Skip to main content

ဆားကမြက်

ဆရာမဲဇာ

 

“ပြည်ပန်းညို၊ ချိုပါလျက် ဆားကမြက် ဆိုစကားထဲက ပြည်ပန်းညို၏ အချို့ ကို သုံးဆောင်ဖူးသူတွေ များသွားသော်လည်း ဆားကိုမူ မလျှော့တမ်း တိုး၍ တိုး၍ စားနေကြပါသည်။ ရလဒ်ကား ချိုမြိန်သော ဘဝအရသာကို ရေရှည်မခံစားနိုင်ဘဲ ရောဂါဝေဒနာတွေ တိုးလျက် အသက်တိုကြရသူတွေ များလာခြင်းဖြစ်သည်။

 

ဆား စားသုံးမှုများရုံနှင့် အသက်တိုစေသည်မှာ ဟုတ်ပါ့မလားဟု သံသယရှိသူ အပြည့်ပင်။ မြန်မာ တို့က ဆား စားသုံးမှုနှုန်း အမြင့်မားဆုံးဖြစ်ကြောင်း တွေ့ရရုံသာမက ရလဒ်အဖြစ် သွေးတိုးရောဂါအဖြစ် များပြီး နှလုံးနှင့် သွေးကြောရောဂါများ၊ လေဖြတ်၍ ဒုက္ခိတဖြစ် သေဆုံးရသူများ ရှိနေကြောင်း မှတ်တမ်း များအရ သိရှိနိုင်ပါသည်။

 

အငန်များ စားသုံးမှု လွန်ကဲနေ

 

ဆီစားသုံးမှုများသောကြောင့် အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ ဆီးချိုဖြစ်ခြင်း၊ လေဖြတ်ခြင်းများ ဖြစ်သည်မှာလည်း သေချာ၏။ သို့သော် ဆီစားသုံးမှု အထူးသဖြင့် ဆီဆိုးများ စားသုံးမှုကြောင့် ရောဂါပေါ်လာသည်မှာ မြင်သာ၏။ သား စားသုံးမှုများသောကြောင့်ရောဂါဖြစ်လာသည် မူ စစ်ဆေးမှသိရ၏။ ပိန်ပိန်ကလေးနှင့် သွေးတိုး မြင့်နေသော လူနာတွေကို မြန်မာပြည်မှာ အတွေ့များ လာ၏။ မေးမြန်းကြည့်လိုက်လျှင် ဆားကဲ့သို့သော အငန်များ စားသုံးမှု လွန်ကဲနေ၍ဖြစ်ကြောင်း သိရ ၏။ ထိုအထဲတွင် မငန်ဘဲ အရသာထူးသော အချိုမှုန့် များမှရသည့်ဆိုဒီယမ်ဓာတ်များက ဒုက္ခဖြစ်လောက် သည်အထိ တွန်းပို့နေကြောင်း စားသုံးသူတို့ သတိ မပြုမိကြချေ။

 

ဆားအပါအဝင် အငန်ဓာတ်များ၏ သဘာဝက ရသတဏှာကို ဖြစ်စေရုံသာမက စွဲလမ်းရုံမက မူးယစ်ဆေးဝါးများကဲ့သို့ တိုး၍ တိုး၍ သုံးစွဲလိုသော ဆန္ဒများကို ဖြစ်ပေါ်စေ၏။ ဆားလျှော့စားလျှင်၊ အင်န်ပေါ့သွားလျှင် လျှောကသိသာ၏။ ဟင်းမည်မျှ ကောင်းကောင်း အရသာမတွေ့။ ရေနွေးထဲမှာ အချို မှုန့် ခပ်ထားသော “မှန်ရောင်ဟင်းချို ကမှ သောက် ၍ ကောင်းသလိုလို ရှိတော့၏။

 

အချိုမှုန့်နှင့် ဆားတို့သည် တွဲဖက်၍ လျှာကို အကျင့်ပျက်စေ၏။ နဂိုကပင် အငန်ကဲသည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်များနှင့် တွဲ၍ အချိုမှုန့် သုံးကြ ၏။ ငါးခြောက်ဖုတ်ကို ဆီရွှဲရွှဲဆမ်းထားသည့် အပေါ် တွင် အချိုမှုန့်တစ်ဇွန်းလောက်ထပ်၍ ခပ်ကာ ဧည့်ကောင်း ဆောင်ကောင်းများအတွက် တည်ခင်း ဧည့်ခံသည်ကိုလည်း ကြုံဖူးပါ၏။

 

 

အဝေးပြေးလမ်းတစ်နေရာတွင် သန့်ရှင်းသပ်ရပ် သော စားသောက်ဆိုင်ကလေးတစ်ခုမှာ ရောင်းချ နေသမျှ အစာများ အငန်ကဲနေသဖြင့် အကြောင်းရင်း ကို မေးကြည့်၏။ ဆိုင်ကလေးမှာ အဝေးပြေး ယာဉ်မောင်းတို့ နားနေရာဖြစ်ကြောင်း၊ အဝေးပြေး ယာဉ်မောင်းတို့မှာ ကွမ်းယာစားသုံးမှုများသဖြင့် လျှာထူနေပြီး တော်ရုံတန်ရုံ ဆားခပ်ထားသည့် ဟင်းလျာများမှာ မတိုးတော့ကြောင်း ဆိုင်ရှင်က ရှင်းပြ၏။

 

မြန်မာတို့မှာ ကျား မ မရွေး ကွမ်းယာစားသုံးမှု ဓလေ့ရှိ၏။ ကွမ်းစွဲသူများလှ၏။ အဝေးပြေး ယာဉ်မောင်းများမှာ လမ်းခရီးတွင် အိပ်မငိုက်ဘဲ အလုပ်တွင်ရန် ကွမ်းယာမြုံတတ်ပြီး တစ်နေ့လျှင် ကွမ်းယာ ငါးဆယ်မက စားသုံးလေ့ရှိပါသည်။ ကွမ်းယာကို မဖြတ်နိုင်သည်နှင့်အမျှ လျှာက အငန် ကို ပို၍တောင့်တလာပြီး ကွမ်းစားသုံးမှု အနည်း အများသာလျှင်ကွာမည် အငန်ကြိုက်သည်ကတော့ အတူတူဖြစ်တော့၏။

 

ထူးခြားဖြစ်စဉ် တစ်ခုအနေဖြင့် ရှမ်းပြည်နယ် ထဲက ဒေသတစ်ခုတွင် တစ်ရွာလုံး သွေးတိုးရောဂါ ဖြစ်နေသည်ကို တွေ့ရ၏။ အဆီ၊ အငန်စားသုံးမှု ပုံမှန်ဖြစ်လျက် သွေးတိုးနေကြသဖြင့် သူတို့ သောက်နေကျရေတွင် သွေးတိုးစေသည့် ဓာတ်များ ပါနေသလားဟုယူဆကြ၏။ ခိုင်ခိုင်မာမာ သက်သေ ပြဖို့ အခွင့်အရေး မရခဲ့ပေ။

 

ရှေးလူကြီးများမှာ မကူးစက်နိုင်သော ရောဂါ ပြဿနာ မများလှပါ။ Non Communicable Disease-NCD ဟုခေါ်သောရောဂါများကြောင့် ရောဂါရခြင်း၊ အသက်တိုခြင်းဖြစ်ခဲ့၏။ ရောဂါပိုး ကြောင့်ဖြစ်သော ကူးစက်ရောဂါများကြောင့်သာ အသေအပျောက်များပြီး အသက်တိုစေသော ကပ် ရောဂါများ ရံဖန်ရံခါဖြစ်ခဲ့၏။

 

လူတို့သည် ကပ်ရောဂါဖြစ်မှာ ကြောက်၏။ ငွေတွေပုံပေး၍ ကာကွယ်ဖို့ ကုသဖို့ ကြိုးစားကြ၏။ ငွေမကုန်ဘဲနှင့် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ရ သော အလုပ်များကိုမူ ဦးစားပေးလေ့မရှိချေ။ ယခု အဖြစ်များနေသော ကိုဗစ်-၁၉ကပ်ရောဂါဆိုးကြီးကို  ကျော်လွှားရန်အတွက် ကုသဆေးတွေရှာ၏။ မတွေ့။ ကာကွယ်ဆေးတွေ တစ်မျိုးပြီး တစ်မျိုး အချိန်တိုအတွင်းပေါလာ၏။ သို့ရာတွင် ငြိမ်ငြိမ် မနေသော ရောဂါပိုးများက ဗီဇပြောင်းကာ မျိုးကွဲ များ ဖန်တီး၍ တိုက်ခိုက်ကြ၏။

 

ကိုယ်ခံအားနည်းခြင်းကြောင့်ရောဂါပိုးကူးစက်

 

 ပိုးနှင့်လူသားတို့၏ “ဘတစ်ပြန်-ကျားတစ်ပြန် တိုက်ပွဲများသည် မည်သည့်အခါမှ နိဂုံးချုပ်မည် မသိ။ ထိုကာလ အတွင်း လူသားပေါင်း သန်းနှစ်ရာ နီးပါး ရောဂါရ၍ သုံးသန်းမျှ သေလွန်ကြလေပြီ။ သုတေသနများအရ မကူးစက်သော ရောဂါများဖြစ် သော သွေးတိုး၊ ဆီးချို၊ အဝလွန်၊ အသက်ကြီး၊ ကိုယ်ခံအားနည်းခြင်းကြောင့် ရောဂါပိုးကူးစက် ရောဂါများကို(Communicable Disease - CD) ဖြစ်ကာသေရခြင်းဖြစ်ကြောင်း ပေါ်လွင်လာ၏။

 

NCD ဖြစ်ရခြင်း အကြောင်းရင်းဖြစ်သော ဆီဆိုး များစားသုံးခြင်း၊ အချိုမှုန့်၊ အငန်များ၊ သဘာဝမကျ သော အစာများစားသုံးခြင်းကိုမူ မလျှော့နိုင်ကြပါ။  ရောဂါပျောက်ဆေးများ မိုးပေါ်က ကျလာမည်လား မျှော်လင့်နေမည့် အစား ဆီလျှော့စားဖို့၊ ဆားလျှော့ စားဖို့၊ အချိုမှုန့်လျှော့စားဖို့ခက်နေ၏။ လွယ်လွန်း သောကြောင့် ခက်နေခြင်း၊ စိတ်မဝင်စားခြင်း၊ ကိုယ့်  ကျန်းမာရေးကိုယ် ဖန်တီးနိုင်စွမ်းကို မယုံကြည်ခြင်း များ တွေ့နိုင်ပါ၏။

 

ပညာပေးသူတွေဘက်ကလည်း စားပွဲပေါ်ထိုင်၍ အင်တာနက်ကိုခေါက်၍ သိလာသည်ကိုကူး၍ ကပ်ပေးလိုက်ခြင်း (Copy and Paste) လုပ်နေကြ သည်ကများ၏။ ဆားလျှော့စားသုံးဖို့တစ်ခုတည်းမှာ ပင် မတူကွဲပြားနေသော နေထိုင်မှု ဘဝဟန် (Life - Styles) များကို အခြေခံနေသော အကြောင်းတရား များကို မသိကျိုးကျွန် ပြု၍မရ။

 

ရေခဲသေတ္တာသုံးနိုင်သူနှင့် ကြောင်အိမ်ထဲမှာ  ဟင်းထည့်ထား၍ စားရသူတို့ မတူကြ။ တစ်နေ့လုပ် မှ တစ်နေ့စားရသူတို့က ရွေးချယ်စားသုံးရသော အာဟာရမတူကြ။ ပူပြင်းခြောက်သွေ့လွန်းသော အညာဒေသနှင့် စွတ်စိုထိုင်းမှိုင်းသော ဒေသ၊ အေး လွန်းသော ဒေသများတွင် စားသောက်ပုံ (အထူး သဖြင့် အစားအစာသိမ်းဆည်းပုံ) ချင်း မတူကြ။

 

လက်တစ်ကမ်းမှာ ဈေးသည်ရှိသော မြို့ပြနှင့် ငါးရက်မှတစ်ဈေး ထွက်သောဒေသမှ လူများ မတူကြ။ ကျပ်တိုက်၊ ဆားနယ်၊ အချဉ်တည်ထားမှ အချိန်ကြာကြာ စားသုံးနိုင်ရန်အတွက် ထားသည် အဓိကဇာတ်ဆောင်ဖြစ်လာ၏။ ချွေးတလုံးလုံးနှင့် အလုပ်နေပူထဲမှာမူ လုပ်ငန်းခွင်ဝင်ရသော ပုဂ္ဂိုလ် များအတွက် သားလိုအပ်ချက် ပိုများသည်မှာလည်း အမှန်ပင်။

ဆား လျှော့ချစားသုံးဖို့ တိုက်တွန်းလို

 

ကွဲပြားသော နေထိုင်မှုဘဝဟန်ကြောင့် ဖြစ်လာ ရောဂါများ (Life – Style Diseases) များတွင်  သွေးတိုး၊ လေဖြတ်ရောဂါများသည် ယခုအခါမြန်မာ ပြည်တွင် ရှေ့တန်းရောက်လာ၏။ အချိုတွေစား၍ သွေးတိုးဆီးချိုဖြစ်ရသော မြန်မာလူချမ်းသာများ -ကိုကြည့်၍ အချိုလျှော့စားဖို့ ပညာပေးနေသည် မှန်သော်လည်း တစ်နိုင်ငံလုံး ဆင်းရဲချမ်းသာမရွေး အလွယ်တကူ ပေါပေါများများ စားသုံးနေသော ဆားနှင့် ဘေးထွက်ပစ္စည်း များကို ချက်ချင်း လျှော့ချ -စားသုံးဖို့ တိုက်တွန်းလိုပါ၏။

 

အငန်ကို လျှော့စားကြည့်ပါ။ သိသိသာသာ နေထိုင်ကောင်းလာပါမည်။ မိမိ၏ ခံစားမှုနှင့် နှိုင်း၍ စားနေကျ အငန်ထက် တဖြည်းဖြည်း လျှော့စားသွား -ရန်သာ လိုပါသည်။ စာအုပ်ကြီးထဲက ကိန်းဂဏန်း တွေထက် မိမိ၏ နေထိုင်မှုဘဝဟန်နှင့် ကိုက်ညီရန် ညှိရပါမည်။ တိုင်းတာနိုင်သည့် ဓာတ်ခွဲစစ်ဆေးမှုတွေ များလှသော်လည်း အလွယ်ဆုံးမှာ သွေးတိုးရှိ၊ မရှိစစ်ဆေးကြည့်ဖို့ပင် ဖြစ်ပါသည်။

 

တစ်လတစ်ခါလောက် ပုံမှန်စစ်ဆေးကြည့်ရုံနှင့် မိမိတို့စားသုံးသင့်သည့် အငန်ဓာတ်ကို ချိန်ဆနိုင်ပါ သည်။ တစ်ချိန်က သွေးပေါင်တစ်ခါချိန်လျှင် တစ်ကျပ်မျှသာ ကုန်ကျ၏သို့စင်လျက် ပုံမှန်ချိန်မည့် သူမရှိ၊ အငန်တွေလျှော့ စားရသည်ကို ရေရှည် သည်း မခံနိုင်သူများလည်းရှိ၏။

 

သွေးတိုးရောဂါ ကာကွယ်ရေး

 

 ဆရာဝန်ထံသွားလျှင် “ဝါးခ ကုန်မှာကြောက် သဖြင့် သွေးမချိန်သူ ရှိလျှင်မူလူထုအခြေပြုဖြေရှင်း မှု ရှိပါ၏။ ခေတ်ပေါ်ဒစ်ဂျစ်တယ် သွေးတိုင်းကိရိယာ များကို ငါးတန်းကျောင်းသားပင် အလွယ်တကူ သုံးတတ်ပါ၏။ ရွာထဲက အလယ်တန်းကျောင်းသား များကို သွေးချိန်နည်းသင်ပေးထားပြီး စေတနာ့ ဝန်ထမ်းအဖြစ် ရွာထဲမှာ သွေးတိုး ရှိ၊ မရှိ စစ်ဆေး ကြည့်နိုင်၏။ သူတို့၏ မှတ်တမ်းများကို ဒေသခံ ကျန်းမာရေးဝန်ထမ်းများက ပုံမှန်စစ်ဆေးပြီး လိုအပ်သလိုကုသခြင်း၊ လွှဲပို့ခြင်းပြုနိုင်၏။ ဤစီမံ ချက်ငယ်များကို ကျန်းမာရေးပညာအလုပ် အဖြစ် ဌာနက ဦးဆောင်လုပ်ခဲ့ပါ၏။ လူထုကိုယ်တိုင် သွေးတိုးရောဂါ ကာကွယ်ရေး အငန် လျှော့စားခြင်း များကို လိုလိုချင်ချင် ပြုလုပ်နိုင်ပါသည်။

- လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ဆားကိုဖြတ်၍ မရပါ။

- မရှိမဖြစ် ဆားကိုလည်း မများအောင် ချင့်ချိန်ပါ။

- စားမည်ဆိုလျှင်လည်း အိုင်အိုဒင်းဓာတ်ပါ သော ဆားကို စားပါ။