Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၂၆ ရက် ည ၈ နာရီ သတင်း အပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် -၁၉တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက် ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လို အုပ်စုတွေကို ဦးစားပေးထိုးနှံပေးသွားမယ်ဆိုတာ သိပါရစေ။

ဒေါက်တာခင်ခင်ကြီး ။ ။ အခုဆိုရင် ကာကွယ်ဆေးတွေက မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေးရောက်ရှိမှုအနေနဲ့ ဇူလိုင်လ ၂၂၊၂၃၊ ၂၄ ဒီသုံးရက်မှာတင် ကာကွယ်ဆေးစုစုပေါင်း ၃ သန်း ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ Sinopharm ကာကွယ်ဆေးက၂သန်းနဲ့ ကျွန်မတို့ ဝယ်ယူထားတဲ့ sinovac ကာကွယ်ဆေး တစ်သန်း ပါဝင်ပါတယ်။

ဒါ့အပြင် သြဂုတ်လ ပထမအပတ်တွင်းမှာလည်း ကာကွယ်ဆေး တစ်သန်း အပါအဝင် ကာကွယ်ဆေး ၆ သန်းက ဩဂုတ်လထဲမှာ ရောက်ရှိမှာဖြစ်ပါတယ်။ ဒီလိုရောက်ရှိတဲ့အခါမှာ ကာကွယ်ဆေးတွေကို ပြည်သူလူထုအား အလျင်အမြန်ထိုးနှံပေးဖို့အတွက် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ဘယ်လိုလူတွေကို ဦးစားပေး ထိုးနှံပေးမလဲဆိုရင် ကာကွယ်ဆေးထိုးနှံပေးမယ့် အုပ်စု ၁၃ အုပ်စု သတ်မှတ်ထားပါတယ်။

အဓိက ဦးတည်အုပ်စုတွေက အသက် ၆၅ နှစ်အထက် သက်ကြီး ရွယ်အိုတွေ ပါဝင်ပါတယ်။ သူတို့က အသက်ကြီးတဲ့အပြင် နောက်ခံရောဂါကလည်း အများစုမှာရှိနေကြတာ ဖြစ်ပါတယ်။ အသက်အရွယ် ကြီးတဲ့အတွက် ကိုဗစ် - ၁၉ ဖြစ်ပွားမှုမှာ အန္တရာယ်ရှိတဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးတာနဲ့အတူနောက်ဆက်တွဲ ရောဂါတွေကလည်း ရှိနေနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် သူတို့က ဦးစားပေးအုပ်စုတွေရဲ့ ထိပ်ဆုံးမှာ ပါဝင်ပါတယ်။ အသက် ၆၅ နှစ်အထက် ကို ဦးစားပေးထိုးနှံပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြားဝန်ထမ်းတွေက နောက်ထပ်ဦးစားပေးဖြစ်ပါတယ်။နောက်ထပ်က ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းမှာ အင်တိုက်အားတိုက် အတူလက်တွဲ လုပ်ကိုင်နေပြီး ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနိုင် တဲ့ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။

နောက် စေတနာ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းတွေ ဆိုတာ ကျွန်မလေးစားရတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ပါဝင်ပါတယ်။ သူတို့သည် ဘာမှ အကျိုးအမြတ်ကို ရယူလိုစိတ်၊ မျှော်ကိုးလိုစိတ်မရှိဘဲနဲ့ တကယ့် ကို ပြည်သူတွေအတွက် ပေးဆပ်ချင်တဲ့စိတ်နဲ့ ကြိုးစားပမ်းစား နေရာဒေသ နယ်ပယ်တိုင်းမှာ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ကွာရန် တင်းစင်တာမှာဖြစ်ဖြစ်၊ လူနာတွေပို့ဆောင်ရာမှာဖြစ်ဖြစ်၊ သေဆုံးတဲ့ လူနာတွေကို ပို့ဆောင်တဲ့ကိစ္စမှာဖြစ်ဖြစ်၊ ကာကွယ်ဆေးထိုးလုပ်ငန်းမှာ ဖြစ်ဖြစ် စေတနာ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍက အများကြီးပါဝင်ပါ တယ်။ ဒီစေတနာ့ဝန်ထမ်းတွေက ဦးစားပေးအုပ်စုထဲမှာ ပါဝင်ပါတယ်။ အထူးလေးစားရတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက ရဟန်းသံဃာတွေ၊ သီလရှင်တွေနဲ့ ဘာသာရေး အဖွဲ့ အစည်းတွေ ပါဝင်ပါတယ်။ နောက် လူအိုရုံတွေ ပါပါတယ်။ ဘဏ်လုပ်ငန်းတွေ ပါပါတယ်။ ပြီးရင် ပို့ဆောင်ဆက်သွယ်ရေး ကိစ္စရပ်တွေမှာ ဆောင်ရွက်နေတဲ့သူ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍနဲ့ဆိုင်တဲ့ လုပ်ငန်းတွေအကုန်လုံး အကျိုး ဝင်ပါတယ်။ နောက်တစ်ခုက နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံအလုပ်ရုံတွေမှာ လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။ ဟိုတယ်အပါအဝင် တည်းခိုခန်းတွေမှာ တာဝန်ထမ်းနေသူတွေ ပါဝင်ပါတယ်။ နောက်တစ်ခု က အကျဉ်းထောင်တွေ၊ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ စတဲ့ အသေးစားလုပ်ငန်းတွေက ဝန်ထမ်းတွေ ပါဝင်ပါတယ်။ လောလောဆယ် ရည်မှန်းထားတဲ့အုပ်စုတွေက ဒီအုပ်စုတွေဖြစ်ပါတယ်။

အခုလက်ရှိမှာ ကာကွယ်ဆေးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကနေ လှူဒါန်းတဲ့ Sinopham ကာကွယ်ဆေး ၂ သန်း ရောက်ရှိ နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ Sinovac ကာကွယ်ဆေး ၂သန်းအနက် တစ်သန်းရောက်ရှိပြီးဖြစ်ပါတယ်။ ဒီရောက်ရှိနေတဲ့ ကာကွယ်ဆေး ၃သန်းကို လူဦးရေ ၃သန်းကို ထိုးနှံပေးသွားမှာ ဖြစ်ပါ တယ်။ ဒါဆိုရင် ကာကွယ်ဆေးက နှစ်ကြိမ်ထိုးနှံရတာဖြစ်တဲ့အတွက်ကြောင့် လူဦးရေ တစ်သန်းခွဲကိုသာ ထိုးနှံပေးမှာ မဟုတ်ဘူးလားလို့ မေးလို့ရပါတယ်။ ဒီရောက်ရှိလာတဲ့ ကာကွယ်ဆေး ၃ သန်းလုံးကို ပထမအကြိမ် ထိုးနှံပေးမယ့် လူဦးရေ ၃ သန်းလုံးကို ထိုးနှံပေးလိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးထိုးပေးမယ့်လူဦးရေ ၃ သန်းလို့ ပြောရခြင်း ဖြစ်ပါတယ်။ နောက်ထပ် ဆက်တိုက်ရောက်ရှိလာမယ့် ကာကွယ်ဆေး တွေနဲ့ ဒုတိယအကြိမ် ထိုးနှံပေးမှာ ဖြစ်ပါတယ်။

ဒါဆိုရင် လက်ရှိဦးစားပေးမှာ အသက် ၆၅ နှစ်အထက်တွေ ပါနေ တာကို တွေ့ရမှာဖြစ်ပါတယ်။ အသက် ၆၅ နှစ်အထက်က လူဦးရေအနေနဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၂ ဒသမ ၈ သန်းရှိပါတယ်။ ဒီ၂ ဒသမ ၈ သန်းထဲမှာ လူဦးရေ ၈ သိန်းက ပထမအကြိမ် Covishield ကာကွယ်ဆေးထိုးနှံပေးစဉ်မှာ ပါဝင်တယ်လို့ ကျွန်မတို့ တွက်ချက် ထားပါတယ်။ ဒါကြောင့် အခုထိုးပေးမယ့် ကာကွယ်ဆေး ၃ သန်းမှာ အသက် ၆၅ နှစ်အထက် လူဦးရေ နှစ်သန်း ပါဝင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ သူတို့တွေက ဦးစားပေးအုပ်စုရဲ့ ထိပ်ဆုံးကနေ ထိုးနှံပေးမှာ ဖြစ်ပါတယ်။

ဒီလို အသက် ၆၅ နှစ်အထက်သက်ကြီးရွယ်အိုတွေကို ထိုးပေးရတဲ့ နောက်ထပ် ရည်ရွယ်ချက်ရှိပါတယ်။ သူတို့တွေမှာ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ် စသဖြင့် ဒီလိုရောဂါအခံတွေရှိတဲ့အတွက် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားရင် ရောဂါကူးစက်မှုကလည်း ပြင်းထန်တယ်။ ရောဂါ ဝေဒနာကို ဆိုးဆိုး ရွားရွားခံစားရတဲ့အပြင် ဆေးရုံတက်ရောက်ရတာ များတယ်။ ဒါ့အပြင် ICU လို့ခေါ်တဲ့ အထူးကြပ်မတ်ကုသပေးရတဲ့ အဆင့်အထိရောက်တာများတဲ့အပြင် သေဆုံးနိုင်ခြေကလည်း များတဲ့အတွက် သူတို့ကို ဦးစားပေးထိုးနှံပေးရခြင်း ဖြစ်ပါတယ်။ ဒါကို  တစ်နိုင်ငံလုံးရောက်အောင် ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို တစ်နိုင်ငံလုံးအရောက် အသက် ၆၅ နှစ်အထက် သက်ကြီး ရွယ်အိုတွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်အလိုက် ဖွဲ့စည်းထားတဲ့ ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့တွေမှာ စာရင်းကောက်ယူပြီးသား ရှိပါတယ်။ ဒီစာရင်းအတိုင်း သက်ဆိုင်ရာဆေးရုံတွေမှာ၊ ကာကွယ် ဆေးထိုးစုရပ်တွေမှာ တစ်နေ့ကို ကာကွယ်ဆေး ဘယ်နှယောက် ထိုးနှံပေးမယ်ဆိုတာက ဒီဆေးထိုးစုရပ်အလိုက် ထိုးနှံပေးမယ့် အရေအတွက်အပေါ် မူတည်ပါတယ်။ 

ဒီဆေးထိုးစုရပ်တွေမှာ လူစုလူဝေးမဖြစ်ဖို့အတွက် ဂရုတစိုက် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ယခုလိုကာလမှာ သက်ကြီးရွယ်အို တွေကိုကာကွယ်ဆေးထိုးနှံပေးချင်ကြတာကသားသမီးတွေနဲ့ မိသားစု တွေရဲ့ ဆန္ဒဖြစ်ပါတယ်။ ဒီဆန္ဒအတိုင်း တစ်ဦးတစ်ယောက်မှ မကျန်ရှိအောင် ကျွန်မတို့မှာ ဒေတာတွေ စနစ်တကျရှိပြီးဖြစ်တဲ့အတွက် စိတ်မပူပါနဲ့၊ သက်ဆိုင်ရာကာကွယ်ဆေးထိုးစုရပ်တွေမှာ ကာကွယ်ဆေးထိုးနှံရမယ့်အချိန်ကို အချိန်မီအကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အသက် ၆၅ နှစ်အထက် ပိုးတွေ့လူနာတွေ၊ ဆေးရုံ တက်ရောက်ရတဲ့သူတွေရှိပါတယ်။သူတို့တွေကို အလျင်စလိုကာကွယ် ဆေး ထိုးပေးစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ကိုယ်ခံ အားက ရှိပြီးသားဖြစ်နေတဲ့အတွက်ကြောင့်ပါ။ ဒီကိုယ်ခံအားကလည်း အနည်းဆုံး ၆ လအထိ နောက်ထပ်ရောဂါပိုးဝင်ရောက်လို့ ပြင်းပြင်း ထန်ထန် ခံစားရမှုမရှိအောင် ကာကွယ်နိုင်ပါတယ်။ သို့သော် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အနေနဲ့ ကာကွယ်ဆေး အကန့်အသတ်ရှိတဲ့အခါမှာ ကိုဗစ်ရောဂါပိုးတွေ့ပြီးသားသူတွေက အသက်၆၅ နှစ်အထက်သာမက မည်သည့်ပိုးတွေ့လူနာမဆို (၆)လလောက်အထိကာကွယ်နိုင်မှုရတယ်။ ဒါကြောင့် (၆) လပြည့်ခါနီးမှထိုးပေးရင်ရတယ်လို့ ပြောကြားထားပေ မယ့်ကျွန်မတို့က ဒီထက်စောပြီး ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့အတွက်ဆောင်ရွက်နေပါတယ်။ ဒါကို နီးကပ်လာရင် ဒီထက် တိတိကျကျ ကျွန်မပြောကြားပေးသွားမှာ ဖြစ်ပါတယ်။

ဘာဖြစ်လို့ ဒီလိုကာကွယ်ဆေးကို စောစောထိုးနှံပေးရသလဲဆိုရင် Recent Round ကူးစက်မှုရှိနေတဲ့ နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေး ထိုးနှံမှုကို ဒီထက်စောစော ထိုးပေးသင့်တယ်လို့ အကြောင်းအချက် တစ်ခုအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားတာ ရှိပါတယ်။ ဒါကြောင့် စောစော ကာကွယ်ဆေးထိုးနှံပေးမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ကုသမှုခံယူခဲ့သူတွေမှာ တချို့တွေကပြန်ကောင်း လူနာတွေရဲ့ သွေးရည်ကြည်နဲ့ ကုသမှုခံယူခဲ့ရသူတွေ ပါပါတယ်။ တချို့တွေက Monoclonal Antibody နဲ့ ကုသမှုခံယူခဲ့တာရှိပါတယ်။ ဒီလိုကုသမှုခံယူခဲ့သူတွေကို ရက် ၉၀ အကြာမှာ ကာကွယ်ဆေးထိုးနှံ ပေးရမယ်လို့ ပြောထားပါတယ်။ ဒါကဘာလဲဆိုရင် ကာကွယ်ဆေး  ထိုးလိုက်တယ်၊ ကာကွယ်ဆေးကြောင့် ကိုယ်ခံအားတွေက တက်လာ မယ်၊ ပဋိပစ္စည်းတွေ ထုတ်လုပ်မယ်၊ ဆောင်ရွက်မယ် ဒီအခါမှာ ခန္ဓာ ကိုယ်ထဲကို အရင်ရောက်နေတဲ့ ပြန်ကောင်းလူနာရဲ့ သွေးရည်ကြည်တွေနဲ့ မလိုလားအပ်တဲ့ရှုပ်ထွေးမှုတွေ မဖြစ်ပေါ်စေချင်လို့ ဖြစ်ပါတယ်။  ဒါကို ပြည်သူတွေနဲ့ ဆေးထိုးရမယ့်သူတွေ သိပြီလို့ ထင်ပါတယ်။

တချို့တွေက အမေ့မှာ သွေးတိုးရှိတယ်၊ ဆီးချိုရှိတယ်။ နှလုံးရောဂါရှိတယ်၊ ကျောက်ကပ်ရှိတယ်၊ ကင်ဆာဝေဒနာရှိတယ် ဒါကြောင့် ကာကွယ်ဆေးထိုးလို့ ဖြစ်မလားဆိုပြီး စိုးရိမ်ကြပါတယ်။ သူတို့တွေက ကာကွယ်ဆေးထိုးနှံဖို့ အသင့်ဆုံးအုပ်စုတွေဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ကာကွယ်ဆေးနဲ့ပတ်သက်ပြီးအခြားသိထားသင့်တဲ့ အကြောင်းအရာတွေကို ပြောပြပေးပါဦး။

ဒေါက်တာခင်ခင်ကြီး ။ ။ ကာကွယ်ဆေးတွေက ကာကွယ်နိုင်မှု အာနိသင်ကောင်းမွန်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံကထုတ်တဲ့ Sinopham နဲ့ Sinovac ကာကွယ်ဆေး နှစ်ခုစလုံးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အရေးပေါ်အသုံးပြုခွင့် ပေးထားတဲ့ ကာကွယ်ဆေး ၁၀ မျိုးထဲမှာ ပါဝင်ပါတယ်။ နောက်ထပ် mRNA ကာကွယ်ဆေး Pfizer နဲ့ Moderna နှစ်မျိုး၊ တစ်ခါထိုးရုံနဲ့ လုံလောက်တယ်ဆိုတဲ့ Johnson and Johnson၊ Sinopharm နဲ့ Sinovac အဲဒီအပြင် AstraZeneca ကို covishield နာမည်နဲ့ ထုတ်တဲ့ အိန္ဒိယနဲ့ မူရင်း AstraZeneca Oxford ကထုတ်တာနဲ့၊ AstraZeneca တောင်ကိုရီးယားဆိုပြီး အရင်က ၈ မျိုးဖြစ်ပါတယ်။

အခုနောက်ထပ်တိုးတဲ့ နှစ်မျိုးက ဂျပန်နိုင်ငံကထုတ်တဲ့ Astra Zeneca နဲ့ ဩစတြေးလျကထုတ်တဲ့ AstraZeneca ဒါဆိုရင် Astra Zeneca အုပ်စုက ၅ မျိုးဖြစ်သွားပါပြီ။ ကာကွယ်ဆေး ၁၀ မျိုးထဲမှာ Sinopharm နဲ့ Sinovac နှစ်မျိုးစလုံးက အကျုံးဝင်ပါတယ်။ WHO က အသုံးပြုခွင့်ပေးတယ်ဆိုတဲ့ ကာကွယ်ဆေးတွေရဲ့ စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှု၊ ထိရောက်မှုက မေးခွန်းထုတ်စရာမလိုပါဘူး။ သို့သော် ကာကွယ်ဆေးတွေ မှန်သမျှသည် အချိန်တိုအတွင်းမှာ ထိုးရတဲ့ ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ သုတေသနပြုမှုတွေက အမြန်လုပ်ရ တာတွေ ရှိပါတယ်။ သုတေသနပြုမှု တစ်ခုနဲ့တစ်ခုအပေါ် မူတည်ပြီး အနည်းငယ် ကွဲပြားခြားနားတာရှိပေမယ့် Sinopharm ရော၊ Sinovac ရော ကာကွယ်ဆေးရဲ့ ထိရောက်မှုက ကောင်းမွန်တယ် ဆိုတာ WHO က Chief Scientist ကလည်း ပြောကြားထားပြီး ဖြစ်ပါတယ်။

ပြင်းထန်နာမကျန်းဖြစ်မှု၊ ဆေးရုံတက်ရောက်ရမှုတွေကနေ နှစ်ခု စလုံးက ကာကွယ်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါ့အပြင် လက်ရှိ WHO အသိအမှတ်ပြုတဲ့ ကာကွယ်ဆေးတွေအားလုံးသည် ဗီဇပြောင်း မျိုးတွေကိုလည်း ၆၀ နဲ့ ၇၀ ရာခိုင်နှုန်းအထက် ကာကွယ်တယ်လို့ ပြောထားတာဖြစ်တဲ့အတွက်ကျွန်မတို့သည် လက်ရှိ WHO အသိအမှတ်ပြုတဲ့ ကာကွယ်ဆေးတွေကို ရရှိလာပြီ၊ ဒီရောဂါကို ကာကွယ်နိုင်တဲ့ ဒိုင်းနဲ့တူတဲ့ကာကွယ်ဆေးတွေလည်းရရှိလာပြီဆိုတော့ ကာကွယ်ဆေး ထိုးဖို့ တာဝန်က ပြည်သူတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်ဆိုတာ ပြောလိုပါတယ်။

ဒီနေရာမှာ အများစုက မေးကြတာရှိပါတယ်။ ဒီကာကွယ်ဆေးတွေ ဟာ ကိုယ်ဝန်ဆောင်တွေ ထိုးလို့ရသလား၊ နို့တိုက်မိခင်တွေ ထိုးလို့ရ သလား၊ ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေတဲ့သူတွေရော ထိုးလို့ရသလား။ HIV/ AIDS၊ ကင်ဆာရောဂါခံစားနေရတဲ့သူတွေရော ထိုးလို့ရသလား စသဖြင့် မေးလာကြပါတယ်။ ဘေးကင်းလုံခြုံစွာထိုးနှံလို့ ရမရ သိချင်ကြတဲ့ အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။

အစပိုင်းကာလမှာ ကာကွယ်ဆေးတွေကို စမ်းသပ်တဲ့အခါ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ အသက်အရွယ်ကြီးရင့်တဲ့သူတွေ Clinical Trial လို့ခေါ်တဲ့ လူမှာစမ်းသပ်တဲ့ ကိစ္စရပ်တွေမှာ သူတို့ဟာ မပါသလောက်နည်းပါတယ်။ အစပိုင်းကာလ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှာ covishield ဆေးစထိုးပေးတယ်။ ဇန်နဝါရီလ ၂၂ ရက်မှာမှ အသိအမှတ်ပြုတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကာကွယ်ဆေးတွေရဲ့ ဘေးကင်းလုံခြုံမှု၊ စိတ်ချရမှုက သူတို့တွေမှာ စမ်းသပ်ထားတာနည်းတဲ့ အတွက် Risk နဲ့ Benefit ကို ချင့်ချိန်ပြီး ကျန်းမာရေးဝန်ထမ်း၊ ကိုယ်ဝန်ဆောင် နို့တိုက်မိခင်တွေ၊ အန္တရာယ်ရှိတဲ့သူတွေကို ထိုးပေး သင့်တယ်လို့ အရင်က ပြောထားတာရှိပါတယ်။

သို့သော်နောက်ပိုင်း သုတေသနတွေ့ရှိချက်တွေအရကာကွယ်ဆေး တွေသည်ပိုးတွေကိုအင်အားချည့်နဲ့အောင်၊ အင်အားမဲ့အောင်သတ်ထား တဲ့ကာကွယ်ဆေးတွေ ဖြစ်တယ်။ အချို့ကာကွယ်ဆေးတွေကအန္တရာယ် မရှိတဲ့ Viral vector လို့ခေါ်တဲ့ ပိုးတွေကိုယူပြီး ကိုယ်ခံအားတွေ တက်အောင်လုပ်ထားတဲ့ ကာကွယ်ဆေးတွေဖြစ်တယ်၊ အချို့ကာကွယ် ဆေးတွေက RNA Nucleus ကိုယူပြီး လုပ်ထားတာဖြစ်တယ်။ ကာကွယ် ဆေးတွေအားလုံးသည် Live Virus လို့ခေါ်တဲ့ ပိုးအရှင်ကို သုံးထား ခြင်း မရှိပါဘူး။ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေတဲ့သူတွေ စိတ်ချစွာ ထိုးနှံနိုင်ပါတယ်။

လက်ရှိကမ္ဘာကြီးမှာ ရောဂါကူးစက်မှုတွေက ပြင်းထန်ပါတယ်။ ရောဂါကူးစက်မှုတွေ များလာတယ်ဆိုရင် ကိုယ်ဝန်ဆောင်တွေက အသက်နှစ်သက်ဖြစ်တဲ့အတွက် ပိုပြီးအန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင် ကိုဗစ် - ၁၉ ကူးစက်ခံရပြီဆိုရင် သူ့အတွက် အသက်အန္တရာယ်ရှိသလို သူကနေ မွေးလာတဲ့ကလေးမှာ ပေါင်မပြည့် မွေးလာတာ၊ နေ့မစေ့လမစေ့မွေးလာတာ၊ မွေးပြီး အထူးကြပ်မတ်ကုသပြီး အသက်ကယ်ရတဲ့ အဖြစ်မျိုးတွေကလည်း ဆက်စပ်မှုတွေ ရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ အသက် ၃၅ နှစ် အထက် ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဝတဲ့သူ၊ နောက်ခံ သွေးတိုး၊ ဆီးချို ရှိတဲ့သူတွေမှာ ဒီအန္တရာယ်က ပိုများပါတယ်။

ဒါကြောင့် WHO က ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေသူတွေ ယုတ်စွအဆုံး ရာသီလာနေစဉ်တောင်မှ ဒီကာကွယ်ဆေးတွေကို စိတ်ချလက်ချ ထိုးနှံလို့ရပါတယ်ဆိုပြီး ပြောထားပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့အတွက် နို့တိုက် မိခင်တွေက ကာကွယ်ဆေးထိုးပြီးနောက် နို့တိုက်တာကို ရပ်ထား ရတာတွေ မလိုပါဘူးဆိုတဲ့အကြောင်းကို တစ်လက်စတည်း ပြောလိုပါတယ်။

နောက်ထပ်မေးခွန်းက အရင်တုန်းက ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားတယ်၊ အခု ကာကွယ်ဆေး ထပ်ရောက်လာပြီ။ ထပ်ထိုးဖို့ သင့်သလားဆိုပြီး မေးထားတာရှိပါတယ်။ လက်ရှိအနေအထားအရ ကာကွယ်ဆေး နှစ်ကြိမ်ထိုးခြင်းသည် လုံလောက်မှုရှိပါတယ်။ ရောဂါပိုး ကူးစက်ခံရရင်တောင်မှ သာမန်နဲ့ ဆိုးဆိုးရွားရွား ဝေဒနာခံစားရတာမျိုး မရှိပါဘူး။ ကမ္ဘာမှာ ကာကွယ်ဆေးရရှိမှုနဲ့ ကာကွယ်ဆေးရဲ့ လိုအပ်ချက်က ကွာဟချက်တွေရှိပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကာကွယ်ဆေးတွေ အများကြီးထိုးနှံနိုင်ပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေးထိုးနှံမှု အားနည်းပါတယ်။

လက်ရှိအနေအထားအရ ကျွန်မတို့သည် ကာကွယ်ဆေး ၁ ဒသမ ၇ သန်းပဲ ထိုးနှံထားပါတယ်။ ကာကွယ်ဆေးထိုးပေးရမယ့် အသက် ၁၈ နှစ်အထက် ဦးတည်အုပ်စုက ၃၈ ဒသမ ၃ သန်းဆိုတော့ ထိုးနှံတဲ့ ကာကွယ်ဆေးပမာဏက အခုလက်ရှိမှာ ၄ ရာခိုင်နှုန်းလောက်ပဲ ရှိပါ တယ်။ အခုကာကွယ်ဆေးတွေလည်း လက်ထဲမှာ ရောက်နေပြီ။ အမြန် ထိုးနှံပေးတော့မယ်။ ဒီတော့ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးတဲ့ သူတွေကို ထိုးနှံဖို့ အခွင့်အရေးပေးစေချင်ပါတယ်။

နှစ်ကြိမ်ထိုးထားတဲ့သူတွေအတွက်က သေချာပါတယ်။ ကာကွယ် ဆေးထိုးထားတဲ့အတွက်ကြောင့် သေဆုံးတဲ့အထိဖြစ်ဖို့၊ ပြင်းထန်ဝေဒနာ ခံစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ တတိယအကြိမ်ထိုးဖို့မလိုပါဘူး။ WHO က ကာကွယ်ဆေး တတိယအကြိမ် ထိုးဖို့လိုတယ်ဆိုတာ မပြောသေးပါဘူး။ နှစ်ကြိမ်ထိုးပြီးသားလူတွေက ထိုးလို့မရပါဘူး။ လုံးဝမထိုး ရသေးတဲ့လူတွေကို ဦးစားပေးဖို့ လိုပါတယ်။

နောက်တစ်ချက်က ကာကွယ်ဆေးထိုးနှံတဲ့အခါ နောက်ထပ် ဦးစားပေး ထိုးနှံရမယ့်လူတွေက ခုခံအားကျဆင်းနေသူတွေ၊ HIV ပိုးကူးစက်ခံရသူတွေ၊ အခြားရောဂါကြောင့် ကိုယ်ခံအားကျဆင်းတဲ့ ဆေးတွေသောက်နေရသူတွေဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့ ဆွေးနွေးမှု တွေလုပ်ပြီး ထိုးနိုင်ပါတယ်။ ကိုယ်ခံအားကျနေတယ်ဆိုရင် ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြီး ထိုးနှံသင့်ပါတယ်။

နောက်တစ်ခုက အသည်းအစားထိုးထားသူတွေ၊ ကျောက်ကပ် အစားထိုးထားသူတွေကလည်း ကာကွယ်ဆေးကို ထိုးနှံနိုင်ပါတယ်။ ယခင်က ကာကွယ်ဆေးတစ်ကြိမ်ထိုးထားပြီးတဲ့သူတွေကရော အခု ကာကွယ်ဆေးတွေရလာပြီ၊ ထပ်ထိုးရမလားဆိုရင် အခု လက်ရှိ ကာကွယ်ဆေးတွေသည် တစ်ခုနဲ့တစ်ခု ပြောင်းလဲပြီး ထိုးဖို့အတွက် WHO က မပြောထားပါဘူး။ အရင်က ကာကွယ်ဆေး covishield ထိုးထားသူဆိုရင် covishield ကို ဒုတိယအကြိမ် ထပ်ထိုးသင့်ပါတယ်။ covishield ထိုးနှံထားတဲ့ အများစုသည် နှစ်ကြိမ်လောက် ပြည့်ပြည့်ဝဝ ထိုးနှံထားပြီး ဖြစ်ပါတယ်။ covishield နည်းနည်းပိုလျှံတဲ့အခါ တစ်ကြိမ်ပဲရရဆိုပြီး ထိုးပေးထားတဲ့သူတွေလည်းရှိပါတယ်။ မကြာမီမှာ အိန္ဒိယကလည်း ဆေးတွေ ထပ်ရလာဖွယ်ရှိပါတယ်။

လက်ရှိပိုးတွေ့မှု အများဆုံးက အိန္ဒိယမဟုတ်ပါဘူး။ အင်ဒိုနီးရှား ဖြစ်သွားပါပြီ။ အိန္ဒိယရဲ့ အခြေအနေက ဖြစ်ပွားမှုနဲ့ သေဆုံးမှုကျဆင်းလာတာကို တွေ့ရတဲ့အတွက် သူတို့ဆီက ကာကွယ်ဆေးတွေလည်း  ကျွန်မတို့ ဝယ်ထားပြီးသားဖြစ်တဲ့အတွက် ရောက်ရှိလာဖွယ်ရှိပါတယ်။ ဒါဆိုရင် သူတို့ ထိုးနှံနိုင်မှာဖြစ်ပါတယ်။ အချိန်ခြားသွားပြီလို့ ပြောရင်တော့ အိန္ဒိယရဲ့ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့အဖွဲ့ အစည်းက covishield သည် အချိန် ၆ လအထိ ခြားလို့ရပါတယ်လို့ ပြောထားတာ ရှိပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက ကိုဗစ် -၁၉ လူနာတွေကို အမြဲထိတွေ့ ကိုင်တွယ်နေရတော့ သူတို့တွေရဲ့ ဆန္ဒအရ ထိုးမယ်ဆိုရင် အခုရောက်ရှိ နေတဲ့ Sinopharmကို ထိုးပေးတာတွေ့ရှိပါတယ်၊ ဒါက ခြွင်းချက်အနေနဲ့ ထိုးပေးတာဖြစ်ပါတယ်။ Sinopharm နဲ့ Sinovac သည် တကယ် အာနိသင် ကောင်းမွန်တဲ့ ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ ဒီနှစ်ခုစလုံး က WHO ရဲ့ စံသတ်မှတ်ချက်တွေ အကုန်လုံးနဲ့ ကိုက်ညီပြီး သူတို့ရဲ့ သုတေသနပြုချက်အမျိုးမျိုးကနေ တကယ်ထိရောက်တယ်၊ ကောင်းမွန် တယ်ဆိုတာ သက်သေခံနိုင်တဲ့အတွက်ကြောင့် ပြည်တွင်းက ပြည်သူ တွေကို ထိုးနှံပေးတာဖြစ်ပါတယ်။ လက်ရှိထိုးနှံခွင့်ရတဲ့ ကာကွယ်ဆေး သည် အကောင်းဆုံးဖြစ်ပါတယ်။ မြန်မြန်ကာကွယ်ဆေးတွေ ထိုးမယ်။

ကာကွယ်မှုတွေ မြန်မြန်ရယူလိုက်ပြီး ဒီရောဂါဆိုးကြီးက ကျွန်မတို့ကို တိုက်ခိုက်ဖျက်ဆီး နှိပ်စက်သေဆုံးတဲ့အထိ ဖြစ်စေခြင်းက ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ ဒါကို ပြည်သူတွေကို သိစေချင်ပါတယ်။

ကာကွယ်ဆေးက ထိရောက်ပါတယ်။ အစွမ်းထက်ပါတယ်။ ကာကွယ်ဆေးကို မြန်မြန်ဆန်ဆန်လူများများနဲ့ အရှိန်အဟုန်မြှင့်မြှင့် ထိုးနှံလိုက်မယ်ဆိုရင် ကိုယ်ခံအားတွေတက်လာမယ်။ ကိုယ်ခံအားတွေ တက်လာရင် ရောဂါပိုးကြောင့် ထိခိုက်မှုကနေ ကာကွယ်နိုင်ပါတယ်။ ကာကွယ်ဆေးက နှစ်ကြိမ်ထိုးဖို့ လိုပါတယ်။ နှစ်ကြိမ်ထိုးတဲ့အခါမှသာ သူ့ရဲ့ ကာကွယ်နိုင်မှုက ပြည့်ပြည့်ဝဝရမှာ ဖြစ်ပါတယ်။

ဒီတော့ ကာကွယ်ဆေးကို နှစ်ကြိမ်အပြည့်ထိုးနှံဖို့ကိုလည်း ပြောချင် ပါတယ်။ နောက်တစ်ခုက ကာကွယ်ဆေးထိုးနှံပြီး ရောဂါကူးစက်မှုကို ဖြတ်တောက်ခြင်းကလည်း ကမ္ဘာ့ကပ်ရောဂါကြီးကို ဖြတ်တောက်ဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အခုကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်မျိုးကွဲတွေ အမျိုးမျိုးပေါ်နေပါတယ်၊ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲတွေ မပေါ်ဖို့၊ သူတို့တွေ ကို ဖြတ်တောက်နိုင်ဖို့ အဓိကလုပ်ဆောင်ရမှာက ကူးစက်မှုကို ဖြတ်တောက်ဖို့ပါ။ ဒီလိုဖြတ်တောက်ရာမှာ ကာကွယ်ဆေးထိုးခြင်းက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။

ကာကွယ်ဆေးထိုးထားပြီးပြီ၊ အခြားကာကွယ်ရေးနည်းလမ်းတွေ ကို လိုက်နာဖို့ မလိုဘူးလားဆိုရင် လိုပါသေးတယ်။ ကာကွယ်ဆေးတွေ က ၁၀၀ ရာခိုင်နှုန်း မကာကွယ်ပါဘူး။ ကာကွယ်ဆေးထိုးလိုက်လို့ ၁၀၀ ရာခိုင်နှုန်း ရောဂါမဖြစ်တော့ဘူးလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ ၁၀၀ထဲမှာမှ အချို့သောသူတွေဟာ ကိုယ်ခံအားနည်းမယ်၊ ကူးစက်ရောဂါ ကာကွယ်ရေးနည်းလမ်းတွေကို မလိုက်နာတဲ့သူတွေမှာ ပြန်ကူးစက်နိုင်ပါတယ်။ ကူးစက်ပေမယ့် ဆိုးရွားစွာမဖြစ်ပါဘူး။

ဒါကြောင့် ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးသူဖြစ်စေ၊ နှစ်ကြိမ် အပြည့်ထိုးပြီးသူဖြစ်စေ ကိုဗစ် - ၁၉ စည်းကမ်းချက်တွေကို သေသေ ချာချာ လိုက်နာဖို့လိုပါတယ်။ ဘယ်သွားသွား ပါးစပ်နှနှာခေါင်းစည်း Mask တပ်ဖို့ အရေးကြီးပါတယ်။ ထိရောက်တဲ့ ကာကွယ်နိုင်မှုဖြစ်ပါ တယ်။ အလွန်လွယ်ကူပါတယ်။ သို့သော် လူတွေက Mask တပ်ဖို့ မေ့လျော့နေကြတယ်၊ တစ်ခါတလေပေါ့လျော့နေကြတယ်။ လွယ်လွန်းတော့လည်း တန်ဖိုးမထားသလိုဖြစ်နေတယ်။ တချို့တွေ ကြည့်လိုက် မယ်ဆိုရင် Mask က မေးစေ့မှာရောက်နေတာ၊ နှာခေါင်းဖော်ပြီး တပ်ထားတာ၊ Maskတော့တပ်ထားတယ်၊ တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါ အားမရဘူးဆိုပြီး ပြောတာမျိုးတွေက ကူးစက်နိုင် ဖို့ အခွင့်အလမ်းများပါတယ်။ မလုပ်သင့်ပါဘူး။

တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေဖို့ကလည်း အရေးကြီး ပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ ဒယ်လ်တာဗိုင်းရပ်စ်က ကူးစက်မှု ရဲ့ အဓိကလက်သည်ဖြစ်ပါတယ်။ ကူးစက်မှုတွေက မြန်ပါတယ်။ မိမိရဲ့ မိသားစုဝင်အချင်းချင်း၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်း တစ်တိုက်တည်းနေသူအချင်းချင်း တစ်မိုးအောက်မှာနေသူအချင်းချင်း က ကူးစက်မှုက အလွန်မြန်ပါတယ်။

အရင်တုန်းက တစ်ယောက်က တစ်ယောက်ကို ကူးစက်နိုင်မှုက ၂ ဒသမ ၅၊ ၂ ယောက်ခွဲလောက်ပဲ ကူးစက်နိုင်ပေမယ့် ဒယ်လ်တာ မျိုးဗီဇက ၅ ယောက်ကနေ ၈ ယောက်အထိ ကူးစက်နိုင်ပါတယ်။ အယ်လ်ဖာနဲ့ နှိုင်းယှဉ်ရင် ၆၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်။ ၆၀ ရာခိုင်နှုန်း သည် အဆ ၆၀ မဟုတ်ပါဘူး။ ၁ ဒသမ ၆ ဆ ဖြစ်ပါတယ်။ ဒါကြောင့် ပါးစပ်နှာခေါင်းစည်းတပ်ဖို့လိုပါတယ်။ လူအုပ်စုကို ရှောင်ဖို့လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး ၆ ပေအကွာနေဖို့လိုပါတယ်။ လက်ကို သန့်ရှင်းစွာထားဖို့လိုပါတယ်။ လေကောင်းလေသန့်ရဖို့လိုပါ တယ်။ ပြတင်းပေါက်တွေ ဖွင့်ထားပါ။ လေတွေနဲ့အတူ ရောဂါပိုးတွေ ပါလာမယ်လို့ မတွေးပါနဲ့။ ပြတင်းပေါက်တွေ ဖွင့်ထားမှသာ ရောဂါပိုး တွေ သေမှာ၊ ကိုယ့်ဆီ မကပ်ငြိမှာ ဖြစ်ပါတယ်။

နောက်တစ်ခု အရေးကြီးတာက ကာကွယ်ဆေးတွေရမယ်ဆိုရင် အလျင်အမြန်ထိုးပေးပါ။ဒီလိုထိုးပေးခြင်းကမိမိကိုယ်တိုင်အတွက်ရော မိသားစုဝင်တွေအတွက်ပါ အကျုံးဝင်ပြီး ကောင်းကျိုးတွေ ရရှိမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအုပ်စု အလိုက် ထိုးနှံပေးမှာ ဖြစ်တဲ့အတွက် ဆန္ဒမစောပါနဲ့။ ကျွန်မတို့ ပြောထားတဲ့ အုပ်စုတွေထဲမှာ မိသားစုဝင်တွေကလည်း တစ်ခုမဟုတ် တစ်ခုနဲ့ ပါဝင်နေမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နှစ်ကုန်မှာ ကာကွယ်ဆေးရရှိဖို့ အကျုံးဝင်တဲ့ ၁၈ နှစ် အထက် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ထိုးနှံဖို့ အမြန်ဆုံးဆောင်ရွက်နေ ပါတယ်လို့ ပြောချင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း ဖြင့် ကိုဗစ် - ၁၉ ရောဂါ ကနေ ကာကွယ်ကြပါစို့လို့ ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်။ ။

ထက်လျှံ