသော ဆေးဝါးများ မှီဝဲသောက်သုံးပါ။

အာသာပြေ တစ်ခုခုစားပါ

စိတ်သက်သာရာရအောင် သကြား(အချို)ဓာတ်မပါသော ပီကေဝါးပါ။ ပဲကြီးလှော်၊ နေကြာ စေ့လှော် စားပါ။

မိမိကိုယ်ကိုယုံကြည်မှုရှိနေပါစေ

ဆေးလိပ်ဖြတ်လိုက်သည့်အတွက် အပိုငွေမကုန်တော့ဘဲ၊ ၄င်းငွေကိုစုဆောင်းနိုင်သ လို အလှူ ဒါနပြုရာမှာ သုံးနိုင်သည်။ ဆေးလိပ်ဖြတ်လိုက်၍ အနံ့အာရုံ နှင့် အရသာခံအာရုံများ ပို၍ ကောင်းသွားပါသည်။ သွား၊ နှုတ်ခမ်းများလည်း မည်း၍ မနေတော့ဘဲ၊ နီကိုတင်း ဓာတ်ကြောင့် ခံတွင်း၊ ဆီး၊ ချွေးရနံ့ဆိုးတွေပါ ပျောက်ကင်း သွားစေနိုင်သည်။ အရေးကြီးသော အချက်ရှိ ပါသည်။ ၄င်းမှာ ဆေးလိပ်စွဲ နေသောအကျင့်ကို လုံးဝြဖတ်နိုင်သဖြင့် မိမိကိုယ်မိမိ ယုံကြည်မှု ပိုရှိလာစေသည်။

“မူးယစ်အစ ဆေးလိပ်က” ဖြစ်၍ အထူးသဖြင့် လူငယ်လူရွယ်များ ဆေးလိပ်ကို အစလုပ်၍ပင် မသောက်သင့်ပေ။ ဆေးလိပ်သောက်သူ လူငယ် များ စာသင်ကြားမှုကို ထိခိုက်စေနိုင်ပြီး၊ အမောမခံနိုင် သက်လုံချို့ယွင်းလာစေနိုင်သဖြင့် လူကြီး၊ လူရွယ်၊ လူငယ်အားလုံး ဆေးလိပ်ဖြတ်သင့်သည်။ ဆေး လိပ်သောက်သူများတွင် အိပ်ရခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်းတွေ ပိုမိခံစားရနိုင်ပြီး ဆေးလိပ်တစ်လိပ်သောက်လျှင် ငါးမိနစ် အသက်တိုစေကာ၊ ပျှမ်းမျှသက် တမ်း အသက် ၁၀ နှစ် ပို၍ တိုတောင်း သွားစေနိုင်ကြောင်းကိုလည်း နိုင်ငံတကာ သုတေသီများက သတိပေးထားကြသည်။ ဆေးလိပ်ဖြတ်ခြင်းကြောင့် ရော ဂါ ခံစားရမှုမှာ ဆေးလိပ်ဆက် သောက်နေသူထက် လျော့နည်းသွားကြောင်း နှင့် ဆေးလိပ်ဖြတ်ခြင်း ၁၀ နှစ်အကြာတွင် အဆုတ်ကင်ဆာ ဖြစ်ပွားမှု ၅၀ ရာခိုင်နှုန်းကျဆင်းသွားပါကြောင်း အသိရှိစေလိုပါသည်။

အချုပ်အားဖြင့် ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုများဖြစ်ပွားရာ၌ အများစုသည် အဆုတ်ပျက်စီးမှုကြောင့်ဖြစ်သည်။ အထူးသတိပေးလိုသည်မှာ ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်၏ ဦးတည်ချက်သည် အဆုတ်ထဲရှိလေအိတ်များကို ဖျက်စီးပစ်ရန်ဖြစ်သည်။ ဆေးလိပ်၏ နီကိုတင်း ဓာတ်က အဆုတ်ကို အမာရွတ်ဖြစ်စေသည်။ အကယ်၍ ဆေးလိပ်စွဲလန်းသောက်သုံးသူမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက အမာရွတ်များရှိနေသော ထိုအဆုတ်ကို ဗိုင်းရပ်စ်က အလွယ်တကူ ဖျက်ဆီးနိုင်ပါသည်။ သတိထားသင့်သည်မှာ ဆေးလိပ်သောက်သူသည် ဆေးလိပ်ကိုင်ထားသော မသန့်ရှင်း သည့်လက်နှင့် ပါးစပ်ကို အမြဲထိတွေ့နေခြင်းက ဗိုင်းရပ်စ်ပိုးများ အသက်ရှုလမ်းကြောင်းတလျှောက် အလွယ်တကူ ၀င်လာရန် တံခါးဖွင့်ထားသလို ဖြစ်နေသည်။ ထို့ကြောင့် ဆေးလိပ်သောက်သုံးသူတွေမှာ ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုဖြစ်နိုင်ခြေ အန္တရာယ်ပိုများနေပါသည်။ သို့ပါ၍ လူငယ်၊ လူရွယ်များသာမက လူကြီးပိုင်းထိ ဆေးလိပ်သောက်သုံးမှုများ မလုပ်သင့် ပါကြောင်း အသိပေးလိုက်ရပါသည်။

ပေါက်ပေါက်