အုပ်ချုပ်ရေးပီပြင်မှ မြို့ရွာစည်ပင်မည်
“မင်း ပေါက်တူးပေါက်တာ ခြေထောက်ကို ခုတ်မိလိမ့်မယ်” ရပ်ကွက်ရှိ ကလေးကစားကွင်းတစ်ခုကို ရပ်ကွက်သားများ လုပ်အားပေးချုံရှင်း၊ မြက်ခုတ်ဆောင်ရွက်ကြစဉ် ကလေးအရွယ် ကျွန်တော့်အား လူကြီးတစ်ဦးက ဤသို့သတိပေးလေသည်။
ထို့နောက်“ပေါက်တူးပေါက်ရင် ခြေထောက်ကို ဒီလိုချဲ့ထားရတယ်ကွ”ဟု နမူနာလက်တွေ့ပေါက်ပြလေသည်။ ထိုလူကြီးမှာ ကျွန်တော်တို့မြို့နယ်မှ ပါတီကောင်စီလူကြီး ဖြစ်လေသည်။
ကျွန်တော်တို့အရွယ်ရောက်လာသည့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ရပ်ကျိုးရွာကျိုး အတွက် မိသားစုစိတ်ဓာတ်အပြည့်ဖြင့် လူတိုင်း ဤသို့တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လေ့ရှိ ကြသည်။
နွေမိုးဆောင်း ရေဝပ်လေ့ရှိသည့် အများပိုင် လမ်းကြားလေးတစ်ခုကို အုတ်ခဲတွေစီတော့ လည်း အိမ်တိုင်းကကလေးလူကြီးမရွေး နှစ်လုံးတွဲ၊ သုံးလုံးတွဲ အုတ်ခဲလေးတွေကို ကိုယ်စီကိုယ်စီ သယ်ချ၍ လုပ်ဆောင်ကြပြန်သည်။
ဟော ရပ်မိရပ်ဖတွေ ဦးဆောင်မှုဖြင့် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေတွေရလာပြန်တော့သည် လမ်းလေးကို ခိုင်ခိုင်မာမာ ချောမွေ့ပြေပြစ်လာအောင် အားလုံးကဝိုင်း၍ လုပ်အားပေးခဲ့ကြ ပြန်သည်။ ကလေးအရွယ်ဖြစ်လင့်ကစား မောသည် ပန်းသည်ဟုမထင်ခဲ့၊ ရပ်တော်မိသားစုဝင်အချင်းချင်း စဟယ် နောက်ဟယ်ဖြင့် ပျော်ရွှင်စရာပင်ကောင်းလှသည်။ လုပ်အားပေးပွဲတွင် စားခဲ့ရသည့် ကောက်ညှင်းပေါင်းနှင့် ထိုပျော်ရွှင်ကြည်နူးစရာ မြင်ကွင်းကို ပစ္စက္ခတိုင် မမေ့နိုင်ခဲ့ချေ။
လူတွေမူတွေ ပြောင်းသွား
၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ လူတွေ မူတွေ ပြောင်းသွားသည်။ ရပ်ကွက်ကောင်စီများ အစား ရဝတတွေ(ရပ်ကွက်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့) ဝင်ရောက်လာသည်။ ကျွန်တော်တို့ ရပ်ကွက်အဖို့မူ အပြောင်းအလဲက နာမည်အခေါ်အဝေါ်မျှသာ ဖြစ်သည်။ ရဝတ ဥက္ကဋ္ဌက ရပ်ကွက်ထဲက စီးပွားရေးလုပ်ငန်းရှင် လူရိုသေ ရှင်ရိုသေ ရပ်မိရပ်ဖတစ်ဦးပေမို့။
တစ်နေ့ ထိုရဝတဥက္ကဋ္ဌ၏တန်ဖိုးကိုကျွန်တော် တို့မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။ လူငယ်ဘဝ ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်နှင့် အခြားလမ်း က လူငယ်တစ်အုပ်တို့ အုပ်စုလိုက် ခိုက်ရန်ဖြစ် ပွားခဲ့သည်။ နှစ်ဖက်မိဘဆွေမျိုးများက ရဲစခန်း တွင် အမှုဖွင့်ရန် စီစဉ်ကြတော့သည်။ သို့တစေ ထိုရဝတလူကြီး၏ မျက်နှာချင်းဆိုင် စေ့စပ် ရှင်းပေးမှုကြောင့် လွန်တာရှိလျှင် ဝန္ဒာမိပါနှင့် ကိစ္စ ပြတ်သွား၍ ရုံးမှဂတ်သို့ ဘယ်သူမျှ မရောက်ခဲ့ကြချေ။
အခေါ်အဝေါ် ဘယ်သို့ပြောင်းပြောင်း ရပ်မိရပ်ဖလူကြီးများသည်ရပ်ကွက်၊ ကျေးရွာအတွင်း အခါအားလျော်စွာ ပေါ်ပေါက်လာသည့် အမှုအခင်းကိစ္စများကို ကြီးသည့်အမှုငယ်အောင်၊ ငယ် သည့်အမှုပပျောက်အောင် စွမ်းဆောင်ပေးလေ့ရှိကြ သလိုရပ်ရွာ၏ သာရေး၊ နာရေးကအစ ရပ်ရွာ အကျိုး သယ်ပိုးဆောင်ရွက်ပေးကြသူများသာ ဖြစ်ပါသည်။
ရှေးမြန်မာဘုရင်များလက်ထက် အုပ်ချုပ်မှု ယန္တရားကြီးကို လေ့လာကြည့်ပါက မင်းကြီးတွေ၊ ဝန်တွေ၊ မှူးကြီးမတ်ရာတွေက ဆင့်ကဲဆင့်ကဲ အုပ်ချုပ်ပြီး Local Administration အရမြို့သူကြီး အောက်တွင် တိုက်နယ်သူကြီး၊ ရိုးရိုးကျေးရွာသူကြီး၊ ကျေးရွာသူကြီးအောက်မှာမှ ဆယ်အိမ်ခေါင်း၊ ရွာဆော်၊ ရွာစာရေး၊ ရွာခေါင်း စသည်ဖြင့် လေ့လာ တွေ့မြင်နိုင်မည်ဖြစ်သည်။ Tax System အရလည်း သဿမေဓ အခွန်ကို ၁၀ ဖို့ ၁ ဖို့ သူတို့ကို စားခွင့်ပေး ခဲ့လေသည်။
၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ အပြီး အထက်ဗမာပြည်တစ်ခုလုံး အင်္ဂလိပ်လက် အောက်သို့ ကျရောက်အပြီးတွင် Political Institution က သိသိသာသာ ပြောင်းလဲသွားသည်။ ကိုလိုနီစနစ်အရ နိုင်ငံအများကြီးကို တစ်ပြိုင်နက် တည်း အုပ်ချုပ်ရသည်ဖြစ်သည့်အတွက် အုပ်ချုပ် ရေးစနစ်ကို အင်္ဂလိပ်က အပေါ်က ချုပ်ကိုင်ကာအောက်တွင် ဒေသခံများက ပြန်အုပ်ချုပ်စေသည်။ အသေးစိတ်ကအစ ညွှန်ကြားနိုင်သည့် ကိုလိုနီဗျူရိုကရေစီယန္တရားကို ထူထောင်ခဲ့သည်။
မြို့အုပ်၊ မြို့ပိုင်အဖြစ် ခန့်ထား
စစချင်း မြို့အုပ်ဆိုသည့် ရာထူးကလေးကို ဖန်တီးလိုက်သည်။ မြို့အုပ်ရာထူးကို ယခင်က သူတို့အား သစ္စာခံသည့်မင်းညီမင်းသားဟောင်းများသို့မဟုတ် ငွေခွန်မှူး၊ မြို့သူကြီးဟောင်းများကို ပြန်လည်ပေးအပ်သည်။ နောက်ပိုင်းတွင် Colonial Social Institution အရ ပညာရေးက B.A အောင် သည့်သူများကို မြို့အုပ်၊ မြို့ပိုင်အဖြစ် ခန့်ထားခဲ့ပြန်သည်။
ထို မြို့အုပ်၊ မြို့ပိုင်များကို အပေါ်က Deputy Commissioner (DC) ခေါ် အရေးပိုင်က ကွပ်ကဲ သည်။ အင်္ဂလိပ်တို့က မြန်မာပြည်ကို ထိုစဉ်က ခရိုင် ဒီစတြိတ် ၃၆ ခုခွဲ၍ အရေးပိုင်များကို ခန့်ထား အုပ်ချုပ်စေသည်။ အရေးပိုင် (DC)များကိုမူ အင်္ဂလန် m India Civil Services (ICS) စာမေးပွဲကျင်းပ၍ ရွေးချယ်ခန့်အပ်စေသည်။ ICS စာမေးပွဲကို IA တန်း အောင်လျှင် ဝင်ရောက်ဖြေဆိုခွင့်ပြုသည်။ သို့အတွက် အရေးပိုင် (DC) ရာထူးများ စခါစတွင် အင်္ဂလိပ်မျက်နှာဖြူများသာ ဖြစ်နေခဲ့ကြပြီး နောက်ပိုင်းတွင် ဗမာလူမျိုးများ အနည်းအကျဉ်းဖြစ် ခဲ့ကြသည်။
အင်္ဂလိပ်တို့သည် ၎င်းတို့၏ ဗျူရိုကရေစီ ယန္တရား ကို ထိုသို့စနစ်တကျ တည်ဆောက်ရာတွင် ရည်ရွယ်ချက်နှစ်ရပ် ရှိလေသည်။ တစ်ခုက စီးပွား ရေးအရ တွက်ခြေကိုက်စေရန်နှင့် နောက်တစ်ခုက ၎င်းတို့၏ ကိုလိုနီသက်တမ်း ကြာရှည်ခံနိုင်အောင် ဖြစ်လေသည်။
မြန်မာပြည်အတွင်းရှိ ခရိုင် ဒီစတြိတ် ၃၆ ခု တွင် တစ်ခုအပါအဝင်ဖြစ်သော မြစ်ဝကျွန်းပေါ်ရှိ မြောင်းမြခရိုင်သည် မူလကရွှံ့နွံတောကြီးဖြစ်ခဲ့လေသည်။ အင်္ဂလိပ်တို့က စီးပွားရေးအမြင်ဖြင့် ထိုရွှံ့နွံတောကြီးကို စပါးစိုက်ပျိုးနိုင်ရန် အိန္ဒိယမှလယ်ကူလီ လုပ်သားများ ခေါ်ယူတင်သွင်း၍ လယ်ယာမြေများအဖြစ် ပြုပြင်ပြောင်းလဲပြီး စပါးစိုက်ပျိုးခဲ့ရာ ပြည်ပသို့ပင် တင်ပို့ရောင်းချနိုင်သည်အထိ အောင်မြင်ဖြစ်ထွန်းခဲ့လေသည်။
ရပ်ရွာများ စည်ပင်လာရေးအတွက်လည်း သူကြီးများကိုခန့်အပ်၍ သူကြီးလက်စွဲ ဥပဒေများ ပြဋ္ဌာန်းအုပ်ချုပ်စေခဲ့သည်။ အင်္ဂလိပ်တို့ ဘုန်းမီး နေလတောက်ပစဉ်ကာလတွင် မြန်မာသူကြီးတစ်ဦး သည် စည်းကမ်းမဲ့အမှိုက်ပစ်သူ မြို့ပိုင်ကို သူကြီး လက်စွဲဥပဒေအရ ဒဏ်ငွေရိုက်ခဲ့ဖူးလေသည်။
အင်္ဂလိပ်အပြေး ဂျပန်အဝင်တွင်လည်း ဂျပန်တို့က အုပ်ချုပ်ရေးယန္တရားကို အင်္ဂလိပ်မင်းအစိုးရခေတ် ကာလကဲ့သို့ပင် ဆက်လက်ထားရှိ အုပ်ချုပ်စေခဲ့ သည်။ ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် နယ်ပိုင်၊ မြို့ပိုင်၊ လက်ထောက်မြို့ပိုင်ရာထူးများအတွက် လူတွေ့မေးမြန်းကာ ရွေးချယ်ခန့်ထားခဲ့လေသည်။ မြို့ပိုင် မောင်ပြုံးချိုခေါ် စာရေးဆရာကြီး မန်းတင် သည် ၁၉၄၂ ခုနှစ်တွင် လက်ထောက်မြို့ပိုင်အဖြစ် ရွေးချယ်ခန့်ထားခြင်း ခံခဲ့ရလေသည်။
မြန်မာပြည် လွတ်လပ်ရေးရပြီးစတွင်မူ ပြည်တွင်းသောင်းကျန်းမှုဒဏ်ကြောင့် မြို့အုပ်၊ သူကြီးအချို့ ရန်ပြုသတ်ဖြတ်ခံခဲ့ရ၍ အချို့မြို့ရွာ များတွင် အုပ်ချုပ်မှုပျက်ပြားခဲ့ရသည်။ ထိုသောအခါ ရပ်ရွာများတွင် ဓားပြ၊ သူခိုးများ ထကြွခဲ့၍ ဥစ္စာရှိသူ များမှာ ညစဉ်ပုန်းအောင်း ပြောင်းရွှေ့ အိပ်ကြရ သည်။ အချို့ တတ်နိုင်သူများက မြို့တက်အခြေချ ပြောင်းရွှေ့ကြလေသည်။
အုပ်ချုပ်ရေးယန္တရားကို ပြန်လည်တည့်မတ်
၁၉၅၀ ပြည့်နှစ်အလွန်တွင် တပ်မတော်၏ တန်ပြန်ထိုးစစ်များကြောင့် မြို့ရွာအများစုသောင်းကျန်းသူများ၏ဘေးရန်မှ ကင်းဝေးလာခဲ့၍ ဖဆပလအစိုးရသည် အုပ်ချုပ်ရေးယန္တရားကို ပြန် လည်တည့်မတ်ဆောင်ရွက်နိုင်ခဲ့သည်။ အုပ်ချုပ်ရေး ယန္တရား ပီပြင်လာသည်နှင့်အမျှ စီးပွားရေးကို ဇောက်ချဆောင်ရွက်နိုင်သည့်အတွက် မြို့ရွာများ စည်ပင်လာသည်။ လူမှုအဆင့်အတန်းလည်း မြင့်တက်လာကာ တိုင်းကားပြည်ရွာသည်လည်း သာယာဝပြောလာသည်။
ထိုခေတ် ဖဆပလအစိုးရလက်ထက်တွင် မြို့အုပ်မြို့ပိုင်များသည် တရားစီရင်ရေးအပိုင်းတွင် လည်း ထောင်ခြောက်လအထိ ချမှတ်နိုင်သည့်၊ လုပ်ပိုင်ခွင့်ရှိခဲ့သည်။ မြို့အုပ်မြို့ပိုင်များမှာ ဥပဒေဘွဲ့ရ ပညာတတ်အများစုဖြစ်၍ တရားစီရင်ရေး အပိုင်းတွင်ပါ တာဝန်ထမ်းဆောင်နိုင်လေသည်။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရခေတ်တွင် ခေတ်စနစ်အရ ကိုလိုနီနယ်ချဲ့၏ အငွေ့သရိုက်များပါသော မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင် ဝန်ထောက်ရာထူးအခေါ်အဝေါ်များကို ပြောင်းလဲ စေခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တွင်မူ အုပ်ချုပ်ရေးယန္တရားကို ပြည်သူ့ ကောင်စီအဆင့်ဆင့်ဖြင့် ရွေးချယ်ခန့်အပ် တာဝန်ပေးဆောင်ရွက်စေခဲ့သည်။
ထို့အတူ နဝတ၊ နယက အစိုးရခေတ်မှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက် လာသော ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ဆက် အထိတိုင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ရပ်ရွာသားများကသာ ရွေးချယ်တင်မြှောက်ခဲ့ ကြလေသည်။
ပြီးခဲ့သည့် NLD အစိုးရ ငါးနှစ်သက်တမ်းတွင်မူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အာဏာရပါတီမှ ပါတီဝင်များ ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်စေခဲ့၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး အများစုမှာ အာဏာ ရပါတီဝင်များသာ ဖြစ်ခဲ့လေသည်။
မည်သို့ဆိုစေ ခေတ်တိုင်း၊ ခေတ်တိုင်း၊ အဖွဲ့ အစည်းတိုင်းလိုလိုတွင် ကောင်းသူရှိသလို ဆိုးသူ များလည်း ရှိကြပါသည်။ ရပ်ကျိုးရွာကျိုးကို စေတနာအပြည့်ဖြင့် နေ့မအား ညမနား ကြိုးပမ်း ဆောင်ရွက်သူများရှိသလို အာဏာပါဝါပြ၍ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချသူများလည်း ရှိတတ်ကြ ပါသည်။
သို့တစေ ရွပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရပ်ကျိုးရွာကျိုး များကို တာဝန်သိသိ၊ သစ္စာရှိရှိ စေတနာအပြည့် အဝဖြင့် ထမ်းရွက်သော ရပ်/ကျေးအုပ်ချုပ်ရေးမှူး များသည် လူ့အဖွဲ့ အစည်းတွင် မရှိမဖြစ် လိုအပ် ပေသည်။
ပစ္စက္ခ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် မသမာသူ အကြမ်းဖက်အဖွဲ့ အစည်းများသည် နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရပ်/ကျေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကို ချောင်းမြောင်း လုပ်ကြံသတ်ဖြတ်လျက်ရှိကြသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အသတ်ခံရ သည့် ဖြစ်စဉ်သည် မေ ၃ ရက် ရန်ကုန်မြို့ သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးကိုဧည့်စာရင်းတိုင်မည်ဟု အကြောင်း ပြု၍ ဓားနှင့် ထိုးသတ်ခဲ့ခြင်းက စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ ဇူလိုင်လ ဒုတိယအပတ်တွင်မူ စာရင်းအရဒေသအနှံ့ရှိ အုပ်ချုပ်ရေးမှူးများ သေဆုံးမှုမှာ ၄၀ ခန့်အထိ ရှိလာခဲ့သည်။ ရပ်ကျေးအုပ်ချုပ်ရေး မှူးရုံးများကို မီးရှို့မှု၊ ဗုံးနှင့်ပစ်ပေါက်မှုများလည်း အများအပြား ဖြစ်ပေါ်ခဲ့သည်။
အကြမ်းဖက်မှုများ လုပ်ဆောင်ရန် လေလှိုင်း ပေါ်ကတစ်ဆင့် စေခိုင်းသူအခါပေး ဦးပုညတို့၏ မြှောက်ထိုးပင့်ကော် စကားသံများကြောင့် မသိနားမလည်သူများကလည်း ရပ်ကျေးအဖွဲ့ဝင် များသည် သူလျှို၊ ဒလန်များဖြစ်သည်ဟုဆိုကာ အကြမ်းဖက်လုပ်ရပ်ကို အားပေးအားမြှောက် ပြုကြပြန်သည်။
အုပ်ချုပ်မှုပျက်ပြား
အကျိုးဆက်ကား အချို့ရပ်ရွာများတွင် အုပ်ချုပ်မှုပျက်ပြားကာ ကျေးလက်နေပြည်သူ အချို့ အားကိုးရာမဲ့ ဖြစ်ကြရလေသည်။ တောကြောင်များ ထကြွလာ၍ ရာဇဝတ်မှုများ ထူပြောလာသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပုသိမ်မြို့ရှိ ချေးငွေလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ ကျောင်းကုန်းမြို့ ကျေးရွာတစ်ရွာမှ မိန်းကလေး တစ်ဦးကို မသမာသူများက ဓားနှင့် ခုတ်သတ်ဖြတ် ကာ ဆိုင်ကယ်ကို လုယူသွားခဲ့ကြသည်။
ကျိုက်မရောမြို့နယ် အံကရဲကျေးရွာမှ ကျောင်းဆရာမတစ်ဦးသည်လည်း အသတ်ခံခဲ့ရ သည်။ ရုပ်အလောင်းကို မာကလာချောင်းအတွင်း ပြန်လည်တွေ့ရှိခဲ့ရသော်လည်း သူစီးနင်းလာ သည့်ဆိုင်ကယ်မှာမူ ပျောက်ဆုံးနေသည်။
ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် ရန်ကုန် မြို့ မရမ်းကုန်းမြို့နယ် သမိုင်းခုံးကျော်တံတား အဆင်းနားရှိ ရွှေဆိုင်တစ်ဆိုင်ကို မသမာသူများက သေနတ်ပြ၍ လုယက်သွားကြသည်။
ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး အားနည်းလာသည်နှင့်အမျှ ဒေသခံ ပြည်သူတို့၏ လူမှုစီးပွားအဝဝသည်လည်း အားနည်းချို့ယွင်း ပျက်ပြားလာတတ်သည်။ ပစ္စက္ခ ကိုဗစ်တတိယလှိုင်း မြင့်တက်လာသည့် အခိုက်တွင်လည်း အချို့ရပ်/ကျေးများ၌ ရပ်ကွက် အုပ်ချုပ်ရေး ပီပြင်သက်ဝင်မှုအားနည်းခဲ့၍ ကိုဗစ်ကပ်ဘေးအန္တရာယ်ကို ကာကွယ်တားဆီး ရေး၊ ကုသရေး၊ ပံ့ပိုးကူညီဆောင်ရွက်ရေးအပိုင်း တို့တွင် လတ်တလော အင်ပြည့်အားပြည့် မလုပ် ဆောင်နိုင်သေးချေ။ ရပ်ရွာတွင် အခါအားလျော်စွာ ဖြစ်တတ်သည့် အချို့အမှုအခင်းများကိုလည်း ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရန် လက်လှမ်းမမီနိုင် ဖြစ်နေသေးသည်။
သို့ဆိုလျှင် နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားစေရန် မသမာသူ များ၏ ဆိုက်ဝါးအစွဲအလမ်းများကို ကိုယ့်မြို့ ကိုယ့်ရွာ သာယာဝပြောရေးအတွက် ကျွန်ုပ်တို့ ချေချွတ်စွန့်လွှတ်ကြရပါတော့မည်။ ရှေးအတီ အတေခေတ်ကာလများကဲ့သို့ပင် ကိုယ့်ရပ်ကိုယ့်ရွာ သာယာဝပြောစည်ပင်ရေးအတွက် ရပ်မိရပ်ဖများနှင့်အတူ ပူးပေါင်းလက်တွဲ၍ ကြုံလာသမျှ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်ကြရပါမည်။ မည်သည့်ခေတ်မဆို အုပ်ချုပ်ရေးပီပြင်မှ မြို့ရွာတွေ စည်ပင်ကြပါ လိမ့်မည်ဟု ဆိုပါရစေ။ ။
ကိုးကား - ဆရာ ဦးကိုကိုလှိုင်၏ လူမှုအဖွဲ့ အစည်း၏ စုဖွဲ့မှု အပြောင်းအလဲ များ(၂) ဆွေးနွေးချက်။
စာချစ်သူ