Skip to main content

အကြမ်းဖက်သမားဟူသည် ကာလဒေသမရွေးပါ

၂၀၂၀ တိုကျို အိုလံပစ်အားကစားပွဲတော်ကြီးကို ဂျပန်နိုင်ငံက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ကြားထဲက မဖြစ်မနေကျင်းပနေပါတယ်။ ဂျပန်နိုင်ငံက အိုလံပစ်ပွဲတော်ကြီးကို လက်ခံကျင်းပတာ ယခုအကြိမ်အားဖြင့်ဆို နှစ်ကြိမ်မြောက်ရှိနေပါပြီ။

ပထမအကြိမ်ကို ၁၉၆၄ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာပဲ ပထမဦးဆုံး လက်ခံကျင်းပ ခဲ့ပြီး ထိုစဉ်က မြန်မာနိုင်ငံက လက်ဝှေ့၊ အလေးမ၊ ရေကူး၊ တာဝေးအပြေး၊ လမ်းလျှောက်နှင့် သေနတ် ပစ်ပြိုင်ပွဲတွေမှာ မြန်မာအားကစားအဖွဲ့ဝင် ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ယခုအကြိမ်မှာတော့ အားကစားသမားနှစ်ဦးပဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

အားကစားသမားအရေအတွက် နည်းတာ၊ များတာက အကြောင်းမဟုတ်ပါဘူး။ ကမ္ဘာ့မိသားစုဝင်တွေ အားလုံးနီးနီး ပါဝင်ဆင်နွှဲကြတဲ့ အိုလံပစ်အားကစားပွဲတော်ကြီးကို ကမ္ဘာ့မိသားစု စာရင်းဝင်တစ်နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံကလည်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကြားထဲကနေ မဖြစ်မနေ ပါဝင်ဆင်နွှဲခဲ့ခြင်း ဖြစ်ပါတယ်။

အိုလံပစ်ဆိုတဲ့အမည်ဟာ ရှေးနှစ်ပေါင်း ၂၇၀၀ ကျော်ခန့်က ဂရိနိုင်ငံ အိုလံပီယာမြို့မှာ ဂရိလူမျိုးတို့ လေးနှစ်တစ်ကြိမ်ကျင်းပသောပွဲမှ အစပြုပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါတယ်။

ရှေးအထက်ကျော်ကာရီက ဂရိလူမျိုးတို့ဟာ စိတ်ဓာတ်ရွှင်လန်းတက်ကြွစေရန် ကိုယ်လက် ကျန်းမာသွက်လက်ရမယ်လို့ ယုံကြည်ကြသူများ ဖြစ်ပါတယ်။ သို့ကြောင့်မို့ သူတို့ဟာ ကစား ခုန်စား ကို နှစ်နှစ်ခြိုက်ခြိုက် အလေးထားကြတယ်။ တပျော်တပါးကျင်းပတဲ့ စားသောက်ပွဲကြီးတွေ၊ နတ်ပူဇော်ပွဲတွေ၊ ယုတ်စွအဆုံး ဈာပနအခမ်းအနား တွေမှာတောင် ကစားခုန်စားပွဲကို ကျင်းပကြတယ်။ အထူးသဖြင့် ဇု(Zeus)နတ်မင်းကြီးအား ပူဇော်ပသ ဂုဏ်ပြုထောပနာတဲ့ကစားပွဲကို မပျက်မကွက် ကျင်းပကြတယ်။ ထိုကစားခုန်စားပွဲတော်ကား တစ်နည်းအားဖြင့် အိုလံပစ်ပွဲတော်ပဲဖြစ်တယ်။ ဂရိပုံပြင်တစ်ခုမှာတော့ နတ်မင်းကြီးဇုရဲ့ သားတော် ဟာကျူလီလူသန်ကြီးနဲ့ အိုလံပစ်ပွဲတော် အစပြု ခြင်းက ဆက်စပ်နေတယ်လို့ ဆိုတယ်။

အိုလံပစ်ပွဲတော်ရဲ့ မာရသွန်အပြေးပြိုင်ပွဲကလည်း သမိုင်းအစဉ်အလာ ကြီးမားခဲ့တယ်။ ခရစ်မပေါ်မီ အနှစ် ၄၉၀ ခန့်က စစ်အောင်ပွဲသတင်း ကို အေသင်မြို့သူ မြို့သားများ အမြန်ဆုံးသိရှိ စေရန် ၂၆ မိုင်ခရီးအား မရပ်မနားအပြေးသွားပြီး သတင်းပါးရင်း အမောဆို့သေဆုံးသွားရှာတဲ့ အိုလံပစ်ချန်ပီယံကြီး ဖေးဒစ်ပီးဒိ (Phedippides) ကို ဂုဏ်ပြုတဲ့အနေနဲ့ ခေတ်သစ်အိုလံပစ်ပွဲတော်မှာ ထည့်သွင်းကျင်းပ ပေးခဲ့ခြင်း ဖြစ်တယ်။

ပထမအကြိမ်အိုလံပစ်ပွဲတော်ကို ၁၈၉၆ ခုနှစ် မတ် ၂၅ ရက်မှာ မူလအိုလံပစ်ပွဲများ ကျင်းပရာ ဂရိနိုင်ငံအေသင်မြို့၌ စတင်ကျင်းပခဲ့တယ်။ ပြင်သစ်နိုင်ငံသား ဗဲရွှန်ပီယံကူဗာတင်ရဲ့ ကြိုးပမ်း စွမ်းဆောင်နိုင်မှုကြောင့် နှစ်ပေါင်း ၁၅၀၀ကျော်တိုင်တိုင် တိမ်မြုပ်ပျောက်ကွယ်နေခဲ့တဲ့ အိုလံပစ် ပွဲတော်ဟာ ပြန်လည်ပေါ်ထွန်းခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။ အပြည် ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ကိုလည်း ၁၈၉၄ ခုနှစ် ဇွန် ၂၃ ရက်မှာ စတင်ထူထောင်နိုင်ခဲ့ပြီး ခေတ်သစ်အိုလံပစ်စည်းမျဉ်းတွေ ပြဋ္ဌာန်းနိုင်ခဲ့တယ်။

အဖြူခံအပေါ်မှာ အပြာရောင်၊ အဝါရောင်၊ အနက်ရောင်၊ အစိမ်းရောင်နဲ့ အနီရောင်စက်ဝိုင်းကွင်း ငါးကွင်းဆက်ပါ အိုလံပစ်အလံကိုလည်း ရေးဆွဲသတ်မှတ်ခဲ့ကြတယ်။ စက်ဝိုင်း ငါးကွင်း ဆက်နေခြင်းရဲ့ သဘောလက္ခဏာကတော့ တိုက်ကြီး ငါးတိုက်ရဲ့ စည်းလုံး ညီညွတ်မှုပြယုဂ်ကို ရည်ရွယ်ပြသခြင်း ဖြစ်တယ်။

ခေတ်သစ်အိုလံပစ်ပွဲတော်ကို ဖော်ဆောင်သူ ကူဗာတင်က “အိုလံပစ်ပွဲတော် ကျင်းပပေးခြင်း အားဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုနိုင်စေတယ်။ ကမ္ဘာကြီးငြိမ်းချမ်းမှုရရှိအောင် ဆောင်ရွက် နိုင်ပေတယ်”လို့ ဆိုခဲ့တယ်။

သို့ဆိုလင့်ကစား ငြိမ်းချမ်းရေးကို ရှေးရှုပြီး ခေတ်သစ်အိုလံပစ်ပွဲတော် ကျင်းပနိုင်ရေးအတွက် စွမ်းဆောင်ကြိုးပမ်းခဲ့တဲ့ကူဗာတင်ရဲ့ အတွေးအခေါ် အယူအဆဟာ ၁၉၇၂ ခုနှစ် ဂျာမနီနိုင်ငံ၌ ကျင်းပတဲ့ မြူးနစ်အိုလံပစ်အားကစားပွဲတော်ကျင်းပဆဲအချိန် မှာတော့ ညစ်ထေးသွားခဲ့ရတယ်။

ဂျာမနီပြည်သူတွေနဲ့ ကမ္ဘာ့မိသားစုအဖွဲ့ဝင်တွေ ခင်မင်ရင်းနှီးမှုအပြည့်ဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုကျင်းပနေတဲ့ အိုလံပစ်ပွဲတော် ၁၁ရက်မြောက်နေ့မှာ ပါလက်စတိုင်းအကြမ်းဖက်သမား ရှစ်ဦးရဲ့ လက်ချက်ကြောင့် မြူးနစ်အိုလံပစ်ပွဲတော်ဟာ သွေးစွန်းသွားခဲ့ရတယ်။

၁၉၇၂ ခုနှစ် စက်တင်ဘာ ၅ ရက် အရုဏ် မတက်မီအချိန်မှာ သူတို့ဟာ မြူးနစ်အိုလံပစ် အားကစား ရွာထဲကို ဝင်ရောက်လာကြတယ်။ အားကစားပစ္စည်းများ ထည့်ထားတဲ့ အိတ်ထဲမှာ စက်သေနတ်များနဲ့ လက်ပစ်ဗုံးတွေကို ဝှက်ပြီး ယူဆောင်လာခဲ့ကြတယ်။ ပါလက်စတိုင်းအကြမ်း ဖက်သမားရှစ်ဦးဟာ အစ္စရေးအားကစားသမားတွေ နေထိုင်ရာ ဒုတိယထပ်ရှိအခန်းသို့ တက်သွားပြီး တံခါးခေါက်လိုက်ကြတယ်။

စက်သေနတ်ပစ်သံတွေနဲ့အတူ အသက် ၃၃ နှစ်ရှိ သုံးလသားကလေးငယ်ရဲ့ ဖခင် အားကစား သမား ဝိန်းဘတ်ဟာ လဲကျသေဆုံးခဲ့ပြီး ရိုမာနိုဟာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့တယ်။ နပန်းနဲ့ အလေးမ အဖွဲ့က လူသန်ကြီးများဟာ ပြတင်းပေါက် တံခါးကိုဖျက်ပြီး ထွက်ပြေးနိုင်ခဲ့ကြလို့ အားကစားသမား အချို့ လွတ်မြောက်သွားခဲ့ကြပေမယ့် ကျန်အားကစားအဖွဲ့ဝင် ကိုးဦးကတော့ အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတယ်။

ချက်ချင်းဆိုသလို အကြမ်းဖက်သမား ပြောက်ကျားတွေဟာ ရာဇသံတစ်ရပ်ကို ထုတ်ပြန်ခဲ့ကြတယ်။ သူတို့တောင်းဆိုချက်က အစ္စရေးတို့ လက်ထဲမှာ အကျဉ်းကျနေတဲ့ ပါလက်စတိုင်း ပြောက်ကျား ၂၀၀ ကို လွှတ်ပေးရန်နဲ့ သူတို့ကို လုံခြုံစွာ ပြန်လည်ပို့ပေးရန် ဖြစ်တယ်။

ထိုစဉ်က ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ (အနောက်ဂျာမနီ)ဝန်ကြီးချုပ် ဝီလီဘရန့်ဟာ ဘွန်းမြို့ကနေ မြူးနစ်သို့ ချက်ချင်းရောက်လာပြီး အဖမ်းခံရသူတွေ လွတ်မြောက်ရေးအတွက် နိုင်ငံ ရေးအရ ဖြေရှင်းရန် အားထုတ်ခဲ့တယ်။ သို့ပေမယ့် ပါလက်စတိုင်း အကြမ်းဖက်သမားတွေက ကမ်းလှမ်းချက်ဟာ တိကျတဲ့သတ်မှတ်ချက် မရှိဘူးဆိုပြီး ချက်ချင်းငြင်းပယ်လိုက်တယ်။ သို့ကလိုကြောင့် ဂျာမနီအစိုးရ တာဝန်ရှိသူတွေဟာ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက်ကယ်ဆယ် ရေးအစီအစဉ်တွေကို စီစဉ်ဆောင်ရွက်ခဲ့ကြရတယ်။

သူတို့ရဲ့ အစီအစဉ်က အကြမ်းဖက်သမား ပြောက်ကျားတွေနဲ့ အဖမ်းခံအားကစားသမား တွေကို လေယာဉ်ကွင်းတစ်ခုသို့ ရဟတ်ယာဉ်နဲ့ ပျံသန်းစေပြီးနောက် လေယာဉ်ကွင်းမှနေ၍ ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ဖို့ ဖြစ်တယ်။ အကြမ်းဖက်သမားတွေ ရဟတ်ယာဉ်တွေပေါ်မှ ဆင်းပြီး ဂျက်လေယာဉ်သို့အကူးမှာ သေနတ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက် ကြတယ်။

ရဟတ်ယာဉ် သုံးစင်း လေယာဉ်ကွင်းသို့ ဆင်းသက်လာပါပြီ။ ပထမနှစ်စင်းမှာ အားကစား သမားတွေနဲ့ အကြမ်းဖက်သမားတွေ စီးနင်းလာ တယ်။ နောက်တစ်စင်းမှာ စေ့စပ်ဆွေးနွေးသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်။ လက်ဖြောင့်သေနတ်သမားငါးဦးက ရဟတ်ယာဉ်တွေဆင်းသက်နေရာနဲ့ ကိုက် ၁၅၀ ကွာတဲ့ မျှော်စင်အပေါ်မှာ အဆင်သင့် နေရာယူပြင်ဆင်ထားတယ်။

လက်ဖြောင့်သေနတ်သမားတွေဟာ အကြမ်းဖက်သမား လေးဦး မြေပြင်သို့ ရောက်ရှိချိန်မှာ စတင်ပစ်ခတ်ကြတယ်။ အကြမ်းဖက်သမား နှစ်ဦးကိုပဲ ပစ်သတ်နိုင်ပြီး ကျန်တစ်ဦးက ဒဏ်ရာရရှိ သွားတယ်။ သေနတ်သံတွေ ခေတ္တတိတ်ဆိတ်သွားတယ်။ တစ်ခဏအတွင်းမှာပဲ သေနတ်သံတွေ ပြန်ထွက်ပေါ်လာပြီး အားကစားသမားအချို့ ထိခိုက်သေဆုံးသွားခဲ့ကြတယ်။ အားကစား သမား လေးဦးကတော့ ရဟတ်ယာဉ်အတွင်းကို အကြမ်းဖက်သမားတစ်ဦး ပစ်သွင်းလိုက်တဲ့ လက်ပစ် ဗုံးဒဏ်ကြောင့် မီးလောင် သေဆုံးသွားခဲ့ ရရှာတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမား ငါးဦးကို အသေပစ်ခတ်ရရှိပြီး သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်။

၁၉ နာရီကြာ မြူးနစ်အိုလံပစ်အကြမ်းဖက်မှု ဖြစ်စဉ်အပြီးမှာတော့ စုစုပေါင်း လူ၁၇ ဦး သေဆုံးခဲ့ ရတယ်။ အစ္စရေးအားကစားသမား ၁၁ ဦး၊ ပါလက် စတိုင်းအကြမ်းဖက်သမား ငါးဦးနဲ့ ဂျာမန်ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့ပဲ ဖြစ်ပါတယ်။

အဆိုပါစိတ်မချမ်းမြေ့ဖွယ်ရာ မြူးနစ်အိုလံပစ် အကြမ်းဖက်မှုဖြစ်စဉ်ကို တစ်ကမ္ဘာလုံးက ရုပ်မြင် သံကြားကတစ်ဆင့် စောင့်ကြည့်ခဲ့ကြရတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ဖို့ ကြိုးပမ်းမှုတွေ၊ အဖမ်းခံရသူတွေ လွတ်မြောက်သွားပြီဟူသည့် ဂျာမန်အာဏာပိုင်တို့၏ ကနဦးမရေမရာ ကြေညာ ခဲ့မှုတွေ၊ ထို့နောက်မှာ ဓားစာခံအားလုံးသေဆုံးသွားခဲ့ပြီဆိုသည့် ရင်နာဖွယ်သတင်းကို ကြားသိရတဲ့ အဆုံးဝယ် လူအားလုံး တုန်လှုပ်ချောက်ချားသွားခဲ့ကြတယ်။

အသက်ဆုံးရှုံးခဲ့ကြရတဲ့ အစ္စရေးအားကစား သမားများကို အစ္စရေးနိုင်ငံတော်အလံ ဖုံးလွှမ်းထားတဲ့ ခေါင်းတွေထဲထည့်ကာ တဲလ်အဗစ်မြို့သို့ ပြန်လည်သယ်ဆောင်သွားခဲ့ပါတယ်။ အကြမ်းဖက် သမားတွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားခဲ့ရ ရှာတဲ့ အားကစားသမားတွေထဲမှာ အိုဟိုင်အိုမှာ မွေးဖွားခဲ့ပြီး မြူးနစ်အိုလံပစ်တွင် အစ္စရေး အားကစားအဖွဲ့ဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လွန်ခဲ့တဲ့နှစ်ကမှ အစ္စရေးသို့ပြန်လာတဲ့ အသက် ၂၆ နှစ်အရွယ်ရှိ ဒေးဗစ်ဘာဂျား၊ လစ်ဗျား နိုင်ငံမှာမွေးဖွားခဲ့တဲ့ ရိုမာနို၊ ရိုမေးနီးယားမှာ မွေးဖွားခဲ့တဲ့ ဓားသိုင်းနည်းပြဆရာ အန်ဒရီစပစ်ဇာ နဲ့ ဂတ်ဖရမ်း၊ အားကစားသမားတွေထဲမှာ အသက်အငယ်ဆုံး အသက်၁၈ နှစ်သာရှိသေးတဲ့ မတ်စလာဗင်တို့လည်း ပါဝင်သွားကြတယ်။

မတ်စလာဗင်ဟာ ဆိုဗီယက်ယူနီယံမှ လွန်ခဲ့တဲ့သုံးလကြာက ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ “ကျုပ်တို့အားလုံး အစ္စရေးကိုပြန်လာဖို့ သူကခေါ်တယ်။ ကျွန်တော့်တိုင်းပြည်ဖြစ်တဲ့ အစ္စရေးပြည်ရဲ့ ဂုဏ်ကို မြှင့်တင်ပေးချင်တယ်လို့ သူအမြဲပြောပြခဲ့တယ်”လို့ မတ်ရဲ့ အဘိုးက ဆိုပါတယ်။

အစ္စရေးကျောင်းသားတစ်ဦးဖြစ်သူ အက်ရှာမာ ရှီယာက “ပါလက်စတိုင်း အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု မခံရအောင် ကျွန်တော်တို့ အမြဲမပြတ် သတိထားလေ့ရှိပါတယ်။ ဒါပေမဲ့ လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက လာရောက်ယှဉ်ပြိုင်ကြတဲ့ ဒီလို ပွဲမျိုးမှာ အခုလိုလုပ်လိမ့်မယ်လို့တော့ မထင်မိခဲ့ဘူး”လို့ မချိတင်ကဲပြောကြားခဲ့ပါတယ်။

အကြမ်းဖက်သမားတို့ရဲ့ အကြံပက်စက်တဲ့ လုပ်ရပ်ကိုအက်ရှာမာရှီယာ ထိုသို့မထင်မှတ်ခဲ့သလို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရလက်ထက်မှာလည်း တရုတ် ပြည်သူ့သမ္မတနိုင်ငံက ပင့်ဆောင်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူအတွင်း အပူဇော်ခံထားရှိတဲ့ ဗုဒ္ဓမြတ်စွယ်တော်ကို အကြမ်း ဖက်သမားတွေက ဗုံးဖောက်ခွဲခဲ့တဲ့အတွက် အပြစ် မဲ့သူအချို့ ထိခိုက်သေဆုံးခဲ့ကြရတဲ့ မယုံနိုင်စရာ အကြမ်းဖက်မှုဖြစ်စဉ်တစ်ခု မြန်မာနိုင်ငံမှာ ဖြစ်ပွား ခဲ့ဖူးတယ်။

ပစ္စက္ခ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြီးနဲ့ အများပြည်သူများ ရင်ဆိုင်ကြုံတွေ့နေဆဲအချိန် မှာလည်း အကြမ်းဖက်သမားတွေဟာ ဒေသအချို့မှာ အပြစ်မဲ့ပြည်သူတွေ၊ ရပ်မိရပ်ဖတွေကို ချောင်းမြောင်း လုပ်ကြံ သတ်ဖြတ်နေကြဆဲပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးအတွက် အများပြည်သူ တွေကို နှာခေါင်းစည်းတွေ လိုက်လံဝေငှပေးနေတဲ့ အမျိုးသမီးတစ်ဦးကိုပင် သူလျှို၊ ဒလန်ဟု မဟုတ်တမ်း တရားစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အကြမ်းဖက်သမားဟူသည် ကာလဒေသမရွေးပါတကား။ ။

ကိုးကား- စိုးမြိုင်၏အာရာဖတ်နှင့် ပါလက်စတိုင်း လွတ်မြောက်ရေးလှုပ်ရှားမှု။

ပြည်ထောင်စုသားတစ်ဦး