Skip to main content

ရွှေကိုမလို ရေချိုသာလိုပါသည်

 

ခင်အေးကြူ(ရွှေသန်လျင်)

 

ကျောက်တန်းမြို့နယ်ဟုဆိုလိုက်လျှင် ရန်ကုန်မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော မှော်ဝန်းမြစ်အတွင်းရှိ ကျွန်းငယ်တစ်ခုပေါ်တွင် မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို ဌာပနနာသွင်း၍ တည်ထားသည့် ကျိုက်မှော်ဝန်း ကျောက်တန်းရေလယ်ဘုရားကို အမှတ်ရကြမည်ဖြစ်သလို မရောက်ဖူးသူများ သည်လည်း ဖူးမြော် လိုစိတ် ဖြစ်ပေါ်ကြပေလိမ့်မည်။

 

ကျောက်တန်းမြို့သည် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၏ရုံးစိုက်ရာ မြို့ဖြစ်၍ မှော်ဝန်းချောင်းကမ်းပေါ်တွင် တည်ရှိ သည်။ မှော်ဝန်းမြစ်ထဲမှ တန်း၍နေသော ကျောက် တန်းကြီးကို အစွဲပြု၍ကျောက်တန်းမြို့ဟုခေါ်သည်။ ကျောက်တန်းမြို့နယ်တွင် ကျေးရွာအုပ်စု ၄၅ အုပ်စု ကျေးရွာပေါင်း ၈၀ ရှိသည်။

 

အချို့ကျေးရွာများသည် ရေချိုရရှိသည့်အတွက် ရေရှားပါးမှု မဖြစ်ပေါ်သော်လည်း ပင်လယ် ကမ်း စပ်ရှိကျေးရွာများသည် မြေသားရေကန်များတွင် သုံးပေအထက် တူးဖော်ပါက ရေငန်ပေါက်သည့် အပြင် မြေသားရေကန်များမှာ ရေစိမ့်ခြင်း၊ ရေခန်း ခြောက်ခြင်း၊ ရေငွေ့ပျံခြင်းတို့ကြောင့် နွေရာသီတွင် ရေရှားပါးမှုကို ရင်ဆိုင်နေကြရသည်။

 

၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်ဒေသအားလုံး သန့်ရှင်းသောသောက်သုံးရေ ဖူလုံရမည် ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည်သန့်ရှင်းသောသောက် သုံးရေများ ရရှိရန်အတွက် တွင်းတိမ်၊ တွင်းနက်၊ စိမ့်စမ်း၊ မြေသားရေကန်၊ အမြင့်တင်ရေစင်၊ မိုးရေ လှောင် အုတ်ရေကန်၊ အိမ်သွယ်ရေတိုင်စနစ်နှင့် ရေသန့်စင်စနစ် စသည့် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိသော်လည်း သဘာဝတရားကြောင့် ရေငန်ပေါက်နေသည့် ပင်လယ်ကမ်းစပ်ရှိ ကျေးရွာများသည် နှစ်စဉ် ရေရှားပါးမှု ကြုံတွေ့ရ လျက်ရှိသည်။

 

ထို့ကြောင့် ရေငန်ပေါက်ခြင်း၊ ရေစိမ့်ခြင်း၊ ရေ ခန်းခြောက်ခြင်း၊ ရေငွေ့ပျံခြင်းကို ကာကွယ်နိုင် သည့် HDPE Sheetခင်းပြီး မိုးရေလှောင်မည့် မြေ သားရေကန်ကိုသံတဲကျေးရွာတွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။

 

သံတဲကျေးရွာသည် ရန်ကုန်မြစ်ဝ၏ ကမ်းနဖူး အရှေ့ဘက်အခြမ်းတွင် တည်ရှိပြီး ကျောက်တန်းမြို့နယ် အရှေ့တောင်ဘက် ၃၉ မိုင်ခန့်အကွာ၊ မရမ်း၊ ဇွဲတာ ရေကာတာ၏အပြင်ဘက်တွင် တည်ရှိ သည်။ နှစ်ပေါင်းများစွာက တည်ဆောက်ထားသည့် သံတွဲမီးပြတိုက်ကြီး ရှိခြင်းကြောင့် အဆိုပါမီးပြ တိုက်ကို အစွဲပြု၍ အနီးဝန်းကျင်မြေပေါ်တွင် အိမ် များ ဆောက်လုပ်နေထိုင်ရာမှ သံတဲကျေးရွာဟု ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဆိုစမှတ်ပြုကြသည်။

 

ထို့ပြင် ပင်လယ်ကမ်းစပ်၌ နှစ်ပေါင်းများစွာ တည်ရှိသည့် နယ်ခြားမှတ်တိုင်နှင့် သံတဲဒေသထွက် ကြက်ဆားလှော်၊ ဘဲဆားလှော်၊ အုန်းစိမ်းရေ ချိုချိုလေး စသည်တို့က ကျေးရွာသို့ ခရီးသွားဧည့် သည်များ လာရောက်လေ့လာ လည်ပတ်ချင်စရာ ဖြစ်သည်။

 

သံတဲရွာ၌ မြေသားရေကန် ငါးကန် ရှိသည့် အတွက် မိုးရာသီနှင့် ဆောင်းဥတုတွင် သောက်သုံး ရေ ဖူလုံသော်လည်း နွေရာသီတွင် ရေကန်များ၌  ရေခန်းခြောက်ခြင်း၊ ရေငန်ပေါက်ခြင်း၊ ရေငွေ့ပျံ ခြင်းတို့ကြောင့် ရေရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်  နေရသည့် ကျေးရွာတစ်ရွာ ဖြစ်ခဲ့ရသည်။

 

ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် သံတဲကျေးရွာကို နွေ၊ မိုး၊ ဆောင်း ရေချိုရရှိအောင်၊ ရေရှားပါးပြတ်လပ်မှု မရှိအောင်  HDPE Sheet ခင်းပြီး ရေချိုဂါလန် ၄၇၀၀၀၀ ခန့် ( သိုလှောင်နိုင်သည့် ရေကန်ကို စတင်အကောင်( အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်သည်။

ထိုသို့ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ သံတဲ ကျေးရွာတွင် နေထိုင်သူ ဦးခင်ဇော်က “ကျွန်တော် အသက် ၅၈ နှစ်ရှိပါပြီ။ နှစ်စဉ်နှစ်တိုင်း နွေရာသီ ရောက်ရင် သောက်သုံးရေအတွက် အခြားနီးစပ်ရာ ရွာတွေက သွားသယ်ခဲ့ရတယ်။ အခု ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မိုးရေလှောင် ကန် လုပ်ပေးလိုက်တော့ နွေရာသီ ရေရှားပါးမှာကို မပူရတော့ဘူး။ အခုလို မိုးတွေရွာနေတဲ့ကြားကနေ ကျေးရွာနေပြည်သူတွေအတွက် ဆောင်ရွက်ပေးတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို ကျေးဇူးတင်ပါတယ်ဟု ပြောသည်။

 

ဒေသခံတစ်ဦးဖြစ်သူဒေါ်မော်မော်လွင်ကလည်း “ကျွန်မတို့ရွာက ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်း ကျောင်း ပြုကြပါတယ်။ သံတဲရွာနဲ့ပတ်သက်ပြီး  အုတ်ရှစ်ကျော်ကြား သံတဲသား ဆိုတဲ့ ဆိုရိုးစကား လည်း ရှိခဲ့ပါတယ်။ ပင်လယ်ကြီးရှိနေသရွေ့ ကျွန်မ တို့ရဲ့ စားဝတ်နေရေးအတွက် မပူပင်ရပေမယ့် နွေ ရာသီရောက်ပြီဆိုရင် သောက်သုံးရေအတွက်တော့  ပူပင်ရပါတယ်။ ပင်လယ်နဲ့နီးတော့ ရေငန်ပေါက် တယ်၊ ရှိတဲ့ရေကန်တွေကလည်း အငွေ့ပျံတော့ သောက်သုံးရေ မလုံလောက်ဘဲရှားပါးခဲ့ရပါတယ်။  အခု ရေငန်ဝင်ရောက်တာကိုလည်း ကာကွယ်နိုင် သလို မြေအောက်ရေစိမ့်တာကိုလည်း တားဆီး နိုင်တဲ့ HDPE Sheet ခင်းပြီး မိုးရေလှောင်ကန်ကို ဆောင်ရွက်ပေးတဲ့အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနကို ကျေးဇူးတင်ပါတယ်ဟု ပြောသည်။

 

 

ကျောက်တန်းမြို့နယ်တွင် သံတဲရွာအပါအဝင် ပင်လယ်ကမ်းစပ်ရှိ ရွာများသည် ရေပြင်ကြီးကို မြင်ရသော်လည်း နွေရာသီတိုင်း သောက်သုံးရေ ရှားပါးသည့် အခက်အခဲကို ရင်ဆိုင်နေကြရသဖြင့် ယခုကဲ့သို့ HDPE Sheet ခင်းပြီး မိုးရေလှောင်ကန် ဆောင်ရွက်ပေးသည့်အတွက် ဝမ်းသာပီတိဖြစ်ရ ကြောင်း ကျောက်တန်းမြို့နယ် နရွဲချောင်ရွာတွင် နေထိုင်သူ ဦးမြင့်အေးကလည်း မှတ်ချက်ပြု ပြော ကြားသည်။

 

ထမင်းအသက် ခုနစ်ရက်ရေအသက် တစ်မနက် ဟူသည့် ဆိုရိုးစကားအတိုင်း သက်ရှိလူသားများ အတွက် မရှိလျှင်မဖြစ်သည့် ရေချိုကို သံတဲကျေး ရွာမှ ပြည်သူများလုံလောက်စွာ ရရှိနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့မှုကို အများ ပြည်သူ မုဒိတာပွားများနိုင်စေရန် ရေးသားတင်ပြ လိုက်ရပါသည်။